ဖင်လန်မှာ အဖမ်းခံရတဲ့ မြန်မာပညာရေး အေးဂျင့်ဖြစ်စဉ်နောက်ကွယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, နှင်းမို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၁၂
"ကျွန်တော်ကျောင်းတက်ပြီးပညာဆက်သင်ချင်တယ်။ ဒီထက်ပိုပြီးငွေရှာချင်လို့ ဖင်လန်ကိုသွားချင်ခဲ့တာ"
"ညီမ တက္ကသိုလ်တက်ဖူးချင်တယ်။ ဒါမှ အလုပ်ကောင်းကောင်းလည်းရမှာလေ"
"ဖင်လန်က ပညာရေးကောင်းတယ်။ အလုပ်နဲ့ကျောင်း တွဲလုပ်လို့လည်းရတယ်ဆိုလို့ သွားချင်တာပါ"
ကမ္ဘာမှာ ပြည်သူတွေအပျော်ဆုံးနိုင်ငံအဖြစ် စစ်တမ်းတွေမှာ အမြဲဖော်ပြခံရတဲ့နိုင်ငံ၊ အခမဲ့ပညာရေးရတဲ့နိုင်ငံ "ဖင်လန်" ကို သွားချင်ခဲ့တဲ့ မြန်မာကျောင်းသားတွေက ဘီဘီစီကို ဖွင့်ဟပြောပြခဲ့တဲ့ ရင်တွင်းဖြစ်စကားတွေပါ။ သူတို့ရဲ့ လုံခြုံရေးကြောင့် အမည်လွှဲတွေကိုသာ ဒီဆောင်းပါးမှာ အသုံးပြုထားပါတယ်။
ဖင်လန်နယ်ခြားစောင့်တပ်က ထိန်းသိမ်းလိုက်တဲ့ မြန်မာ့ပညာရေးအေးဂျင့်နဲ့ ဆက်စပ်သူတွေကြောင့် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃၅၀ ခန့် ဖင်လန်ရောက်ပြီး အခက်ကြုံရတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တဲ့အထိပါ။
နစ်နာသူကျောင်းသားတွေရဲ့ပြောပြချက်အရ ဖင်လန်မှာ ပညာသင်ရင်းအလုပ်လုပ်နိုင်မယ့် အခွင့်အရေးတွေအကြောင်း လူမှုကွန်ရက်ပေါ်မှာ ဝေဝေဆာဆာပြောပြတတ်တဲ့ ပညာရေးအေးဂျင့် ဦးမင်းမင်းစိုးရွှေ ဖင်လန်မှာဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သိခဲ့ရပါတယ်။
အာဏာသိမ်းမှု - ပညာရေးအခက်နဲ့ အေးဂျင့်တွေရဲ့လုပ်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုကြောင့် သက်ရောက်မှုတွေထဲ မြန်မာ့ပညာရေးအပေါ် ထိခိုက်ချက်က ပြင်းပါတယ်။ အာဏာသိမ်း ၅ နှစ်တာအတွင်း လူ့အခွင့်အရေးရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ပညာသင်ယူခွင့်ရဖို့ခက်ခဲလာလို့ မိဘတွေဟာ ရရာနည်းလမ်းနဲ့ ငွေကြေးစုဆောင်းပြီး သားသမီးပညာရေးအတွက် ပုံသုံးလာကြပါတယ်။
သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ မိဘတွေရဲ့ဆန္ဒ၊ စီးပွားရေးကျပ်တည်းမှုကြောင့် ရုန်းကန်နေရတဲ့မိဘတွေကို ကူညီလိုတဲ့သားသမီးတွေရဲ့ဆန္ဒကို ပညာရေးအေးဂျင့်တွေက ကျွမ်းကျင်စွာ သိရှိခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါကပဲ မြန်မာကျောင်းသားနဲ့ မိဘတွေဟာ လိမ်လည်လိုတဲ့ ပညာရေးအေးဂျင့်တွေရဲ့ သားကောင်တွေ ဖြစ်လာပြီး ငွေကြေးခေါင်းပုံဖြတ်မှုတွေနဲ့ ကြုံတွေ့ဖို့ ဦးတည်စေခဲ့ပါတယ်။
ဖင်လန်မှာကျောင်းတက်လို့ရအောင် လုပ်ပေးမယ်ဆိုပြီး ကျောင်းသားတွေဆီက ငွေကြေးအမြောက်အများကောက်ခံခဲ့တဲ့ပညာရေးအေးဂျင့် တစ်ဦးကို ဖင်လန်နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ဖြစ်ရပ်ဟာ ဒီအခင်းအကျင်းတစ်ခုလုံးကို မီးမောင်းထိုးပြရာ ရောက်နေပါတယ်။
"ငွေတွေလိမ်နေတာလို့ ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်ဖေ့စ်ဘုတ်ပေါ်မှာ ဆက်တိုက် ဖွင့်ပြောခဲ့တယ်။ အဲဒီတုန်းက ဆရာ့ကို ထောက်ခံသူတွေက အွန်လိုင်းကနေ တန်ပြန်တိုက်ခိုက်တယ်။ ဆရာ့ မိသားစုဝင်တွေကအစ လာပြောတာရှိတယ်။ အများနဲ့တစ်ယောက်လို ဖြစ်ခဲ့တော့ စိတ်အတော်ပင်ပန်းခဲ့တယ်" လို့ အသက် ၂၁ နှစ်အရွယ် ကိုမြင့်က ပြောပါတယ်။
အခု ထိုင်းနိုင်ငံက အသင့်စားအစားအသောက်ထုတ်လုပ်တဲ့စက်ရုံတစ်ရုံမှာ ကိုမြင့် အလုပ်လုပ်နေပါတယ်။ သူဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာကလေးတွေအတွက်ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်း တစ်ကျောင်းကနေ GED အောင်မြင်ထားသူပါ။
GED လို့ အတိုကောက်သိကြတဲ့ General Educational Development ဆိုတာ အမေရိကန်ပညာရေးစနစ်အရ အထက်တန်းပညာရေးနဲ့ ညီမျှတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲ အောင်လက်မှတ်နဲ့ GED အောင်မြင်မှုကို လက်ခံတဲ့ ကမ္ဘာတဝန်းက တက္ကသိုလ်တွေကို ဆက်တက်လို့ရပါတယ်။
