ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖီဖာဟာ ကစားသမားတွေကို အပူဒဏ်အန္တရာယ်က လုံလောက်တဲ့ကာကွယ်မှုမပေး - သိပ္ပံပညာရှင်များ
- ရေးသားသူ, ကိတ်တီ ဂွန်နယ်
- ရာထူးတာဝန်, ဘီဘီစီ အားကစား သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား အမျိုးသား ဘောလုံးပြိုင်ပွဲမှာ လက်ရှိအသုံးပြုနေတဲ့ အပူဒဏ်ကာကွယ်ရေး အစီအမံတွေဟာ "မလုံလောက်ဘဲ" ကစားသမားတွေကို ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်အဖွဲ့ တစ်ဖွဲ့က ဖီဖာကို သတိပေးလိုက်ပါတယ်။
သုတေသီတွေရဲ့အိတ်ဖွင့်ပေးစာမှာ ကျန်းမာရေး၊ ရာသီဥတုနဲ့ အားကစား စွမ်းဆောင်ရည်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူတွေက ဖီဖာရဲ့လမ်းညွှန်ချက်တွေဟာ လက်ရှိသိပ္ပံဆိုင်ရာ အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ "ကျိုးကြောင်းဆီလျော်မှုမရှိ"တဲ့ အခြေအနေလို့ ဆိုပါတယ်။
ဖီဖာအနေနဲ့ ကစားသမားတွေအတွက် ပိုမို ပြည့်စုံ ကောင်းမွန်တဲ့ အကာအကွယ် အစီအမံတွေ ချမှတ်ပေးဖို့ သူတို့က တောင်းဆိုထားပြီး ပွဲစဉ်အတွင်း အပူလျော့အောင် အနားယူချိန်ကို ခပ်ကြာကြာပေးဖို့နဲ့ ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေမှာ ပွဲစဉ်တွေကို ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ရပ်ဆိုင်းတာမျိုးအတွက် ရှင်းလင်းပြတ်သားတဲ့လုပ်ထုံးလုပ်နည်းတွေ ထည့်သွင်းပေးဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ အခုနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အပူရှိန်ဟာ ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပြီး ကစားမယ့် ဘောလုံးကွင်း ၁၆ ကွင်းထဲက ၁၄ ကွင်းမှာ အပူချိန်ဟာ အန္တရာယ်ရှိနိုင်တဲ့အဆင့်ကို ကျော်လွန်နိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
အမေရိကန်တောင်ပိုင်းနဲ့ မက္ကဆီကိုမြောက်ပိုင်းက နေရာတွေမှာ ပျမ်းမျှနေ့အချိန်အပူချိန်ဟာ ၃၀ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပြီး အပူလှိုင်း ကျချိန်တွေမှာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ပါတယ်။
အပူချိန်၊ စိုထိုင်းဆ၊ လေတိုက်နှုန်းနဲ့ နေရောင်ခြည်ရဲ့ပြင်းအားတို့ကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် ကမ္ဘာ့ဖလားပွဲ ကျင်းပမယ့် မြို့တွေမှာ ကစားသမားတွေဟာ အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထိခိုက်မှုကို ဆိုးဆိုးရွားရွားဆုံးခံစားရနိုင်ခြေ ရှိပါတယ်။
ဖီဖာက "ကစားသမား၊ ဒိုင်လူကြီး၊ ပရိသတ်၊ စေတနာ့ဝန်ထမ်းနဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုတွေကို ကာကွယ်ပေးဖို့ ကတိပြုထားပြီး" ပြိုင်ပွဲစီစဉ်မှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ရာသီဥတုရဲ့သက်ရောက်မှုတွေကိုလည်း ကြိုတင်သုံးသပ်လေ့လာထားတယ်လို့ ပြောပါတယ်။
