ဩဂုတ် ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀၀ နီးပါးရှိနေ၊ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၂၀ ကျော်ရှိ
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀၀ နီးပါးရှိနေ၊ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၂၀ ကျော်ရှိ၊ ပခုက္ကူခရိုင်၊ မြစ်ခြေက စစ်ရှောင်ရွာတွေမှာ ရေတက်လာလို့ ရေဘေးထပ်ရှောင်နေရတဲ့သတင်းအပါအဝင် ဩဂုတ် ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- နေတိုးထိပ်သီးအစည်းအဝေးကအပြန်မှာ လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်နိုင်လို့ လျှို့ဝှက်ပြီးလေယာဉ်ပြောင်းစီးခဲ့တယ် - အမေရိကန်သမ္မတထရမ့်
- NUG ရဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ပညာရေးဘုတ်အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်းက အဖွဲ့ဝင်တွေကို စစ်တပ်ဖမ်းဆီး
- အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) ခေါင်းဆောင်တွေဘက်က SCEF နဲ့ ပတ်သက်လို့ ခပ်စိပ်စိပ်ထည့်ပြောလာ
- တာမွေအစ္စလာမ်ဘာသာဝင်သင်္ချိုင်းထဲက မြေနေရာအချို့နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေ
- အခုနှစ် ဖရဲသီးရာသီမှာတော့ တရုတ်-နယ်စပ်ကုန်သွယ်ရေး မိုင်းလားလမ်းကြောင်းအခက်အခဲကြောင့် တင်ပို့သူနည်း
- ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ သူ့ချစ်သူ လက်ထပ်လိုက်ပြီ
- ဆီးရီးယားတရားရုံးတစ်ခုက သမ္မတဟောင်း ဘရှား အယ်လ်အာဆတ် မျက်ကွယ်သေဒဏ်ချမှတ်ခံရ
- ဒီနေ့ကစလို့ လာမယ့် ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်
တိုက်ရိုက် ထုတ်လွှင့်ချက်
ရှမ်း(မြောက်ပိုင်း) က မိုးမိတ်မြို့မှာ ၁၀ လနီးပါးကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပြီးနောက် ဩဂုတ် ဒုတိယပတ်ကစလို့ ပစ်ခတ်သံတွေ ပြန်လည်ကျယ်လောင်လာပါတယ်။
မြန်မာစစ်တပ်က မိုးမိတ်မြို့ကို စစ်ရေးနယ်မြေချဲ့ထွင်နိုင်ဖို့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီနောက် မိုးမိတ်ရဲ့ နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ဆိုပါတယ်။
မိုးမိတ်မြို့ဟာ မန္တလေး–မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အကြား ဆက်သွယ်ရေးအတွက် အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
မိုးမိတ်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်တပ် ဘယ်လိုကြိုးပမ်းနေလဲ။ မိုးမိတ်ဒေသက KIA နဲ့ စစ်တပ်အတွက် စစ်ရေးအရ ဘယ်လိုအရေးပါလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။
ဂန္ထဝင်ရော့ခ်ဂီတပညာရှင် ရော့ဒ်စတီးဝပ် နှလုံးခွဲစိတ်ကုသမှုခံယူ
ဗြိတိသျှ ဂန္ထဝင်ရော့ခ်ဂီတပညာရှင် ရော့ဒ်စတီးဝပ် နှလုံးခွဲစိတ်ကုသမှု ခံယူ ခဲ့ရတဲ့ နောက်၊ သူ စီစဥ်ထားနှင့်ပြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတခွင် လှည့်လည်ဖျော်ဖြေရေးခရီးစဥ်ကို ဖျက်သိမ်းလိုက်ပါတယ်။
အသက် ၈၁ နှစ် အရွယ် အဆိုတော်ကြီးဟာ နှလုံးသွေးကြောကို ချဲ့ပေးတဲ့ ပိုက်ငယ် ထည့်သွင်းပေးတဲ့ကုသမှုကိုခံယူခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် လက်စ်ဗီးဂက်စ်မြို့ မှာ ၆ ည တိုင်သီဆိုဖျော်ဖြေမယ့်အစီအစဥ် အပါအဝင်၊ အမေရိကန် မြို့ကြီးတွေ တလွှားလှည့်လည်မယ့် ခရီးစဥ်ကို ဖျက်သိမ်းရတာဖြစ်ပါတယ်။
“သူ ပြန်နလံထပြီး သက်သာလာပြီ .... စင်ပေါ်ကို ပြန်တက်နိုင်ဖို့ မျှော်လင့်နေတယ်” ဆိုပြီး ရော့ဒ် စတီးဝပ်က ဆိုရှယ်မီဒီယာပေါ်ကနေ ပရိသတ်ကို အသိပေးပါတယ်။
ရော့ဒ် စတီးဝပ်ဟာ တမူကွဲတဲ့ သူ့ရဲ့ ကွဲရှတဲ့ အသံနဲ့ ဆယ်စုနှစ် အဆက်ဆက် လူကြိုက်များမှုကို ထိန်းထားနိုင်ပြီး၊ ဂီတစင်မြင့်အထက် အမြဲ ရှိနေခဲ့သူ ဖြစ်ပါတယ်။
