ဗန်းမော်စစ်မျက်နှာပြင်ကို သင်္ဘောအစင်းရေ ၃၀ ကျော်နဲ့ထောက်ပို့ဖို့ စစ်တပ်ပြင်

သြဂုတ်လကုန်ပိုင်းမှာ ရွှေကူကနေ ဗန်းမော်ကို တက်လာတဲ့သင်္ဘောတွေထဲတစ်စင်းလို့ ကင်းထောက်အဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Banmaw Scout Team

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ရေကြောင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ သင်္ဘောတွေ ဆုံးရှုံးတာနဲ့ တပ်ဖွဲ့၀င်တွေ လက်နက်ချတာတွေ ရှိနေပေမဲ့ မြန်မာစစ်တပ်ရဲ့သင်္ဘောအစင်းရေ ဆယ်ချီဟာ ဧရာ၀တီမြစ်ထဲ ထပ်ပြီး ဆန်တက်လာနေပါတယ်။

ရွှေကူမြို့ကနေ တက်တဲ့ ၁၂ စီးပါ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်(KIA)က ကြားဖြတ်တိုက်ခိုက်ပြီး ရက်ပိုင်းအကြာမှာပဲ စစ်တပ်က စစ်သင်္ဘော အစင်း ၃၀ ကျော်ကို မန္တလေးကနေ ခုတ်မောင်းစေတာဖြစ်ပါတယ်။

ဒီသင်္ဘောတွေဟာ မန္တလေး-စစ်ကိုင်း-ကချင်ဒေသတွေကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဖြတ်သန်းသွားမှာဖြစ်ပြီး ဗန်းမော်ဆိပ်ကမ်းကို ဦးတည်ဆိုက်ကပ်မှာလို့ လမ်းကြောင်းစောင့်ကြည့်သူအချို့က ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းတုန်းကတော့ ဗန်းမော်စစ်မျက်နှာအတွက် ရွှေကူဆိပ်ကမ်းကနေ တက်လာတဲ့ စစ်တပ်ရဲ့သင်္ဘော ၁၂ စင်းကို ကြားဖြတ်တိုက်ခိုက်လို့ သင်္ဘော တ၀က်နီးပါးပဲ ကမ်းဆိုက်နိုင်ခဲ့ပါတယ်။

စစ်တပ်ဟာ ကချင်ကို ကုန်းလမ်းကနေ လူနဲ့ ထောက်ပို့အင်အား ဖြည့်တင်းဖို့ ခက်နေချိန်မှာ ရေကြောင်းကနေ သင်္ဘောတွေနဲ့ ထပ်ပို့နေလို့ ဒါဟာ KIA အတွက် စိန်ခေါ်ချက်ဖြစ်လာနိုင်လား။

စင်တပ်သင်္ဘောအုပ်စုနဲ့ ဗန်းမော်စစ်မျက်နှာပြင်

စက်တင်ဘာ ၅ ရက်တုန်းက ဧရာဝတီမြစ်ကြောင်းထဲမှာ တွေ့ရတဲ့ စစ်တပ် သင်္ဘောတချို့

ဓာတ်ပုံ ရင်းမြစ်, ဝက်လက် ပကဖ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၅ ရက်တုန်းက ဧရာဝတီမြစ်ကြောင်းထဲမှာ တွေ့ရတဲ့ စစ်တပ် သင်္ဘောတချို့

ကချင်ပြည်နယ်၊ ဗန်းမော်စစ်မျက်နှာပြင်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) တို့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါ။

တိုက်ပွဲဖြစ်တာ ၂ နှစ်နီးပါးကြာလာပေမဲ့ အပြည့်အ၀ ထိန်းချုပ်သူ ဘယ်သူဆိုတာ အဖြေမထွက်သေးပါဘူး။

ဒါပေမဲ့ ဗန်းမော်မြို့တွင်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေက အပိုင်းလိုက်ထိန်းချုပ်ထားတဲ့ အခြေအနေလို့ မြေပြင်သတင်းရင်းမြစ်က စက်တင်ဘာ ပထမသီတင်းပတ်ထဲမှာ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၆ ဒုတိယနှစ်ဝက်ထဲမှာတော့ စစ်တပ်က ဗန်းမော်မြို့ကို အလုံးစုံရရေးအတွက် ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေ လုပ်ပါတယ်။

ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ပထမသီတင်းပတ်အထိ ၁၀ ရက်ဝန်းကျင်အတွင်းမှာပဲ ဗန်းမော်ကို စစ်အင်အားဖြည့်မယ့် သင်္ဘောအုပ်စု ၂ စု စစ်တပ်က စေလွှတ်ပါတယ်။

