မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ ရခိုင်ပြည်နယ်နဲ့နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင် ၊ နိုင်ခွန်ချာရီအနီးက မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မနေ့ မေလ ၂၄ ရက်၊ မနက် ၁၀ နာရီခန့်မှာ ဖြစ်ခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။
ဖြစ်စဉ်မှာ သေဆုံးသူ ၃ ဦးဟာ သူတို့ရဲ့ ငှက်ပျောခင်းကို သွားချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦးဒဏ်ရာရလို့ နောက်ထပ် ၂ ဦးက ကယ်ဆယ်ဖို့ကြိုးစားချိန်မှာလည်း ပေါက်ကွဲမှု ၂ ကြိမ် ထပ်ဖြစ်ခဲ့တာလို့ သတင်းတွေမှာဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒေသန္တရ အာဏာပိုင်တွေကတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ နှစ်နိုင်ငံ နယ်စပ်က no-man's-land နေရာမှာဖြစ်ခဲ့တယ်လို့ ကနဦး သိရှိထားရတဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်ကြား အမျိုးသား သုံးဦးဖြစ်ပြီး အဲဒီဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုက ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ကလည်း အခင်းဖြစ်ရာနေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သူတို့ရောက်တဲ့အချိန်မှာ အရပ်သား ၃ ဦးလုံး သေဆုံးသွားပြီလို့ နယူးအေ့စ် သတင်းဌာနကို ဖြေကြားထားပါတယ်။
BGB အနေနဲ့ အခုလိုပေါက်ကွဲမှုတွေကြောင့် နှစ်နိုင်ငံနယ်စပ်အနီးက သုညနယ်ခြားမျဉ်းတဝိုက်မှာ သွားလာတာတွေ မလုပ်ကြဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အသိပညာပေးတဲ့အစီအစဉ်တွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
၂၀၂၅ နှောင်းပိုင်းတုန်းကလည်း ဘင်္ဂလားဒေရှ့်ဘက်ခြမ်း တမ်ဘရူနယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးစောင့်ကြပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