တကမ္ဘာလုံးအနှံ့ သူ့ရဲ့ တေးအယ်လ်ဘမ်ပေါင်း သန်း ၁၂၀ ကျော် ရောင်းချထားရသူ ဖြစ်တဲ့ အတွက် ခေတ် အဆက်ဆက် အရောင်းရဆုံး ဂီတ ပညာရှင် အဆိုတော်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ သူ့ရဲ့ သီချင်းတွေကို မြန်မာ စာသားသွင်း သီဆိုမှုတွေနဲ့ အတူ၊ ရော့ဒ်စတီးဝပ်ဟာ မြန်မာပရိသတ်တွေ အတွက် ရော့ခ်ဂီတသမားလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတွေ Maggie May ၊ Sailing ၊ I Don't want to talk about it ၊ Forever young ၊ Have I told you lately တို့က ထင်ရှားပါတယ်။
လူငယ်မျိုးဆက်တွေရင်ဆိုင်နေရတဲ့စိန်ခေါ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ပေးဖို့လိုတယ် - ဂူတားရက်စ်
စီးပွားရေးမတည်ငြိမ်မှုတွေ၊ ဒီဂျစ်တယ်နည်းပညာလက်လှမ်းမီရေးနဲ့ ရာသီဥတုပြောင်းလဲမှုလို နယ်နိမိတ်ဖြတ်ကျော်ပြဿနာရပ်တွေဟာ လူငယ်မျိုးဆက်တွေရင်ဆိုင်နေရတဲ့အခက်ခဲဆုံး စိန်ခေါ်ချက်တွေဖြစ်ပြီး ဒါတွေကို ကျော်လွှားနိုင်အောင်ပူးပေါင်းဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။
ဒီနေ့ သြဂုတ် ၁၂ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ထုတ်ပြန်စာမှာ ဂူတားရက်စ်က လူငယ်တွေရဲ့ စိန်ခေါ်ချက်အကြောင်းထည့်ပြောခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပေးဖို့နဲ့ ကဏ္ဍအသီးသီးမှာပါဝင်ဆောင်ရွက်ခွင့်ပေးဖို့အတွက် တောင်းဆိုနေတဲ့ လူငယ်တွေနဲ့အတူ ကုလသမဂ္ဂက ရပ်တည်ပေးနေတယ်လို့ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူငယ်များနေ့အတွက် ထုတ်ပြန်ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက်ပေးပို့တဲ့ သဝဏ်လွှာမှာ အာဏာသိမ်း ၅ နှစ်ကျော်အတွင်း စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လူငယ်တွေကို အထူးဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ လူငယ်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း NUG က ဆောင်ရွက်ပေးနေတယ်လို့ NUG ယာယီသမ္မတ က ပြောပါတယ်။
မြန်မာမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း "Brain Drain" လို့ခေါ်တဲ့ ပညာတတ်တွေ တိုင်းပြည်ကစွန့်ခွာခြင်းအဆင့်ကို ရောက်ရှိနေပြီး ဒါရဲ့အကျိုးဆက်ကို ခံစားရတော့မယ်လို့ ပညာရှင်တွေက သတိပေးထားကြပါတယ်။
ဒယိမ်းဒယိုင်မြန်မာ့စီးပွားရေးက အလုပ်အကိုင် အခွင့်အလမ်းတွေမဖန်တီးပေးနိုင်လို့ လူငယ်တွေပြည်ပကိုထွက်ခွာချင်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) က မနှစ် သြဂုတ်မှာ စစ်တမ်းဖော်ပြခဲ့ပါတယ်။
အခုနှစ်တွေထဲ စစ်ကော်မရှင်လက်ထက်ရော အသွင်ပြောင်းအစိုးရလက်ထက်မှာပါ လူငယ်ဖိုရမ် လို အခမ်းအနားတွေကို စစ်တပ်စိုးမိုးနယ်မြေတွေမှာဆက်တိုက်ပြုလုပ်နေပြီး လူငယ်ရေးရာ ဝန်ကြီးဌာနဆိုပြီးပါ သီးသန့်ဖွဲ့စည်းထားပါတယ်။
၂၀၂၆ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် “Different Contexts, Common Aspirations” မြန်မာလိုဆိုရင် စုံလင်ကွဲပြားတဲ့အခြေအနေတွေကနေ တူညီတဲ့ မျှော်မှန်းချက်တွေဆီသို့ဆိုတဲ့ ဆောင်ပုဒ်ပေးထားပါတယ်။
တရုတ်ထုတ် ခရီးသည်တင်လေယာဥ်သစ် နိုင်ငံတကာစတင်ပြေးဆွဲ
အနောက်တိုင်းက ခရီးသည်တင် ဂျက်လေယာဥ်အကြီးတွေဖြစ်တဲ့ ဘိုရင်းတို့၊ အဲဘတ်စ်တို့နဲ့ အပြိုင် ဖြစ်စေဖို့ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ ဂျက်လေယာဥ်အမျိုးအစား အသစ်ဟာ နိုင်ငံတကာလေကြောင်း ခရီးစဥ်ကို ပထမဆုံးအကြိမ် ပျံသန်းခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိက လေကြောင်းလိုင်း အဲချိုင်းနား (Air China) ပိုင် Comac C-919 လေယာဥ်ဟာ ဘေဂျင်းမြို့တော်ကနေ မွန်ဂိုးလီးယား မြို့တော် အူလန်ဘာတာ ဆီကို ထွက်ခွာခဲ့ပါတယ်။
ငွေကြေးအမြတ်စွန်း ကြီးမားလှတဲ့ နိုင်ငံတကာ ခရီးသည်တင် လေယာဥ် လုပ်ငန်းကို လွှမ်းမိုးထားတဲ့ အနောက်တိုင်းလေကြောင်းလိုင်းတွေကို စျေးကွက်ထဲမှာ တကယ်တမ်း ယှဥ်ပြိုင်နိုင်ဖို့ ရည်မှန်းချက်နဲ့ Comac C-919 ကို တရုတ်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပါတယ်။
Comac C-919 ဟာ အနောက်တိုင်းရဲ့ ဧရာမ ခရီးသည်တင် လေယာဥ်တွေကို ယှဥ်နိုင်ဖို့ ထုတ်ထားတာ ဖြစ်ပြီး၊ အရွယ်အစားအရ ဘိုးရင်း ၇၃၇ နဲ့ နီးစပ်တယ် ဆိုပြီး ဘီဘီစီရဲ့ ဘေဂျင်း သတင်းထောက် စတီဗင် မက်ဒေါ်နယ်က ဆိုပါတယ်။