ပထမအုပ်စုမှာတော့ တိုက်ခိုက်ရေးသင်္ဘောတချို့အပါအဝင် သင်္ဘောအစင်းရေ ၁၂ စင်းပါ၀င်ပါတယ်။ မန္တလေးကနေ တက်လာတဲ့ဒီသင်္ဘောအုပ်စုဟာ ဩဂုတ်လကုန်ပိုင်းမှာ ရွှေကူဆိပ်ကမ်းမှာ ကပ်ပြီးနောက် အထက်ကို ဆက်တက်ပါတယ်။

ဒီသင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက ရွှေကူနဲ့ ဗန်းမော်မြို့တို့ကြား စင်းခန်းတံတားအနီးက မြစ်ကျဉ်းလမ်းကြောင်းအနီးမှာ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ သင်္ဘော ၁ စင်း မီးလောင်ပြီး ၁ စင်းကတော့ နစ်မြုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်၊။

အဲဒီသင်္ဘော ၂ စင်းစလုံး ရိက္ခာတွေတင်ဆောင်လာတဲ့ သင်္ဘောဖြစ်တယ်လို့လည်းဆိုပါတယ်။

နောက်ထပ်ကျန်တဲ့ သင်္ဘော ၁၀ စင်းမှာ ၄ စင်းထက်မနည်း ဗန်းမော်ဆိပ်ကမ်းကို ဆိုက်ကပ်နိုင်ခဲ့ပြီး တချို့သင်္ဘောတွေကတော့ တိုက်ပွဲအတွင်း တိုက်ခိုက်ဖျက်ဆီးခံလိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ပထမသင်္ဘောအုပ်စု တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ပျက်စီး၊ ဖျက်ဆီးခံရတဲ့သင်္ဘောအရေအတွက်နဲ့ တိုက်ပွဲအခြေအနေကို စစ်တပ်ရော KIA ပါ တရားဝင်ထုတ်ပြောတာ မရှိပါဘူး။

ပထမ သင်္ဘောအုပ်စု တိုက်ပွဲမှာ KIA က စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိခဲ့ပြီး သူတို့ကို ထိန်းသိမ်းထားတဲ့နေရာမှာ စစ်ဆေးတာတွေ လုပ်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။

"စစ်ဆေးပြီးရင်တော့ အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းဥပဒေနဲ့ သက်ဆိုင်ရာ တပ်မဟာက ကိုင်တွယ်မှာဖြစ်တယ်" လို့ သူက ဆိုခဲ့တာပါ။

KIA နဲ့ နီးစပ်တဲ့ဘီဘီစီမြေပြင်သတင်းရင်းမြစ်တစ်ဦးကတော့ စစ်သုံ့ပန်းတွေကို ရွှေကူမြို့နယ်ထဲမှာ KIA က စက်တင်ဘာ ၆ ရက်အထိ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်းတွေထဲ ဗိုလ်မှူး အဆင့်ရှိတဲ့ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေလည်း ပါတယ်လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံ သုံ့ပန်းတွေရဲ့ရာထူးအဆင့်တွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဗန်းမော်မှာ တိုက်ပွဲတွေဖြစ်အပြီး ၅ လခန့်အကြာ ညောင်ပင်ရပ် တောင်ပိုင်းက မြင်ကွင်းကို ၂၀၂၅ ခုနှစ်အတွင်းမြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Banmaw Scout Team

ဓာတ်ပုံ ပုံစာ, ဗန်းမော်မှာ တိုက်ပွဲတွေဖြစ်အပြီး ၅ လခန့်အကြာ ညောင်ပင်ရပ် တောင်ပိုင်းက မြင်ကွင်းကို ၂၀၂၅ ခုနှစ်အတွင်းမြင်တွေ့ရတာဖြစ်ပါတယ်

ဒုတိယသင်္ဘောအုပ်စု ဘယ်ရောက်ပြီလဲ

ပထမ သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးရက်ပိုင်းအကြာမှာပဲ စစ်တပ်က ပထမအုပ်စုထက် အင်အား ၃ ဆ ဝန်းကျင် ပိုတိုးထားတဲ့ ဒုတိယ သင်္ဘောအုပ်စုကို မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ မြစ်ကြောင်းအတိုင်း ထပ်ပြီး စေလွှတ်ပါတယ်။

ဂေါဝိန်ဆိပ်ကမ်းကနေ စက်တင်ဘာ ၄ ရက် ညပိုင်းက ထွက်လာတဲ့ အဲဒီသင်္ဘောအုပ်စုဟာ စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ သပိတ်ကျင်းနယ်ထဲကို ရောက်နေပြီလို့ သပိတ်ကျင်းမှာရှိတဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒုတိယသင်္ဘောအုပ်စုထဲက ရှေ့ပြေးသင်္ဘော ၅ စင်းထက်မနည်းဟာ သပိတ်ကျင်းမြောက်ဘက် မြင်သာရွာအနီးတဝိုက်ကို ရောက်လာပြီလို့ သပိတ်ကျင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

