တိုက်ရိုက်ထုတ်လွှင့်မှု, ပုလဲမောင် သတ်ဖြတ်ခံရမှုနဲ့ ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆို

တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် သေနတ်နဲ့ ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို စစ်ဆေးနေတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်နဲ့အဖွဲ့ကို NUG ဖမ်းဆီးထိန်းသိမ်းထား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ယူဂန်ဒါမှာ စစ်ဦးစီးချုပ်အမိန့်နဲ့ ထိပ်တန်းမီဒီယာ သတင်းဌာနတွေကို ပိတ်ပစ်လိုက်

    ဗိုလ်ချုပ်ကြီး မူဟိုးဇီ ကိုင်နာရူဂါဘာ ဟာ သူ့ဖခင်ရဲ့ သမ္မတရာထူးကို ဆက်ခံမယ့်သူအဖြစ် အများက ရှုမြင်ထားကြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး မူဟိုးဇီ ကိုင်နာရူဂါဘာ ဟာ သူ့ဖခင်ရဲ့ သမ္မတရာထူးကို ဆက်ခံမယ့်သူအဖြစ် အများက ရှုမြင်ထားကြ

    ယူဂန်ဒါနိုင်ငံမှာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာတိုက်တွေ ပိတ်ပစ်ဖို့ သမ္မတ ယိုဝါရီ မူဆီဗန်နီရဲ့ သားဖြစ်သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက ညွှန်ကြားခဲ့အပြီးမှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာ အုပ်စုကြီးက စစ်တပ်ရဲ့ သိမ်းပိုက်မှုအောက် သူတို့ ရောက်နေပြီလို့ ပြောပါတယ်။

    Daily Monitor သတင်းစာက ကမ်ပါလာမြို့တော်မှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်အပြင်ဘက်မှာ လက်နက်ကိုင် စစ်သားတွေ နေရာယူထားပြီး NTV နဲ့ Spark TV ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေရပ်ဆိုင်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

    အဲဒီ သတင်းဌာနတွေဟာ အရှေ့အာဖရိကဒေသက သြဇာအရှိန်အဝါ အကြီးမားဆုံး သတင်းမီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ Nation Media Group ပိုင် သတင်းဌာနတွေ ဖြစ်ပါတယ်။

    ဘာ့ကြောင့် အခုလို စီးနင်းမှုတွေ လုပ်ခဲ့တာလဲ ဆိုတာကို အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက သတင်းလွတ်လပ်ခွင့်ဆိုတာကို သူ့အနေနဲ့ မယုံကြည်ကြောင်းနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုအတိုင်းသာ စာနယ်ဇင်းသတင်းသမားတွေက လိုက်နာသင့်တယ် ဆိုပြီး X ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ် တင်ထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် - တောင်အာဖရိက ၀ - ၁ ကနေဒါ

    အမေရိကန်ဒေသစံတော်ချိန် ဇွန်လ ၂၈ ရက် ညနေပိုင်းမှာ ကစားသွားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်း အဖွင့်ပွဲစဉ်မှာ ကနေဒါနဲ့ တောင်အာဖရိကတို့ ယှဉ်ပြိုင်မှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်ပွဲမှာ ကနေဒါက ပွဲကစားချိန် နောက်ဆုံးမိနစ်ရောက်မှ တောင်အာဖရိကကို ၁ ဂိုးသွင်းပြီး ကပ်နိုင်သွားပါတယ်။

    နှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလားမှာ ဒီအဆင့်အထိ မတက်ဖူးကြပါဘူး။ ဒါပေမဲ့ ရှုံးထွက်ပွဲကို ပွဲဦးထွက် ကန်ခဲ့ကြရတာဖြစ်ပါတယ်။

    ကနေဒါအတွက် နောက်ဆုံးမိနစ်မှရတဲ့ ဂိုးကို စတီဖင် ယူစတက်ကီယိုက သွင်းယူခဲ့တာဖြစ်ပါတယ်။

    ကနေဒါဟာ မော်ရိုကိုနဲ့ နယ်သာလန်တို့ ရှုံးထွက်ပွဲကနေ တက်လာမယ့်အသင်းနဲ့ ၁၆ သင်းအဆင့်မှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