GED အောင်ထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်းသားအများစုဟာ ပညာသင်ထောက်ပံ့ကြေး အပြည့်အဝမရရင် ထိုင်းမှာဖြစ်စေ တခြားနိုင်ငံတွေမှာ တက္ကသိုလ်ပညာရေး ဆက်သင်ယူဖို့ရာ ခက်ခဲကြပါတယ်။
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားမိဘတွေကနေ မွေးဖွားလာခဲ့တဲ့ ကိုမြင့်ဟာ တက္ကသိုလ်တက်ရင်း အလုပ်လုပ်နိုင်မယ့် ဖင်လန်နိုင်ငံကို သွားရောက်ဖို့ ၂၀၂၄ ခုနှစ်မှာ စကြိုးစားခဲ့ပါတယ်။
"ထိုင်းရဲ့စက်ရုံအလုပ်တွေဆိုတာ တစ်လကို ဘတ် ၁ သောင်း အများဆုံးပဲ။ ကျွန်တော့်မိဘတွေလည်း ဒီအလုပ်တွေပဲလုပ်ရတော့ လစာကောင်းကောင်းရတဲ့အလုပ်လုပ်ပြီး ဘဝတိုးတက်ချင်တယ်။ ကျောင်းလည်း တက်ချင်တော့ ဖင်လန်ကို သွားဖို့ဆုံးဖြတ်လိုက်တာပါ" လို့ ကိုမြင့်က သူ့ရဲ့ ဖင်လန်အိပ်မက် စခဲ့ပုံကို ပြန်ပြောပြပါတယ်။
ထိုင်းမှာ GED အောင်ပြီး ပညာရေးလမ်းပျောက်နေတဲ့ မြန်မာကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေဟာ အခမဲ့ပညာရေးရဖို့ ဖင်လန်ကို ပို့ပေးမယ်လို့ တသွင်သွင်ပြောလေ့ရှိတဲ့ ပညာရေးအေးဂျင့်ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် အမေရိကန်နဲ့ ဗြိတိန်လို အင်အားကြီးနိုင်ငံတွေက မြန်မာနိုင်ငံသားတွေအပေါ် ဗီဇာတင်းကျပ်မှုတွေ၊ နိုင်ငံသားခံယူမှုတွေကို စိစစ်တာတွေ ပိုတိုးလုပ်လာတဲ့အခါ ဥရောပတိုက်မြောက်ပိုင်းက ဖင်လန်နိုင်ငံဟာ မျက်စိကျစရာ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။
ဖင်လန်ကို ပို့ပေးမယ်ဆိုတဲ့ပညာရေးအေးဂျင့်တွေလည်း ဆက်တိုက်ပေါ်လာပြီး ဖင်လန်ရောက်မြန်မာတွေရဲ့အဆင်ပြေကောင်းမွန်တဲ့ပုံရိပ်ကို သူတို့ရဲ့ဖေ့စ်ဘုတ်၊ တစ်တော့နဲ့ ယူကျူတို့ကနေ ဆက်တိုက်ဖော်ပြခဲ့ကြပါတယ်။
- "၉ နှစ်ဆက်တိုက် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ ဖင်လန်ကို သွားရမယ့်အခွင့်အရေး"
- "ကမ္ဘာ့စံပြ အထက်တန်းပညာရေး"
- "ဗီဇာအလွယ်တကူရပြီး အခမဲ့ပညာသင်ခွင့်"
- "ကျောင်းတက်ရင်း အလုပ်လုပ်ရင် သွားစရိတ် အရင်းကျေတယ်"
- "နေထိုင်ခွင့်ပါမစ် တစ်ယောက်ရရင် မိသားစုလိုက် လိုက်ပါခွင့်ရမယ်"
ဒါဟာ အေးဂျင့်တွေရဲ့မက်လောက်စရာ ကြေညာချက်တွေပါ။ ပညာရေးအေးဂျင့်တွေဟာ ဖင်လန်မှာ အထက်တန်းကျောင်း၊ သက်မွေးပညာကျောင်းနဲ့ တက္ကသိုလ်ဆိုပြီး ကိုယ်နဲ့သင့်တော်တဲ့ပညာရေးကို ရွေးချယ်သွားလို့ရမယ့်လမ်းကြောင်းတွေကိုပါ ပြောပြလေ့ရှိပါတယ်။
အဲဒီထဲကမှ Brighter Future Way ကုမ္ပဏီကတော့ ကျောင်းတက်ရင်း အလုပ်လုပ်နိုင်မယ်ဆိုတဲ့မက်လုံးနဲ့ ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းကျောင်းသားတွေကို အဓိက ဆွဲဆောင်ခဲ့ပါတယ်။
ဖင်လန်အိပ်မက်အတွက် ယုံကြည်မှုရယူ

ဓာတ်ပုံ ရင်းမြစ်, Brighter Future Myanmar / Facebook
ဦးမင်းမင်းစိုးရွှေတည်ထောင်ထားတဲ့ Brighter Future Way ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ ထိုင်း၊ မြန်မာနဲ့ ဖင်လန်တို့မှာ အသေးစားကုမ္ပဏီအဖြစ် တရားဝင်မှတ်ပုံတင်ထားကြောင်း အများဝင်ရောက်ကြည့်ရှုလို့ရတဲ့သက်ဆိုင်ရာနိုင်ငံအလိုက် ဝက်ဆိုက်စာမျက်နှာတွေမှာ တွေ့နိုင်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ရဲ့အချက်အလက်နဲ့ ပတ်သက်လို့တော့ အသေးစိတ် မဖော်ပြထားပါဘူး။
နေပြည်တော် ပညာရေးဝန်ကြီးဌာနကတော့ ဖင်လန်နိုင်ငံမှာ ကျောင်းတက်နိုင်ဖို့ ဆောင်ရွက်ပေးတဲ့ပညာရေးအေးဂျင်စီတွေကို တရားဝင် မှတ်ပုံတင်ချပေးထားတာမျိုးမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် နိုင်ငံခြားသားကုမ္ပဏီပိုင်ဆိုင်မှု စည်းမျဉ်းစည်းကမ်းအရ ထိုင်းနိုင်ငံသားက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ရမှာပါ။ နယ်စပ်က ရွှေ့ပြောင်းမြန်မာကျောင်းသားတွေကို ဦးတည် တည်ထောင်ထားခဲ့တဲ့ Brighter Future Way ကုမ္ပဏီမှာလည်း ဦးမင်းမင်းစိုးရွှေနဲ့အတူ ပူးတွဲတည်ထောင်သူရှိနေပါတယ်။
