မေလ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြဝတီ၊ ရွှေကုက္ကိုထဲက ကျားဖြန့်အဆောက်အဦတွေကို စစ်တပ် စဖြိုနေတဲ့သတင်းအပါအဝင် မေလ ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မေလ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မကွေး၊ ရန်ကုန်၊ ပဲခူးနဲ့ ကယားပြည်နယ်တို့မှာ မေလ ဒုတိယသီတင်းပတ်နဲ့ တတိယပတ်အတွင်း ကလေးငယ်တွေအပါအဝင် ရေနစ်သေဆုံးသူ ၁၀ ဦးအထိရှိနေတယ်ဆိုတာကို နယ်မြေခံပရဟိတအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီနေ့ မေလ ၂၅ ရက် မနက်ပိုင်းမှာတင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ညောင်လှရပ်ကွက် ကမ်းနားမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်တုန်းက ပဲခူးမြို့က ဇလပ်ထော်ဆည်မှာ ရေကူးတဲ့ကလေးငယ် ၄ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့ကလေးငယ်တွေဟာ အသက် ၁၀ နှစ်နဲ့ ၁၃ နှစ်ကြား ယောက်ျားလေး ၁ ဦးနဲ့ မိန်းကလေး ၃ ဦးဖြစ်တယ်လို့ မြို့ခံပရဟိတအဖွဲ့တွေ အပြောအရ သိရပါတယ်။
‘‘ကလေးတွေက ကျူရှင်ကနေ ပြန်လာပြီး အိမ်တန်း မပြန်ဘဲ ရေဆင်းကူးကြရာကနေ ရေနစ်ဆုံးတယ်လို့ သိရပါတယ်။ ဆည်တူးချိန်တုန်းက ဆည်ဖော်ဖို့ မြေတူးစက်နဲ့ တစ်ထစ်ချင်း တူးထားတာတွေ ရှိပါတယ်။ အဲဒီတော့ ပထမ မြေတစ် ထစ်မှာ ကလေးက အရပ်မှီပေမဲ့ ရေကစားရင်း နောက်တစ် ထစ်ကို ရောက်ပြီး ရေနစ်တာဖြစ်နိုင်ပါတယ်။ ဆည်ထဲမှာ အရင်ကလည်း အခုလိုရေနစ်တာမျိုးဖြစ်ဖူးတယ်’’ လို့ အခြေအနေသိတဲ့ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။
သေဆုံးကလေးငယ်တွေရဲ့မီးသင်္ဂြိုဟ်စျာပနကိုတော့ ပဲခူးမြို့မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင် မေလ ၁၁ ရက်တုန်းကလည်း ရန်ကုန်မြို့၊ အောင်ချမ်းသာရပ်ကွက်က ကန်နီရေကန်မှာရေဆင်းကူးတဲ့ ယောက်ျားလေး ၂ ဦး သေဆုံးလို့ အလောင်းရှာဖွေပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
အဲဒီမတိုင်ခင် ၁ ရက်၊ မေလ ၁၀ ရက်တုန်းကတော့ ကယားပြည်နယ်၊ လောပိတမြို့က မထောခူ(အောက်) ကျေးရွာက သဲချောင်းတဲ့ လူငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
သဲချောင်းထဲမှာ ရေဆင်းကစားကြတဲ့ သူငယ်ချင်း ၆ ဦးထဲက ၃ ဦးသေဆုံးခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၉ နှစ် နဲ့ ၂၀ အရွယ် အမျိုးသား ၂ ဦးတို့ ဖြစ်တယ်လို့ ကယ်ဆယ်ရေးမှာပါဝင်တဲ့ ရွှေညောင်ပင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
အခုရေနစ်သေဆုံးမှုဖြစ်ရပ်တွေမှာ အလောင်းရှာဖွေရေးမှာပါဝင်ခဲ့တဲ့ပရဟိတအဖွဲ့တွေကတော့ အုပ်ထိန်းသူတွေအနေနဲ့ ကလေးငယ်တွေကို ပိုဂရုစိုက်ကြဖို့၊ နေအိမ်တွေနဲ့ အလှမ်းဝေးပြီး လူသူ ပြတ်တဲ့နေရာမှာ ရေကစားတာနဲ့ ရေချိုးတာမျိုး မလုပ်ဖို့ တိုက်တွန်းနေပါတယ်။
ဗီယက်နမ်နွယ်ဖွား ဆရာတော်အရှင်ပညာကာရဟာ Walk For Peace ဆိုတဲ့ ခေါင်းစဥ်နဲ့ အမေရိကန်နိုင်ငံတွင်းမှာ မိုင်ပေါင်း ၂,၃၀၀ ကျော် ဖြတ်သန်းပြီး ငြိမ်းချမ်းရေး တရားဓမ္မတွေ ဟောကြားပြသခဲ့ပါတယ်။