လက်ရှိ အစီအမံ ဆောင်ရွက်ချက်တွေ
ဘယ်လို ရာသီဥတု အခြေအနေမှာပဲ ဖြစ်ဖြစ် "ကစားသမားတွေ သက်လုံကောင်းဖို့" ပြိုင်ပွဲအတွင်း ပွဲစဉ်တိုင်းရဲ့ ပုံမှန်နားချိန် ၁၅ မိနစ်အပြင် ပထမပိုင်းနဲ့ ဒုတိယပိုင်း ကန်ချိန်တွေရဲ့ အလယ်မှာ ကိုယ်ခန္ဓာအပူချိန် လျှော့ချဖို့ သုံးမိနစ်စီအနားပေးချိန်ကို ဖီဖာက မဖြစ်မနေထည့်သွင်း ထားပါတယ်။
အဆောက်အအုံအပြင်မှာ ကစားတဲ့ကွင်းပွဲတွေအားလုံးမှာ နည်းပြအဖွဲ့တွေနဲ့ အရန်ကစားသမားတွေအတွက် ရာသီဥတု အပူအအေးဒဏ်ကို ထိန်းချုပ်ပြီး သက်သောင့် သက်သာ ရှိစေမယ့် ခုံတန်းတွေ ထားရှိပေးသွားမှာ ဖြစ်ပါတယ်။
အားကစားအတွက် ရွှေစံနှုန်းဖြစ်တဲ့ Wet Bulb Globe Temperature (WBGT) ကို ဖီဖာက အသုံးပြုပါတယ်။ WBGT ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ အပူဒဏ်ကို တိုင်းတာ၊ ခန္ဓာကိုယ် အပူချိန်နဲ့ စိုထိုင်းဆကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ WBGT ၂၈ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ကို ထိပ်တန်းအားကစားသမားတွေအတွက် အပူဒဏ်စိုးရိမ်ရတဲ့အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။
ဖီဖာရဲ့ အရေးပေါ်စောင့်ရှောက်မှုလက်စွဲအရ WBGT ဟာ ၃၂ ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် အဲဒီအထက်မှာရှိရင် "အပူနဲ့ ဆက်စပ်တဲ့ မကျမ်းမာမှုတွေ မဖြစ်ပွားစေဖို့ ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ထားသလဲ ဆိုတာကို" ပွဲစီစဉ်သူတွေနဲ့ သဘောတူညီမှု ရယူထားသင့်တယ်လို့ ဖော်ပြထားပါတယ်။
"ရာသီဥတု ခန့်မှန်းချက်တွေထဲမှာ အပူချိန်မြင့်မားလာရင်လို့ ဖော်ပြတဲ့အခါ" ပွဲကြည့်ပရိသတ်တွေအတွက်လည်း စီစဥ်ထားဖို့ ဖီဖာက ညွှန်ကြားထားပါတယ်။ ပွဲကြည့် ပရိသတ်တွေဟာ စက်ရုံထုတ် အလုံပိတ် ရေဘူးကို ယူဆောင်လာခွင့်ရှိပြီး ကစားကွင်းတွေထဲမှာ အရိပ်ရ နေရာတွေ၊ အအေးဓာတ်မှုတ်စနစ်တွေနဲ့ အအေးခံဘတ်စ်ကားတွေအပြင် ရေဖြန့်ဖြူးတဲ့နေရာတွေ တိုးချဲ့ထားတာ အပါအဝင် အအေးဓာတ်ပေးတဲ့ အစီအမံတွေကို ထပ်ဆောင်း စီစဥ်ထားရမှာ ဖြစ်ပါတယ်။
သုတေသီရဲ့တောင်းဆိုချက်တွေက ဘာတွေလဲ
ဖီဖာကို ပို့တဲ့ သုတေသီတွေရဲ့တိုက်တွန်းစာကို လက်မှတ်ထိုးတဲ့ သူ အယောက် ၂၀ ထဲမှာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပက ထိပ်တန်းပညာရှင်တွေ ပါဝင်ပါတယ်။
ဖီဖာအနေနဲ့ အောက်ပါအကြောင်းအရာတွေအပါအဝင် ကမ္ဘာဖလားပွဲအတွက် အရေးပေါ် ပြန်လည်ပြင်ဆင်ဖို့ သူတို့က အခုလိုတောင်းဆိုထားပါတယ်။