"ဆရာနဲ့ အဆက်အသွယ်မရတော့ကတည်းက ကျောင်းသားတချို့ ပြန်သွားပြီ။ အဆောင်မှာကျောင်းသား မရှိတော့ဘူး။ ကျောင်းလည်း ပိတ်တော့မယ်" လို့ ကုမ္ပဏီပူးတွဲတည်ထောင်သူ မစ္စတာ ဖိထ ပါကေက ဗမာဘာသာစကားနဲ့ ဖြေကြားပါတယ်။
မစ္စတာ ဖိထ ပါကေကို ဘီဘီစီက ဆက်သွယ်မေးမြန်းချိန်မှာ သူ ရယူထားတဲ့ရာထူးအတိအကျကို ဖြေကြားတာ မရှိခဲ့ပါဘူး။ အတူတွဲဖက်လုပ်ကိုင်တဲ့ ဦးမင်းမင်းစိုးရွှေရဲ့ ကိစ္စရပ်အပါအဝင် ငွေကြေးတောင်းခံတာတွေနဲ့ ပတ်သက်လို့ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် ဘီဘီစီကအကြိမ်ကြိမ်ထပ်မံဆက်သွယ်ပေမဲ့ မစ္စတာ ဖိထ ဘက်က ဖုန်းကိုင်ဖြေဆိုခြင်းမရှိတော့ပါဘူး။
ဖင်လန်နိုင်ငံမှာ ဦးမင်းမင်းစိုးရွှေအပါအဝင် ၃ ဦးကို ဧပြီ ၂၈ ရက်မှာ နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဖင်လန်ရောက်မြန်မာအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
ဖင်လန်နယ်ခြားစောင့်တပ်ကတော့ ဖမ်းဆီးခံ ပညာရေးအေးဂျင့်အပါအဝင် ဆက်စပ်သူတွေရဲ့ နာမည်နဲ့ အချက်အလက်တွေကို ထုတ်မပြောပါဘူး။ ဒါပေမဲ့ စစ်ဆေးနေတဲ့ ပညာရေးအေးဂျင့်နဲ့ ဆက်စပ်သူတွေဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃၅၀ ခန့်ကို ကျောင်းတက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါ်ယူဖို့ လုပ်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဘီဘီစီမေးမြန်းခွင့်ရတဲ့ ကျောင်းသားတွေရဲ့အပြောအရ ဦးမင်းမင်းစိုးရွှေဦးဆောင်တဲ့ Brighter Future Way ကျောင်းနဲ့ ကျောင်းသားတွေကြား ခိုင်မာတဲ့သဘောတူညီစာချုပ် ချုပ်ဆိုတာမျိုးမရှိပါဘူး။ ဦးမင်းမင်းစိုးရွှေနဲ့ အလွတ်သဘောညှိနှိုင်းဆောင်ရွက်ချက်ပေါ်မူတည်ပြီး ကျောင်းသားတစ်ဦးနဲ့ တစ်ဦးလည်း ငွေသွင်းရတဲ့ပုံစံ ကွာခြားပါတယ်။
"ခက်ခဲတဲ့ကျောင်းသားတွေဆိုရင် နိုင်သလောက်ပဲ ပိုက်ဆံအရင်သွင်းပြီးမှ ဖင်လန်ရောက်ရင် အလုပ်လုပ်ရင်း ပြန်ဆပ်ဆိုတာမျိုး ဆရာက လုပ်ပေးတယ်။ ကျွန်တော်ဆိုရင် ပထမအလုပ်နဲ့အဆင်မပြေတော့ နောက်အလုပ် ထပ်ရှာပေးပြီး သေချာလုပ်ပေးတာပါ။ အဆင်ပြေပါတယ်" လို့ ကိုမျိုးက ပြောပါတယ်။
ထိုင်း - မြန်မာနယ်စပ်က ရွှေ့ပြောင်းမြန်မာအထက်တန်းကျောင်းတစ်ကျောင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့တဲ့ကိုမျိုးဟာ အဲဒီကုမ္ပဏီကတဆင့် ဖင်လန်ကို ရောက်တာ သုံးနှစ်နီးပါး ရှိပါပြီ။ သူက ကုမ္ပဏီ တည်ထောင်စကာလမှာ စေလွှတ်ခဲ့တဲ့ ကျောင်းသားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
"ကျွန်တော်ကအခုထိလည်း အဲဒီကုန်ကျစရိတ်ကို အလုပ်လုပ်ရင်း လတိုင်းလစာရဲ့ ရာခိုင်နှုန်းတခုကို ဆရာ့ကို ပြန်ဆပ်နေရတုန်းပါ" လို့ ကိုမျိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုယ်တိုင်ကလည်း ရွှေ့ပြောင်းကျောင်းသားတစ်ဦးဖြစ်ခဲ့တဲ့ ဦးမင်းမင်းစိုးရွှေဟာ သူကြီးပြင်းခဲ့တဲ့ မဲဆောက်မြို့က မြန်မာကျောင်းတွေဆီ ၂၀၂၂ ခုနှစ်ကစလို့ ဖင်လန်ပညာရေးအကြောင်းပြကာ အဝင်အထွက်လုပ်ခဲ့တယ်လို့ ကျောင်းသားတွေဆီကနေ သိရပါတယ်။ အဲဒီကျောင်းတွေမှာ GED အောင်မြင်တဲ့ ကလေးတွေအနေနဲ့ ပညာရေးအခွင့်အလမ်း တစ်ခုအဖြစ် ဖင်လန်ကို ရွေးချယ်နိုင်ကြောင်း သူက သတင်းစကားပါးခဲ့တာပါ။