အနောက်တိုင်း ကုမ္ပဏီကြီးတွေနဲ့ အပြိုင် နိုင်ငံတကာ ခရီးသည်တင် လေယာဥ် လုပ်ငန်းထဲ တကယ်တမ်း ထိုးဖောက် ဝင်ရောက်ပြီး စျေးကွက်နေရာကို လောက်လောက်လားလား ရဖို့ ချက်ခြင်းတော့ ဖြစ်နိုင်မှာ မဟုတ်သေးဘူးလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
လောလောဆယ်မှာတော့ ဘေဂျင်း-အူလာဘာတာ ခရီးစဥ်ကို နေ့စဥ် အသွားအပြန် ၃ ကြိမ် ပြေးဆွဲနေမှာ ဖြစ်ပါတယ်။
အီရန်ခြိမ်းခြောက်လို့ အစားအသောက်တင်ကားနဲ့ လျှို့ဝှက်ရွှေ့ပြီး ထရမ့် လေယာဉ်ပြောင်းစီးရ
ထရမ့်ဟာ ရုပ်မြင်သံကြားကင်မရာတွေ မြင်နိုင်တဲ့နေရာမှာ Air Force One ပေါ် တက်သွားခဲ့ပေမယ့် မကြာခင်မှာ လေဆိပ်က အစားအသောက်တင်တဲ့ကားထဲကို လျှို့ဝှက်ပြောင်းရွှေ့ပြီး စစ်ဘက်သုံးလေယာဉ်တစ်စင်းဆီ သွားခဲ့တာပါ။
အဲဒီအချိန်မှာ သတင်းထောက်တွေနဲ့ အိမ်ဖြူတော်ဝန်ထမ်းတချို့က ထရမ့်ဟာ သမ္မတရဲ့ အဲဖို့စ်ဝမ်း - Air Force One လေယာဥ်ပေါ်မှာပဲ လိုက်ပါလာတယ်လို့ ယူဆနေခဲ့ကြပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။
နေတိုးထိပ်သီးအစည်းအဝေးကအပြန် လေယာဉ်ပြောင်းစီးခဲ့ရကြောင်း ထရမ့်ပြော
ပြီးခဲ့တဲ့လက တူရကီမှာလုပ်တဲ့ နေတိုးထိပ်သီးအစည်းအဝေးကအပြန်မှာ လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်နိုင်လို့ လျှို့ဝှက်ပြီးလေယာဉ်ပြောင်းစီးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ အတည်ပြုပြောပါတယ်။
“သမ္မတလုံခြုံရေးအဖွဲ့နဲ့ စစ်တပ်ရဲ့ညွှန်ကြားမှုအတိုင်းလုပ်ခဲ့တာပါ။ သူတို့က ကျွန်တော့်ကို တခြားလေကြောင်းခရီးစဉ်၊ တခြားလေယာဉ်နဲ့ သွားစေချင်ခဲ့တာလေ” လို့ သမ္မတ ထရမ့်က သတင်းထောက်တွေက ပြောပါတယ်။
“သူတို့ပြောတဲ့အတိုင်း ကျွန်တော်လိုက်နာရုံပါ” လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင် ၈ ရက်တုန်းက ရုပ်သံကင်မရာတွေရှေ့မှာ ထရမ့်က အဲဖို့စ်ဝမ်းလေယာဉ်ပေါ်ကို အတက်ပြခဲ့ ပေမဲ့ စားသောက်ကုန်သယ်တဲ့ထရက်ကားထဲခေတ္တပုန်းခိုပြီးမှ စစ်ဘက်လေယာဉ်ကိုပြောင်းလဲ စီးခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အခုလိုဝန်ခံလိုက်တာပါ။
နောက်ဆုံးမိနစ်မှ လေယာဉ်ပြောင်းစီးလိုက်တာကြောင့် အဲဒီလေယာဉ်ပေါ်မှာကျန်ခဲ့တဲ့သူတွေအပေါ် အန္တရာယ်မကျစေဘူးလားဆိုတဲ့မေးခွန်းရှိပေမဲ့ ထရမ့်ကတော့ “အန္တရာယ်ဖြစ်ကြေးဆိုရင် ကျွန်တော်စီးခဲ့တဲ့ ဂျက်လေယာဉ်မှာပိုပြီးဖြစ်နိုင်တာပေါ့။ သူတို့ဒါကို ပိုပြီးပစ်မှတ်ထားနိုင်တယ်လို့ ထင်တယ်လေ” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
အီရန်ဘက်က ထရမ့်စီးမယ့်လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ခတ်နိုင်ကြောင်း ခိုင်လုံတဲ့အရင်းအမြစ်တွေ ကနေ သတင်းရခဲ့တာကြောင့်လို့ အမေရိကန်အာဏာပိုင်တွေက ပြောခဲ့ကြောင်း ဘီဘီစီရဲ့ မိတ်ဖက် သတင်းဌာန CBS က ဖော်ပြပါတယ်။
NUG ပညာရေးကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အရပ်ဖက်အဖွဲ့က အဖွဲ့ဝင် ၂၀ နီးပါးထိန်းသိမ်းခံရ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ပညာရေးဘုတ်အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်းက အဖွဲ့ဝင် ၂၀ နီးပါးကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ မန္တလေးမြို့ကို ဇူလိုင် ၂၃ ရက်ကအရုဏ်ဦးအဖွဲ့ဝင်တွေခရီးသွားတဲ့ လမ်းတနေရာက စစ်တပ်ဂိတ်မှာ စစ်ဆေးခံရရင်း စတင်ဖမ်းဆီးခံရတယ်လို့ ဖြစ်စဉ်သိရှိသူ ၃ ဦးထက်မနည်းက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာရေဘေးမဖြစ်ခင်ရက်ပိုင်းအလိုက NUG ပညာရေးကို ထောက်ပံ့တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လို့ နားလည်ရပါတယ်။
ဇူလိုင် ၂၃ ရက်ခရီးစဉ်မှာပါဝင်သူ ၁၅ ဦးနဲ့ ရန်ကုန်ရုံးချုပ်က ၄ ဦးကိုဖမ်းဆီးပြီးနောက် အမှုဖွင့်ထားပြီး လာမယ့် သြဂုတ် ၂၀ ရက်မှာ ရုံးထုတ်စစ်ဆေးဖို့ရှိနေတယ်လို့ ကနဦးသိထားရပါတယ်။
ဒါပေမဲ့ ဘယ်လို ပုဒ်မတွေနဲ့ အမှုဖွင့်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
