ကျားဖြန့်ကြောင့် ဝ တပ် အရာရှိ ၂ ဦး ရာထူးဖြုတ်ခံရပြီး ထောင် ၃ နှစ်ချမှတ်ခံရ

ဝပြည် တရားရေးကော်မတီရဲ့အရာရှိ ၂ ဦးဟာ ရာထူးကိုအသုံးချကာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုပြီး ရရှိထားတဲ့ရာထူးအားလုံးက ထုတ်ပယ်ကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တဲ့သတင်းအပါအဝင် ဧပြီ ၂၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဝ တပ်ဖွဲ့ အရာရှိ ၂ ဦး ကျားဖြန့်နဲ့ ဆက်စပ်တယ်ဆိုပြီး ရာထူးကဖယ်ရှားကာ ထောင် ၃ နှစ်ချမှတ်ခံရ
  • ၁၁ နှစ်ဆက်တိုက် မြင့်တက်လာတဲ့ စစ်အသုံးစားရိတ်ဟာ ၂၀၂၅ မှာလည်း ဆက်တိုးလာပြီး ၂၀၂၅ ခုနှစ် ဘတ်ဂျက်အသေးစိတ် ထုတ်ပြန်ခြင်းမရှိတဲ့ မြန်မာကတော့ (SIPRI)စာရင်းထဲမပါလာ
  • လယ်ဝေးမြို့နယ်ထဲက စစ်တပ်ကာကင်းစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထဲကို စစ်တပ် မနေ့က လေကြောင်းဗုံးကြဲလို့ ၅ ဦးသေဆုံးလို့ ကနဦးသိရ
  • အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ပြင်က ရထားတိုက်မှုအတွင်း အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီလ ၂၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဂျပန်လေကြောင်းလိုင်းမှာ လူပုံတူ စက်ရုပ်တွေကို သုံးမယ်

    ဟာနဲ့ဒ လေဆိပ်မှာ ဧပြီ ၂၇ ရက်နေ့က လုပ်ခဲ့တဲ့ သရုပ်ပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဟာနဲ့ဒ လေဆိပ်မှာ ဧပြီ ၂၇ ရက်နေ့က လုပ်ခဲ့တဲ့ သရုပ်ပြပွဲ

    ဂျပန် လေကြောင်းလိုင်းက ခရီးသည် အိတ်တွေကို လေယာဥ်ကို တင်တဲ့ နေရာမှာ လူပုံစံတူ စက်ရုံတွေကို လာမယ့် မေလက စပြီး၊ အစမ်း အသုံးပြုမယ်လို့ ဆိုပါတယ်။

    စက်ရုပ်တွေဟာ ဂျပန် လုပ်တော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက ထုတ်တဲ့ စက်ရုပ်တွေ ဖြစ်ပြီး၊ ခရီးဆောင် အိတ်တွေ ၊ ဝန်စည်တွေကို ဟာနဲ့ဒ Haneda လေဆိပ်မှာ လေယာဥ်တွေ ပေါ်ကို တင်ရာမှာ အဲဒီစက်ရုပ်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

    အဲဒီလို ကာယကို သုံးလုပ်ရတဲ့ လေယာဥ်ကွင်း မြေပြင်အလုပ်တွေမှာ ဝင်ရောက် လုပ်ကိုင်သူ ရှားပါးလာတဲ့ အတွက် အခုလိုစက်ရုပ်တွေနဲ့ အစားထိုး သုံးနိုင်မလား ဆိုတာကို စမ်းသပ်ကြည့်မှာ ဖြစ်ပါတယ်။

    ဂျပန်မှာ ဆိုရင် တစ်ဘက်က ခရီးသွား လုပ်ငန်းတွေ၊ နိုင်ငံတကာ ဧည့်ဝင်ရောက်မှုတွေ များပြား လာသလောက်၊ အလုပ်လုပ်နိုင်တဲ့ ဂျပန် လူဦးရေ ကျဆင်း လာနေသလို သက်ကြီး ရွယ်အို ဦးရေ တိုးလာနေပါတယ်။

  3. မိတ် အင် ချိုင်းနား လှိုင်းသစ်

    ပေါ့မတ် (Pop Mart) ရဲ့ စျေးကွက်က အမေရိကန်မှာ ၂၀၂၄ ကစပြီး ၉၀၀% ထိ ကြီးထွားလာခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပေါ့မတ် (Pop Mart) ရဲ့ စျေးကွက်က အမေရိကန်မှာ ၂၀၂၄ ကစပြီး ၉၀၀% ထိ ကြီးထွားလာခဲ့