ဆရာတော်ဟာ သီရိလင်္ကာနိုင်ငံက ပင့်ဖိတ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ အကြမ်းမဖက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ သီရိလင်္ကာမှာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ၇ ရက်ကြာ ခြေလျင်ကြွခဲ့ပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးက တွေ့ရှိသိမြင်မှုတွေ၊ ၂၀၂၁ ခုနှစ် အရှေ့ပိုင်းကာလက မြန်မာမှာ နေထိုင်သီတင်းသုံးပြီး ဝိပဿနာတရား အားထုတ်ခဲ့ပုံ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆရာတော်ရဲ့အတွေ့အကြုံတွေကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ်လျှောက်ထားမေးမြန်းထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား အမျိုးသား ဘောလုံးပြိုင်ပွဲမှာ လက်ရှိအသုံးပြုနေတဲ့ အပူဒဏ်ကာကွယ်ရေး အစီအမံတွေဟာ "မလုံလောက်ဘဲ" ကစားသမားတွေကို ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်အဖွဲ့ တစ်ဖွဲ့က ဖီဖာကို သတိပေးလိုက်ပါတယ်။
သုတေသီရဲ့အိတ်ဖွင့်ပေးစာမှာ ကျန်းမာရေး၊ ရာသီဥတုနဲ့ အားကစား စွမ်းဆောင်ရည်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူတွေက ဖီဖာရဲ့လမ်းညွှန်ချက်တွေဟာ လက်ရှိသိပ္ပံဆိုင်ရာ အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ "ကျိုးကြောင်းဆီလျော်မှုမဖြစ်နိုင်"တဲ့ အခြေအနေလို့ ဆိုပါတယ်။
ဖီဖာအနေနဲ့ ကစားသမားတွေအတွက် ပိုမို ပြည့်စုံ ကောင်းမွန်တဲ့ အကာအကွယ် အစီအမံတွေ ချမှတ်ပေးဖို့ သူတို့က တောင်းဆိုထားပြီး ပွဲစဉ်အတွင်း အနားယူချိန်ကို ခပ်ကြာကြာပေးဖို့နဲ့ ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေမှာ ပွဲစဉ်တွေကို ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ရပ်ဆိုင်းတာ စတဲ့ ရှင်းလင်းပြတ်သားတဲ့လုပ်ထုံးလုပ်နည်းတွေ ထည့်သွင်းပေးဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ အခုနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အပူရှိန်ဟာ ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပြီး ကစားမယ့် ဘောလုံးကွင်း ၁၆ ကွင်းထဲက ၁၄ ကွင်းမှာ အပူချိန်ဟာ အန္တရာယ်ရှိနိုင်တဲ့အဆင့်ကို ကျော်လွန်နိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ဘက်၊ ရွှေကုက္ကိုမြို့သစ်ထဲက တရားမဝင် အဆောက်အဦတွေလို့ ဆိုပြီး ချိပ်ပိတ်ခဲ့တဲ့ ကျားဖြန့်လုပ်ခဲ့တဲ့အဆောက်အဦတွေကို စစ်တပ်က ဒီနေ့ မေလ ၂၅ ရက်မနက်ပိုင်းမှာ ဖြိုချဖျက်ဆီးတာတွေကို စလုပ်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။
ရွှေကုက္ကိုဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်(KNA) ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်နယ်ဖြစ်ပါတယ်။
