မေလ ၁၉ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွကလည်း ကျေးဇူးတင်ပါတယ်။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့ နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗန်ဟာ အာရှခရီးစဉ်အဖြစ် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ချင်းဒုက္ခသည်ကော်မတီအခမ်းအနားတက်ရောက်ဖို့ရှိတဲ့သတင်းအပါအဝင် မေလ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မေလ ၁၉ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွကလည်း ကျေးဇူးတင်ပါတယ်။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့ နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၆ လကျော်က လေတပ်ဗိုလ်ချုပ်အဆင့်ပဲရှိသေးတဲ့ ဗိုလ်ချုပ်ထွန်းဝင်းဟာ မြန်မာပြည်တွင်းစစ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် ကြီးကြီးမားမား တာဝန်ခံရမယ့်နေရာကို ရောက်လာပါပြီ။
ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းဟာ လေတပ်ရဲ့အမြင့်ဆုံးရာထူးကိုရယူလိုက်နိုင်ပေမဲ့ မြန်မာစစ်တပ်ရဲ့ ကွပ်ကဲမှုပုံစံအရ စစ်ဆင်ရေးတွေမှာ ကြည်းတပ်ရဲ့အမိန့်ကိုပဲ တိတိကျကျလိုက်နာရမှာပါ။
လေချုပ်အသစ်လက်ထက်မှာ တိုက်လေယာဥ်တွေသာမက ပို့ဆောင်ရေးလေယာဥ်တွေပါ အုပ်ဖွဲ့ပျံသန်းပြီး ဗုံးကြဲနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တပ်တွင်းရင်းမြစ်တွေကပါ အတည်ပြုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မြန်မာလေတပ်ရဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို စုဆောင်းနေပြီး တာဝန်ခံခိုင်းမယ်လို့ မေလ ဒုတိယပတ်ထဲမှာ ထုတ်ပြန်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
ဘန်ကောက်ရထားတိုက်မှုမှာ ဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားတွေထဲက မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအစိုးရ ထောက်ပံ့ကြေးပေးလိုတဲ့အတွက် ရှာဖွေနေတယ်လို့ ဘန်ကောက်မြို့၊ ဖက်ချဘူရီ (Phetchaburi) ခရိုင်အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။
ဖက်ချဘူရီခရိုင်အုပ်ချုပ်ရေးရုံးက အစိုးရထောက်ပံ့ကြေးပေးအပ်လိုတဲ့မြန်မာနိုင်ငံသားအမည်က စောခင်မောင်ဝင်း လို့သိရပြီး သူ့အနေနဲ့ ဆက်သွယ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်းပါတယ်။
မေလ ၁၆ ရက်က ဖြစ်ခဲ့တဲ့ ရထားတိုက်မှုမှာ အနီးနားက ကားနဲ့ ဆိုင်ကယ်စီးလာသူ လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာ မြန်မာ ၅ ဦး ပါဝင်ခဲ့ပါတယ်။
အဲဒီမြန်မာ ၅ ဦးထဲမှာ ဒဏ်ရာရလို့ ဆေးကုသမှုခံယူပြီး ဆေးရုံကနေ ဆင်းသူတွေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ ဘန်ကောက်မြို့၊ ကမ်မီလီယာဆေးရုံကနေ ဆေးကုသမှုခံယူပြီး ဆေးရုံဆင်းသွားတာလို့ ဖက်ချဘူရီခရိုင်အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ရထားတိုက်မှုဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တွေက တိတိကျကျစုံစမ်းမယ်လို့ ပြောပြီး ဘန်ကောက်မြို့ ရထားသံလမ်းဖြတ်တဲ့နေရာတွေမှာ သတိပေးချက်တွေ အလုပ် လုပ် မလုပ်ဆိုတာကိုလည်း အမြန်ဆုံး စစ်ဆေးမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောထားပါတယ်။