“အခုထိဆက်စပ်တယ်လို့ထင်တဲ့သူတွေကို လိုက်ဆွဲနေတုန်းပဲ။ အရုဏ်ဦးရဲ့ ပညာရေးပရောဂျက် လုပ်တဲ့ အဖွဲ့တစ်ခုလုံးပါသွားတဲ့သဘောပါ။ သူတို့က ယင်းမာပင်၊ ပုလဲ၊ ကနီနဲ့ မင်းကင်းဘက်က အဓိကလုပ်ပြီး Unicef Myanmar နဲ့ လက်တွဲလုပ်တဲ့အဖွဲ့ပါ” လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Unicef) ကို စစ်တပ်က မေးမြန်းတာတွေရှိနေတယ်လို့ သတင်းရင်းမြစ်ဆီကသိထားရတာကြောင့် Unicef Myanmar ဘက်ကို ဘီဘီစီက အီးမေးလ်ပို့ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။
တော်လှန်ရေးအင်အားစုအားကောင်းတဲ့ စစ်ကိုင်းတိုင်းကျေးလက်ဒေသကိုကူညီတဲ့ အရပ်ဖက်အဖွဲ့ ဖမ်းဆီးခံရတာအပါအဝင် ရေဘေးအကူအညီဟန့်တားမှုတွေနဲ့ပတ်သက်လို့ နေပြည်တော်ဘက်က ဒီနေ့ညနေ ၃ နာရီခွဲအချိန်အထိ တစုံတရာထုတ်ပြောတာမရှိပါဘူး။
တဖက်မှာလည်း အခုရက်ပိုင်း စစ်ကိုင်းတိုင်းမှာဖြစ်ပွားနေတဲ့ သဖန်းဆိပ်ဆည်ရေလွှတ်ရာကစတဲ့ ရေလွှမ်းမိုးမှုကို အကူအညီတွေပေးဖို့အတွက် အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေကို စစ်တပ် စစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းခွင့်မပေးတာတွေရှိနေကြောင်း မုံရွာနဲ့ရွှေဘိုဒေသခံတချို့ဆီက သိထားရပါတယ်။
လူမျိုးစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကြားနားလည်မှုရအောင် SCEF က လုပ်ပေးနေတယ်လို့ KNU ပြော
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) က လူမျိုးစုတွေနဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန်နားလည်မှုရှိလာဖို့နဲ့ နယ်ပယ် အသီးသီးမှာ ပူးပေါင်းနိုင်ရေးတွေ့ဆုံဆွေးနွေးနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။
ဒီနေ့ သြဂုတ် ၁၂ ရက်မှာကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့ မိန့်ခွန်းမှာ SCEF အကြောင်း ထည့်ပြောခဲ့တာပါ။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ပုံစံအမျိုးမျိုးရဲ့ နိုင်ငံအတွင်းလွှမ်းမိုးချုပ်ကိုင်မှုတွေကို အဆုံးသတ်ပြီး ကရင်အပါအဝင် လူမျိုးစုတွေရဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တွေကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပြန်တည်ဆောက်ဖို့ SCEF က ရည်ရွယ်ကြောင်း ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။
စစ်အာဏာရှင်လွှမ်းမိုးမှုကို အဆုံးသတ်နိုင်ဖို့အတွက် အာဏာရှင်စနစ်ကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမယ်လို့ပါ သူက ထည့်ပြောပါတယ်။
ဒီရက်ပိုင်းထဲ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) ခေါင်းဆောင်တွေဘက်က SCEF နဲ့ ပတ်သက်လို့ ခပ်စိပ်စိပ်ထည့်ပြောလာတာဖြစ်ပြီး ကချင် KIO/KIA ဥက္ကဋ္ဌကလည်း ဒီရက်ပိုင်းထဲ ထုတ်ပြောထားပါတယ်။
ဒါဟာ SCEF ရဲ့ စစ်ရေးအတွက်ဖွဲ့စည်းတဲ့ "စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီ"မှာ KIA နဲ့ KNU တို့က ပူးတွဲဥက္ကဋ္ဌ တွေအဖြစ်တာဝန်ယူထားတယ်လို့ သတင်းထွက်ပေါ် အပြီးမှာပဲ အခုလိုလူမျိုးစုတွေရဲ့အထိမ်းအမှတ်ရက်တွေမှာ SCEF အကြောင်း ထည့်ပြောတာကို တွေ့နေရတာပါ။
တိုင်းရင်းသားအားလုံး ကိုယ့်ကံကြမ္မာ၊ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် SCEF ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံရေး တွေကို မရပ်မနား လုပ်ဆောင်နေတယ်ဆိုပြီး သြဂုတ် ၁၀ ရက်၊ ကချင်အာဇာနည်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ NUG ၊ CRPH တို့ နဲ့ လက်တွဲပြီး နိုင်ငံတကာ နိုင်ငံရေးစင်မြင့်ထက်ကို အားကောင်းတဲ့ နိုင်ငံရေးခြေလှမ်းတွေ လျှောက်လှမ်းနိုင်ဖို့ အတွက်လည်း အစီအစဉ်တကျပူးပေါင်းဆောင်ရွက်နေတယ်ဆိုပြီး KIO/ KIA ဘက်က ထုတ်ပြောခဲ့တာပါ။
SCEF အတွက်စုပေါင်းနိုင်ငံရေးဦးဆောင်မှုပေးမယ့်အမြင့်ဆုံးအဖွဲ့ ဖြစ်တဲ့ "မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့" မှာတော့ အဖွဲ့ဝင်ထားတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ဥက္ကဋ္ဌနဲ့ အကြီးအကဲတွေက နေရာယူထားပါတယ်။