ရွှေကုက္ကိုမြို့သစ်ထဲမှာ အဆောက်အဦပေါင်းရာချီရှိပေမဲ့ လက်ရှိမှာတော့ ကျားဖြန့်အဆောက်အဦ ၂၀ ကျော်ဝန်းကျင်ကို ကနဦးဖြိုချမှာဖြစ်တယ်လို့ KNA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၅ ဒီဇင်ဘာတုန်းကလည်း ရွှေကုက္ကိုထဲက ၁၁ ထပ်ရှိတဲ့ ကျားဖြန့်အဆောက်အဦကို မြန်မာစစ်တပ်က ဖြိုချခဲ့ပြီး အဲဒီနောက်ပိုင်း ဖြိုချမှု ခဏရပ်သွားပြီး ၅လ နီးပါးအကြာမှ အခု လိုပြန်ပြီးဖြိုချတာတွေ ပြန်လုပ်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲတွေကြောင့် ရပ်သွားတာ။ ရွှေကုက္ကိုထဲမှာလည်း ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက တပ်ရင်း ၂ ရင်းကနေ ၃ ရင်းအထိ စစ်တပ်က တပ်စွဲထားတယ်” လို့ သူက ပြောပါတယ်။
မြဝတီဒေသထဲက အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေ ကြီးစိုးခဲ့တဲ့ ကေကေပါ့ခ်(KK Park) နယ်မြေထဲက အဆောက်အဦတွေကို စစ်တပ်က လအတန်ကြာအချိန်ယူပြီး ဖောက်ခွဲတာတွေ ဖြိုချရှင်းလင်းတာတွေလုပ်ခဲ့ပါတယ်။
လက်ရှိ ရွှေကုက္ကိုမြို့ထဲက ကျားဖြန့်အဆောက်အဦ ရှင်းလင်းရေးမှာ ဖောက်ခွဲရေးပစ္စည်းတွေကို မသုံးဘဲ စက်ယန္တရားကြီးတွေနဲ့ ဖြိုချတာတွေလုပ်မယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒီလိုလုပ်ရတာဟာ “KK Park တုန်းက ရပ်ကွက်ထဲကျလို့ ထိခိုက်မိတာတွေ ရှိတယ်။ ထိုင်းနိုင်ငံထဲ ပေါက်ကွဲစတွေ လွင့်စင်လို့ ထိုင်းဘက်က သတိပေးခဲ့တာတွေလည်း ရှိတာကြောင့်” လို့ သူက ဆက်ပြောပါတယ်။
ရွှေကုက္ကိုမြို့အနီးမှာ လူနေရပ်ကွက်တွေရှိတဲ့အပြင် တစ်ဖက် ထိုင်းနိုင်ငံနဲ့လည်း နီးကပ်နေပြီး သောင်ရင်းမြစ်ပဲ ခြားတာဖြစ်ပါတယ်။
ရွှေကုက္ကိုထဲမှာ ကျားဖြန့်အဆောက်အဦတွေကို ရှင်းလင်းနေပေမယ့် ဟိုတယ်နဲ့ စားသောက်ဆိုင်၊ အနှိပ်ခန်းတွေအပြင် ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ ကာရာအိုကေဆိုင်(KTV)တွေ ဆက်ရှိနေတာကြောင့် မြို့ထဲမှာ လူအသွားအလာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတချို့က အတည်ပြုပါတယ်။
မြန်မာစစ်တပ်ကတော့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အဦ ဖြိုချတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးလိုက်ပါလာတဲ့ဗြိတိန်တော်ဝင်လေတပ်က ဂျက်လေယာဉ်တစ်စင်းဟာ အခုတစ်ပတ်အစောပိုင်းတုန်းက ရုရှားနယ်စပ်ကနေ ဖြတ်ပျံချိန်မှာ လေယာဉ်ရဲ့အချက်ပေးစနစ် နှောက်ယှက်ခံခဲ့ရပါတယ်။
ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလီဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အက်စ်တိုးနီယားက ဗြိတိသျှစစ်သားတွေဆီ ခရီးသွားပြီး ဗြိတိန်ကို ပြန်လာချိန်မှာ အခုဖြစ်ရပ်ကြုံရတာလို့ တိုင်းမ်စ်မဂ္ဂဇင်းက သတင်းဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ရုရှားရှိနေတယ်လို့ ယူဆရပြီး ၃ နာရီကြာတဲ့ပျံသန်းမှုခရီးမှာ လေယာဉ်မှူးတွေဟာ တခြားလေကြောင်းပျံသန်းမှုစနစ်ကို အသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းက ပင်လယ်နက်ပေါ်မှာ ရုရှားတိုက်လေယာဉ် နှစ်စင်းကို အကြိမ်ကြိမ်တွေ့ခဲ့ရတာကြောင့် ဗြိတိန်တော်ဝင်လေတပ် ထောက်လှမ်းရေးလေယာဉ်က ကြားဖြတ်ပျံသန်းတာ လုပ်ခဲ့ရအပြီးမှာ အခုဖြစ်ရပ် ထွက်ပေါ် လာတာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးကို ပစ်မှတ်ထားတာလားဆိုတာ သဲသဲကွဲကွဲမသိရပေမဲ့ လေယာဉ်ပျံသန်းမယ့်လမ်းကြောင်းကို လေယာဉ်ပျံသန်းမှုစောင့်ကြည့်တဲ့အင်တာနက်စာမျက်နှာတွေမှာ မြင်နိုင်တယ်လို့ တိုင်းမ်စ်က ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကို မှတ်ချက်တောင်းထားဆဲဖြစ်ပါတယ်။