မဲဆောက်ကျောင်း တစ်ကျောင်းကနေ GED အောင်မြင်ခဲ့တဲ့ မနော်ဖောကတော့ "ကျောင်းကလည်း ဒီလိုဖင်လန်သွားလို့ရတယ်ဆိုတဲ့အခွင့်အရေးရှိတယ်ဆိုတာ ပြောပြတယ်။ ကျောင်းက စီနီယာတွေကလည်း အဆင်ပြေတာမြင်တော့ GED အောင်ပြီးတာနဲ့ ၂၀၂၄ မှာ ဖင်လန်စာ စသင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှု ဆက်တိုက်ဖြစ်တဲ့အခါ မနော်ဖော တစ်ယောက် မြန်မာအစိုးရကျောင်းမှာ သတ္တမတန်းအထိသာ အတန်းတက်ရောက်ခဲ့သူပါ။ အဲဒီနောက် မဲဆောက်က ရွှေ့ပြောင်းကလေး မြန်မာကျောင်းမှာ ကျောင်းဆက်တက်ခဲ့ပြီး GED အောင်မြင်ခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ဆက်စပ်လို့ ဘီဘီစီက ရွှေ့ပြောင်းကျောင်းနှစ်ကျောင်းက ကျောင်းအုပ်တွေကို ဆက်သွယ်မေးကြည့်တဲ့အခါမှာတော့ "ဦးမင်းမင်းစိုးရွှေနဲ့ သဘောတူပူးပေါင်းဆောင်ရွက်တာ မရှိဘူး" လို့ ငြင်းဆိုကြပါတယ်။
တဖက်မှာတော့ မဲဆောက်ကျောင်းထွက်တွေ ဖင်လန်ကို ချောချောမွေ့မွေ့ရောက်တယ်ဆိုတဲ့ သတင်းစကားနဲ့အတူ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေကို ကူညီပေးတယ်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု ဦးမင်းမင်းစိုးရွှေ ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီကျော်ကြားမှုကပဲ ရွှေ့ပြောင်းကျောင်းသားတွေကိုသာမက ထိုင်းနိုင်ငံတလွှားရောက် မြန်မာတွေနဲ့ ပြည်တွင်းနေ မြန်မာတွေကိုပါ ဖင်လန်သွားဖို့ ထပ်မံဆွဲဆောင်နိုင်ခဲ့ပါတယ်။
"ကျွန်မက ဖင်လန်စာကို ကိုယ့်ဘာသာ လေ့လာထားပါတယ်။ သူ့ဆီမှာ ဘာသာစကားသင်တဲ့အပိုင်း မယူဘဲ ကျောင်းရှာဖို့နဲ့ ဗီဇာလျှောက်ဖို့ကိုပဲ သူတို့ရဲ့ဝန်ဆောင်မှုယူခဲ့တာပါ။ အဲဒါနဲ့ မဲဆောက်က သူ့ကျောင်းမှာ သွားနေခဲ့ပါတယ်" လို့ အသက် ၂၈ နှစ်အရွယ် မသူဇာက မြန်မာကနေ မဲဆောက်မှာ နေထိုင်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။
ဖင်လန်နိုင်ငံဟာ အင်္ဂလိပ်ဘာသာစကားအသုံးမများဘဲ ဖင်လန်စကားကိုသာ တွင်တွင်ကျယ်ကျယ်သုံးပြီး သက်ဆိုင်ရာဖင်လန်ကျောင်းတွေမှာသာ ဘာသာစကား စစ်ဆေးကာ ကျောင်းဝင်ခွင့်ဖြေဆိုရတဲ့ပုံစံ ဖြစ်ပါတယ်။
"ဖင်လန်စကား တတ်ရမယ်ဆိုတဲ့ ကွက်လပ်မှာ ပညာရေးအေးဂျင့်တွေက အကွက်မြင်ပြီး အခုလိုငွေကြေး အများကြီးယူပြီး ခေါင်းပုံဖြတ်ကြတာပါ" လို့ ဖင်လန်အကြောင်းမျှဝေတဲ့ Your Migration Guide To Finland ကို ဦးဆောင်တဲ့ မရည်နွယ်စိုးက ထောက်ပြပါတယ်။
ဖင်လန်မှာ အထက်တန်းကျောင်းရော သက်မွေးပညာကျောင်းတွေမှာပါ ကျူရှင်ခပေးစရာ မလိုဘဲ အခမဲ့ပညာရေး စနစ်ဖြစ်တာကြောင့် ဘာသာစကားသင်ပေးတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပညာရေးအေးဂျင့်တွေက ငွေကြေးအမြောက်အများ ကောက်ခံခဲ့ကြတာပါ။
ကျောင်းသားတွေ ဘယ်လိုငွေကြေးပေးရလဲ

ဓာတ်ပုံ ရင်းမြစ်, Brighter Future Myanmar / Facebook
ဘီဘီစီစုံစမ်းကြည့်ချက်အရ ဖင်လန်ကိုသွားဖို့ ကျောင်းသားတစ်ယောက်ဟာ ပျှမ်းမျှ ယူရိုငွေ ၁၀,၀၀၀ ကို ပညာရေးအေးဂျင့်ဆီ ပေးသွင်းရပါတယ်။ လက်ရှိကာလပေါက်ဈေးနဲ့ တွက်ရင် ထိုင်းဘတ်ငွေ ၃၇၀,၀၀၀ နဲ့ မြန်မာကျပ်ငွေ သိန်း ၅၀၀ ကျော်ပါတယ်။
အဲဒီပေးသွင်းရတာဟာ ဖင်လန်စာ သင်ကြားပေးတဲ့ ပရိုဂရမ်ကြေး ယူရိုငွေ ၈,၀၀၀ နဲ့ ဖင်လန်သွားဖို့ ဗီဇာ၊ လေယာဉ်လက်မှတ် ဝယ်ပေးတဲ့ဝန်ဆောင်မှုကြေး ၂,၀၀၀ ဆိုပြီး ကောက်ခံတာပါ။
"၂၀၂၄ ဒီဇင်ဘာမှာမှ ဘတ် ၁ သိန်းကို အရင်မသွင်းနိုင်ဘူးဆိုရင် ဈေးတက်မယ်လို့ ဆရာကပြောတယ်။ အဲဒါနဲ့ ၁၀ လပိုင်းမှာပဲ ဘတ် ၁ သိန်းသွင်းလိုက်တယ်။ ၂၀၂၅ ဧပြီမှာက ယူရိုငွေနဲ့ ၅,၅၀၀ သွင်းရတယ်။ ဘတ်နဲ့ သွင်းရတဲ့အဲ့အချိန်ကဆို မြန်မာကျပ်ငွေ ၁ သိန်းက ထိုင်းဘတ် ၅၀၀ ကျော်ပဲ ပေးရတဲ့အချိန်လေ''
"အဲဒီငွေသွင်းဖို့ အမေတို့ ခြံ ၂ ကွက်ရောင်းလိုက်ရတယ်" လို့ မနော်ဖောက သူ့ဖြစ်စဉ်ကို ပြောပြပါတယ်။
ကိုမြင့်ကလည်း သူ့မိဘတွေ တစ်သက်တာလုံး ရွှေ့ပြောင်းအလုပ်သမားအဖြစ်လုပ်ကိုင်ရင်း စုဆောင်းခဲ့တဲ့ ရွှေတွေကို ရောင်းချပြီး ဖင်လန်သွားရဖို့ ပညာရေးအေးဂျင့်ဆီ ငွေသွင်းခဲ့တာပါ။ သွင်းခိုင်းတဲ့ ငွေပမာဏပြည့်အောင် နီးစပ်ရာဆွေမျိုးတွေဆီကပါ ငွေကြေးချေးငှားခဲ့ရပါတယ်။