    စင်ကာပူက ဘယ်စျေးဝယ်ကုန်တိုက်ကို ဖြစ်ဖြစ် သွားကြည့်လိုက်ရင် နာမည်ကျော် ကုန်အမှတ်တံဆိပ်ဆိုင်တွေရှေ့မှာ တန်းစီစောင့်ဆိုင်းနေတဲ့လူတွေက များလွန်းလို့ လူတန်းက မြွေလိမ် မြွေကောက်လိုဖြစ်နေတာကို တွေ့ရမှာပါ။ တရုတ် လက်ဖက်ရည် တံဆိပ်တွေဖြစ်တဲ့ ချာဂီ (Chagee)၊ မော်လီ တီး (Molly Tea)၊ မီးရွှေ (Mixue) တို့ဟာ စားသုံးသူတွေကို ဆွဲဆောင်နေပါတယ်။ စင်ကာပူလို အာရှနိုင်ငံမှာတင် မဟုတ်ပါဘူး။ သူတို့က ဆစ်ဒနီ ကအစ လန်ဒန်အလယ် လော့စ်အိန်ဂျလိစ် အဆုံး ဘယ်မှာ ဖြစ်ဖြစ် နာမည်ရလာ နေတာပါ။

    ဖက်ရှင် နာမည်ကြီး အဝတ်အစားတွေ၊ ကစားစရာ ဆိုင်တွေ၊ အားကစား အဝတ်အထည် အရောင်းဆိုင်ကြီးတွေနဲ့အတူ ဒီလက်ဖက်ရည်အရောင်းဆိုင်တွေက လှိုင်းသစ်တခုလိုဖြစ်နေတာပါ။ ဒီလိုဖြစ်လာအောင်အတွက် တရုတ်ကုမ္ပဏီတွေက အကုန်အကျနည်းနည်းနဲ့ ထုတ်လုပ်ပြီး ကမ္ဘာမှာ လူသိများတဲ့တံဆိပ်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။

    တရုတ်နိုင်ငံကိုယ်က ကမ္ဘာ့ဒုတိယအကြီးဆုံး စားသုံးသူ စျေးကွက်ဖြစ်ပြီး အဲဒီမှာ တည်ထောင်ခဲ့တဲ့ ဒီလုပ်ငန်းတွေဟာ အတော်သန်မာနေပြီးသားပါ။ သူ့အိမ်တွင်းမှာ အပြိုင်အဆိုင်လုပ်ရတာက အားအတော်စိုက်ရတာမို့ ပြင်ပကမ္ဘာကို ဒီကုမ္ပဏီတွေ မဖြစ်မနေသွားဖို့ လိုအပ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ''တရုတ်ပြည်တွင် ထုတ်လုပ်သည်'' လို့ခေါ်တဲ့ မိတ် အင် ချိုင်းနား (Made in China) လို့ ဆိုလိုက်တာနဲ့ စျေးပေါမယ်၊ အရည်အသွေးက နိမ့်မယ်ဆိုတာတွေနဲ့ တွဲပြီး မှတ်ထားတတ်တဲ့စျေးကွက်ထဲကို သူတို့ လာကြရတာပါ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါပြီ။

  4. ထိုင်းဘုရင်သွေး မကင်းတဲ့ မြန်မာတွေ

    တရုတ်သမ္မတကတော် ပန်လီယွမ်(ဝဲဘက်)နဲ့ မြန်မာသမ္မတကတော် ဒေါ်စုစုလွင်တို့ကို ဘေကျင်းမြို့က တရုတ်ပြည်သူ့ခန်းမဆောင်ကြီးမှာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်တုန်းက တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတကတော် ပန်လီယွမ်(ဝဲဘက်)နဲ့ မြန်မာသမ္မတကတော် ဒေါ်စုစုလွင်တို့ကို ဘေကျင်းမြို့က တရုတ်ပြည်သူ့ခန်းမဆောင်ကြီးမှာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်တုန်းက တွေ့ရတာဖြစ်ပါတယ်

    ထိုင်းနာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ ''The Last Duel'' ကို မြန်မာရုပ်ရှင်ကြိုက် ပရိသတ်တွေကြား လူမှုကွန်ရက်မှာ ပြောကြဆိုကြတဲ့အခါ မြန်မာ့အငွေ့အသက်တွေကို ထိုင်းအနုပညာရှင်တွေ ပုံဖော်ပုံကိုလည်း အပြုသဘောဆောင် မှတ်ချက်ပေးကြပါတယ်။