အက်စ်တိုးနီးယားကို သွားတဲ့ခရီးအတွင်းမှာတော့ ကာကွယ်ရေးဝန်ကြီး ဟေလီဟာ ရုရှားနယ်စပ်အနီးမှာ ပြုလုပ်တဲ့ နေတိုးစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတဲ့ဗြိတိန်တပ်ဖွဲ့ဝင်တွေနဲ့လည်း စကားပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဖြစ်တဲ့သီးခြားဖြစ်ရပ်မှာတော့ ရုရှားရဲ့ Su-35 တိုက်လေယာဉ်ဟာ နေတိုးအတွက် အီလက်ထရောနစ် ထောက်လှမ်းရေးအပိုင်းကို စောင့်ကြည်တဲ့ဗြိတိန်လေတပ်က စောင့်ကြည့်လေယာဉ်အနီးကို ချဉ်းကပ်ခဲ့တာကြောင့် လေယာဉ်ဟာ အရေးပေါ် အချက်ပေးစနစ်တွေ ထမြည်ခဲ့သလို အလိုအလျောက် ပျံသန်းစနစ်ကိုလည်း သုံးခဲ့ရပါတယ်။
ပြီးတော့ နောက်ထပ် Su-27 တိုက်လေယာဉ်တစ်စင်းဟာ ဗြိတိန်လေတပ်လေယာဉ်အရှေ့အကို ခြောက်ကြိမ်ခန့် ဖြတ်ပျံတာလည်းဖြစ်ခဲ့ဖူးပြီး အနီးကပ်ဆုံးဆိုရင် ၁၉ ပေလောက်အကွာအထိ ကပ်ပျံမှုဖြစ်ခဲ့ပါတယ်။
လက်သင့်မခံနိုင်လောက်တဲ့ ရုရှားရဲ့အခုလို အနီးကပ်ပျံသန်းမှုတွေအတွင်းမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန်ရပ်တည်ပြခဲ့တဲ့ဗြိတိန်လေသူရဲတွေကို ချီးကျူးတဲ့အကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောထားဖူးပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း အဲဒီတုန်းက ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့် ရှပ်စ် လိုက်ပါလာတဲ့ဗြိတိန်လေတပ်လေယာဉ်ဟာ ရုရှားလေပိုင်နက်အနီးကို ဖြတ်ပျံနေချိန်မှာ GPS စနစ် ကြားဖြတ်နှောင့်ယှက်ခံခဲ့ရဖူးပါတယ်။
အင်ဒိုနီးရှားဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ ကုန်တင်သင်္ဘောတစ်စင်းပေါ်မှာ အလုံပိတ်ဂိုဒေါင်တစ်ခုကို စစ်ဆေးချိန် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တဲ့မြန်မာသင်္ဘောသား ၃ ဦးရဲ့ဈာပနကို ရန်ကုန်က ဒီနေ့ ရေဝေးသုဿန်မှာ ပြုလုပ်တယ်လို့ မိသားစုနဲ့နီးစပ်သူထံကနေ သိရပါတယ်။
မြန်မာသင်္ဘောသားတွေဟာ မေလ ပထမ သီတင်းပတ်မှာ သေဆုံးခဲ့တာဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေဟာ သက်ဆိုင်ရာမိသားစုဝင်တွေဆီ လေကြောင်းကနေတဆင့် မနေ့က ပြန်ရောက်ခဲ့တာကြောင့် ဒီနေ့ စျာပန ပြုလုပ်တာဖြစ်ပါတယ်။
အင်ဒိုနီးရှားကနေ ပြန်သယ်လာတဲ့သင်္ဘောသား ၃ ဦးရဲ့ရုပ်အလောင်းတွေကိုတော့ ရန်ကုန် နာရေးကူညီမှုအသင်း က လေဆိပ်ကနေတဆင့် မြောက်ဥက္ကလာပဆေးရုံကို ပို့ခဲ့ပြီး အဲဒီနောက် ရေဝေးသုဿန်ကို ဆက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ မြန်မာသင်္ဘောသားတွေဟာ ၃ ဦးဟာ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်တွေဖြစ်တယ်လို့ နာရေးကူညီမှုအသင်းရဲ့မနေ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာသင်္ဘောသားတွေနဲ့အတူ အိန္ဒိယ နိုင်ငံသား သင်္ဘောသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