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀၀ နီးပါးရှိနေ၊ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၂၀ ကျော်ရှိ
ရန်ကုန်တိုင်းအတွင်းက မြို့တွင်းမြို့နယ်တချို့နဲ့ ဆင်ခြေဖုံးမြို့နယ်တွေအပါ မြို့နယ် ၇ ခုထက်မနည်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလို့ ဆေးရုံတက်ရောက်ကုသရသူ ၁၀၀ နီးပါးရှိနေတယ်လို့ ရန်ကုန်ဆေးရုံကြီး သတင်းရင်းမြစ်က ပြောပါတယ်။
'' အခုတစ်ပတ်အတွင်းမှာပဲ ဝမ်းပျက်ဝမ်းလျှောဖြစ်သွားတဲ့ လူဦးရေ ၉၇ ယောက် ရှိပါတယ်။ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၂၄ ယောက်ရှိပါတယ်။ လူအများဆုံးဖြစ်တဲ့မြို့နယ်က ၁၀ ယောက်ကနေ ၁၅ ယောက်ရှိနေပါတယ်''လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာကုသပေးနေတာ အပြင် ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ အရှေ့ပိုင်းဆေးရုံတို့မှာလည်း လူနာတွေရှိနေပြီး တချို့ကတော့ ဆေးရုံဆင်းနိုင်ပြီလို့ဆိုပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတာဟာ ရန်ကုန်၊ မြို့တွင်းမြို့နယ်တွေအပြင် လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံ(ဆိပ်ကမ်း)၊ဒလ၊ သင်္ဃန်းကျွန်း၊မြို့နယ် အပါအဝင် မြို့နယ် ၇ ခုထက်မနည်းမှာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဝမ်းပျက်ဝမ်းလျှော အစုလိုက်စတင်ဖြစ်ပွားမှုကို စိစစ်ချက်အရ ဒလီဗာရီကတဆင့်မှာယူစားသောက်တဲ့ အစားအစာတွေကြောင့် အများဆုံးဖြစ်ပွားတာကိုတွေ့ရပြီး လမ်းဘေးဆိုင်တွေမှာစားသောက်ကြသူတွေကိုလည်းတွေ့ရတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
'' လက်ရှိမှာတော့ သူတို့ဌာန(တိုင်းကျန်းမာဌာန) က ရောဂါဖြစ်ပွားသူတွေကို မေးမြန်းချက်အရ ဖြစ်ပွားမှု စတင်တယ်လို့ ယူဆရတဲ့ အစားအသောက်ဆိုင်တွေနဲ့ လုပ်ငန်းတွေကို စစ်ဆေးနေပါတယ်။ အစားအသောက်နမူနာအပြင် ရောင်းချသူတွေရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကိုပါ ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးနေတာပါ'' လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုမြင့်တက်လာလို့ ရန်ကုန်မြို့က လမ်းဘေးစားသောက်ဆိုင်တွေကို ပိတ်သိမ်းခိုင်းထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ် နေပေမဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ လတ်တလောမှာ ပိတ်ဖို့ညွှန်ကြားထားတာမရှိသေးကြောင်းပြောပါတယ်။
စစ်ဆေးမှုတွေမှာ ရောဂါပိုးတွေ့ရှိတဲ့သူကိုတွေ့လာပါက ဆေးကုသပေးတာနဲ့ ဆိုင်တွေကိုယာယယီပိတ်သိမ်းခိုင်းတာတွေလုပ်မယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ တိုင်းဒေသကြီးအမတ် ဒေါ်အေးမြသဲဖြူကတော့ မြို့တွင်းမြို့နယ်ထဲက လသာမြို့နယ်၊လမ်းမတော်မြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူလူနာတွေရှိနေပြီး လသာမြို့နယ်က ၁၆ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။
ဒါအပြင် ဒလမြို့နယ်၊ ဒေါ်အေးမြသဲဖြူရဲ့ ပြောပြချက်အရ ရန်ကုန်ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေကို သီးခြားအဆောင်တွေနဲ့ ထားရှိကုသပေးနေသလို လူနာမြင့်တက်လာပါက ကုသမှုနိုင်နင်းစေဖို့အတွက်လည်း ထပ်မံပြင်ဆင်မှုတွေလုပ်ထားတယ်လို့ ဆိုပါတယ်။
အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတ မြို့နယ်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေရှိပေမဲ့ သီးခြားအတည်ပြုနိုင်ဖို့ အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ရန်ကုန်တိုင်းအတွင်းဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဘီဘီစီက ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ သီးခြားဖြေဆိုဖို့ မရှိဘဲ ဝန်ကြီးဌာနက အပြည့်အစုံ ထုတ်ပြန်ပေးသွားဖြစ်တယ်လို့သာ အကြောင်းပြန်ပါတယ်။
ဘီဘီစီက နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့လည်း ကြိုးစားနေပါတယ်။
အသိပေး ပြင်ဆင်ချက် - ဝမ်ရောဂါအစား ဝမ်းပျက်ဝမ်းလျှောအဖြစ်ပြောင်းလဲဖော်ပြထားပါတယ်။