    ဇာတ်လမ်းရသနဲ့အတူ လူမှုကွန်ရက်သုံးစွဲသူတွေကြား သိချင်စိတ်က မြန်မာမှာ ထိုင်းတော်ဝင်မျိုးနွယ်တွေ ရှိနေသေးလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။

    ကုန်းဘောင်ခေတ်ဘုရင်တွေ ထိုင်းနိုင်ငံကို သိမ်းပိုက်ရင်း ခေါ်ဆောင်လာတဲ့ ထိုင်းမင်းဆွေစိုးမျိုးတွေထဲက တချို့ဟာ ကုန်းဘောင်မင်းဆက်တွေနဲ့ လက်ဆက်ပြီး မြန်မာမင်းမျိုးထဲကို ရောက်လာတယ်လို့ သမိုင်းပညာရှင်တွေက ရေးသားပါတယ်။

    အထင်ရှားဆုံးကို ပြရရင် သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင် ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က ဖော်ပြခဲ့တဲ့ ဘီဘီစီဆောင်းပါးကို ဒီမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  5. စစ်ခေါင်းဆောင်ဟောင်းရဲ့အစိုးရသစ်လက်ထက် BRI စီမံကိန်းပြီးရေး တရုတ်ခြေလှမ်းနေလား

    တရုတ်ကုန်တင်ရထားတစ်စင်း၊ ကျောက်ဖြူ- မန္တလေး-မူဆယ်- ကူမင်းအထိပြေးမယ့်ရထားလမ်းသရုပ်ဖော် အနီရောင်အစက်အပျောက်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဦးမင်းအောင်လှိုင်တို့ လက်ဆွဲ နှုတ်ဆက်နေတဲ့ပုံ မီးခိုး၊ အနီ၊ အဖြူ၊ အဝါ၊ အစိမ်း ပေါင်းစပ် ဓာတ်ပုံ

    တရုတ်လိုလားတဲ့နေပြည်တော်အစိုးရသစ်နဲ့ လွှတ်တော်တွေ အသက်ပြန်ဝင်လာချိန်မှာပဲ တရုတ်အကျိုးစီးပွားရှိတဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းလို့ နာမည်ကျော်တဲ့ ပိုးလမ်းမစီမံကိန်း (BRI)ထဲက မြန်မာမှာရှိတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဘေကျင်းဘက်က အသံထုတ်လာပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့အထူးသံတမန်ကို နေပြည်တော်က သမ္မတကျမ်းကျိန်ပွဲကို တက်စေပြီး BRI ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းအောင်လုပ်မယ့်အကြောင်း သတင်းစကားပါးပါတယ်။

    နေပြည်တော်ဘက်ကလည်း တရုတ်စီမံကိန်းတွေနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်လို့ အကြိမ်ကြိမ် ကတိပေးသလို အခုနောက်ဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဧပြီလခရီးစဉ်မှာ ထပ်မံ အာမခံပါတယ်။

    တရုတ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကိုလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး ရှမ်းမြောက်က လက်နက်ကိုင် ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခင်းအကျင်းတွေ လုပ်လာပါတယ်။​

    BRI စီမံကိန်းအောက် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)ထဲက ကူမင်းအထိပေါက်မယ့် ရထားလမ်းစီမံကိန်းမှာ မြန်မာဘက်က ရထားလမ်းစမယ့် ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူဘက်ခြမ်းအတွက် နယ်မြေတစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(အေအေ‌)နဲ့လည်း တရုတ်က သီခြားတွေ့ဆုံဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  6. ဘရူနိုင်းက အာဆီယံ-အီးယူ ဝန်ကြီးများ ဆွေးနွေးပွဲကို နေပြည်တော်နိုင်ငံခြားရေးအတွင်းဝန်တက်

    ဘရူနိုင်းနိုင်ငံမြို့တော်၊ ဘန်ဒါဆရီဆီဂါဝန်မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ- ဥရောပသမဂ္ဂ (အီးယူ) ဝန်ကြီးအဆင့်အစည်းအဝေးမှတ်တမ်းပုံ

    ဓာတ်ပုံ ရင်းမြစ်, ASEAN

    ဓာတ်ပုံ ပုံစာ, ဘရူနိုင်းနိုင်ငံမြို့တော်၊ ဘန်ဒါဆရီဆီဂါဝန်မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ- ဥရောပသမဂ္ဂ (အီးယူ) ဝန်ကြီးအဆင့်အစည်းအဝေးမှတ်တမ်းပုံ