အင်ဒိုနီးရှားသတင်းဌာနတွေကတော့ မြန်မာသင်္ဘောသားတွေ သေဆုံးခဲ့တဲ့သင်္ဘောဟာ ပြုပြင်မှုလုပ်ဖို့ ဂျမ်ဘီ ဆူမားတြားကျွန်းက ဘာတန်ဂါရီမြစ်ကမ်းမှာ ကျောက်ချနေချိန် အခုဖြစ်ရပ် ဖြစ်ခဲ့တာလို့ သတင်းဖော်ပြပါတယ်။
သေဆုံးသင်္ဘောသားတွေအရေး ကူညီပေးနေတဲ့ အမည်မဖော်လိုသူ ရေကြောင်းအရာရှိတစ်ဦးကတော့ သင်္ဘောသား ၃ ဦးလုံး လျော်ကြေး မရသေးဘူးလို့ ပြောပါတယ်။
“စုံစမ်းစစ်ဆေးရေး နဲ့ အာမခံကိစ္စတွေ လုပ်ဖိုရှိနေတာကြောင့် နစ်နာကြေးရဖို့ အချိန် ၁ လကနေ ၃ လအထိ ကြာနိုင်တယ်” လို့ သူက ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရဖို့ ဘီဘီစီအနေနဲ့ သေဆုံးသူမိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
တဖက်မှာလည်း ကုန်တင်သင်္ဘောကြီးတွေပေါ်က အလုံပိတ်ခန်းထဲမှာ မြန်မာသင်္ဘောသား ၃ ဦး သေဆုံးမှုဟာ မေလအတွင်း ဒုတိယမြောက် ဖြစ်စဉ်ဖြစ်ပါတယ်။
မေလ ပထမအပတ်တုန်းကလည်း ကုန်တင်သင်္ဘော MV GUO QIANG 8 ပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာသင်္ဘောသား ၂ ဦး အလုံပိတ်စက်ခန်းတစ်ခုထဲမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရေကြောင်းသားများအဖွဲ့ချုပ်(MSF) ကတော့ သင်္ဘောတွေပေါ်မှာ ဘေးကင်းလုံခြုံမှုရှိဖို့ အဓိကအချက် ၅ ချက်ကို တင်းကျပ်စွာလိုက်နာဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
အဲဒီအချက်တွေထဲမှာ အန္တရာယ်ရှိနိုင်တဲ့လုပ်ငန်းတာဝန်အတွက် အလုပ်ကို ချက်ချင်းလက်မခံဘဲ သင်္ဘောပေါ်က သက်ဆိုင်ရာအကြီးတန်းအရာရှိတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေလုပ်ဖို့ ပြောထားပါတယ်။
သင်္ဘောသားအရာရှိတချို့ကလည်း မြန်မာသင်္ဘောသား ၃ ဦးသေဆုံးခဲ့တဲ့အပေါ် သင်္ဘောပေါ်မှာ ရာထူးတာဝန်အကြီးဆုံးယူထားတဲ့ ကပ္ပတိန်မှာ တာဝန်အရှိဆုံးဖြစ်ပြီး အလုံပိတ်အခန်းထဲမှာ စစ်ဆေးရေးတွေလုပ်နေတဲ့အချိန် အခန်းအပြင်မှာ စောင့်ကြည့်ပေးရတဲ့သူ မဖြစ်မနေထားပေးဖို့လိုအပ်တယ်လို့ သူတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကနေ မှတ်ချက်ပေးကြပါတယ်။
သင်္ဘောသားတွေအနေနဲ့လည်း အလုံပိတ်အခန်းထဲကို မဝင်ခင် ၃ နာရီလောက်ကြိုတင်ပြီး စစ်ဆေးဖို့ လိုအပ်တဲ့ ဓာတ်ငွေ့အမျိုးမျိုးကို စိတ်ချရတဲ့အနေအထားရှိ၊ မရှိ စစ်ဆေးဖို့လိုအပ်တယ်လို့ သင်္ဘောသားအသိုင်းအဝိုင်းမှာ သတိပေးနေကြပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ သရက်ကန်ရွာမှာရှိတဲ့စစ်တပ်ရဲ့ပြည်သူ့စစ်(အရပ်ခေါ် ပျူစောထီး) စစ်စခန်းကို တိုက်ခိုက်ပြီး ကျေးရွာထဲ ပိတ်မိနေတဲ့ အမျိုးသမီးနဲ့ ကလေး အယောက် ၅၀ နီးပါးကိုလည်း ကယ်ထုတ်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ မေလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း PDF ရဲဘော်၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသလို ပြည်သူ့စစ်ဘက်ကလည်း အနည်းဆုံး ၄ ဦးသေဆုံးတယ်လို့ တိုက်ပွဲအကြောင်းသိတဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
