ဖူးခက်လုပ်ငန်းခွင်မှာ ဖမ်းမိတဲ့မြန်မာလုပ်သား ၅၀ ကျော်ထဲကအချို့ရက်ပိုင်းအတွင်း နေရပ်ပြန်ပို့ခံရ
ထိုင်းနိုင်ငံ၊ ဖူးခက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို အာဏာပိုင်တွေက စစ်ဆေးချိန် ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား အယောက် ၆၀ နီးပါးထဲက အချို့ဟာ ရက်ပိုင်းအတွင်း နေရပ်ပြန်ပို့ခံလိုက်ရတယ်လို့ အဲဒီလုပ်ငန်းခွင်ထဲက အလုပ်သမား ၂ ဦးက ဘီဘီစီကို ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းတာ ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အထောက်အထားမဲ့နေထိုင်နေသူအချို့ဟာ နောက်တစ်ရက် ဇွန် ၁၉ ရက်မှာ နေရပ်ပြန်ပို့ခံခဲ့ရတာလို့လည်းဆိုပါတယ်။
“အထောက်အထားရှိတဲ့ လူနည်းစုကိုတော့ ပြန်လွှတ်ပေးတယ်။ ၅ ဦး လွတ်တယ်လို့ ကနဦး သိရတယ်။ တချို့ကိုလည်း အခုထိ ဖမ်းထားတုန်း” လို့ ဒီအခြေအနေကိုသိတဲ့ ဖူးခက်က မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
“မြန်မာဘက် ပြန်ပို့ခံလိုက်ရတဲ့ မြန်မာ လုပ်သားအရေအတွက်ကိုတော့ မသိရသေးဘူး”လို့ သူက ဖြည့်ပြောပါတယ်။
ချွန်ထလဲ ရွာစု ၉ မှာရှိတဲ့ ဇိမ်ခံကွန်ဒို ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းစစ်တပ်နဲ့ ရဲတို့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
စီးနင်းမှုမှာ မြန်မာနိုင်ငံသား ၅၆ ဦးအပါအဝင် တရုတ်နိုင်ငံသား ၁၂ ဦး စုစုပေါင်း ၆၈ ဦးတို့ကို တရားမဝင်ဘဲ အလုပ်လုပ်ကိုင်နေတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဒီနေ့ ဇွန်လ ၂၂ ရက်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား ၁၂ ဦးကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေဖြစ်တယ်လို့ အဲဒီဆိုက်မှာ အလုပ်လုပ်နေသူတစ်ဦးက ဆိုပါတယ်။
ထိုင်းအလုပ်သမားရေးဝန်ကြီး မစ္စတာ ချူလာဖန် အမွန်ဗီဗက်ကတော့ ဖမ်းဆီးခံရသူတွေကို အဲဒီနေ့မှာပဲ အမှုစွဲချက်နဲ့ အခွင့်အရေးတွေကို အသိပေးတာတွေလုပ်ခဲ့ပြီး ချွန်ထလေးရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် တရားမဝင်နိုင်ငံခြားသားတွေကို ငှားရမ်းထားတဲ့ အလုပ်ရှင်တွေကိုလည်း တရားစွဲဆိုမယ်လို့လည်း ဝန်ကြီးဌာနက ကြေညာပါတယ်။
ဇွန်လ ၁၇ ရက်တုန်းကတော့ ဖူးခက်မြို့လယ်ခေါင်က ဈေးဝယ်စင်တာတစ်ခုမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ တောင်ဆူဒန်နိုင်ငံသား တစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
လက်ရှိ ဖူးခက်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းနိုင်ငံခြားတွေအပြင် ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်လုပ်ကိုင်နေတာတွေကို နှိမ်နင်းဖို့ ဖူးခက်နဲ့ ဘန်ကောက်အပါအဝင် တစ်နိုင်ငံလုံးက ခရိုင်အလုပ်အကိုင်ရုံးတွေကို ဆက်တိုက်စစ်ဆေးနေဖို့ကိုလည်း ထိုင်းအလုပ်သမားရေးဝန်ကြီးက ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ဖူးခက်ဒေသမှာ ထိုင်းနိုင်ငံသားအမည်ခံပြီး လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ကွန်ရက်တွေကို နှိမ်နင်းဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ဒေသခံ အေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။