    ဘရူနိုင်းနိုင်ငံမြို့တော်၊ ဘန်ဒါဆရီဆီဂါဝန်မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ- ဥရောပသမဂ္ဂ (အီးယူ) ဝန်ကြီးအဆင့်အစည်းအဝေးကို နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်နေပါတယ်။

    ဧပြီ ၂၇ နဲ့ ၂၈ နှစ်ရက်တာ ပြုလုပ်နေတဲ့ အစည်းအဝေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဒီနေ့ထုတ်ပြန်ချက်ပါ ဓာတ်ပုံမှာ ဥရောပသမဂ္ဂကိုယ်စားလှယ်တွေ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူရိုက်ကူးထားတဲ့ ပုံမှာတွေ့ရတာပါ။

    ဒီအစည်းအဝေးစတင်တဲ့ ဧပြီ ၂၇ ရက်မှာပဲ ဥရောပသမဂ္ဂက မြန်မာအပေါ်ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တစ်နှစ်သက်တမ်းတိုးတယ်လို့ ဥရောပသမဂ္ဂကောင်စီက ဆုံးဖြတ်ထားပါတယ်။

    လူ့အခွင့်အရေး ဆိုင်ရာချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားရှိနေဆဲ ဖြစ်တဲ့အတွက် အခုလို ဆုံးဖြတ်တာဖြစ်တယ်လို့လည်း ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဘရူနိုင်းမှာပြုလုပ်တဲ့ ဝန်ကြီးအဆင့်အစည်းအဝေးကို အသွင်ပြောင်းနေပြည်တော်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

    ဒီအစည်းအဝေးကိုတက်ရောက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ကတော့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ်ကာရာ ကာလက်စ်နဲ့တွေ့ဆုံချိန်မှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေးတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

    အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းနေတဲ့အခြေအနေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တာပါ။

    မြန်မာဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်းမှာ အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် အဆင့်မြင့်အစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိတဲ့ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပေးထားတာဖြစ်ပါတယ်။

  7. ချားလ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရားတို့ အမေရိကန်ကို ရောက်ရှိ

    အမေရိကန်ပြည်ထောင်စုကို ဆိုက်အရောက်မှာ လေယာဉ်ပေါ်ကနေဆင်းဖို့ပြင်နေတဲ့ ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    တတိယမြောက် ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရား ကမီလာတို့ဟာ ၄ ရက်မြောက် နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိပြီဖြစ်ပါတယ်။

    ဒါဟာ နတ်ရွာစံသွားပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ရဲ့ ၂၀၀၇ ခုနှစ် နိုင်ငံတော်ခရီးစဉ်အပြီး ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်လာပါတယ်။

    မေရီလန်းပြည်နယ်က အန်ဒရူးလေတပ်စခန်းကို ဆိုက်ရောက်လာတဲ့ တော်ဝင်မောင်နှံကို သမ္မတ ထရမ့်နဲ့ သမ္မတ ကတော်တို့ဟာ အိမ်ဖြူတော်မှာ ဧည့်ခံကြိုဆိုခဲ့ပါတယ်။

    ဝါရှင်တန်ဒီစီမြို့မှာ သမ္မတ ထရမ့်တက်ရောက်တဲ့ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အခုခရီးစဉ် ထွက်ပေါ်လာတာဖြစ်လို့ တော်ဝင်ဇနီးမောင်နှံရဲ့အခုခရီးစဉ်မှာ အတော်လေးကို လုံခြုံရေးတင်းကျပ်ထားပါတယ်။

    ချားလ်စ် ဘုရင်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်မှာ အင်္ဂါနေ့မှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။

    နိုင်ငံတကာစိန်ခေါ်မှုတွေတိုးလာချိန်မှာ ဒီမိုကရေစီစံနှုန်းတွေကို အတူတကွ ကာကွယ်ရပ်တည်ဖို့ ပိုလိုအပ်တဲ့အကြောင်း ချားလ်စ် ဘုရင်က သူ့ မိန့်ခွန်းထဲမှာ ထည့်ပြောနိုင်ခြေရှိပါတယ်။

