တနင်္သာရီမြို့မှာ မြစ်ရေတက်လို့ မြို့ပေါ်နဲ့ အနီးအနားရွာတွေ ရေမြုပ်

ဓာတ်ပုံ ရင်းမြစ်, Tanintharyi Red Cross
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့မှာ တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ရှစ်ပေကို ရောက်နေလို့ မြို့ပေါ် နဲ့ အနီးအနားကရွာတွေရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့ရဲ့စိုးရိမ်ရေအမှတ်ဟာ ၁၇ ပေဖြစ်ပေမဲ့ အခုလက်ရှိ ရေအမြင့်ဟာ ၂၅ ပေ နဲ့ ၆ လက်မအထိ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု မြို့ပေါ် ပြည်သူ့ဆေးရုံကြီးနားကို ရောက်နေပါပြီ။ အနိမ့်ပိုင်းနေရာတွေ အားလုံးတော့ ရေမြုပ်နေပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မြို့တော်ခန်းမနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး မြို့ခံတွေဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို တိမ်းရှောင်နေတယ်လို့လည်း သိရပါတယ်။
တနင်္သာရီမြို့ပေါ် နဲ့ မြို့အနီးက ကျေးရွာ ၂၀ ကျော်က လူဦးရေထောင်နဲ့ချီဟာ ကုန်းမြင့်ပိုင်းက ရေဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရတယ်လို့ ဒေသအခြေစိုက်သတင်းဌာန Dawei Watch က ရေးသားပါတယ်။
တနင်္သာရီမြစ်ရေဟာ ဩဂုတ်လ ၁၈ ရက်ကစလို့ မိုးများပြီး ရေတဖြည်းဖြည်းတက်လာခဲ့ရာကနေ ဒေသခံတွေ ရေဘေးတိမ်းရှောင်ရတဲ့အထိဖြစ်လာနေတာပါ။
မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းပိုင်းမှာလည်း မြစ်ရေတက်လာလို့ မော်တော်ယာဉ်တွေ သွားလာလို့ မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီ - ကော့သောင်းလမ်း၊ လယ်တောင်ယာရွာလမ်းမပေါ် မှာ ရေအမြင့် ၄ ပေခန့်ရောက်နေလို့ ကားလမ်းအသုံးပြုလို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာ ရေးသားထားပါတယ်။
တနင်္သာရီ - မြိတ်လမ်း၊ အောင်ကြီးရွာလမ်းမနဲ့ ဥယျာဉ်ကွင်းရွာလမ်းမပေါ်တွေမှာလည်း ရေအမြင့် ၂ ပေခန့်အထိ တက်နေလို့ အဲဒီလမ်းပိုင်းကို မော်တော်ယာဉ်တွေ အသုံးပြုလို့မရတော့ဘူးလို့ ပြောပါတယ်။









