ယူဂန်ဒါမှာ စစ်ဦးစီးချုပ်အမိန့်နဲ့ ထိပ်တန်းမီဒီယာ သတင်းဌာနတွေကို ပိတ်ပစ်လိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဖာရွတ်ခ် ချိုသီယာ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
ယူဂန်ဒါနိုင်ငံမှာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာတိုက်တွေ ပိတ်ပစ်ဖို့ သမ္မတ ယိုဝါရီ မူဆီဗန်နီရဲ့ သားဖြစ်သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက ညွှန်ကြားခဲ့အပြီးမှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာ အုပ်စုကြီးက စစ်တပ်ရဲ့ သိမ်းပိုက်မှုအောက် သူတို့ ရောက်နေပြီလို့ ပြောပါတယ်။
Daily Monitor သတင်းစာက ကမ်ပါလာမြို့တော်မှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်အပြင်ဘက်မှာ လက်နက်ကိုင် စစ်သားတွေ နေရာယူထားပြီး NTV နဲ့ Spark TV ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေရပ်ဆိုင်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီ သတင်းဌာနတွေဟာ အရှေ့အာဖရိကဒေသက သြဇာအရှိန်အဝါ အကြီးမားဆုံး သတင်းမီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ Nation Media Group ပိုင် သတင်းဌာနတွေ ဖြစ်ပါတယ်။
ဘာ့ကြောင့် အခုလို စီးနင်းမှုတွေ လုပ်ခဲ့တာလဲ ဆိုတာကို အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက သတင်းလွတ်လပ်ခွင့်ဆိုတာကို သူ့အနေနဲ့ မယုံကြည်ကြောင်းနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုအတိုင်းသာ စာနယ်ဇင်းသတင်းသမားတွေက လိုက်နာသင့်တယ် ဆိုပြီး X ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ် တင်ထားပါတယ်။
အတိုက်အခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာဟာ သူ့ဖခင် ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရထဲက အခရာကျတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲ ပြောဆိုနေပါတယ်။
သမ္မတကို ထောက်ခံသူတွေနဲ့ သူ့မိသားစုကတော့ ယူဂန်ဒါနိုင်ငံ တည်ငြိမ်ရေးအတွက် သူတို့ အာမခံလုပ်ဆောင်နေတာ ဖြစ်ကြောင်းနဲ့ သူတို့အုပ်ချုပ်မှုအောက်မှာ နိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန်လာတယ်လို့ ပြောနေပါတယ်။
အသက် ၈၁ နှစ်အရွယ် သမ္မတ မူဆီဗန်နီ ဟာ သူပုန်တပ်ဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က သမ္မတအာဏာ ရယူခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီလက အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတ မူဆီဗန်နီက သမ္မတရာထူးသက်တမ်း သတ္တမမြောက် စံချိန်တင် ပြန်အနိုင်ရခဲ့ပြီး တချိန်မှာ သူ့နေရာကို ဆက်ခံဖို့ သားဖြစ်သူကို လေ့ကျင့်ပျိုးထောင်ပေးနေတယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗိုလ်ချုပ်ကြီး ကိုင်နာရူဂါဘာ က ဘယ်မီဒီယာဌာနကိုမဆို ပိတ်ပစ်နိုင်တဲ့ အာဏာကို သူ့ဖခင်ကြီးက သူ့ကိုပေးထားတယ် ဆိုပြီး X ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားပါတယ်။