    အမေရိကန်နဲ့ ဗြိတိန်ကြား နှစ်ဖက်သဘောထားမတူညီမှုတွေ ရှိနေချိန်မှာ ချားလ်စ်ဘုရင်ရဲ့အခုခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဗြိတိန်အစိုးရကိုယ်စား သွားရောက်တဲ့အခုခရီးစဉ်ဟာ အမေရိကန်က ဗြိတိန်ကနေ လွတ်လပ်ရေးယူတဲ့ နှစ် ၂၅၀ ပြည့်မှာ ထွက်ပေါ်လာတာဖြစ်လို့ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေဖို့ အားထုတ်မှုလည်းဖြစ်ပါတယ်။

    ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရားတို့ရဲ့ အမေရိကန်ခရီးစဉ်အစ ဓာတ်ပုံစုစည်းချက်ကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  8. အင်ဒိုနီးရှားက ရထားတိုက်မှု သေဆုံးသူ ၁၄ ဦးအထိရှိ

    အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ပြင်မှာ ဧပြီ ၂၇ ရက် ညပိုင်းတုန်းက တိုက်မိပြီး ပျက်စီးခဲ့တဲ့ ရထားနဲ့ ကယ်ဆယ်ရေးသမားတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ပြင်မှာ ဧပြီ ၂၇ ရက် ညပိုင်းတုန်းက တိုက်မိပြီး ပျက်စီးခဲ့တဲ့ ရထားနဲ့ ကယ်ဆယ်ရေးသမားတွေ

    မနေ့က ည ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ပြင်က ရထားတိုက်မှုအတွင်း အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရတယ်လို့ ဘီဘီစီအင်ဒိုနီးရှားဌာနကနေ သတင်းရရှိပါတယ်။

    ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

    ဒေသတွင်းမီဒီယာတွေမှာ ပြသနေတဲ့ရုပ်သံတွေမှာတော့ ဒဏ်ရာရသူတွေကို လူနာတင်တွန်းလှည်းတွေနဲ့ သယ်ထုတ်နေတာတွေ့ရသလို ဓာတ်ပုံတွေမှာ‌တော့ ကယ်ဆယ်ရေးသမားတွေက ရထားတွဲကြား ညပ်နေတဲ့ကြားကနေ လူတွေကို ကယ်ထုတ်နေတာ တွေ့ရပါတယ်။

    အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးပေမဲ့ ‘‘ရထားတွဲကြား ညပ်မိနေတယ်’’ လို့ အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးအေဂျင်စီရဲ့ ခေါင်းဆောင် မိုဟာမက် ရှာဖီက သတင်းထောက်တွေကို ဒီနေ့မနက်အစောပိုင်းမှာ ပြောထားပါတယ်။

    ‘‘အခုချိန်ထိ ပိတ်မိနေသူတွေ ရှိပါသေးတယ်။ သူတို့ကို ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ လိုအပ်နေတယ်’’ လို့ သူက ပြောပါတယ်။

    နိုင်ငံပိုင်မီးရထားလုပ်ငန်း KAI ရဲ့အကြီးအကဲကတော့ ရထားတိုက်မှုဖြစ်တဲ့ပတ်ဝန်းကျင်က ဆေးရုံမှာ လူပေါင်း ၈၄ ဦးကို ဆေးကုသမှုပေးခဲ့တယ်လို့ ဆိုပါတယ်။

    ဒီရထားတိုက်မှုဖြစ်စဥ်ဟာ ရထားလမ်းအလယ်မှာ ကန့်လန့်ရပ်နေတဲ့ အငှားကားတစ်စီးကို ခရီးသည်တင်ရထားတစ်စင်းက တိုက်မိရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

    အငှားကားကို တိုက်မိတဲ့ရထားနောက်ကို နောက်ထပ်ရထားတစ်စင်းက ဝင်တိုက်ရာကနေ ခရီးသည်တွေ ပိတ်မိတာ၊ သေဆုံးတာတွေ ရှိလာတာဖြစ်ပါတယ်။

  9. သံတောင်ကြီးထဲကို စစ်တပ်ဗုံးကြဲလို့ သေဆုံးသူ ၅ ဦး ထက်မနည်းရှိ, လယ်ဝေးက စစ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းဗုံးကြဲမှု ဆက်တိုက်လုပ်နေတယ်လို့ဆို

    သံတောင်ကြီးမြို့နယ် မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးသွားတဲ့ လူနေအိမ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သံတောင်ကြီးမြို့နယ် မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးသွားတဲ့ လူနေအိမ်