တာမွေအစ္စလာမ်သင်္ချိုင်းထဲက မြေနေရာအချို့ ဂေါပကနဲ့ မြေနေရာအလှူရှင်မိသားစု အငြင်းပွားမှုတကျော့ပြန်ဖြစ်
အာဇာနည်ခေါင်းဆောင် ဦးရာဇတ် နဲ့ ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားတဲ့ တာမွေအစ္စလာမ်ဘာသာဝင်သင်္ချိုင်းထဲက မြေနေရာအချို့နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုအငြင်းပွားတဲ့ပြဿနာ တကျော့ပြန် ပြန်ဖြစ်လာတယ်လို့ အခြေအနေကို သိထားတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သင်္ချိုင်းဂေါပကအဖွဲ့ ကတေ့ာ မြေနေရာ ဝယ်ယူထားသူဘက်ကို တရားရုံးကဖြေရှင်းတဲ့နည်းလမ်းနဲ့ပဲ ဆောင်ရွက်မယ်လို့ ပြောပါတယ်။
“အခု သူတို့ ကို ပြန်တရားစွဲဖို့ စီစဉ်နေပြီ။ ရာဇဝတ်မှုနဲ့စွဲရမှာပေါ့။ တရားစွဲဆိုရမယ့်သူတွေကတော့ ဒီဂရီယူထားတဲ့ ၁၅ ယောက် အဖွဲ့ကို စွဲမယ်။ ဝယ်တဲ့သူလည်း ပါလာတဲ့အတွက် သူ့ကိုပါစွဲရတော့မှာပေါ့” လို့ ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဂေါပကအဖွဲ့တာဝန်ရှိသူရဲ့ အပြောအရ တရားရုံးမှာ အပြီးသတ်ဒီဂရီယူခဲ့သူတွေနဲ့ ဒီမြေယာကို ဝယ်ယူခဲ့သူတွေကို တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
အဲဒီမြေနေရာဟာ ၁၇ ဧက ကျယ်ဝန်းပြီး အခု အငြင်းပွားနေတာဟာ ၉ ဧက ကျယ်တဲ့ မြေကွက်နေရာဖြစ်တယ်လို့ နားလည်ရပါတယ်။
အခု အငြင်းပွားနေတဲ့ မြေနေရာဟာ အလှူရှင်က သင်္ချိုင်းမြေအဖြစ် အသုံးပြုဖို့ ၁၉၂၁ ခုနှစ်မှာ စာချုပ်တစ်ခုထဲ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့ စည်ပင်သာယာမှာ အဲဒီ မြေကွက်အမည်ပေါက်နေတဲ့ အဘိုးဖြစ်သူရဲ့ နာမည်ကို မြေး၊ မြစ် တော်စပ်သူတွေက ဒီမြေကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နေသူလည်းဖြစ်သလို အမွေဆက်ခံပိုင်ခွင့်ရှိတယ်ဆိုပြီး တရားရုံးမှာ ၂၀၁၃ ခုနှစ်က အပြီးသတ်ဒီဂရီ ယူခဲ့တာလို့ ဂေါပက အဖွဲ့က ပြောပါတယ်။
နောက်ပိုင်းမှာ အလှူရှင်နဲ့ မြေး၊ မြစ်တော်စပ်သူတွေက ဒီမြေကို တခြားတစ်ယောက်ထံ ရောင်းချခဲ့ပြီး အခုဆို သင်္ချိုင်းမြေကို ရှင်းလင်းမှုတွေပြုလုပ်နေတာလို့ ဂေါပကအဖွဲ့က ပြောပါတယ်။
ဂေါပကဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုမေးမြန်းနိုင်ဖို့ ဘီဘီစီအနေနဲ့ မူလမြေနေရာပိုင်ရှင်ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
၂၀၁၃ ခုနှစ်က အပြီးသတ်ဒီဂရီယူလိုက်တာကို ဂေါပကအဖွဲ့က ၂၀၁၄ ခုနှစ် သတင်းစာထဲမှာ ကြေညာတော့ မှ သိရှိခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ဒီအမှုဟာ ရှေ့နေချုပ်ရုံး ရဲ့ ခွင့်ပြုမိန့်မပါလို့ဆိုပြီး ပယ်ချခံခဲ့ရတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ အခုတကြိမ်မှာတေ့ာ ဂေါပကအဖွဲ့က ရှေ့နေချုပ်ရုံး ရဲ့ ခွင့်ပြုမိန့်ရဖို့ ကြိုးစားနေပြီး နေပြည်တော်ကိုလည်း တိုင်စာပေးပို့သွားမယ်လို့ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မိုင်းလားနဲ့နေပြည်တော်ဆွေးနွေး
တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားအဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်ဘက်က သတင်းထုတ်ပါတယ်။
နေပြည်တော်ရောက်နေတဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ မိုင်းလားအဖွဲ့က အသွင်ပြောင်းအစိုးရသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးတာလို့ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အုပ်စိုးသူအပြောင်းအလဲဖြစ်ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးရပ်နေချိန်မှာ မိုင်းလားကနေ တရုတ်ကိုကုန်သွယ်ဖို့ နေပြည်တော်က လမ်းကြောင်းပြောင်းခဲ့တာဖြစ်ပါတယ်။
လက်တွေ့မှာတော့ မိုင်းလားလမ်း ကနေ တရုတ်ဘက်ကို ကုန်သွယ်ရတာဟာ ခရီးလမ်းကြောင်း ဝေးတာကြောင့် ကုန်ကျစရိတ်ပိုများသလို ပို့ကုန်အရည်အသွေးအပေါ် သက်ရောက်မှုရှိစေတယ်လို့ သစ်သီးဝလံကုန်သည်တွေဆီက သိရပါတယ်။
မိုင်းလားလမ်းကြောင်းကနေ ဖရဲသီးနဲ့ သခွားသီးကို အဓိကတင်ပို့နေပေမဲ့ အခုနှစ်ရာသီမှာတော့ လမ်းကြောင်းအခက်အခဲကြောင့် တင်ပို့သူနည်းတဲ့အခြေအနေလို့ ပြောကြပါတယ်။