မုံရွာ - ပုသိမ်လမ်းမကြီးဘေးက ပြည်သူ့စစ်အားကောင်းတဲ့သရက်ကန်ရွာထဲ ပိတ်မိနေတဲ့ အမျိုးသမီးနဲ့ ကလေးအယောက် ၅၀ နီးပါးကိုလည်း ကယ်ထုတ်ခဲ့တယ်လို့ မြိုင် ပကဖ က ပြောပါတယ်။
သရက်ကန်ရွာထဲက ပြည်သူ့စစ်စခန်းကို မေလ ၂၂ ရက်နေ့၊ မနက်အစောပိုင်းမှာ မြိုင်ပကဖနဲ့ ပူးပေါင်းတပ်တွေက တမာမြေစစ်ဆင်ရေး နာမည်နဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ ကာဘိုင်လက်နက် ၁၁ လက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖက ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်တပ်က မြိုင်မြို့နဲ့ ၄ မိုင်အကွာက မြိုင်စက်မှု ၂ နေရာကို ရဟတ်ယာဉ်နဲ့ စစ်ကူအင်အားဖြည့်တာတွေလုပ်နေပြီး သရက်ကန်ရွာ အနီးနာက ရွာတွေကိုလည်း စစ်တပ်က စစ်ကြောင်းဆက်ထိုးတာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ဆက်လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
သရက်ကန်ရွာ ပြည်သူ့စစ်စခန်းကို သိမ်းခဲ့တဲ့ "တမာမြေစစ်ဆင်ရေး"ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်က မြိုင်ပကဖ၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော်အပါအဝင် မကွေးဖက်ဒရယ်ယူနစ်က တပ်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အပါအဝင် မကွေးနဲ့ ပခုက္ကူအခြေစိုက် ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းဆင်နွှဲနေကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ကတော့ သရက်ကန်ရွာက ပြည်သူ့စစ် စခန်းသိမ်းခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ ရခိုင်ပြည်နယ်နဲ့နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင် ၊ နိုင်ခွန်ချာရီအနီးက မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မနေ့ မေလ ၂၄ ရက်၊ မနက် ၁၀ နာရီခန့်မှာ ဖြစ်ခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။
ဖြစ်စဉ်မှာ သေဆုံးသူ ၃ ဦးဟာ သူတို့ရဲ့ ငှက်ပျောခင်းကို သွားချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦးဒဏ်ရာရလို့ နောက်ထပ် ၂ ဦးက ကယ်ဆယ်ဖို့ကြိုးစားချိန်မှာလည်း ပေါက်ကွဲမှု ၂ ကြိမ် ထပ်ဖြစ်ခဲ့တာလို့ သတင်းတွေမှာဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒေသန္တရ အာဏာပိုင်တွေကတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ နှစ်နိုင်ငံ နယ်စပ်က no-man's-land နေရာမှာဖြစ်ခဲ့တယ်လို့ ကနဦး သိရှိထားရတဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်ကြား အမျိုးသား သုံးဦးဖြစ်ပြီး အဲဒီဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုက ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ကလည်း အခင်းဖြစ်ရာနေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သူတို့ရောက်တဲ့အချိန်မှာ အရပ်သား ၃ ဦးလုံး သေဆုံးသွားပြီလို့ နယူးအေ့ချ် သတင်းဌာနကို ဖြေကြားထားပါတယ်။