    နေပြည်တော်နယ်နိမိတ်၊ လယ်ဝေးမြို့နယ်ထဲက စစ်တပ်ကာကင်းစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် ကပ်လျက်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထဲကို စစ်တပ်က မနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၅ ဦး ထက်မနည်း ‌ေသဆုံးတယ်လို့ သိရတဲ့အကြောင်း နေပြည်တော် ၈၀၇ တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဧပြီလ ၂၂ ရက်မှာ လယ်ဝေးမြို့နယ်ထဲက ကာကင်းစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က သံတောင်ကြီးမြို့နယ်၊ မြောက်ပိုင်းဒေသကို လေကြောင်းဗုံး ဆက်တိုက် ကြဲချတိုက်ခိုက်နေတယ်လို့လည်း မြေပြင်အခြေအနေသိရှိသူက ‌ပြောပါတယ်။

    မနေ့က ဗဟန်းရွာမှာ လေကြောင်းတိုက်ခံရပြီး အရပ်သား ၅ ဦးထက်မနည်း သေဆုံးတယ်လို့ ကနဦးသိရပါတယ်။

    သေဆုံးသူတွေဟာ ကလေးငယ်တစ်ဦးအပါအဝင် သစ်ဆွဲသမားမိသားစုတစ်ခုကဖြစ်တယ်လို့လည်း သိရပါတယ်။

    “ညကလည်း သံတောင်မြောက်ပိုင်းမှာ ဗုံးထပ်ကြဲတယ်။ နေရာအတိအကျနဲ့ အခြေအနေကို စုံစမ်းအတည်ပြုနေတုန်းပဲ” လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

    ဧပြီလ ၂၅ ရက်တုန်းကလည်း သံတောင်ကြီးမြို့နယ်ထဲက ဘုံတောင်ရွာ၊ ဧပြီ ၂၆ ရက်မှာ သစ်အယ်ရွာတို့ကိုလည်း လေကြောင်းဗုံးကြဲခဲ့ပြီး အရပ်သားသေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။

    “ဗဟန်းတို့ တောပုန်းရွာတို့ ဆိုတာက အဖွဲ့စည်းထိန်းချုပ်ထားတဲ့နေရာပေါ့။ တောပုန်းရွာက ကယန်းပြည်သစ်ဂိတ်ပါ ဗုံးကြဲသွားတာ” လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

    စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောက်ကြီးတောင်အုပ်စု၊ မင်းလမ်းတောင်အုပ်စုနဲ့ ငွေတောင်အုပ်စုအပါအဝင် သံတောင်ကြီး မြောက်ပိုင်းကျေးရွာက ရွာတွေ စစ်ရှောင်နေကြရပါတယ်။

  10. ၁၁ နှစ်ဆက်တိုက်မြင့်တက်လာတဲ့ကမ္ဘာ့စစ်အသုံးစားရိတ် ၂၀၂၅ မှာ ဆက်မြင့်တက်, မြန်မာက ၂၀၂၅ ဘတ်ဂျက်အသေးစိတ် မကြေညာလို့ စစ်အသုံးစရိတ် မသိရ

    ၂၀၂၆ ခုနှစ်မှာ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကာလမှာ တပ်ချုပ်ရာထူးယူထားဆဲဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်မှာ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကာလမှာ တပ်ချုပ်ရာထူးယူထားဆဲဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံဟောင်း)

    တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စစ်အသုံးစားရိတ်ဟာ မနှစ်ကထက် ၂ဒသမ ၉ ရာခိုင်နှုန်း ထပ်တိုးလာပြီး ဒါဟာ ၁၁ နှစ်ဆက်တိုက် မြင့်တက်လာတာလို့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး အင်စတီကျု(SIPRI) က ဧပြီ ၂၇ ရက်မှာ အစီရင်ခံစာထုတ်ပါတယ်။

    နှစ်စဥ်ထုတ်ပြန်နေတဲ့ ဒီစစ်အသုံးစားရိတ်စာရင်းထဲမှာ ၂၀၂၅ ခုနှစ် ဘတ်ဂျက်အသေးစိတ် ထုတ်ပြန်ခြင်းမရှိတဲ့မြန်မာကတော့ ပါဝင်လာတာ မတွေ့ရပါဘူး။

    SIPRI က မနှစ်တုန်းကထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့စစ်အသုံးစားရိတ်စာရင်းမှာတော့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်ကထက် ၆၆ ရာခိုင်နှုန်း တိုးသုံးပြီး အာရှနဲ့ အိုရှန်းနီးယားဒေသမှာ စစ်အသုံးစားရိတ်အမြင့်ဆုံးတိုးသုံးခဲ့တဲ့နိုင်ငံ ဖြစ်ခဲ့တာပါ။

    ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စစ်အသုံးစားရိတ်စုစုပေါင်းက အမေရိကန်ဒေါ်လာ ၂၈၈၇ ဘီလျံရှိပါတယ်။

    အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က‌တော့ စစ်အသုံးစားရိတ်အများဆုံးသုံးခဲ့တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

    တစ်ကမ္ဘာလုံးသုံးခဲ့တဲ့ ပမာဏရဲ့ ၅၁ ရာခိုင်နှုန်းကို ဒီနိုင်ငံ ၃ နိုင်ငံက သုံးခဲ့တာ ဖြစ်ပါတယ်။

    မြန်မာပါဝင်တဲ့ အာရှနဲ့ အိုရှန်းနီးယားဒေသမှာတော့ စစ်အသုံးစားရိတ်ဟာ ၂၀၂၄ ခုနှစ်ကထက် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးလာပါတယ်။

    အမေရိကန်ဒေါ်လာ ၆၈၁ ဘီလျံသုံးတဲ့ပမာဏဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကထက် ၄၈ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။

    ဒီနှစ်မှာ ရှင်းရှင်းလင်းလင်းမသိရတဲ့ မြန်မာရဲ့စစ်အသုံးစားရိတ်ကိုကြည့်ရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံဝန်းကျင်ရှိရာကနေ ၂၀၂၄ ခုနှစ်မှာ ၅ ဘီလျံဝန်းကျင်အထိ တိုးမြှင့်သုံးစွဲလာတာကို SIPRI ရဲ့အချက်အလက်အရ သိရပါတယ်။

  11. မတိုးတဲ့လစာ၊ ထိုးတက်တဲ့ကုန်စျေးနှုန်း - လစာမကျန်၊ စုဆောင်းငွေမရှိဖြစ်လာတဲ့မြန်မာလူငယ်တွေ

    ရန်ကုန်လေဆိပ်မှာမြင်တွေ့ရတဲ့ အစိမ်းရောင်နဲ့ ပြသထားတဲ့ ထွက်ခွာ စာလုံး၊ ရန်ကုန်က စက်ရုံအလုပ်သမားတစ်ချို့၊ ကုန်သေတ္တာစက္ကူပုံးပေါ်ထိုင်နေတဲ့ ဦးထုပ်ဆောင်း လူငယ်တစ်ဦးနဲ့ ရန်ကုန်ဆိပ်ကမ်းက ကိုလိုနီခေတ်အဆောက်အဉီ တစ်လုံးတို့ကို အဖြူ အမည်း အနီနဲ့ အစိမ်းရောင် ပေါင်းစပ်ထားတဲ့ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    လူငယ်တွေရဲ့ စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုအမြင့်ဆုံးကိစ္စက အလုပ်အကိုင်နဲ့ ဝင်ငွေအရေးဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP ရဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်ကထုတ်တဲ့ ချောက်ကမ်းပါးထက်က မျိုးဆက်အစီရင်ခံစာက ဆိုပါတယ်။

    မြန်မာက လူငယ် ၄ ဦးမှာ ၁ ဦး၊ အတိအကျပြောရရင် လူငယ် ၄ သန်းလောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ UNDP ရဲ့ အချက်အလက်က ဖော်ပြပါတယ်။ မြန်မာမှာ ကိုဗစ်ကပ်ရောဂါကာလ နလန်ထူရေး ရုန်းကန်နေချိန် စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ၅ နှစ်ကျော်အတွင်း နိုင်ငံတွင်းမှာ အထွေထွေကုန်ဈေးနှုန်းက ၃ ဆကနေ ၆ဆအထိ မြင့်တက်လာပါတယ်။

    ဒေသအသီးသီးက လူငယ်တွေ အခြေပြုဝင်ငွေရှာရာ ရန်ကုန်မြို့ကို ဘီဘီစီက အာရုံစိုက်ချဥ်းကပ်ခဲ့ပြီး ရန်ကုန်က အထည်ချုပ်စက်ရုံက လုပ်သားတချို့၊ အလယ်အလတ်အဆင့်ရှိပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းတချို့၊ ပုဂ္ဂလိကကုမ္ပဏီကြီးတချို့က ကုမ္ပဏီဝန်ထမ်းတွေနဲ့ စကားပြောခဲ့ပါတယ်။