"အစကတည်းက ဦးမင်းမင်းစိုးရွှေကို ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်။ သူက ဘတ် ၃ သိန်းကို ပြည့်အောင်ရှာလိုက် စာကြိုးစားတယ်ဆိုရင် သူ့ဘက်က ကူညီပေးနိုင်တယ်လို့ ပြောတယ်။ အဲဒါနဲ့ မဲဆောက်က အဆောင်မဝင်ခင်မှာပဲ ဘတ် ၃ သိန်းကို သူ့ထိုင်းဘဏ်အကောင့်ထဲ တစ်လုံးတစ်ခဲတည်း လွှဲပေးခဲ့တယ်" လို့ ကိုမြင့်က သူငွေသွင်းခဲ့ပုံကို ပြန်ပြောပါတယ်။
ဦးမင်းမင်းစိုးရွှေရဲ့ကုမ္ပဏီကတဆင့် ဖင်လန်သွားမယ့်ကျောင်းသားတွေဟာ မဲဆောက်မြို့မှာ သူဖွင့်ထားတဲ့ ဖင်လန်ဘာသာစကားသင်တဲ့ကျောင်းမှာ အဆောင်နေပြီး ၁ နှစ်နီးပါးခန့် စာသင်ကြရပါတယ်။ ဖင်လန်ကို မထွက်ခွာခင်အထိ ဗီဇာစောင့်ဆိုင်းရတဲ့ကာလတွေလည်း ကျောင်းသားအများစုက မဲဆောက်က အဆောင်မှာနေကြပါတယ်။
"အဆောင်ခ၊ နေစရိတ်စားစရိတ်တွေက သူ့ကိုသွင်းထားရတဲ့ ပရိုဂရမ်ကြေး၊ ဝန်ဆောင်မှုကြေးတွေထဲ မပါဘူးနော်။ မဲဆောက်မှာ အဆောင်နေတာမှာ တစ်ယောက်ကို တစ်လ ဘတ် ၃,၅၀၀ ပေးရတယ်၊ နောက်ပိုင်း ဘတ် ၄,၀၀၀ အထိ ဈေးတက်တယ်" လို့ ဖင်လန်သွားဖို့ ရန်ကုန်ကနေ မဲဆောက်မှာ အဆောင်နေခဲ့သူ မသူဇာက ပြောပါတယ်။
မြန်မာကနေ ထိုင်းကို လာတဲ့ကုန်ကျငွေ၊ ထိုင်းမှာနေထိုင်တဲ့ ဗီဇာသွင်းငွေတွေကိုလည်း ကိုယ့်စရိတ်နဲ့ ကိုယ်သုံးစွဲခဲ့ရတာကြောင့် မသူဇာဟာ ဖင်လန်ကိုသွားဖို့ ကျပ်ငွေ သိန်း ၁,၀၀၀ နီးပါး သုံးခဲ့ရပါတယ်။ အဲဒီပမာဏသုံးစွဲနိုင်ဖို့ အတိုးနဲ့ငွေကြေးချေးယူခဲ့ရတယ်လို့ မသူဇာက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးမင်းမင်းစိုးရွှေဟာ ဖင်လန်နိုင်ငံမှာ မိသားစုနဲ့အတူနေထိုင်ပြီး ကျောင်းသားတွေကို ပို့ပေးဖို့ အတွက် ထိုင်းနိုင်ငံကို မကြာခဏလာလေ့ရှိပါတယ်။ မဲဆောက်မြို့က ဖင်လန်ဘာသာစကားသင်တဲ့ အဆောင်မှာတော့ အဆောင်မှူးတွေကို ခန့်ထားကာ ကြီးကြပ်စေခဲ့ပါတယ်။
သူ ဖမ်းဆီးခံရချိန်မှာ အဲဒီအဆောင်မှူးတွေကို ဘီဘီစီက မေးမြန်းနိုင်ဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့မရတော့ပါဘူး။
ဒီကျောင်းရဲ့လည်ပတ်ပုံဟာ ကျောင်းသားအချင်းချင်းပြန်လည်သင်ကြားပေးတဲ့ပုံစံလို့ ဘီဘီစီ စကားပြောခွင့်ရတဲ့ ကျောင်းသား ၆ ဦးထက်မနည်းက ပြောပြကြပါတယ်။ မဲဆောက်က ဖင်လန် ဘာသာစကားသင်ကျောင်းမှာ တတ်ကျွမ်းတဲ့ဆရာတွေက သင်ကြားပေးတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
"အတန်းကြီးတဲ့ကျောင်းသားက ပြန်သင်ပေးတယ်၊ ကိုယ့်ဘာသာ လေ့လာရတယ်။ ကျောင်းဝင်ခွင့် အင်တာဗျူးဖြေခါနီး ၂ ပတ်လောက်လိုရင် ဆရာဦးမင်းမင်းစိုးရွှေက အွန်လိုင်းကတဆင့်သင်ပေးတယ်။ ဝင်ခွင့်ရပြီးရင် ကျောင်းဘက်က ဆက်သင်ပေးတယ်" လို့ မနော်ဖောက ရှင်းပြပါတယ်။
"အချင်းချင်းပြန်သင်နေတာကို ဒီစာသင်တာဘာလို့ ယူရို ၈,၀၀၀ တောင်ပေးရတာလဲလို့ အမြဲတွေးမိတယ်။ ဗီဇာလျှောက်တာ၊ စာရွက်စာတမ်းပြင်တာ၊ ဘဏ်အချက်အလက်ပြရတာ ပတ်စပို့အတွက် လိုအပ်တာ လုပ်ရတာတွေအကုန် ကိုယ့်ဘာသာပဲ လုပ်ရတာလေ။ သူတို့က ဒါဆိုဘာအတွက် အဲဒီလောက် ပိုက်ဆံအများကြီး ယူတာလဲ" လို့ မနော်ဖောက သူ့မှာအတွေးများခဲ့ရကြောင်း ပြန်ပြောပြပါတယ်။
ဘဏ်အချက်အလက် မခိုင်မာလို့ဆိုပြီး မနော်ဖောရဲ့ ဗီဇာလျှောက်ထားမှု ပယ်ချခံလိုက်ရပါတယ်။ ရွှေ့ပြောင်းကျောင်းသားဖြစ်တဲ့ ကိုမြင့်ကလည်း ထိုင်းမှာနေထိုင်ခွင့်အထောက်အထားသက်တမ်းတိုးတာမှာ ကြာမြင့်နေတာကြောင့် ဗီဇာ မလျှောက်လိုက်ရပါဘူး။ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပါဝင်ထားတာကြောင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလို့မရခဲ့တဲ့ မသူဇာလည်း ဗီဇာလျှောက်ခွင့် မရလိုက်ပါဘူး။