ထိုင်းအစိုးရကတော့ ရထားတိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝ၀ ပေးမယ်လို့ ပြောပြီး ထောက်ပံ့ကြေးလည်း ဆက်ပေးသွားဖို့ ရှိတယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ခရီးသည်တင် ဘတ်စ်ကားကို ရထားတိုက်မှုဖြစ်စဥ်က သေဆုံးသူ ၈ ဦးထဲမှာ ၁ ဦးက မြန်မာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဆေးမှုခင်းဌာနရဲ့ မျိုးဗီဇ (DNA) စစ်ဆေးချက်အရ ဘီဘီစီက သိရှိရပါတယ်။
လက်ရှိမှာ သေဆုံးရုပ်အလောင်းတွေကို ဘန်ကောက်မြို့ ရဲဌာနချုပ်က ရဲဆေးရုံ ဆေးမှုခင်းဌာနမှာ DNA စစ်ဆေးနေတာဖြစ်ပါတယ်။
သေဆုံးသူ ၈ ဦးထဲမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ ရုပ်အလောင်း ၆ လောင်း ရှိထားတယ်လို့ဆိုပါတယ်။
အဲဒီ ရုပ်အလောင်း ၆ လောင်းထဲမှာ မြန်မာ ၁ ဦးရဲ့ ရုပ်အလောင်း ပါဝင်တယ်လို့ ထိုင်းဆေးမှုခင်း ရဲတပ်ဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။
သေဆုံးတဲ့ မြန်မာနိုင်ငံသားရုပ်အလောင်းဟာ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာကို DNA စစ်ချက်အရ ဆေးမှုခင်းဌာနက သိရှိပြီဖြစ်ပေမဲ့ အခင်းဖြစ်ခဲ့တဲ့နယ်မြေရဲစခန်းရဲ့ တရားဝင် ထုတ်ပြန်ချက်ကို စောင့်ဖို့ ပြောပါတယ်။
သေဆုံးသူတွေေ ဘယ်သူတွဖြစ်ကြတယ်ဆိုတာကို အခင်းဖြစ်ခဲ့တဲ့ နယ်မြေရဲစခန်းဖြစ်တဲ့ မက်ကဆန်ရဲစခန်းက မနက်ဖြန် မေ ၁၉ ရက်မှ တရားဝင် အသေးစိတ်သတင်းထုတ်ပြန်ဖို့ရှိနေပါတယ်။
ရထားတိုက်မှုဟာ မက်ကဆန် မိုးပျံဘူတာအနီး အဆုန် -ဒင်းဒန်းလမ်းမကြီးပေါ်မှာရှိတဲ့ မီးရထားဖြတ်လမ်းမှာ မေလ ၁၆ ရက် ညနေပိုင်းက ဖြစ်ခဲ့တာပါ။
လမ်းမကြီးပေါ်က မီးရထားဖြတ်လမ်းမှာ သံလမ်းအတိုင်းမောင်းလာတဲ့ရထားနဲ့ ယာဉ်ကြောပိတ်လို့ သံလမ်းဖြတ်တဲ့ကားလမ်းပေါ် ခေါင်းတင်နေတဲ့ ခရီးသည်တင် ဘတ်စ်ကားတို့ တိုက်မိခဲ့တာပါ။
ရထားက ဘတ်စ်ကားကို တိုက်မိချိန် ကားဟာ ပေအနည်းငယ်အထိ ဒရွတ်ဆွဲ ပါသွားပြီး ကားတစ်စင်းလုံး မီးလောင်ခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဟာ ဘတ်စ်ကား ပေါ်က ခရီးသည်တွေဖြစ်ပါတယ်။ အခုတော့ သေဆုံးခဲ့သူ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့က မနက်ဖြန်မှာအသေးစိတ်ကြေညာဖို့ရှိနေပါတယ်။
နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ပြဿနာကို ဖြေရှင်းဖို့ မီးခိုးနဲ့ လေထုအရည်အသွေးပြနိုင်မယ့် ဒီဂျစ်တယ်ပလက်ဖောင်းတခုကို ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ထုတ်ပြောလာပါတယ်။
ထိုင်းရဲ့သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက အရာရှိတွေနဲ့ နေပြည်တော်အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာနက တာဝန်ရှိသူတွေဟာ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်းထုတ်ရင်း အခုလိုပြောလာတာဖြစ်ပါတယ်။
၂၀၂၄ ကနေ ၂၀၃၀ အတွင်း အကောင်အထည်ဖော်မယ့် “သန့်စင်တဲ့လေထုရရေး ဗျူဟာ” လို့ အမည်ပေးထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အခုလိုတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ထိုင်းက မြန်မာဘက်ကို နည်းပညာအကူအညီပေးဖို့ရှိနေတာပါ။