    ၃၂ သင်းအဆင့် ရှုံးထွက်ပွဲတွေကို ဘာကြောင့် စောင့်ကြည့်သင့်လဲ။ အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ပုလဲမောင် သတ်ဖြတ်ခံရမှုနဲ့ ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆို

    ပုလဲမောင် သေနတ်နဲ့ ပစ်ခတ်ခံရမှုအတွက် အစစ်ဆေးခံနေရတဲ့ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်

    ဓာတ်ပုံ ရင်းမြစ်, စွမ်းသူမောင်

    ဓာတ်ပုံ ပုံစာ, ပုလဲမောင် သေနတ်နဲ့ ပစ်ခတ်ခံရမှုအတွက် အစစ်ဆေးခံနေရတဲ့ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်တယ်လို့ မြေပြင်စစ်‌ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ယင်းမာပင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက စစ်ဆေးမှုကို အမှတ် ၁ စစ်ဒေသမှာပြုလုပ်မယ်လို့ သိထားရကြောင်းပြောပြီး PDF စစ်ရုံးချုပ်နဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးမယ်လို့ သိရှိရကြောင်း ပြောဆိုကြပါတယ်။

    ယင်းမာပင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူရဲ့ပြောကြားချက်အရ လက်ရှိမှာ ဗိုလ်စွမ်းသူမောင်အပါအဝင် အဖွဲ့ဝင်တချို့ကို လက်နက်ဖြုတ်သိမ်းထားပြီး တာဝန်ကနေ ယာယီရပ်နားထားတယ်လို့ဆိုပါတယ်။

    စစ်ကိုင်းတိုင်းစစ်ဌာနရင်းမြစ်ရဲ့အပြောအရ စစ်ရုံးအမိန့်အရ ယင်းမာပင်ခရိုင် စစ်ဌာန ကွပ်ကဲရေးမှူး စွမ်းသူမောင် အပါ ၇ ဦးကို ရာထူးချ တာဝန်ရပ်ဆိုင်းထားပြီး ဇူလိုင် ၁ ရက် အရောက် စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးခံရမယ်လို့ဆိုပါတယ်။

    ယင်းမာပင်ခရိုင် ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တာဝန်ရှိသူကတော့ ဗိုလ်စွမ်းသူမောင်ရဲ့ အမှုအခြေအနေအသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားမှာဖြစ်ပြီး သူတို့အနေနဲ့ လတ်တလော ဖြေကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

    ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေတယ်ဆိုတာနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ဇွန် ၂၆ ရက်က ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ဗိုလ်စွမ်းသူမောင်ရဲ့တပည့်ဖြစ်သူ ငဖြိုးဆိုသူက သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနေ့ညပိုင်းမှာပဲ ပစ်ခတ်သူကို ဖမ်းဆီးလိုက်ပြီး ငဖြိုးဆိုသူကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင်စစ်ဌာန လက်အောက်ရှိ အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    တပ်ရင်း ၆ တပ်ရင်းမှူး သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တရားမျှတမှု ရရှိရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ ခရိုင်တပ်ရင်းတွေက တောက်လျှောက်တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

    တချိန်တည်းမှာပဲ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်အခြေချတဲ့ စခန်းနေရာကို ဇွန် ၂၈ ရက် ညပိုင်းက စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

    သူ့အပြောအရ ယင်းမာပင်ခရိုင်ကွပ်ကဲရေးတပ်ဖွဲ့ဝင်တချို့က ကနီမြို့နယ်၊ ချောင်းမကြီးကျေးရွာဘက်ကို သွားရောက်ချိန်မှာ ဖမ်းဆီးခံလိုက်ရပြီးနောက် လေကြောင်းဗုံးကြဲခံရတာလို့ဆိုပါတယ်။

    ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးစခန်းဝန်းကျင်အနီး လေကြောင်းဗုံးကြဲခံရတယ်ဆိုတဲ့ ဖြစ်စဥ်အသေးစိတ်နဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

  4. မင်္ဂလာပါ။ ဇွန် ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။