စစ်တပ်ရဲ့ ဒုတိယသင်္ဘောအုပ်စုမှာလည်း ပထမသင်္ဘောအုပ်စုလိုပဲ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေအပြင် စစ်မှုထမ်း တပ်သားသစ်တွေကို တင်ဆောင်လာတယ်လို့ ဘီဘီစီရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

''ဒီသင်္ဘောတွေဟာ ဗန်းမော်စစ်မျက်နှာကိုပဲ ဦးတည်နေတာ" လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ကတော့ ဒုတိယ သင်္ဘောအုပ်စု ဗန်းမော်ဆိပ်ကမ်းအထိ ကပ်နိုင်ရေး သင်္ဘောဖြတ်သန်းသွားရာ လမ်းကြောင်းတလျှောက် တိုက်လေယာဉ်တွေနဲ့ စောင့်ကြည့်ထောက်လှမ်းတာ၊ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ မြေပြင်မှာရှိတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

စစ်တပ်က "သပိတ်ကျင်းနဲ့ စဉ့်ကူးနယ်အနီးတဝိုက်မှာ လေကြောင်းရှင်း ပစ်ခတ်တာတွေ လုပ်နေတယ်" လို့ သူက စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ကုန်းရော ရေပါ တင်းမာနေတဲ့ ကချင်စစ်ရေး

စက်တင်ဘာ ၃ ရက်က ဗန်းမော်ဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ စစ်တပ် သင်္ဘောတစ်စင်း

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၃ ရက်က ဗန်းမော်ဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ စစ်တပ် သင်္ဘောတစ်စင်းလို့ တပ်ထောက်ခံသူတွေက တယ်လီဂရမ်မှာ ရေးသား

ဗန်းမော်မြို့နဲ့ မိုင် ၆၀ ကျော်ဝေးတဲ့ရွှေကူမြို့နယ်ထဲမှာလည်း မြေပြင်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စက်တင်ဘာ ၆ ရက်အထိ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ရွှေကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဗန်းမော်နဲ့ ရွှေကူကြားက "စင်းခန်းတံတားအနီးမှာ စစ်ဆိုင်ထားကြတာ" လို့ သူက ဆက်ပြောပါတယ်။

အလားတူ ရွှေကူမြို့ အရှေ့ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်းအနီးမှာရှိတဲ့ ဇင်းဘုံရွာမှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာနေတယ်လို့ သူကပြောပါတယ်။

KIA ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဇင်းဘုံရွာက စစ်တပ်ခြေကုပ်ယူထားတဲ့ တပ်စခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရှင်းလင်းလိုက်တယ်လို့ ဩဂုတ် ၃၀ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ စစ်တပ်ရဲ့ သင်္ဘောအုပ်စုတွေဟာ ဒီတပ်စခန်းရဲ့ စောင့်ကြပ်မှုအရှိန်ကို ယူပြီး ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ရည်ရွယ်ထားခဲ့တာလို့ ထုတ်ပြောပါတယ်။

ဒီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းစပြီး နှစ်ဘက်စစ်ရေးတင်းမာနေတာလို့ သူက ထပ်ပြောပါတယ်။

ရွှေကူမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပေမဲ့ မြို့နယ်ထဲက နေရာတချို့မှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မြို့ပေါ်ပဲ ထိန်းချုပ်ထားနိုင်တဲ့စစ်တပ်အတွက် ဗန်းမော်ကို စစ်ကူအင်အား ထောက်ကူဖို့ရာ ကုန်းပေါ်မှာ စစ်ရေးတင်းမာမှု၊ ပိတ်ဆို့မှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ထောက်ပြပါတယ်။

ဒါကြောင့် မိုးရာသီကာလ မြစ်ရေတက်ချိန်တွေမှာ ရေကြောင်းကို အားပြုပြီး ဗန်းမော် စစ်မျက်နှာပြင်ကို အချိန်ကိုက် ထောက်ပို့ဖို့ လုပ်လာတာလို့ သူက ရှင်းပြပါတယ်။

စစ်တပ်အင်အားဖြည့်တင်းမှု KIA ဟန့်တားနိုင်မှာလား

ဧရာဝတီမြစ်ကြောင်းအတွင်း တိုက်ခိုက်ခံလိုက်ရတဲ့ စစ်တပ်သင်္ဘောတစ်စင်း မီးလောင်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