BGB အနေနဲ့ အခုလိုပေါက်ကွဲမှုတွေကြောင့် နှစ်နိုင်ငံနယ်စပ်အနီးက သုညနယ်ခြားမျဉ်းတဝိုက်မှာ သွားလာတာတွေ မလုပ်ကြဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အသိပညာပေးတဲ့အစီအစဉ်တွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
၂၀၂၅ နှောင်းပိုင်းတုန်းကလည်း ဘင်္ဂလားဒေရှ့်ဘက်ခြမ်း တမ်ဘရူနယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးစောင့်ကြပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ရွှေကူ၊ မဘိမ်း၊ ကသာ၊ အင်းတော်၊ မော်လူးနဲ့ ထီးချိုင့် မြို့နယ်တွေမှာ ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်တာနဲ့ စစ်ရေးတင်းမာနေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ပူးပေါင်းတပ်တွေကြား တစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး ရွာတချို့မှာလည်း နှစ်ဖက်တပ်တွေ စစ်ဆိုင်ထားကြတဲ့အခြေအနေလို့ ဘီဘီစီရဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က ရွှေကူတိုက်ပွဲမှာ ဒရုန်းအသေးစားအပြင် လက်နက်ကြီးတွေ ပိုသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ဒီနေ့ မေလ ၂၅ ရက် မနက်ပိုင်းမှာ ပြောပါတယ်။
ရွှေကူတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း ရွှေကူကနေ မဘိမ်းမြို့နယ်၊ ငါးအိုးရွာဘက်တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ရုပ်သံဖိုင်တစ်ခုလည်း မနေ့ မေလ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ဗိုလ်မှူးကြီးနော်ဘူကတော့ ရွှေကူ-ငါးအိုး လမ်းပိုင်းပေါ်က အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
မဘိမ်းမြို့ကို KIA နဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
တစ်ဖက် က.သုံး.လုံးဒေသထဲက စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ ကသာ၊ အင်းတော်နဲ့ ထီးချိုင့်၊ မော်လူးစတဲ့ မြို့တွေဘက်မှာလည်း KIA ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူခရိုင်နဲ့ မြို့နယ်ပေါင်း ၉ ခုတို့ကို က.သုံး.လုံး ဒေသလို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။
“ကသာမြို့အပြင် ကသာနဲ့ ထီးချိုင့်ကြားမှာ တိုက်ပွဲတွေရှိပါတယ်။ အင်းတော်-နဘား-မော်လူးဘက်တကြောမှာလည်း တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေဆဲပါ” လို့ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားပါတယ်။
အဲဒီမြို့တွေကို မြန်မာစစ်တပ်က ၂၀၂၆ ခုနှစ်ထဲမှာပဲ ပြန်ထိန်းချုပ်ခဲ့ပေမယ့် ကသုံးလုံးအခြေစိုက် ပူးပေါင်းတပ်တွေကလည်း ဒီနေရာတွေကို ပြန်ရဖို့ ထိုးစစ်ပြန်ဆင်နေတာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ ကချင်နဲ့ စစ်ကိုင်းအစပ်နေရာက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မင်္ဂလာပါ။ မေလ ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။