    အလုပ်အကိုင်အလွှာ ၃ ခု အလိုက် သူတို့ရတဲ့ဝင်ငွေလစာမတူညီကြပေမဲ့ ဝင်ငွေနဲ့ ထွက်ငွေမမျှတော့လို့ အကြွေးနဲ့မကင်း ဖြစ်လာကြသလို စုဆောင်းပိုလျှံငွေမရှိတော့တဲ့အကြောင်း သဘောထားတူစွာ ရင်ဖွင့်ကြပါတယ်။ သူတို့ဝင်ငွေနဲ့ သူတို့ထွက်ငွေ ဘယ်လိုတွေ ပြောင်းလဲကုန်ကျလာလဲ၊ ဒီအခြေအနေကို ဖြေရှင်းနိုင်ရေး သူတို့ ဘယ်လိုရုန်းကန်နေကြလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  12. ကျားဖြန့်ကြောင့် ဝ တပ် အရာရှိ ၂ ဦး ရာထူးဖြုတ်ခံရပြီး ထောင် ၃ နှစ်ချမှတ်ခံရ

    ဝတပ်ဖွဲ့ကနေ ကျားဖြန့်အလုပ်သမားတွေကို တရုတ်ဘက်လွှဲအပ်တဲ့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, UWSA

    ဓာတ်ပုံ ပုံစာ, ဝတပ်ဖွဲ့ကနေ ကျားဖြန့်အလုပ်သမားတွေကို တရုတ်ဘက်လွှဲအပ်တဲ့ အခြေအနေ (ပုံဟောင်း)

    ဝပြည် တရားရေးကော်မတီရဲ့အရာရှိ ၂ ဦးဟာ ရာထူးကိုအသုံးချကာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုပြီး ရရှိထားတဲ့ရာထူးအားလုံးက ထုတ်ပယ်ကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ ဝပြည်နယ်တရားရေးရာလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။

    ဧပြီ ၂၅ ရက်ထုတ်ပြန်ချက်အရ အရေးယူခံရသူတွေက ဝပြည်တရားရေးကော်မရှင်အောက်က ရဲတပ်ဖွဲ့ ဒါရိုက်တာ Zhao Guoliang နဲ့ ‌ထောက်လှမ်းရေးဗျူရို ဒုတိယညွှန်ကြားရေးမှူး Zhao Ruxiang တို့ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ဒါရိုက်တာ Zhao Guoliangက ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်၊ အမိန့်တွေကို လျစ်လျူရှုပြီး ရာထူးကို အသုံးချကာ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    သူက ဆွေမျိုးနဲ့ လက်အောက်ငယ်သားတွေရဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ရပ်တွေကို ရာထူးသုံးပြီး အကာကွယ်ပေးတယ်လို့ ဝပြည်နယ်တရားရေးရာလုပ်ငန်းကော်မတီက ဆိုပါတယ်။ ‌

    ထောက်လှမ်းရေးဗျူရိုဒုတိယညွှန်ကြားရေးမှူး Zhao Ruxiangကတော့ ကျားဖြန့် အလုပ်သမားတွေကို နေရာထိုင်ခင်းငှားရမ်းတာ၊ ခိုလှုံခွင့်ပေးတာကို လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

    ၀ တပ်ဟာ ရှမ်းမြောက်မှာ ကျားဖြန့်ကို ပထမဆုံး နှိမ်နင်းတဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ၁၂၀၀ ကျော်ကို နယ်စပ်ကနေ တရုတ်ကို ပထမဆုံး လွှဲပေးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ ရှမ်းမြောက်မှာ ကျားဖြန့်နှိမ်နင်းရေးတွေ ဆက်တိုက်ပေါ်လာပြီး ၂၀၁၇ စစ်ဆင်ရေးအပြင် ကျားဖြန့်နဲ့ဆက်စပ်တယ်ဆိုပြီး တရုတ်ကို ပြန်လွှဲပေးခဲ့သူ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။

    အခုတော့ ဝ တပ်က ကျားဖြန့်နဲ့ ဆက်စပ်ပြီး ထိပ်ပိုင်းအရာရှိတွေကို အရေးယူတဲ့အကြောင်း ပြောလာတာဖြစ်ပါတယ်။

    ဧပြီ ၂၅ ရက်က ဦးမင်းအောင်လှိုင်နဲ့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ တွေ့ဆုံချိန်မှာလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ‌‌ထည့်သွင်း‌ဆွေး‌နွေးခဲ့ကြတာ ဖြစ်ပါတယ်။

  13. မင်္ဂလာပါ။ ဧပြီ ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။