“မိုင်းလားလမ်းကဝေးတော့ သစ်သီးတွေလတ်ဆတ်မှုအားနည်းသွားတာပေါ့။ မူဆယ်လမ်းပြန်ဖွင့်ရင် တောင်သူရောကုန်သည်အတွက်ပါကောင်းတယ်” လို့ တရုတ်ကို ကုန်သွယ်တဲ့ သစ်သီးဝလံကုန်သည်တစ်ဦးက ပြောပါတယ်။
ဒါဟာ နေပြည်တော်ရဲ့ ပို့ကုန်၊ သွင်းကုန်တင်းကျပ်တဲ့မူဝါဒနဲ့လည်းဆက်စပ်နေတယ်လို့ ကုန်သည်တွေက ထောက်ပြပါတယ်။ လမ်းကြောင်း ဝေးတာကြောင့် ကုန်ကျစရိတ်များနေချိန်မှာ ပို့ကုန်တစ်မျိုးတည်းကိုသာ နယ်စပ်ကတဆင့်ပို့ရတာကြောင့် အသွားအပြန်လမ်းစရိတ်ခတွေ ဆတိုးများနေတာလို့ ပြောကြပါတယ်။
“အခုကမိုင်းလားလမ်းကြောင်းပဲအားကိုးနေရတာလေ။ အဲဒီလမ်းကြောင်းမှာ ကုန်ကျစရိတ်တွေ နည်းသွားဖို့ ဖြေလျော့မှုလိုတာပေါ့နော်” လို့ မြန်မာနိုင်ငံသစ်သီးဝလံအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောပါတယ်။
မူဆယ် ၁၀၅ မိုင်လမ်းကြောင်းကနေတော့ ရှမ်းမြောက်ကထွက်တဲ့ကုန်စည်အများစုကိုသာ တရုတ်ဘက် တင်ပို့ပေးနေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာက မိုင်းလားဒေသကို NDAA က စိုးမိုးထားပြီး အာဏာသိမ်းပြီးနောက်ပိုင်းလည်း နေပြည်တော်နဲ့ဆက်ဆံရေးဆက်ရှိနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
မိုင်းလားအဖွဲ့ရဲ့ နေပြည်တော်ခရီးစဉ်မှာတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPNC) နဲ့တွေ့ဆုံသလို ဦးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့ကာ ဒေသတည်ငြိမ်ရေးဆွေးနွေးကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ UWSA “ဝ”တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ- FPNCC ထဲက ၇ ဖွဲ့ထဲက ၄ ဖွဲ့ (ဝအဖွဲ့ UWSA၊ မိုင်းလားအဖွဲ့ NDAA၊ SSPP၊ TNLA)တို့ဟာ နေပြည်တော်နဲ့ တွေ့ဆုံထားကြပြီဖြစ်ပါတယ်။
ကိုးကန့်တပ် - MNDAA လည်း သြဂုတ် ဒုတိယပတ်ထဲနေပြည်တော်ကိုသွားဖို့ရှိတယ်လို့ အစောပိုင်းထဲကသတင်းတွေ ထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။
FPNCC ထဲကကျန်တဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်- KIA နဲ့ အာရက္ခတပ်တော် - AA တို့ကတော့ နေပြည်တော်နဲ့ ဆွေးနွေးမှုမရှိဘူးလို့ သိရပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ သူ့ချစ်သူ လက်ထပ်လိုက်ပြီ
ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုက ကာလရှည်လက်တွဲလာတဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂစ်နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း သူ့ရဲ့အင်စတာဂရမ်အကောင့်ကတဆင့် အသိပေးလာပါတယ်။
မြန်မာစံတော်ချိန် ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာ အင်စတာဂရမ်ကတဆင့်ဖော်ပြခဲ့တဲ့ ဓာတ်ပုံမှာဇနီးဖြစ်သူရဲ့လက်ဖဝါးပေါ် ရော်နယ်ဒိုရဲ့လက်ကိုတင်ထားပြီး နှစ်ဦးစလုံးမှာ လက်ထပ်လက်စွပ် ဝင်ဆင်ထားတာကို တွေ့မြင်ရပါတယ်။
“တစ်နှစ်တာအကောင်းဆုံးမင်္ဂလာပွဲ” လို့ ပေါ်တူဂီမီဒီယာတွေကဖော်ပြကြပြီး မြို့တော် လစ်စဘွန်း (Lisbon) အနီးက ပင်လယ်ကမ်းခြေမြို့ကက်စ်ကာအစ်ရှ် (Cascais) အနီးမှာ မနေ့က မင်္ဂလာပွဲ ပြုလုပ်ခဲ့ပါတယ်။
လက်ထပ်လိုက်ပြီဖြစ်ကြောင်း ရော်နယ်ဒိုက အင်စတာဂရမ်မှာပိုစ့်တင်အပြီး မိနစ် ၃၀ အတွင်း အကောင့် ၃ သန်းကျော်က Like ပေးခဲ့ပါတယ်။ ဘီဘီစီမြန်မာပိုင်းမှာ သတင်းရေးသားတဲ့ အချိန်မှာတော့ ၉ နာရီအတွင်း Like ပေးသူ ၁၈ သန်းရှိပြီး သူ့ရဲ့ပိုစ့်ကိုပြန်မျှဝေသူ ၂.၄ သန်းရှိပါတယ်။
ရော်နယ်ဒိုဟာ မက်ဒရစ်မြို့က Gucci အရောင်းဆိုင်မှာ ဂျော်ဂျီနာနဲ့တွေ့ဆုံကာ ချစ်ကြိုက်ခဲ့ပြီးနောက် ၁၀ နှစ်ကြာလက်တွဲခဲ့ကြပြီး သားသမီး ၅ ဦးရှိပါတယ်။ အဲဒီအချိန်တုန်းက ရော်နယ်ဒိုက စပိန်ဘောလုံးကလပ် ရီးရဲမက်ဒရစ်မှာကစားနေချိန်ပါ။
သူတို့နှစ်ဦးဟာ မနှစ် သြဂုတ် ၁၁ ရက်မှာ စေ့စပ်ကြောင်းကြေညာခဲ့ပြီး တစ်နှစ်တိတိပြည့်ချိန်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
ဆီးရီးယားသမ္မတဟောင်း အာဆတ် မျက်ကွယ်သေဒဏ်ချမှတ်ခံရ