အဲဒီထဲ လေထုအချက်အလက်ပြ ဒီဂျစ်တယ်ပလက်ဖောင်းအကောင်အထည်ဖော်ရေးအပြင် လေအရည်အသွေးဆိုင်ရာအမျိုးသားအဆင့်အစီအစဉ်တွေ၊ လုပ်ထုံးလုပ်နည်းတွေကိုပါ ထိုင်းက နေပြည်တော်ကို မျှဝေဖို့ရှိနေပါတယ်။ ဒါအပြင် တည်နေရာထောက်လှမ်းရေးနည်းပညာကို သုံးပြီး မီးလောင်နိုင်ခြေပြ မြေပုံကို ရေးဆွဲဖို့လည်း ထိုင်းက ကူညီမှာပါ။
နှစ်နိုင်ငံကြားက လေထုညစ်ညမ်းဆိုင်ရာကိန်းဂဏန်းတွေရနိုင်ဖို့ ထိုင်းက အလေးပေးဆောင်ရွက် သွားမှာဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသက ပြည်သူတွေအတွက် သန့်ရှင်းတဲ့လေရအောင် ပြန်လုပ်ပေးမယ်လို့ ထိုင်းအစိုးရရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာဘက်ကတော့ ၂၀၂၅ ခုနှစ်ရဲ့အချက်အလက်တွေကိုကြည့်ရင် အရင်နှစ်ကထက် ၁၂ ရာခိုင်နှုန်းအထိ ညစ်ညမ်းမှုကို လျော့ချနိုင်ခဲ့တာကြောင့် ကောင်းတဲ့အရွေ့ဖြစ်ကြောင်း ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ပြဿနာဖြေရှင်းရေးဟာ ထိုင်းအစိုးရအပေါ် ထိုင်းပြည်သူတွေ တောင်းဆိုနေတဲ့ကိစ္စရပ်တစ်ခုဖြစ်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ဦးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ချိန်မှာလည်း ဒါနဲ့ပတ်သက်လို့ ထည့်သွင်းပြောခဲ့ပါတယ်။
အခု ချင်းမိုင်မြို့က ဆွေးနွေးပွဲနဲ့ပတ်သက်လို့ နေပြည်တော်ဘက်က ဒီနေ့ ညနေ ၄ နာရီအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက မြစ်ခြေမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒီနေ့အထိ တိုက်ပွဲဖြစ်နေပြီး ကျေးရွာတွေ မီးရှို့ခံရတာကြောင့် စစ်ရှောင်ဦးရေ သောင်းနဲ့ချီမြင့်တက်လာတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကလည်း တန်ပြန်တိုက်ခိုက်တာ ရှိနေပြီး BBI လို့သိကြတဲ့ စစ်တပ်ရဲ့ မြင်းမွေးမြူရေးတပ်စခန်းမှာ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“မြစ်ခြေမြို့ ထိပ်ဘက်လည်း တိုက်ပွဲဖြစ်တယ်။ BBI က အထိုင်တပ်ကိုလည်း မနေ့ရော ဒီနေ့ပါ တိုက်နေတယ်။ နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က မြစ်ခြေမြို့နယ်တဝိုက်ကို မေ ၁၀ ရက်ဝန်းကျင်မှာ ဒရုန်း၊ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ပြီးနောက် မေ ၁၃ ရက်မှာ ပခုက္ကူမြို့နယ်က ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) ရွာလို့သိကြတဲ့ အောင်သာရွာကနေ မြစ်ခြေဘက်ကို စစ်ကြောင်းစ ထိုးခဲ့ပါတယ်။
စစ်တပ်ရဲ့နောက်ထပ် စစ်ကြောင်းတစ်ကြောင်းဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်း ညောင်ဦးမြို့ဘက်ကနေ ကူးလာတယ်လို့လည်း မြေပြင်အခြေအနေသိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်း နှစ်ကြောင်းပေါင်း ပေါင်းမိပြီး မြစ်ခြေမြို့နယ်ထဲက လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျာဥ်ရွာ၊ ညောင်ပင်၊ မိုးနတ်ကုန်းနဲ့ ထန်းတောချောက်ရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသတွင်းအခြေစိုက်မီဒီယာတွေက ရေးသားပါတယ်။
အညာဒေသစစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့လူမှုကွန်ရက်စာမျက်နှာပေါ် ဖော်ပြချက်အရလည်း မြစ်ခြေမှာ စစ်တပ် စစ်ကြောင်းထိုးတဲ့တစ်ပတ်အတွင်း စစ်ရှောင်ဦးရေ ၂ သောင်းနီးပါးအထိရှိလာပြီလို့ သိရပါတယ်။
မြစ်ခြေ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနဘက်ကပါ ဒီနေ့ ညနေ ၃ နာရီအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်တပ်နဲ့ တအာင်းတပ်(TNLA)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မေလ ဒုတိယသီတင်းပတ်အတွင်း ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ TNLA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တွေကနေ တပ်ပြန်ဆုတ်ဖို့ စစ်တပ်ဘက်က အဲဒီတွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီမြို့တွေအရေးက အပစ်မရပ်ခင် ဆွေးနွေးပွဲတွေကတည်းက ပါနေတာပါ။ အခုလည်း ဆွေးနွေးပွဲတိုင်း အဲဒီမြို့တွေကို စစ်တပ်က ပြန်တောင်းတယ်။ နမ့်ဆန်နဲ့ မန်တုံမြို့မှာပဲ နေဖို့ တောက်လျှောက်ပြောခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က တွေ့တာပါ။ အဓိက ဆွေးနွေးတာလည်း TNLA က အဲဒီနှစ်မြို့မှာပဲ နေဖို့ကို ပြောပါတယ်” လို့ သူက ဆက်ပြောပါတယ်။
TNLA နဲ့ စစ်တပ်တို့ အခုတစ်ခေါက် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့တစ်ပတ် မေလ ၁၀ ရက်နဲ့ ၁၅ ရက်အတွင်း ပြုလုပ်ခဲ့တယ်လို့ သိရတဲ့အကြောင်းလည်း သူက ပြောပါတယ်။
အခုတစ်ခေါက် ကူမင်းမြို့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စစ်တပ်ကရော TNLA ကပါ ဒီနေ့ နေ့လယ် ၁ နာရီအချိန်အထိ တစုံတရာ ထုတ်ပြောလာတာ မရှိသေးပါဘူး။ ဒီဆွေးနွေးပွဲအကြောင်း အသေးစိတ်သိရဖို့ ဘီဘီစီက TNLA ဘက်ဆီ မှတ်ချက်တောင်းထားဆဲ ဖြစ်ပါတယ်။
စစ်တပ် စွဲကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို နမ့်ဆန်၊ မန်တုံမြို့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းထားတဲ့ မြို့ ၄ မြို့ကို လက်လွှတ်ပြီး တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပဲ နေဖို့ စစ်တပ်က TNLA ကို ပြောဆိုတဲ့သဘောလို့ နားလည်နိုင်ပါတယ်။
ကိုးကန့်တပ်(MNDAA)၊ အာရက္ခတပ်တော်(AA)တို့လည်း ပါဝင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဝင် TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေ့ါတို့ကို သိမ်းပိုက်ခဲ့ပြီး ဒုတိယလှိုင်းမှာတော့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်တို့ကို ရရှိခဲ့ပါတယ်။
သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေကို စစ်တပ်က ပြန်တိုက်ခိုက်ယူခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်တို့ကိုတော့ မနှစ် အောက်တိုဘာလမှာ နှစ်ဖက်အပစ်ရပ်သဘောတူညီချက်ယူပြီး TNLA က စစ်တပ်လက်ထဲ ပြန်လွှဲပေးခဲ့ပါတယ်။
ကွတ်ခိုင်မြို့ကိုလည်း အခုနှစ်စမှာ ကိုးကန့်တပ် (MNDAA) က TNLA ဆီကနေ တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် TNLA လက်ထဲမှာ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန် နဲ့ မန်တုံမြို့တို့သာ ကျန်ရှိပါတယ်။
