ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Mango အဝတ်ကုမ္ပဏီပိုင်ရှင် တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့မှု သားဖြစ်သူကို ဖမ်းဆီးလိုက်
- ရေးသားသူ, အယ်လီရှာ ကာရီ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
Mango ကုမ္ပဏီ တည်ထောင်သူ အိုင်ဆက်ခ် အန်ဒစ်ချ် သေဆုံးခဲ့မှုမှာ ဆက်နွှယ်ပတ်သက်နေမှုနဲ့ သူ့ရဲ့ သားဖြစ်သူကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
မစ္စတာ အိုင်ဆက်ခ် အန်ဒစ်ချ် သေဆုံးခဲ့မှုကို ကနဦးတုန်းက မတော်တဆ ဖြစ်ရပ်အဖြစ် သတ်မှတ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အမှုပြန်ဖွင့်ခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှု ထပ်လုပ်ခဲ့ရာကနေ အင်္ဂါနေ့က အသက် ၄၃ နှစ်အရွယ် ဂျော်နသန် ကို စပိန် ကက်တာလန်ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၁ နှစ်အရွယ် အိုင်ဆက်ခ် ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဘာစလိုးနားမြို့နားက မွန့်ဆာရက်တောင်မှာ သားဖြစ်သူနဲ့အတူ လမ်းလျှောက်နေတုန်း ချောက်ကမ်းပါးတစ်ခုကနေ ပြုတ်ကျပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ဦးတည်းလား ဒါမှမဟုတ် တခြား မိသားစုဝင်တွေလည်း ရှိနေသလားဆိုတာနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေမှာ အမျိုးမျိုး ဖော်ပြနေပါတယ်။
ဂျော်နသန်ကတော့ သူ့ဖခင် သေဆုံးခဲ့မှုဟာ သူနဲ့ မဆိုင်ဘူးဆိုပြီး အရင်က ငြင်းဆိုထားပါတယ်။
ဂျော်နသန်ကို ရဲက စစ်ဆေး မေးမြန်းနေပြီး သူမှာ အပြစ်မရှိဘူးဆိုတာကို သူ့မိသားစုက ယုံကြည်စိတ်ချထားတယ်လို့ သူ့မိသားစုရဲ့ ပြောခွင့်ရသူတစ်ဦးက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။
ဂျော်နသန် ဟာ ၂၀၀၅ ခုနှစ်က Mango ကုမ္ပဏီမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ Mango ကုမ္ပဏီထုတ် အမျိုးသားဝတ် အထည်တွေကို ကြီးကြပ်ခဲ့ပါတယ်။ သူ့ဖခင် သေဆုံးခဲ့အပြီး ဂျော်နသန် ဟာ ကုမ္ပဏီဘုတ်အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
အိုင်ဆက်ခ် သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ရာဇဝတ်ကြောင်းအရ မှားယွင်းကျူးလွန်ခဲ့မှု အထောက်အထား တစ်စုံတရာ မတွေ့ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးသူတွေက ၂၀၂၅ ခုနှစ်ဦးပိုင်းမှာ အမှုကို ပိတ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်နှောင်းပိုင်းမှာတော့ ဂျော်နသန်ရဲ့ ထွက်ဆိုချက်တွေက ရှေ့နောက် မညီဘူးဆိုပြီး အမှုကို ပြန်လည်စစ်ဆေးခဲ့တယ်လို့ လာ ဗန်ဂွာဒီယာ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဂျော်နသန်ကို သူ့အိမ်မှာ ရဲတွေ လာရောက် စစ်ဆေးမေးမြန်းခဲ့ပြီး ဒီကနေ့ အင်္ဂါနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီထိုးပြီးစမှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ တရားသူကြီးရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုဖို့ အင်္ဂါနေ့ နှောင်းပိုင်းမှာ သူ့ကို တရားရုံးကို ခေါ်ဆောင်သွားမယ်လို့ ယူဆရကြောင်း အဲဒီသတင်းစာမှာ ဖော်ပြထားပါတယ်။
အိုင်ဆက်ခ် အန်ဒစ်ချ် ဟာ တူရကီနိုင်ငံမှာ မွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ဘာစလိုးနားမြို့မှာ သူ့ညီ နာမန်ရဲ့ အကူအညီနဲ့ Mango ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ အခုအခါ Mango ကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၂၀ က ဆိုင်ပေါင်း ၃၀၀၀ နီးပါးမှာ လည်ပတ်နေပါတယ်။
သူသေဆုံးချိန်မှာ အိုင်ဆက်ခ် ဟာ ဒေါ်လာ ၄ ဘီလျံခွဲ ချမ်းသာကြွယ်ဝကြောင်း Forbes ရဲ့ ကြွယ်ဝသူများ စာရင်းမှာ ဖော်ပြထားပါတယ်။
အိုင်ဆက်ခ် ဆုံးပါးသွားမှုကြောင့် "ကြီးမားတဲ့ လစ်ဟာမှုကြီးတစ်ခု" ဖြစ်သွားစေပါလိမ့်မယ်လို့ Mango အမှုဆောင်အရာရှိချုပ် တိုနီ ရွီဇ် ကအစောပိုင်းတုန်းက ပြောပါတယ်။ "ကျွန်တော်တို့အားလုံးဟာ တနည်းတဖုံအားဖြင့် သူ့ရဲ့ အမွေအနှစ်၊ သူ့ရဲ့အောင်မြင်မှုတွေရဲ့ သက်သေ လို့ ဆိုနိုင်ပါတယ်" လို့ သူက ပြောသွားပါတယ်။