မြစ်ခြေကို စစ်တပ်စစ်ကြောင်း ထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တန်ပြန်တိုက်ခိုက်မှုရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက မြစ်ခြေမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒီနေ့အထိ တိုက်ပွဲဖြစ်နေပြီး ကျေးရွာတွေ မီးရှို့ခံရတာကြောင့် စစ်ရှောင်ဦးရေ သောင်းနဲ့ချီမြင့်တက်လာတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကလည်း တန်ပြန်တိုက်ခိုက်တာ ရှိနေပြီး BBI လို့သိကြတဲ့ စစ်တပ်ရဲ့ မြင်းမွေးမြူရေးတပ်စခန်းမှာ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“မြစ်ခြေမြို့ ထိပ်ဘက်လည်း တိုက်ပွဲဖြစ်တယ်။ BBI က အထိုင်တပ်ကိုလည်း မနေ့ရော ဒီနေ့ပါ တိုက်နေတယ်။ နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က မြစ်ခြေမြို့နယ်တဝိုက်ကို မေ ၁၀ ရက်ဝန်းကျင်မှာ ဒရုန်း၊ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ပြီးနောက် မေ ၁၃ ရက်မှာ ပခုက္ကူမြို့နယ်က ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) ရွာလို့သိကြတဲ့ အောင်သာရွာကနေ မြစ်ခြေဘက်ကို စစ်ကြောင်းစ ထိုးခဲ့ပါတယ်။
စစ်တပ်ရဲ့နောက်ထပ် စစ်ကြောင်းတစ်ကြောင်းဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်း ညောင်ဦးမြို့ဘက်ကနေ ကူးလာတယ်လို့လည်း မြေပြင်အခြေအနေသိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်း နှစ်ကြောင်းပေါင်း ပေါင်းမိပြီး မြစ်ခြေမြို့နယ်ထဲက လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျာဥ်ရွာ၊ ညောင်ပင်၊ မိုးနတ်ကုန်းနဲ့ ထန်းတောချောက်ရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသတွင်းအခြေစိုက်မီဒီယာတွေက ရေးသားပါတယ်။
အညာဒေသစစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့လူမှုကွန်ရက်စာမျက်နှာပေါ် ဖော်ပြချက်အရလည်း မြစ်ခြေမှာ စစ်တပ် စစ်ကြောင်းထိုးတဲ့တစ်ပတ်အတွင်း စစ်ရှောင်ဦးရေ ၂ သောင်းနီးပါးအထိရှိလာပြီလို့ သိရပါတယ်။
မြစ်ခြေ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနဘက်ကပါ ဒီနေ့ ညနေ ၃ နာရီအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။