"NTV နဲ့ Daily Monitor သတင်းဌာနနှစ်ခုစလုံး သူ့ခွင့်ပြုချက် မရှိဘဲ ပြန်ဖွင့်လို့ ရမှာ မဟုတ်ဘူး"လို့ ဆိုပါတယ်။
"ခုချိန်ကစပြီး ယူဂန်ဒါမှာ ရှိတဲ့ သတင်းမီဒီယာ အားလုံး အစိုးရရဲ့ စည်းမျဉ်းအတိုင်းသာ လိုက်နာရမှာ ဖြစ်တယ်"လို့လည်း သူက ဆိုပါတယ်။
Daily Monitor သတင်းစာတိုက်က တနင်္ဂနွေနေ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စီးနင်းရှာဖွေမှုအတွင်း သူတို့နဲ့ တခြားသတင်းဌာနတွေကို ပိတ်ပစ်ဖို့ ညွှန်ကြားခံခဲ့ရတယ်လို့ X ဆိုရှယ်မီဒီယာမှာ ရေးထားပါတယ်။
ယူဂန်ဒါ အစိုးရက သတင်းမီဒီယာဌာနတွေကို ဘာ့ကြောင့် စီးနင်းရှာဖွေပြီး ပိတ်ပစ်ခဲ့တာလဲဆိုတာကို အကြောင်း တစ်စုံတရာ မပြခဲ့ပါဘူး။ ဒါပေမဲ့ ဒီသတင်းကိုတော့ သူတို့ရဲ့ ဝက်ဆိုက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီရုံးဌာနဝင်းထဲကို ဘယ်သူ့ကိုမှ ဝင်ထွက်သွားလာခွင့် မပြုဘူးလို့ ဝန်ထမ်းတွေက ပြောကြောင်းနဲ့ NTV Uganda နဲ့ Spark TV ရုပ်မြင်သံကြား ဖန်သားပြင်တွေပေါ်မှာ "ဗီဒီယို ကြည့်လို့မရ" ဆိုတဲ့ စာတန်းသာ ပေါ်နေတယ်လို့ ရုပ်မြင်သံကြား ကြည့်သူတွေက ပြောကြောင်း ဖော်ပြထားပါတယ်။
အဲဒီသတင်းထဲမှာ မူဟူးဇီ စီမံကိန်းလို့ အမည်ပေးထားတဲ့ ရာထူးဆက်ခံမှုအစီအစဉ်တစ်ခုနဲ့ ထိပ်တန်းအစိုးရ တာဝန်ရှိသူတွေ ဆက်နွှယ်ပတ်သက်နေတယ်ဆိုတဲ့ စာတစ်စောင်ကို ဖော်ပြခဲ့မှုနဲ့ Daily Monitor သတင်းစာတိုက်ကို ၂၀၁၃ ခုနှစ်က ရဲတွေ ဝင်စီးခဲ့ဖူးကြောင်းနဲ့ NTV ရုပ်မြင်သံကြားဌာနဟာလည်း သူတို့ရဲ့ သတင်းဖော်ပြချက်တွေဟာ မကောင်းတဲ့ဘက်ကပဲ ဖော်ပြနေတယ်လို့ အစိုးရက စွပ်စွဲပြောဆိုခဲ့အပြီး ၂၀၀၇ ခုနှစ်တုန်းက ထုတ်လွှင့်မှုတွေ ရပ်ဆိုင်းခံခဲ့ရဖူးကြောင်းထောက်ပြထားပါတယ်။
"ပြီးခဲ့တဲ့နှစ်တွေအတွင်း သမ္မတ မူဆီဗီနီ က Daily Monitor သတင်းစာတိုက်ကို အကြိမ်ကြိမ် ဝေဖန်ပြောဆိုခဲ့ပြီး တကြိမ်မှာဆိုရင် သူတို့ရဲ့ ဝေဖန်မှုသတင်းပညာနဲ့ ပတ်သက်လို့ ရန်သူ မကောင်းဆိုးဝါး သတင်းစာတိုက်တစ်ခုအဖြစ် ဖော်ညွှန်းပြောဆိုခဲ့ဖူးတယ်"လို့ အစိုးရရဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အကြိတ်အနယ် သမ္မတရွေးကောက်ပွဲအတွင်း ဗိုလ်ချုပ်ကြီး ကိုင်နာရူဂါဘာ က ရှုံးနိမ့်သွားတဲ့ အတိုက်အခံ သမ္မတလောင်း ဘော်ဘီ ဝိုင်းရဲ့ လိင်အင်္ဂါဇာတ်ကို ဖြတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်ထားတဲ့ ပို့စ်တစ်ခု တင်ခဲ့တဲ့အတွက် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီပို့စ်ကို ပြန်ဖျက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ မကျင်းပခင် အတိုက်အခံတွေရဲ့ လူထုမဲဆွယ်ပွဲတွေ ဟန့်တားနှောင့်ယှက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲဟာ "နိုင်ငံရေး အတိုက်အခံတွေအပေါ် ဖိနှိပ် ခြိမ်းခြောက်မှုတွေ အနှံ့အပြား ရှိခဲ့တဲ့ အခြေအနေမှာ ကျင်းပခဲ့တာ" လို့ ကုလသမဂ္ဂက ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပရေး တာဝန်ရှိသူတွေကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ဆိုပါတယ်။