- WBGT ၂၈ ဒီဂရီစင်တီဂရိတ်အထက် ရောက်လာတဲ့အခါ ပွဲတွေကို ရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် ရပ်ဆိုင်းဖို့
- အနည်းဆုံး ခြောက်မိနစ် လောက်အထိကြာတဲ့ အအေးခံ အနားယူချိန်တွေ စီစဥ်ပေးဖို့
- ကစားသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အအေးပေးစက် ကိရိယာတွေ တပ်ဆင်ပေးဖို့
- နောက်ဆုံးသိပ္ပံအချက်အလက်တွေအရ လမ်းညွှန်ချက်တွေကို ပုံမှန် အသိပေးဖို့
ကမ္ဘာ့ကစားသမားများသမဂ္ဂ Fifpro ကနေ အဆိုပြုထားတဲ့စံနှုန်းတွေကိုလည်း ဖီဖာက ကျင့်သုံးဖို့ သူတို့က တိုက်တွန်းထားပါတယ်။
ကစားသမားတွေရဲ့ကျန်းမာရေးကို စာနာပေးဖို့
"ကစားသမားတွေရဲ့ဘေးကင်းလုံခြုံရေးဟာ တကယ့်ကို အရေးတကြီး စိုးရိမ်စရာဖြစ်တယ်၊ အကြောင်းကတော့ လူတွေ အပူရှပ်သွားရင် အခြေအနေက ချက်ခြင်း အလျင်အမြန် မှားယွင်းပြောင်းလဲ သွားနိုင်တယ်။ ကစားသမားတွေရဲ့ကျန်းမာရေးနဲ့ ဘေးကင်းမှုကို မဆင်မခြင် ဖီဖာက စွန့်စားနေတဲ့အပေါ် စိုးရိမ်တယ်"လို့ အိတ်ဖွင့်ပေးစာကို ပေးဖို့ ကြားက ညှိနှိုင်းဆောင်ရွက်ပေးတဲ့ New Weather Institute အဖွဲ့က ဒါရိုက်တာ အင်ဒရူး ဆင်းမ်စ် က BBC Sport အစီအစဥ်ကို ပြောပါတယ်။
နောက်ထပ် လက်မှတ်ရေးထိုးသူတစ်ယောက်ဖြစ်တဲ့ ကော်နက်တီကတ် တက္ကသိုလ်က ပါမောက္ခ ဒေါက်ဂလပ်စ် ကာဆာက ဖီဖာရဲ့လက်ရှိလမ်းညွှန်ချက် တော်တော်များများဟာ စံနှုန်းထားတွေနဲ့ ကွာဟနေတယ်၊ "ပွဲချိန်တစ်ဝက်စီထဲက ရေဓာတ်ဖြည့်နားချိန်ဟာ သုံးမိနစ်ထက် သေချာပေါက် ပိုရှည်ကြာဖို့ လိုအပ်ပြီး အနည်းဆုံး ငါးမိနစ်ကနေ ခြောက်မိနစ်ဆိုရင် ပိုကောင်းတယ်"လို့ ဆိုပါတယ်။
ဒီအိတ်ဖွင့်ပေးစာဟာ "ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ မစခင် ဖီဖာအနေနဲ့ သူတို့ရဲ့ အပူဒဏ်ဆိုင်ရာ လမ်းညွှန်ချက်တွေကို လက်တွေ့နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဆွဲဆောင် သိမ်းသွင်းနိုင်လိမ့်မည်လို့မျှော်လင့်ကြောင်း" ဖော်ပြထားပါတယ်။
၂၀၂၆ ကမ္ဘာဖလားပွဲက ဘာကြောင့် စိုးရိမ်စရာရှိတာလဲ
ပြင်းထန်တဲ့ရာသီဥတု အခြေအနေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာဖွယ်ရှိပါတယ်။ အပူရှိန်၊ မိုးကြိုးမုန်တိုင်းတွေနဲ့ တောမီးလောင်မှုတွေကြောင့် လေထုအရည်အသွေး ညံ့ဖျင်းလာတာတွေဟာ ပြိုင်ပွဲကျင်းပမယ့် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေရဲ့ နွေရာသီတိုင်းမှာ ဖြစ်ပေါ်တတ်တဲ့အခြေအနေတွေ ဖြစ်ပါတယ်။
World Weather Attribution (WWA) အဖွဲ့ကြီးရဲ့ ဆန်းစစ် လေ့လာ သုံးသပ်ချက်သစ်အရ ကစားသမားတွေနဲ့ ပရိသတ်တွေဟာ တိုက်ကြီးတစ်ခုတည်းမှာ ကျင်းပခဲ့တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နှိုင်းယှဉ်ရင် အခုပြိုင်ပွဲဟာ ပြင်းထန်တဲ့ အပူရှိန်နဲ့ စိုထိုင်းဆ ဒဏ်ကို ပိုပြီး ခံစားရနိုင်ခြေ မြင့်မြင့်မားမား ရှိနေပါတယ်။
