AI သုံး အထောက်အထားတုကြောင့် ကိုရီးယား မင်းသား ဘဝပျက်သွားခဲ့ရတယ်လို့ ရဲပြော

    • ရေးသားသူ, ဂျိတ်ခ် ကွမ်
    • ရာထူးတာဝန်, ဘီဘီစီသတင်းထောက်၊ ဆိုးလ်မြို့
    • ရေးသားသူ, Koh Ewe
    • ရေးသားပေးပို့သည့်နေရာ, Singapore
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

တောင်ကိုရီးယား မင်းသား ကင်မ် ဆူဟျွန်းကို သူ့ရဲ့ဘဝတစ်ခုလုံး ပျက်သွားစေတဲ့ အရှုပ်တော်ပုံကြီးကို မီးမွှေးပေးခဲ့တဲ့ အထောက်အထားတု ဖန်တီးပြီး နာမည်ဖျက်ခဲ့တယ် ဆိုတဲ့ ယူကျုဘာ တစ်ဦးကို ရဲက ဖမ်းဝရမ်းထုတ်ဖို့ လုပ်နေပါတယ်။

မင်းသမီး ကင်မ် ဆေရွန် အသက်မပြည့်သေးချိန်မှာ ကင်မ် ဆူဟျွန်းနဲ့ တွဲခဲ့တယ်ဆိုတဲ့ အမြင်မျိုး ဖြစ်အောင် အဲဒီ ယူကျုဘာက မက်ဆေ့ဂျ်တွေကို စခရင်ရှော့ရိုက် လိမ်လည်ဖော်ပြခဲ့သလို AI သုံးထားတဲ့ အသံဖိုင်တွေကို ဆိုရှယ်မီဒီယာမှာ ဖြန့်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မနှစ်က အသက် ၂၄ နှစ်အရွယ်မှာ မင်းသမီး ကင်မ် ဆေရွန် သူ့ကိုသူ သတ်သေသွားခဲ့အပြီး ချက်ချင်းဆိုသလို ကင်မ် ဆူဟျွန်း အပေါ် စွပ်စွဲပြောဆိုချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီအရှုပ်တော်ပုံကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီး လူကြိုက်များတဲ့မင်းသား ကင်မ် ဆူဟျွန်း လုံးဝ နာမည်ပျက်သွားခဲ့ရပါတယ်။ သူကတော့ ဒီစွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။

အဲဒီ ယူကျုဘာ ကင်မ် ဆီဝီး ကတော့ အာဏာပိုင်တွေရဲ့ စွပ်စွဲမှုတွေဟာ "သူစုံစမ်းဖော်ထုတ်နေတာကို ဖျက်လိုဖျက်ဆီး လုပ်ဖို့ ပရိယာယ် တစ်ခုသာ ဖြစ်တယ်"ဆိုပြီး ပြောထားတဲ့ ဗီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

ကွယ်လွန်သူ မင်းသမီး ကင်မ် ဆေရွန်က သူအလယ်တန်းကျောင်း တက်နေကတည်းက မင်းသား ကင်မ် ဆူဟျွန်းနဲ့ တွဲခဲ့ကြတယ်လို့ ပြောထားတဲ့ အသံဖိုင်တစ်ခုကို သူ သေဆုံးခဲ့အပြီး လပိုင်းအကြာမှာ ယူကျုဘာ ကင်မ် ဆီဝီးက အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။

ဖော်လိုဝါ တစ်သန်းနီးပါး ရှိတဲ့ ယူကျုဘာ ကင်မ် ဆီဝီး ဟာ မင်းသားနဲ့ မင်းသမီးအကြား ပေးပို့ခဲ့တယ်ဆိုတဲ့ မက်ဆေ့ဂျ်တွေရဲ့ စခရင်ရှော့ တွေကိုလည်း ဖြန့်ခဲ့ပါတယ်။

အဲဒီ အသံဖိုင်ဟာ AI နဲ့ ဖန်တီးထားတာ ဖြစ်တယ်လို့ အခုအခါ အာဏာပိုင်တွေက ပြောနေပါတယ်။

ဒါ့အပြင် ကင်မ် ဆူဟျွန်း ဆီ မက်ဆေ့ဂျ်တွေ ပို့နေတဲ့ ပုံမျိုးဖြစ်အောင် မင်းသမီးရဲ့ ဖုန်း မက်ဆေ့ဂျ် စခရင်ရှော့တွေကို ယူကျုဘာက ပြင်ဆင်ဖန်တီးခဲ့တယ်လို့လည်း အာဏာပိုင်တွေက စွပ်စွဲနေပါတယ်။

အဲဒီယူကျုဘာ ဟာ ငွေရဖို့အတွက် မဟုတ်မမှန် အချက်အလက်တွေကို သိသိကြီးနဲ့ ဖြန့်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။

သူ့ရဲ့ လုပ်ရပ်တွေကြောင့် ကင်မ် ဆူဟျွန်းအပေါ် ဆိုရှယ်မီဒီယာပေါ်ကနေ အားပေးနေသူတွေ အကြီးအကျယ် လျော့ကျသွားခဲ့ရပါတယ်။ စီးပွားရေးပိုင်း လှုပ်ရှားမှုတွေလည်း ထိခိုက်သွားခဲ့ရသလို သူ့ရဲ့ သက်မွေးဝမ်းကြောင်း ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအုတ်မြစ်ကြီး ပြိုပျက်သွားခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ဖိုင်တွဲတစ်ခုမှာ ဖော်ပြထားကြောင်း ဂျွန်အန်း အီဘို သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကင်မ် ဆူဟျွန်း ဟာ စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှု ခုချိန်ထိ ခံယူနေရဆဲပဲလို့လည်း ရဲက ဆိုပါတယ်။