ကျောင်းဝင်ခွင့်တွေ အောင်မြင်ခဲ့ကြပေမဲ့ ဗီဇာအဆင့်မအောင်မြင်တဲ့အခါ မြန်မာပြန်သူကပြန်၊ ထိုင်းမှာ ရရာအလုပ်ကို လုပ်သူကလုပ်နဲ့ သူတို့ရဲ့ဖင်လန်အိပ်မက်တွေ တဝက်တပျက်မှာပဲ ကျိုးပျက်ခဲ့ရပါတယ်။ ဒါကြောင့် ပေးသွင်းထားတဲ့ပိုက်ဆံပြန်ပေးဖို့ တောင်းခံချိန်မှာတော့ ဦးမင်းမင်းစိုးရွှေဘက်က ငြင်းဆန်ခဲ့ပါတယ်။ ပမာဏတချို့သာ ပြန်ပေးနိုင်မယ်လို့ တုံ့ပြန်ခဲ့ကြောင်း ကျောင်းသားတွေက ပြောပြပါတယ်။
"ကျွန်တော်က အစတည်းက ဘတ် ၃ သိန်းပဲ သွင်းနိုင်တယ်လို့ သူနဲ့ သဘောတူခဲ့တာ။ တကယ်တမ်းကျ အဆောင်ကြေးပေးရမယ်ဆိုပြီး တစ်လကို ဘတ် ၃,၅၀၀ နဲ့ ဖြတ်လာတာ တစ်နှစ်ကျော်ပဲ။ အဲဒါနဲ့ မသွားတော့ဘူးလို့ ဆုံးဖြတ်တော့ ကျန်တဲ့ပိုက်ဆံပြန်တောင်းတာ လုံးဝမရဘူး"
"အွန်လိုင်းမှာပါ ကျွန်တော် အထောက်အထားတွေနဲ့တင်တော့ ဦးမင်းမင်းစိုးရွှေရဲ့ အမေကိုယ်တိုင်က လာပြောတယ်။ ကုန်ကျစရိတ်တွေရော အဆောင်ကြေးနဲ့တွက်ရင် ကျွန်တော့်ပိုက်ဆံ တပြားမှ မကျန်ဘူးတဲ့။ ဗီဇာလည်းမလျှောက်ဖြစ်လိုက်ဘူးလေ။ ဘာလို့အကုန်လုံးကုန်သွားရတာလဲ စဉ်းစားမရဘူး။ စာရင်းလည်း မပြဘူး" လို့ ကိုမြင့်က သူ့အတွေ့အကြုံကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မသူဇာကတော့ ကိုမြင့်ရဲ့နည်းလမ်းနဲ့မတူပဲ ငွေပမာဏတချို့ကို အဆင်ပြေသလောက်ပြန်လွှဲပေးဖို့သာ ဦးမင်းမင်းစိုးရွှေဆီ အလျှော့ပေးတောင်းဆိုခဲ့သူပါ။ ငါးကြိမ်တိတိ တောင်းခဲ့ပေမဲ့ ငွေပြန်မရပါဘူး။
မနော်ဖောအဖြစ်ကတော့ မိဘတွေနဲ့ မဲဆောက်က ဦးမင်းမင်းစိုးရွှေကျောင်းမှာ ရှိတဲ့အဆောင်မှူးတွေကြား ရန်ဖြစ်စကားများကြတဲ့အထိ တင်းမာခဲ့ပါတယ်။
အခု ဖင်လန်နယ်ခြားစောင့်တပ်က ဦးမင်းမင်းစိုးရွှေကို ဖမ်းဆီးလိုက်ပြီးတဲ့နောက်မှာလည်း ဒီငွေကြေး ပြဿနာတွေကို ဖြေရှင်းဖို့ ကျောင်းမှာဆက်စပ်လုပ်ကိုင်သူတွေဆီ ဆက်သွယ်လို့ မရတော့ဘူးလို့ ကျောင်းသားတွေဆီကနေ သိရပါတယ်။ အခြေအနေသိနိုင်ဖို့ ကျောင်းမှာ အဆောင်မှူး လုပ်ခဲ့သူတွေလို့ ဆိုသူတွေဆီ ဘီဘီစီက ဖုန်းကနေ ဆက်သွယ် စုံစမ်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒါအပြင် ကုမ္ပဏီက တရားဝင်ကြေညာထားတဲ့ ဖုန်းတွေဟာ ဆက်သွယ်လို့မရသလို အီးမေးလ်ကတဆင့် မေးမြန်းမှုကိုလည်း ဇွန် ၃ ရက်အထိ ပြန်ဖြေကြားတာ မရှိပါဘူး။ ဦးမင်းမင်းစိုးရွှေ ဖမ်းဆီးခံထားရတဲ့နောက်ဆက်တွဲအခြေအနေကို မိခင်ဖြစ်သူဆီကိုလည်း ဖေ့စ်ဘုတ်ကတဆင့် ဆက်သွယ်ပေမဲ့ ပြန်လည်တုံ့ပြန်တာ မရှိပါဘူး။
"တိုင်ကြားခံရတာ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ဒါ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု သက်သက်လို့ပဲ မြင်တယ်" လို့ ကာယကံရှင်မိသားစုနဲ့ နီးစပ်တဲ့ ဖင်လန်ရောက် မြန်မာကျောင်းသား ကိုမျိုးက သူ့အမြင်ကို ပြောပါတယ်။
နစ်နာသူကျောင်းသားအသိုင်းအဝိုင်းမှာတော့ ငွေကြေးခေါင်းပုံဖြတ်ခံရသူတွေက ဖင်လန်အာဏာပိုင်တွေဆီ တိုက်ရိုက်တိုင်ကြားတာလို့ သတင်းထွက်ပေါ်နေပြီး တိုင်ကြားသူတွေရဲ့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုတာမျိုး မတွေ့ရပါဘူး။
ဖင်လန်ဥပဒေနဲ့ ငြိစွန်းနိုင်တဲ့ ငွေကြေးအမြတ်ထုတ်မှု

ဓာတ်ပုံ ရင်းမြစ်, Rajavatiolaitos/ website
မြန်မာငွေသိန်းရာနဲ့ချီကုန်ကျခံကာ ဖင်လန်ကိုရောက်ကြပေမဲ့ နေထိုင်စားသောက်ရေး၊ အလုပ်ရရေးနဲ့ ဘာသာစကား ကျွမ်းကျင်ဖို့ကလည်း ကျောင်းသားတွေ ထပ်ကြုံရတဲ့စိန်ခေါ်ချက်တွေပါ။
မြန်မာကျောင်းသားတွေတက်ရောက်နေတဲ့ သက်မွေးကျောင်း တချို့မှာသာ နေ့လယ်စာနဲ့ အဆောင်ကြေးအခမဲ့ ပါဝင်ပြီး တချို့ကျောင်းတွေမှာ ဒီလိုခံစားခွင့် မရှိပါဘူး။ ဒါကြောင့် ကျောင်းသားတချို့ဟာ ပညာရေးအေးဂျင့်တွေရဲ့အစီအစဉ်နဲ့ ကာလပေါက်ဈေးထက်များတဲ့ နေအိမ်တွေကို ငှားရမ်းကြရတယ်လို့ ဖင်လန်ရောက် မြန်မာတွေဆီကနေ သိရပါတယ်။
ဒါအပြင် ကမ္ဘာ့အခက်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ Finn (ဖင်း) စကားကို ကျွမ်းကျင်အောင် မသင်ကြားပေးလိုက်တာကြောင့်လည်း အလုပ်ရရေးအတွက်ပါ စိန်ခေါ်ချက်ဖြစ်လာပါတယ်။