ပွဲစဉ်လေးပုံတစ်ပုံလောက်ဟာ WBGT ၂၆ ဒီဂရီစင်တီဂရိတ်အထက်မှာ ကစားရဖွယ်ရှိပြီး၊ ငါးပွဲလောက်က WBGT ၂၈ ဒီဂရီစင်တီဂရိတ်အထက် (ခြောက်သွေ့ အပူရှိန် ဖြစ်တဲ့ ၃၈ ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် စိုထိုင်းဆများတဲ့အခါ ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ ညီမျှတဲ့ အခြေအနေ) မှာ ကစားရနိုင်တယ်။ ဒါဟာ ကစားဖို့ အန္တရာယ်ရှိတယ်လို့ Fifpro က သတ်မှတ်ထားတဲ့ အဆင့်ဖြစ်ပါတယ်။ WWA က ၁၉၉၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ရာသီဥတုပြောင်းလဲမှုကြောင့် ပိုပြင်းထန်တဲ့အခြေအနေတွေ ဖြစ်ပေါ်နိုင်ခြေဟာ နှစ်ဆနီးပါး တိုးလာတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။
ဖီဖာရဲ့ တုန့်ပြန်မှု
တိုက်တွန်းစာပါ သုတေသီတွေရဲ့ပြောဆိုချက်တွေကို တိုက်ရိုက်မှတ်ချက်ပေးဖို့ ဖီဖာက ငြင်းဆန်ခဲ့ပေမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ "အဆင့်လိုက် အပူသက်သာရေး အစီအမံ" ကို လုပ်ဆောင်သွားမယ်၊ လက်တွေ့မှာ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အစီအမံတွေ ဆောင်ရွက်သွားမယ်လို့ ဖီဖာက ပြောပါတယ်။
ပြိုင်ပွဲတလျှောက်လုံး ဗဟိုအဆင့်နဲ့ လက်ခံ ကျင်းပမယ့်မြို့တွေအနှံ့မှာ သက်ဆိုင်ရာဒေသက မိုးလေဝသ ခန့်မှန်းချက်တွေအပြင် WBGT နဲ့အတူ အပူညွှန်းကိန်း စောင့်ကြည့်မှုတွေဟာ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဖို့ ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဖီဖာ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
''ရာသီဥတုအခြေအနေကို ထည့်သွင်းစဉ်းစားပြီး ပွဲအချိန်ဇယားကို ရေးဆွဲထားတယ်၊ ပွဲစဥ်ချိန်တွေကို ပြင်တယ်၊ အပူဆုံးအချိန်တွေမှာ ပွဲတွေကို တတ်နိုင်သမျှ ကန့်သတ်ခဲ့တယ်၊ ပူနွေးတဲ့နေရာတွေမှာ ကန်မယ့်ပွဲတွေအတွက် အမိုးအကာအောက်က အားကစားကွင်းတွေကို ဦးစားပေး စီစဥ်ခဲ့တယ်။ နေရာဒေသအလိုက် အပူစွန့်စားမှု အကဲဖြတ်ချက်တွေအပေါ် အခြေခံပြီး ခရီးသွားလာမှုကို အနည်းဆုံးဖြစ်အောင်နဲ့ ကစားသမားတွေ အနားယူတဲ့ရက် အများဆုံးရစေဖို့ ဖီဖာက ရည်ရွယ်ထားတယ်''လို့ ထပ်လောင်း ပြောသွားခဲ့ပါတယ်။
ဒါအပြင် လက်တွေ့မှာ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်ရင် အရေးပေါ်အစီအမံတွေ ကျင့်သုံးသွားမယ်၊ အိမ်ရှင်အာဏာပိုင်တွေနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေပူးပေါင်းပြီး "ဘေးကင်းလုံခြုံကာ ခံနိုင်ရည်ရှိတဲ့" ပြိုင်ပွဲဖြစ်စေဖို့ ဖီဖာက ဆောင်ရွက်နေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။