တောင်ကိုရီးယားမှာ နာမည်ကြီး ဆယ်လီတွေဟာ စံနှုန်းမြင့်မြင့် နေထိုင်ကြရပြီး စေ့စေ့စပ်စပ် မပြတ်စောင့်ကြည့်တာကို ခံရလေ့ရှိပါတယ်။ ကိုရီးယား နာမည်ကြီး ဆယ်လီတွေဟာ လိင်ပိုင်းမတော်မလျော်ပြုမှုဆိုင်ရာ ဆိုးဝါးတဲ့ စွပ်စွဲခံရမှုတွေကြောင့်တင်မက ဆယ်ကျော်သက်အရွယ်တုန်းက အနိုင်ကျင့်ခဲ့မှုတွေ၊ ဒီဇိုင်နာအဝတ်အစားအတု ဝတ်ဆင်မှုတွေအကြောင်း ဖော်ထုတ်ခံခဲ့ရပြီး လူထုမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ရတတ်ပါတယ်။

မင်းသမီး ကင်မ် ဆေရွန် ကိုယ်တိုင်က ၂၀၂၂ ခုနှစ်တုန်းက အရက်မူးပြီး ကားမောင်းတဲ့ဖြစ်ရပ်တစ်ခုအတွက် ဒဏ်ကြေး ချမှတ်ခံခဲ့ရအပြီး အွန်လိုင်းပေါ်မှာ လူမုန်းများခဲ့ပါတယ်။ အဲဒီမတိုင်ခင်က ကင်မ် ဆေရွန်ကို တောင်ကိုရီးယားနိုင်ငံရဲ့ အလားအလာ အရှိဆုံး တက်သစ်စမင်းသမီးတွေထဲက တစ်ဦးအဖြစ် အများက ရှုမြင်ထားကြပါတယ်။

ကင်မ် ဆေရွန် ကွယ်လွန်ခဲ့အပြီး ချက်ချင်းဆိုသလိုပဲ သူအသက် ၁၅ နှစ်အရွယ်မှာ မင်းသား ကင်မ် ဆူဟျွန်း နဲ့ တွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အွန်လိုင်းပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးအကြား ပေးပို့ခဲ့တဲ့ မက်ဆေ့ဂျ်တွေ၊ အသံဖိုင်တွေကို အဲဒီ ယူကျုဘာက ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပြီး မင်းသမီးရဲ့ မိသားစုကလည်း ဒါကို ထောက်ခံအတည်ပြုခဲ့တဲ့အတွက် လူတွေရဲ့ စိတ်ဝင်စားမှုကိုအကြီးအကျယ်ခံခဲ့ရပါတယ်။

ကင်မ် ဆူဟျွန်းရဲ့ အေဂျင်စီက သူတို့နှစ်ဦး ဘယ်တုန်းကမှ မတွဲခဲ့ကြပါဘူးဆိုပြီး အစပိုင်းက ငြင်းဆိုခဲ့ပါတယ်။

အဲဒီနောက်မှာ မင်းသားက မင်းသမီးနဲ့ တကယ်တန်း တစ်နှစ်လောက် တွဲခဲ့တယ်ဆိုတာကို ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီး အသက်ပြည့်ချိန် ရောက်မှ တွဲခဲ့ကြတာလို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်မတ်လ သတင်းစာရှင်းလင်းပွဲမှာ မင်းသား ကင်မ် ဆူဟျွန်းက ကင်မ် ဆေရွန် အသက်မပြည့်သေးချိန်မှာ သူတို့လုံးဝ မတွဲခဲ့ကြပါဘူး ဆိုတာကို မျက်ရည်လည်ရွဲနဲ့ အခိုင်အမာ ပြောပြခဲ့ပါတယ်။ "ကျွန်တော် မလုပ်ခဲ့တဲ့အရာတစ်ခုကို လုပ်ပါတယ်ဆိုပြီး ကျွန်တော် ဝန်မခံနိုင်ပါဘူး" လို့ သူက ပြောခဲ့ပါတယ်။

အဲဒီလမှာ ကင်မ် ဆူဟျွန်းက မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့မှုနဲ့ အဲဒီ ယူကျုဘာနဲ့ မင်းသမီးရဲ့ မိသားစုကို ရာဇဝတ်ကြောင်းအရ တိုင်တန်း တရားစွဲဆိုခဲ့ပါတယ်။

အရင်က တီဗီဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာ အများအပြားမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ မင်းသား ကင်မ် ဆူဟျွန်း ဟာအဲဒီအချိန်ကစလို့ လူထုရှေ့မှောက် ထွက်မလာခဲ့တော့ပါဘူး။

အဲဒီအရှုပ်တော်ပုံ ပေါ်ထွက်လာချိန်က Disney+ ချယ်နယ်မှာပြမယ့် Knock-Off ရုပ်ရှင်ဇာတ်လမ်းတွဲမှာ မင်းသား ကင်မ် ဆူဟျွန်း ပါဝင်ရိုက်ကူးဖို့ လုပ်နေတာ ဖြစ်ပေမဲ့ ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ပါတယ်။

ယူကျုဘာ ကင်မ် ဆီဝီး အပေါ် ဖမ်းဝရမ်း ထုတ်ဖို့ အာဏာပိုင်တွေက လျှောက်ထားတာနဲ့ ပတ်သက်လို့ ကင်မ် ဆူဟျွန်းနဲ့ သူ့အေဂျင်စီက ခုချိန်ထိ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။