မြန်မာမှာ ဆယ်နှစ်တာအတွင်း အစားအသောက်ဈေးနှုန်းတွေ စံချိန်တင် တရှိန်ထိုးမြင့်တက်နေပါတယ်။ ပြည်တွင်းဈေးကွက်ကို ဗဟိုချုပ်ကိုင်မှုများခဲ့တဲ့ရလဒ်က လူသုံးများတဲ့ ကြက်သား၊ ပုဇွန်ခြောက်နဲ့ ဟင်းချက်ရာမှာသုံးတဲ့ ငံပြာရည်လို ပါဝင်ပစ္စည်းတွေရဲ့ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းတွေကို ထိုးတက်သွားစေခဲ့ပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ လူလတ်ပိုင်းအရွယ် ဒေါ်ခင်ခင် (အမည်လွှဲ) ကတော့ ပြီးခဲ့တဲ့ငါးနှစ်တာမှာ လူ ၃ ယောက်ရဲ့ နေ့လယ်နဲ့ ညစာအတွက် (၆ ယောက်စားပမာဏ) ကြက်သား ၂၅ ကျပ်သားဖိုးချက်ပြုတ်လေ့ရှိပေမဲ့ အခုတော့ “ကြက်သားဖိုး တဝက်လျှော့ပြီး အာလူးနဲ့ ရောချက်နေရပြီ” လို့ ဘီဘီစီ ကို ပြောပါတယ်။
မြန်မာရဲ့ နာမည်ကျော်ဟင်းပွဲတွေမှာပါဝင်တဲ့ စားသောက်ကုန်တွေရဲ့ ပျမ်းမျှဈေးနှုန်းတွေကိုသိနိုင်ဖို့ ရန်ကုန်က ဈေးဝယ်သူ အိမ်ရှင်မတွေနဲ့ ဈေးသည်တွေကို ဘီဘီစီက မေးမြန်းစကားပြောခဲ့ပါတယ်။
ဒီလင့်ခ်ကိုနှိပ်ပြီး ဆောင်းပါးမှာဖော်ပြထားတဲ့ဟင်းပွဲတွေထဲက သင့်အကြိုက်ကို ရွေးချယ်ပြီး နှစ်အလိုက်ပြောင်းလဲလာတဲ့ ဈေးနှုန်းတွေကို ကြည့်ရှုနိုင်ပါပြီ။ ဒီဈေးနှုန်းတွေကို ၂၀၂၅ ခုနှစ်ထဲ ကောက်ခံထားတာဖြစ်လို့ အီရန်ပဋိပက္ခကြောင့် ထပ်မံမြင့်တက်လာတဲ့ ပြည်တွင်းစားသောက်ကုန်ဈေးနဲ့တော့ ကွာဟနိုင်ပါတယ်။
အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ အီရန်ပဋိပက္ခနောက်ဆက်တွဲသက်ရောက်မှုကြောင့် ကြုံလာရတဲ့အခက်အခဲကို ဖြေရှင်းဖို့ ဥရောပသမဂ္ဂ(EU)က ယူရို ၈ သန်း ကူညီမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ထုတ်ပြန်လာပါတယ်။
အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စားသောက်ကုန်နဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေ့စဉ်ရှင်သန်ရပ်တည်ရေးအတွက်ပါ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုအချိန်မီ ကူညီတာလို့ WFP ရဲ့ မနေ့တုန်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာမှာ ပြည်တွင်းပဋိပက္ခလည်း ဆက်ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီပြတ်တောက်မှုပါ ထပ်တိုးလာတာကြောင့် လူ ၄ ယောက်မှာ ၁ ယောက်နှုန်းက ဆာလောင်မွတ်သိမ်မှုဒဏ်ကို ခံနေရပါတယ်။ မြန်မာနိုင်ငံက လူဦးရေ ၁၂ ဒဿမ ၄ သန်းအထိ ဆာလောင်မှုဒဏ်ကို ရင်ဆိုင်နေရပြီလို့ WFP က ပြောပါတယ်။
WFP ရဲ့ အချက်အလက်အရ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၈ ရာခိုင်နှုန်းမြင့်တက်နေပါတယ်။ မကွေးတိုင်းကတော့ ၃၈ ရာခိုင်နှုန်းနဲ့ စားသောက်ကုန်ဈေးနှုန်း အမြင့်ဆုံးပါ။ ကရင်မှာတော့ ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ကတော့ ၃၁ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဒါကြောင့် EU ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေနဲ့ WFP ကနေ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေး အခက်အခဲနဲ့ ပိုပြီးဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့မိသားစုတွေကို အရေးပေါ်စားနပ်ရိက္ခာအကူအညီသွားမယ်လို့ သိရပါတယ်။
ဒါအပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက်ပါ အထူးအာဟာရအထောက်အပံ့တွေလည်း ပေးသွားမယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။
အဆိုတော် ရှာကီရာကို အခွန်ငွေ စတာလင်ပေါင် ၄၈ သန်း ပြန်အမ်းပေးဖို့ စပိန် အခွန်ငွေ အာဏာပိုင်တွေကို စပိန် အထက်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ရှာကီရာ ပေးဆောင်ထားတဲ့ အခွန်ငွေတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အငြင်းပွားနေမှုအတွင်း အဲဒီငွေတွေကို မလျော်မကန် သိမ်းယူခဲ့တယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့အပြီး အခုလိုအမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ကိုလမ်ဘီယာ အဆိုတော် ရှာကီရာကို အခွန်ငွေ လိမ်လည်မှုနဲ့ တရားစွဲဆိုထားမှုကနေ အထက်တရားရုံးက တရားသေလွှတ်လိုက်ပြီး အဲဒီအခွန်ငွေတွေကို အတိုးနဲ့ပေါင်းပြီး ပြန်ပေးလျော်ဖို့ စပိန်အခွန်ဌာနကို ညွှန်ကြားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က စပိန်နိုင်ငံမှာ ရှာကီရာ ၁၈၃ ရက် နေထိုင်ခဲ့တယ်ဆိုတာကို အခွန်ဌာန အာဏာပိုင်တွေအနေနဲ့ သက်သေမပြနိုင်ခဲ့ဘူးလို့ အထက်တရားရုံးက ပြောပါတယ်။ ဒါဟာ စပိန်မှာနေထိုင်သူတွေ ပုဂ္ဂလိက အခွန်ငွေ ပေးဆောင်ဖို့ လိုအပ်တဲ့ရက်ကာလ ဖြစ်ပါတယ်။
ရှာကီရာက "ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ အကွက်ချ စီစဉ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ကျွန်မရဲ့ ကျန်းမာရေး၊ ကျွန်မ မိသားစုရဲ့ အရေးကို အဆုံးစွန် ထိခိုက်စေခဲ့တဲ့ အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေကို ရှစ်နှစ်ကြာ ရင်ဆိုင်ခဲ့ရအပြီး နောက်ဆုံးမှာ တရားရုံးက မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဆုံးဖြတ်လိုက်တာ ဖြစ်တယ်"လို့ ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က မုံရွာ-ရေဦး အဝေးပြေးလမ်းမကြီး ဘေးမှာရှိတဲ့ စိုင်ပြင်မြို့ကို Operation OTT စစ်ဆင်ရေးအဖြစ် တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် စိုင်ပြင်မြို့ကနေ စစ်ရှောင်နေတဲ့ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ ပြန်လည်ဝင်ရောက် နေထိုင်လို့ရပြီလို့လည်း ဒီနေ့ မနက်ပိုင်းမှာလည်း ရွှေဘိုခရိုင် စစ်ဌာနက ထပ်ထုတ်ပြန်လာပါတယ်။
မေ ၁၄ ရက်မှာ စိုင်ပြင်မြို့ပေါ်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၆ ရက်နေ့ မနက်ပိုင်းမှာ မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ပွဲဖြစ်နေချိန် မှာရော ဖြစ်ပြီးချိန်မှာ စစ်တပ်ဘက်က လေကြောင်းနဲ့ စိုင်ပြင်မြို့ပေါ်ကိုရော ကျေးရွာတွေကိုပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်မှာရှိနေသူတချို့ဆီကနေ သိရပါတယ်။
“ဖြစ်တဲ့နေ့ကတည်းက ဆက်တိုက် ဗုံးကြဲတယ်။ မနေ့ (မေ ၁၈ ရက်) နေ့လယ် ၂ နာရီခွဲမှာလည်း စိုင်ပြင်မြို့ပေါ်ကို ဗုံးကြဲတယ်။ ၁၇ ရက်နေ့ ည ၉ နာရီကလည်း ခွင့်တောင်းရွာစာသင်ကျောင်းကို Y 12(လေယာဉ်)နဲ့ ဗုံး ၂ လုံးကြဲတာ ၁ ယောက် သေတယ်။ အဲဒီမှာ စိုင်ပြင်က စစ်ရှောင်တွေ ရှိနေတာလေ” လို့ ဒီပဲယင်းဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