ဓာတ်ပုံ ပုံစာ, ဧရာဝတီမြစ်ကြောင်းအတွင်း တိုက်ခိုက်ခံလိုက်ရတဲ့ စစ်တပ်သင်္ဘောတစ်စင်း မီးလောင်နေတဲ့မြင်ကွင်း

ရွှေကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်နောက်ထပ်လွှတ်လိုက်တဲ့ သင်္ဘောအုပ်စုတွေ ဗန်းမော်အထိ တက်မလာနိုင်ရေး တပ်ပေါင်းစုံအနေနဲ့ ပြင်ဆင်စုဖွဲ့မှုတွေ လုပ်နေတယ်လို့ပြောပါတယ်။

''ဒုတိယသင်္ဘောအုပ်စုကို ဟန့်တားဖို့ရာ စောင့်ကြည့်နေတယ်'' လို့ သူက ဆိုပါတယ်။

ပထမ သင်္ဘောအုပ်စုတုန်းကလည်း သင်္ဘောအစင်းရေ အပြည့် ဗန်းမော်ကို ဆိုက်ကပ်လို့မရအောင် KIA နဲ့ပူးပေါင်းတပ်တွေက ဒရုန်းတွေ၊ အဝေးပစ် လောင်ချာတွေနဲ့တိုက်ခိုက်ခဲ့တဲ့ရုပ်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရွှေကူမှာလှုပ်ရှားနေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေဖြစ်တာကြောင့် တိုက်ပွဲအမိန့်တွေကိုတော့ KIA ရဲ့ဦးဆောင်မှုနဲ့ပဲ တိုက်ပွဲဖော်ဆောင်တယ်လို့ ပြောပါတယ်။

ဗန်းမော်မြို့ဟာ KIA ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့နဲ့ ကုန်းလမ်းအရ နီးကပ်ပြီး မဟာဗျူဟာကျတဲ့ ကျောထောက်နောက်ခံမြို့တစ်မြို့အဖြစ် အကဲခတ်တွေက ရှုမြင်ကြပါတယ်။

ဒါ့အပြင် ဗန်းမော်ကို အခြေပြုပြီး မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကုန်းလမ်းကို စိုးမိုးနိုင်ပြီဆိုရင် ကချင်ပြည်နယ်အတွင်းက ရေကြောင်းနဲ့ ကုန်းလမ်း ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပါ ဖြတ်တောက်ပိတ်ပင်နိုင်တာကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေအတွက် စစ်ရေးအရ အရေးပါတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်တုန်းကလည်း ရေလမ်းကြောင်းကတဆင့် စစ်တပ်က ဗန်းမော်ကို လက်နက်ရိက္ခာခဲယမ်းဖြည့်တင်းမှုတွေ လုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က အဲဒီအချိန်ကတည်းက ပြောခဲ့ပါတယ်။

ဒီလိုဖြည့်တင်းမှုတွေရဲ့နောက် စစ်တပ်က ဗန်းမော်စစ်မျက်နှာပြင်မှာ အသာစီးပြန်ရသလိုဖြစ်ခဲ့တယ်လို့လည်း သူက ထပ်ပြောပါတယ်။

စစ်တပ်က လေကြောင်းသုံးတာအပြင် "ဒရုန်းတွေ လက်နက်တွေ ထောက်ကူရလာတော့ မြေပြင်ထောက်လှမ်းတာတွေ ပိုလုပ်လာနိုင်တယ်။ ပစ်မှတ်တွေ တိကျလာတယ်" လို့ သူက ဆိုပါတယ်။

ဒါကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေဘက်က မြို့ထဲကနေရာအများစုကို ထိန်းချုပ်ထားနိုင်ရာကနေ တိုက်ပွဲ ၂ နှစ်နီးပါးအကြာမှာတော့ မြို့တွင်းမှာ ထိန်းထားနိုင်တဲ့နေရာတွေက မျှခြေကျကိန်းဆိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ရဲ့ လက်နက်နဲ့ ရိက္ခာ၊ လူအင်အားတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေ ဗန်းမော်ကို ဆိုက်ကပ်နိုင်ပြီဆိုရင် မြို့တွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ပြန်ပြီးပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ဗန်းမော်မှာ လေဆိပ်နဲ့ မြန်မာစစ်တပ်ရဲ့အခြေစိုက်စစ်စခန်းတွေလည်းရှိတာကြောင့် စစ်တပ်ပြန်ထိန်းချုပ်နိုင်မယ်ဆိုရင် "စစ်ကူနဲ့ ခဲယမ်းတွေကို လေကြောင်းနဲ့ ရေကြောင်းကတစ်ဆင့် အလုံးအရင်း ဖြည့်တင်းနိုင်လို့ ကချင်ပြည်နယ်ထဲက KIA ထိန်းချုပ်နေရာတွေအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်" လို့ ပြောပါတယ်။