ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၁၀ နှစ်ကြာပျောက်နေပြီး သခင့်မွေးနေ့မှာအိမ်ပြန်ရောက်လာတဲ့ကြောင်မလေး
- ရေးသားသူ, အန်းဂရက်ဒ် သောမတ်စ်
- ရာထူးတာဝန်, ဘီဘီစီ ဝေလပြည်နယ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားတဲ့ ၁၃ နှစ်သမီး ကြောင်မလေး ချာလီ အိမ်အပြန်လမ်းကို ပြန်ရှာတွေ့ခဲ့ပါပြီ။
၂၀၁၆ ခုနှစ် ဧပြီလတုန်းက သုံးနှစ်သမီးသာရှိသေးတဲ့ ကြောင်မလေး ချာလီ ပျောက်သွားတုန်းက ပိုင်ရှင်တွေဖြစ်တဲ့ လူစီနဲ့ ဟန်နာ ရောဘတ်ဆန်တို့ ညီအစ်မ ကြေကွဲမဆုံး ဖြစ်ခဲ့ကြပါတယ်။
အပြင်မှာ ခြေဆန့်တတ်တဲ့ ကြောင်မလေး ချာလီဟာ တစ်နေကုန် လမ်းတွေပေါ် လျှောက်သွားရင်း အချိန်ဖြုန်းလေ့ရှိပါတယ်။ ဒါပေမဲ့ နေရာသစ်ကို ပြောင်းသွားခဲ့အပြီး တစ်နေ့မှာတော့ အိမ်ပြန်မလာနိုင်တော့ပါဘူး။
ချာလီ့ကို မိသားစုက လနဲ့ချီ ကြာအောင် လိုက်ရှာခဲ့ကြပေမဲ့ အစအနတောင် မတွေ့ခဲ့တော့ပါဘူး။
ပြီးခဲ့တဲ့လက လူစီရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာတော့ အံ့မခန်းစရာဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ ချာလီ့ကို ပြန်တွေ့ထားပြီဆိုပြီး တိရစ္ဆာန်ကု ဆေးခန်းကနေ ဖုန်းဆက်လာတာပါ။
အသက် ၃၇ နှစ်အရွယ် ဟန်နာဟာ ဝေလနယ်အရှေ့တောင်ပိုင်း ကာဖီလီခရိုင် နယူးဘရစ်ချ်မြို့ကနေ မိုင်အနည်းငယ်ဝေးတဲ့အဘာကန်မြို့ဆီ လွန်ခဲ့တဲ့ ၁၀ နှစ်က ပြောင်းလာခဲ့ပါတယ်။
ပြောင်းပြီးပြီးချင်း သုံးရက်အတွင်းမှာပဲ ကြောင်မလေး ချာလီ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ ချာလီက အတော်လေးကို စွာတယ်လို့ ဟန်နာက ပြောပါတယ်။
"သတင်းအစအန တစ်ခုနှစ်ခု ရခဲ့ပေမဲ့ ဘယ်လိုရှာရှာ၊ ရှာလို့ မတွေ့ခဲ့ပါဘူး" လို့ ဟန်နာက ပြောပြပါတယ်။
ချာလီ့ကို တစ်နေ့နေ့ ပြန်တွေ့မှာပဲလို့ ကျွန်မတို့ မျှော်လင့်ချက် ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူးလို့ ဟန်နာက ဘီဘီစီရေဒီယို Wales Drive ကို ပြောပြပါတယ်။
နေရာအနှံ့လိုက်မေးခဲ့သလို ဖေ့စ်ဘွတ်ခ်ပေါ်ကနေလည်း ကြောင်ပျောက်တဲ့ ပို့စ်တင်ခဲ့ပေမဲ့ ချာလီရဲ့ အရိပ်အယောင် ရှာမတွေ့ခဲ့ဘူးလို့ လူစီက ပြောပြပါတယ်။
"ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်။ သူ ကားတိုက်ခံခဲ့ရတာလား၊ ဒါမှမဟုတ် ဆုံးပါးသွားပြီလားဆိုပြီး ကျွန်မတို့ အရမ်းစိုးရိမ် ထိတ်လန့်ခဲ့ရပါတယ်" လို့ ဆိုပါတယ်။
ဒါပေမဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာတော့ အဘာကန်မြို့က တိရစ္ဆာန်ကုဆေးခန်း တစ်ခုဆီကနေ ချာလီ့ကို တွေ့ထားတယ်ဆိုပြီး ဖုန်းဆက်လာတဲ့အတွက် ဟန်နာတစ်ယောက် မယုံနိုင်အောင် အံ့အားသင့်သွားခဲ့ရပါတယ်။
အနားမှာ နေတဲ့ လူတစ်ယောက်က ခြုံတွေကြားထဲမှာ နေနေတဲ့ ချာလီ့ကို လေလွင့်ကြောင်လေးတစ်ကောင်လို့ ယူဆပြီး သီတင်းပတ်နဲ့ချီ အစာကျွေး ပြုစုစောင့်ရှောက်ထားခဲ့ပါတယ်။ အဲဒီနောက် တိရစ္ဆာန်ကု ဆရာဝန်ဆီ ခေါ်သွားတဲ့အခါ မိုက်ခရိုချစ်ပြားပေါ်က နံပါတ်ကို တွေ့ပြီး ဟန်နာကို ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ချာလီက ဆယ်စုနှစ်တစ်ခုလောက် ပျောက်နေတယ်ဆိုတာကို သိသွားရတဲ့အခါ အဲဒီတိရစ္ဆာန်ကု ဆရာဝန် တကယ့်ကို အံ့သြသွားခဲ့တယ်လို့ ဟန်နာက ပြန်ပြောပြပါတယ်။
လူတွေနဲ့ယဉ်နေတဲ့ ကြောင်မလေး ချာလီဟာ ကျန်းမာရေး ကောင်းနေပြီး ညစ်ပတ်ပေရေနေတဲ့ပုံမျိုး မတွေ့ရပါဘူး။
"သူက စွန့်စားခန်း ခရီးထွက်ခဲ့ပုံပါပဲ" လို့ ဟန်နာက ပြောပါတယ်။ ချာလီ ဘာဖြစ်ခဲ့သလဲ ဆိုတာ ကျွန်မတို့ ဘယ်လိုမှ သိနိုင်တော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
လူစီက "သူတို့ချစ်ရတဲ့ ကြောင်မလေးကို ပြန်တွေ့တွေ့ချင်း ချက်ချင်း မှတ်မိခဲ့ပါတယ်။ ဘယ်လိုမှ မျှော်လင့်မထားတော့ အရမ်းကို ဝမ်းသာခဲ့ရပါတယ်" လို့ ပြောပြပါတယ်။
"သူ့ကိုကြည့်ရတာ ဘာမှ သိပ်အပြောင်းအလဲ မရှိဘူး။ ကျွန်မတို့မှာ ရှိနေတဲ့ ဓာတ်ပုံအဟောင်းတွေထဲက အတိုင်းပဲ" လို့ ဆိုပါတယ်။
"သူတို့ရဲ့ တခြား အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူ ကျင့်သားရအောင် ချာလီ့ကို ထားဖို့ အတော်လေးကို လုပ်နေရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ" လို့ လူစီက ပြောပါတယ်။
ဒါပေမဲ့လည်း ချာလီက အစားလည်းမက်၊ အယုယလည်း ခံချင်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကအတိုင်း လူတွေနဲ့ ယဉ်ပါးနေတုန်းပဲလို့ ဆိုပါတယ်။
"လူတွေအာရုံစိုက်တာ" ကိုလည်း သူက ပျော်နေတယ်လို့ လူစီက ပြောပြပါတယ်။
"လောလောဆယ် ချာလီက သူ့ကိုယ်သူ ဆယ်လီဘရစ်တီ ဆိုတာသိနေတယ်လို့ ထင်ပါတယ်။"