"ဒီမှာက ဘုရားကျောင်းတွေမှာ အခမဲ့ အစားအစာပေးတာတွေရှိတယ်။ တချို့မြန်မာကျောင်းသားတွေဆို အဲဒီနေရာတွေက ပေးတာတွေသွားယူပြီး စားရတဲ့အခြေအနေ ဖြစ်နေတယ်
"ရာခိုင်နှုန်းတစ်ခုပဲ ပိုက်ဆံပေးပြီး ဖင်လန်ကို ရောက်လာကြတယ်။ အလုပ်ရမှ ဒီအေးဂျင့်တွေဆီ အရစ်ကျ ပြန်ဆပ်ရမယ်ဆိုတာမျိုးပေါ့။ တကယ်တမ်း အလုပ်မရတော့ ကျောင်းသားတွေက အကြွေးတွေ ပိလာတယ်" လို့ Your Migration Guide To Finland ကို ဦးဆောင်တဲ့ မရည်နွယ်စိုးက ဖင်လန်ရောက်မြန်မာကျောင်းသားတွေရဲ့အခြေအနေကို ပြောပြပါတယ်။
ပညာရေးအေးဂျင့်တွေရဲ့လုပ်ရပ်ဟာ ဖင်လန်တရားဥပဒေ (Finnish Crime Code) အရ ဆိုးရွားတဲ့ ငွေညှစ်မှုဖြစ်နိုင်ခြေရှိတဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတယ်လို့ အခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတဲ့ ဖင်လန်ပင်လယ်ကွေ့ ရေကြောင်း စောင့်ကြည့်ရေးတပ်ခွဲ ပြစ်မှုနှိမ်နင်းရေးဌာနဆီကနေ သိရပါတယ်။
"ဒီအမှုကို စုံစမ်းရင်း တွေ့ရှိရတာက ဖင်လန်မှာ နေထိုင်ခွင့်ပါမစ်ရဖို့ အကျိုးဆောင်တွေက ကျောင်းသားတွေ ကိုယ်တိုင်မသိတဲ့အချက်အလက်အမှားတွေ ပေးခဲ့တယ်လို့ သံသယရှိပါတယ်။ ဖင်လန်မှာ ကျောင်းသားတွေအလုပ်ရဖို့ သိပ်ခက်ခဲပြီး ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ၊ အကြွေးတင်တာတွေပါ ရင်ဆိုင်နေရတယ်" လို့ Juho Sillanpää က အီးမေးလ်ကတဆင့် ပြောပါတယ်။ Juho Sillanpää ဟာ ဖင်လန်ပင်လယ်ကွေ့ ရေကြောင်း စောင့်ကြည့်ရေးတပ်ခွဲ ပြစ်မှုနှိမ်နင်းရေးဌာနကို ဦးဆောင်နေသူပါ။
အခုစစ်ဆေးမှုနဲ့ပတ်သက်လို့ ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အစီရင်ခံစာထွက်မယ်လို့ သူက ဆက်ပြောပါတယ်။
အခု ပညာရေးအေးဂျင့်ဖြစ်စဉ်မှာ လူမှုကွန်ရက်ပေါ် အုပ်စုဖွဲ့တိုက်ခိုက်တဲ့ ဆိုက်ဘာအနိုင်ကျင့်မှုတွေပါ ပါဝင်ပတ်သက်နေတာကို ကျောင်းသားတွေရဲ့ပြောပြချက်အရ သိရပါတယ်။
"အကြွေးဆပ်ဖို့ ထိုင်းက စက်ရုံမှာ နေ့ဆိုင်းရော ညဆိုင်းပါ ကျွန်တော် ဆင်းနေရတယ်။ အဲဒီငွေလိမ်တဲ့ကိစ္စကို လိုင်းပေါ်မှာ ထုတ်ပြောလို့ အများနဲ့တစ်ယောက် အနိုင်ကျင့်ခံရတဲ့ခံစားချက်ကို ကျွန်တော် ထပ်မခံစားနိုင်တော့ဘူး။ ပင်ပန်းနေပြီ" လို့ ကိုမြင့်က ပြောပါတယ်။
ကိုမြင့်ရဲ့အတွေအကြုံဟာ ဖင်လန်ပညာရေး ဝန်ဆောင်မှု သားကောင်ဖြစ်ခဲ့ရတယ်လို့ဆိုတဲ့ကျောင်းသားတွေအတွက် သူတို့ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ မရဲဝံ့ဖြစ်စေတဲ့အကြောင်းရင်းဖြစ်နေပါတယ်။
အဲဒီကျောင်းသားတွေထဲမှာ ထိုင်းနဲ့ မြန်မာအပြင် ဖင်လန်ရောက် ကျောင်းသားအချို့ပါ ပါဝင်နေပါတယ်။
ဖမ်းဆီးခံရမှု နောက်ဆက်တွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးမင်းမင်းစိုးရွှေဖမ်းဆီးခံရပြီးနောက် ဖင်လန်သွားဖို့ပြင်ဆင်နေဆဲကျောင်းသားအကုန်လုံး ကမောက်ကမ အခြေအနေကို ရင်ဆိုင်လိုက်ရပါတယ်။ ဘီဘီစီသိရှိရတဲ့ ပူပူနွေးနွေးဖြစ်စဉ်ကတော့ EduSavo သက်မွေးပညာကျောင်းက Brighter Future Way ကုမ္ပဏီနဲ့ စာချုပ်ရုပ်သိမ်းတယ်ဆိုကာ ကျောင်းသားတွေရဲ့ ဝင်ခွင့်ကို ပယ်ဖျက်လိုက်တာပါ။
မေ ၁၈ ရက်မှာ ကျောင်းသား ၂၉ ဦးရဲ့ ကျောင်းဝင်ခွင့်ပယ်ဖျက်ခံလိုက်ရတဲ့ ဖြစ်စဉ်မှာတော့ Brighter Future Way ဘက်က ဦးမင်းမင်းစိုးရွှေ ဖမ်းဆီးခံရလို့ အခြေအနေစောင့်ကြည့်ပါလို့သာ တုံ့ပြန်ပြီး တစုံတရာ ဆောင်ရွက်ပေးတာမရှိဘူးလို့ ကိုယ်တွေ့ကြုံရသူတွေဆီက သိရပါတယ်။
"ပညာရေးအေးဂျင့်ကတဆင့် ချိတ်ဆက်တဲ့ commissioned education programme အနေနဲ့ ဒီကျောင်းသားတွေကို ပထမဆုံးလက်ခံတာပါ။ သွင်းရမယ့်ပိုက်ဆံတွေကို မသွင်းတဲ့အတွက် စာချုပ် ရပ်လိုက်တာဖြစ်ပါတယ်" လို့ EduSavo ကျောင်းဦးဆောင်သူ Mira Repo က ဘီဘီစီကို ပြောပါတယ်။