စိုင်ပြင်မြို့ပေါ်က ရဲစခန်းမှာသာ စစ်တပ်ရော ရဲတွေပါ စုဝေးအခြေချတာဖြစ်ပြီး အဲဒီမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၁ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေဘိုခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
ရဲစခန်းမှူးဖြစ်တဲ့ ဒုရဲအုပ် ဝင်းဇာနည်အောင်ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်က ခြေကုပ်ယူခဲ့တဲ့ မြို့ပေါ်က တပ်စခန်းအဆောက်အဦတွေနဲ့ ခံစစ်မိုင်းတွေကို ရှင်းလင်းပြီး တပ်တွေပြန်လည်ဆုတ်ခွာခဲ့ပြီလို့ ရွှေဘိုခရိုင်စစ်ဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလထဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာအခြေစိုက်တဲ့ စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အားရာနဲ့ချီပါဝင်တဲ့စစ်ကြောင်းတွေ ခွဲထွက်နေပြီး မြောက်ဘက်က ဘုတလင်၊ အရှေ့ဘက်က ယင်းမာပင်၊ ကနီမြို့နယ်တွေ တကြောကို ဆက်တိုက် စစ်ကြောင်းထိုးနေပါတယ်။
ယင်းမာပင်နဲ့ ကနီမြို့နယ်တို့မှာဆိုရင် ကျေးရွာတွေကို အဆက်မပြတ် စစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင် သောင်းနဲ့ချီရှိနေပြီလို့လည်း စစ်ရှောင်တွေအရေး အကူအညီပေးနေသူတွေဆီကနေ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ အိမ်ဖြူတော်မှာ ဇွန်လအတွင်းပြုလုပ်မယ့် UFC Freedom 250 Fan Fest ပွဲမှာ မြန်မာဖိုက်တာ၊ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန် ပါဝင်လာတာကို UFC ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
ဒီပွဲဟာ အမေရိကန်လွတ်လပ်ရေးရတဲ့ နှစ် ၂၅၀ ပြည့်အနေနဲ့ ကျင်းပတဲ့ ပွဲဖြစ်ပြီး အိမ်ဖြူတော် မြက်ခင်းပြင်ကို UFC ကြိုးဝိုင်းအဖြစ်အသွင်ပြောင်း ကျင်းပမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ပြောထားတာဖြစ်ပါတယ်။ တေးဂီတဖျော်ဖြေပွဲအပြင် UFC ပရိသတ်တွေအနေနဲ့ ကိုယ်ကြိုက်တဲ့ဖိုက်တာနဲ့ နှုတ်ဆက်ခွင့်ရလည်းမယ်လို့ ကြေညာချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို အနိုင်ရပြီး UFC Flyweight ချန်ပီယံခါးပတ်ကို ဆက်ထိန်းသိမ်းခဲ့တဲ့ ဗန်ဟာ ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်မှာ လုပ်မယ့် အိမ်ဖြူတော်ပွဲ UFC ပွဲမှာ ပါဝင်မယ့် လူစာရင်း ကြေညာချက်ထဲ ထိပ်ဆုံးကနေ ပါဝင်လာတာပါ။
ဗန်အပြင် Carlos ulberg၊ Mackenzie Dern တို့လို UFC light heavyweight ဝိတ်တန်း၊ UFC strawweight ဝိတ်တန်း ချန်ပီယံတွေပါ အိမ်ဖြူတော်ပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။
UFC Flyweight ဝိတ်တန်းချန်ပီယံဖြစ်ပြီးတဲ့နောက် ဗန် ဟာ အာရှခရီးစဉ်အဖြစ် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ချင်းဒုက္ခသည်ကော်မတီ (CRC) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို တက်ရောက်ဖို့ ရှိနေပါတယ်။ သူ အမေရိကန်ကို မရောက်လာခင် ၂၀၁၁ ခုနှစ်ဝန်းကျင်လောက်က မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် နှစ်နှစ် ဝန်းကျင်လောက် ယာယီခိုလှုံခဲ့ဖူးပါတယ်။
မင်္ဂလာပါ။ မေလ ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။