ဆီးရီးယားတရားရုံးတစ်ခုက သမ္မတဟောင်း ဘရှား အယ်လ်အာဆတ်ကို ဆီးရီးယားပြည်တွင်းစစ်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သေဒဏ်ချမှတ်လိုက်ပါတယ်။ အာဆတ်က လက်ရှိ ရုရှားနိုင်ငံမှာ ရှိနေတာကြောင့် တရားရုံးက သူ့ကို မျက်ကွယ်နဲ့ စီရင်ခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာ အာဆတ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ စစ်ရေးအရ အနိုင်ရပြီးနောက် အာဆတ်ဟာ မိသားစုနဲ့အတူ ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။
တရားရုံးအမိန့်မှာ အာဆတ်ဟာ လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆီးရီးယားမှာ လူထုအုံကြွမှု စတင်ခဲ့တဲ့ ဒါရာပြည်နယ်မှာ အဲဒီအချိန်က အာဏာပိုင်တစ်ဦးဖြစ်ခဲ့တဲ့ အာဆတ်ရဲ့ ညီကိုဝမ်းကွဲ အာတစ်ဖ် နာဂျစ်ဘ်ကိုလည်း အရပ်သားတွေ၊ ကလေးတွေအပါအဝင် လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာနဲ့ သေစေလောက်အောင် ညှင်းပန်းနှိပ်စက်ခဲ့တာတွေအတွက် သေဒဏ်ချမှတ်ထားပါတယ်။
နာဂျစ်ဘ်ကိုတော့ ဖမ်းဆီးထားပြီး ပြီးခဲ့တဲ့နှစ်ကတည်းက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
လက်ရှိ ဆီးရီးယားအသွင်ပြောင်းအစိုးရကတော့ အာဆတ်အစိုးရလက်ထက်က ထိပ်တန်းတာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ရင် ဖမ်းဆီးပြီး၊ နိုင်ငံခြားမှာ ရှိနေသူတွေကိုတော့ မျက်ကွယ်နဲ့ တရားစီရင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
စစ်ကိုင်းမှာ ဧရာဝတီမြစ်ရေကျပြီး မကွေးမှာ ရေတိုးလာနေတယ်လို့ မိုးဇလသတိပေး, မကွေး၊ ပခုက္ကူခရိုင်ထဲ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လာလို့ စစ်ရှောင်တွေ ရေဘေးထပ်ကြုံ
မကွေး၊ ပခုက္ကူခရိုင်ထဲ ဧရာဝတီမြစ်ရေတိုးလာပြီး စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာလို့ မြစ်နားနီး ဒေသခံတွေရော စစ်ရှောင်ရွာတွေပါ ရေဘေးကြုံနေရတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
မြစ်ခြေမှာဆိုရင် မြစ်အနီးမှာရှိတဲ့ ကျေးရွာတွေဘက် ရုတ်တရက်ရေတိုးလာလို့ ဒေသခံတွေလည်း ရေဘေးရှောင်နေကြရပြီလို့ ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတေ့ာ ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာစိုးရိမ်ရေမှတ်အောက်ကျလာနိုင်ပြီး မကွေးတိုင်းက ပခုက္ကူနဲ့ ညောင်ဦးမှာ မြစ်ရေတိုးလာနိုင်တယ်လို့ ဒီနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
“ဆွဲကြီး၊ ဘိုကုန်း၊ ကြောင်ပန်းခုံနဲ့ ရွာသာအေး။ မြစ်ခြေကျွန်းဘက် ၄ ရွာလုံးပဲ။ ရွာတွေမီးရှို့ခံရလို့ ကျွန်းပြင်အလယ်က ကျွန်းခုံဆိုတဲ့နေရာမှာ မီးဘေးသင့်စစ်ရှောင်တွေက ကိုယ့်စိုက်ခင်းမှာကိုယ် တဲထိုးနေကြတာလေ။ အခုမြစ်ရေကရုတ်တရက်ဆိုတော့ ပစ္စည်းတွေရော၊ တိရစ္ဆာန်တွေရော၊ စိုက်ခင်းတွေပါရေလွှမ်းကုန်တယ်” လို့ မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇွန်လက မြစ်ခြေတကြော မြန်မာစစ်တပ်က စစ်ကြောင်းထိုးခဲ့လို့ စစ်ဘေးရှောင်ခဲ့ရတဲ့နေရာတွေပါ။ ဇွန်လတုန်းက ၁၀ ရွာထက်မနည်း နေအိမ်တွေမီးရှိုခံခဲ့ရကြောင်း စစ်ရှောင် အရေးကူညီသူတွေရဲ့ စာရင်းအရ သိရပါတယ်။
မိုးဇလရဲ့ထုတ်ပြန်ချက်အရတော့ ဒီနေ့မနက်ပိုင်းမှာ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၅၆ စင်တီမီတာကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁၀ စင်တီမီတာခန့်မြင့်လာနိုင် ပါတယ်။
ညောင်ဦးမြို့မှာတော့ မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၈၂ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁၀ စင်တီမီတာခန့်မြင့်လာနိုင်ပါတယ်။
ဒါအပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာ၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှုတွေဖြစ်နေပြီး မိုးတိမ်တောင်တွေအားကောင်းနေတယ်လို့ မိုးဇလက သတိပေးပါတယ်။
ဒါကြောင့် ဒီနေ့ကစလို့ လာမယ့် ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နဲ့ ရခိုင်တို့မှာ နေရာကွက်ပြီးလည်း မိုးကြီးနိုင်ကြောင်း သတိပေးထားပါတယ်။
မင်္ဂလာပါ။ ဩဂုတ် ၁၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။