လာမယ့် သြဂုတ် ၁ ရက်မှာ ဖင်လန်က ပညာရေးမူဝါဒပြောင်းလဲမှာဖြစ်ပြီး ပညာရေးအေးဂျင့်တွေမလိုဘဲ ကျောင်းသားတွေကိုယ်တိုင် ပညာသင်ကြားကြေး တိုက်ရိုက်သွင်းကာ ကျောင်းတွေကို လျှောက်ထားခွင့်ရှိမယ်လို့ သူက အီးမေးလ်ကတဆင့် ဖြေကြားပါတယ်။
ဖင်လန်ရဲ့မူဝါဒအသစ်အရ ဥရောပသမဂ္ဂ ပြင်ပနိုင်ငံတွေက ကျောင်းသားတွေဟာ အခမဲ့ပညာရေး ရရှိတော့မှာ မဟုတ်ပါဘူး။ ကျူရှင်ခ ပေးသွင်းရတော့မှာဖြစ်ပြီး ကျောင်းနဲ့တိုက်ရိုက်ချိတ်ဆက်ကာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
"မူဝါဒအသစ်အရ ပညာရေးအေးဂျင့်တွေနဲ့ လက်တွဲ မလုပ်တော့ပါဘူး" လို့ Mira Repo က ဆက်ပြောပါတယ်။
ဒါပေမဲ့ ကျောင်းဝင်ခွင့်လည်း ပယ်ဖျက်ခံရ၊ ဗီဇာလည်း မကျလာတဲ့အတွက် မိဘတွေနဲ့ပါ ပြဿနာတွေ ဆက်တိုက်တက်နေပြီး စိတ်ပိုင်းဆိုင်ရာပင်ပန်းနေရပြီလို့ အသက် ၁၉ နှစ်အရွယ် ကိုထက်မြတ်က ပြောပါတယ်။
သူဟာ ဖင်လန်သွားဖို့ ဦးမင်းမင်းစိုးရွှေဆီ ယူရို ၁၀,၀၀၀ အပြည့်သွင်းထားပြီး EduSavo မှာ ကျောင်းတက်ဖို့ လုပ်ခဲ့သူပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘန်ကောက်မြို့အခြေစိုက် ဖင်လန်သံရုံးကတော့ ဒီလိုဖြစ်ရပ်တွေ အလွန်အမင်းစိုးရိမ်နေတယ်လို့ ဘီဘီစီရဲ့မေးမြန်းချက်ကို တုံ့ပြန်ဖြေပါတယ်။
"သံရုံးဘက်က လျှောက်ထားသူရဲ့အချက်အလက်ကို စိစစ်တာ၊ ဘိုင်အိုမက်ထရစ် ဒေတာတွေကို စုဆောင်းတာနဲ့ ဒါတွေကို ဖင်လန်လူဝင်မှုကြီးကြပ်ရေးဌာနဆီ ပေးပို့တာသာ လုပ်ဆောင်ပါတယ်။ ကျောင်းသားတွေရဲ့ နေထိုင်ခွင့်ပါမစ်ချပေးတာကို သံရုံးက မလုပ်ပေးပါဘူး" လို့ ဖင်လန်သံရုံးရဲ့ လူဝင်မှုဌာန ခေါင်းဆောင် Saara Grip က ပြောပါတယ်။
ဗီဇာလျှောက်ထားရာမှာ အေးဂျင့်တွေကို အသုံးမပြုဘဲ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအတိုင်း ကျောင်းသားတွေ ကိုယ်တိုင်လျှောက်ထားဖို့ သူက သတိပေးပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် မြန်မာအတွက်ဗီဇာဝန်ဆောင်မှုကို ဘန်ကောက်က ဖင်လန်သံရုံးမှာပဲ လုပ်ပေးနေပြီး ၂၀၂၆ နှစ်ကုန်ပိုင်းမှာ ရန်ကုန်မှာရှိတဲ့သံရုံးကို ပိတ်တော့မှာပါ။
အခုလို ဦးမင်းမင်းစိုးရွှေ ဖမ်းဆီးခံရပြီးနောက်မှာတော့ ငွေကြေးအမြောက်အများတောင်းခံတဲ့ နောက်ထပ် ပညာရေးအေးဂျင့်တွေ ရှိနေသေးတယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေကို ဆက်တိုက်တွေ့လာရပါတယ်။ အသက် မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတွေ ကျောင်းတက်ရောက်ရင် သိရှိရမယ့်အချက်အလက်တွေကို လုံလုံလောက်လောက် မပေးတာကြောင့် ဖင်လန်မှာ အခက်ကြုံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့နေရတဲ့ကျောင်းသားတချို့က ဘီဘီစီကို ရင်ဖွင့်ထားပါတယ်။
လက်ရှိဖြစ်ရပ်ကို စစ်ဆေးနေတဲ့ ဖင်လန်နယ်ခြားစောင့်တပ်ကတော့ ငွေကြေးခေါင်းပုံဖြတ်မှုတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေ သတင်းပို့ဖို့ မေ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ထုတ်ဖော်ပြောလာသူအားလုံးကို စုံစမ်းစစ်ဆေးတာမှာ နစ်နာခဲ့သူတွေအဖြစ် သတ်မှတ်ပေးမယ်လို့လည်း ဖင်လန်နယ်ခြားစောင့်တပ်က ဘီဘီစီကို ပြောပါတယ်။
ဖင်လန်မှာ ပညာသင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အေးဂျင့်ဆိုသူကို ယုံကြည်ပြီး ငွေကြေးပုံအောပေးကာ ဝန်ဆောင်မှု ယူခဲ့ကြတဲ့ မြန်မာကျောင်းသားတွေကတော့ ဒါဟာ အိပ်မက်တစ်ခု ပျက်စီးသွားတာထက် ပိုပါတယ်။
"မသွားရဘူးဆိုတာ သေချာသွားတော့ အသက်တောင် မရှင်ချင်လောက်အောင်ပဲ။ နားထောင်နေတဲ့ ဖင်လန်သီချင်းတွေလည်း ဆက်နားမထောင်ချင်တော့ဘူး၊ ဖင်လန်အကြောင်း သတင်းတွေလည်းမဖတ်တော့ဘူး" လို့ ရန်ကုန်မြို့မှာ ပြန်လည်နေထိုင်နေတဲ့ မသူဇာက ရင်ဖွင့်ပြောခဲ့ပါတယ်။












