အသက် ၄၄ နှစ်မှာ ကွင်းထဲခြေပြန်ချမယ့်တင်းနစ်ဘုရင်မ

    • ရေးသားသူ, ပေါလ် ဘတ်တင်ဆန်
    • ရာထူးတာဝန်, ဘီဘီစီ အားကစား သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမားတွေထဲ တစ်ယောက်ဖြစ်တဲ့ ဆီရီနာ ဝီလီယံစ်ဟာ တင်းနစ် လောကထဲက ထွက်ခွာသွားတာ ၄ နှစ်လောက် ကြာခဲ့ပြီးမှ Queen's Club လို့ခေါ်တဲ့ လန်ဒန်က ပုဂ္ဂလိက ကလပ်အသင်းမှာ အမျိုးသမီး နှစ်ဦးချင်း ယှဥ်ပြိုင်ရတဲ့ ပွဲတွေ အခုလကုန်ပိုင်းမှာ ကစားဖို့ ရှိပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ စမယ့်ပြိုင်ပွဲအတွက် wildcard လို့ခေါ်တဲ့ ခွင့်ပြုကတ်ကို ရရှိထားပြီး သူနဲ့တွဲကစားမယ့်သူကို တရားဝင် အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ သူနဲ့အတူ ကစားမယ့်သူဟာ ကနေဒါ ဆယ်ကျော်သက် တင်းနစ်မယ် ဗစ်တိုးရီးယား အမ်ဘိုကို ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

အမေရိကန်သူ အသက် ၄၄ နှစ်အရွယ် ဆီရီနာ ဝီလီယံစ်ဟာ တင်းနစ်ကစားခဲ့တဲ့ ၂၇ နှစ်အတွင်း Grand Slam (ဂရန်းစလန်း) ဆုကို တစ်ဦးတည်း ချန်ပီယံ ၂၃ ကြိမ်အနိုင်ရပြီးနောက် ၂၀၂၂ မှာ တင်းနစ်လောကထဲက အနားယူသွားခဲ့တာပါ။

တားမြစ်ဆေး သုံးစွဲမှု ရှိ မရှိ စစ်ဆေးဖို့ မှတ်ပုံတင်ထားတဲ့ကစားသမားတွေ စာရင်းမှာ သူ့နာမည် ပါခဲ့ပြီးနောက် သူတင်းနစ်လောကထဲ ပြန်လာမယ့်သတင်းတွေ မနှစ်ကစပြီး စထွက်ခဲ့တာ ဖြစ်ပါတယ်။

သူကတော့ ပြန်မလာဘူးလို့ ငြင်းခဲ့ပေမဲ့ ဖေဖေါ်ဝါရီလတုန်းက International Tennis Integrity Agency (ITIA)ရဲ့စာရင်းမှာ သူ့နာမည် တွေ့ရတဲ့အခါ အဲဒီပြောဆိုမှုတွေ ပိုကျယ်လာပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ လူမှုကွန်ရက်ပေါ်ကနေ "သတင်းကြားသူတိုင်း သိပါစေ" စာတန်းပါတဲ့ တင်းနစ်ကွင်းထဲကို လမ်းလျှောက်နေတဲ့ဗီဒီယိုဖိုင်ကို သူက မျှဝေထားပြီး "သတင်းကောင်းလေး လူ သိပိုမြန်ပါတယ်" လို့ ရေးသားထားတဲ့ပို့စ်တစ်ခုနဲ့အတူ တွေ့ရပါတယ်။

"Queen's Club" က ဘဝရဲ့ စာမျက်နှာသစ်တခု စတင်ဖို့ ပြီးပြည့်စုံတဲ့နေရာပါလို့ သူက ပြောပါတယ်။

"မြက်ခင်း တင်းနစ်ကွင်းတွေက သူ့ရဲ့ကစားသမားဘဝမှာ အဓိပ္ပါယ်အရှိဆုံး အခိုက်အတန့်တွေကို ဖန်တီးပေးခဲ့ပြီး အားကစားလောကရဲ့အထင်ရှားဆုံးအဆင့်တွေထဲက နေရာတစ်ခုမှာ ပြန်လည် ယှဉ်ပြိုင်ခွင့်ရလို့ စိတ်လှုပ်ရှားမိပါတယ်"လို့ သူက ဆိုပါတယ်။

သူ့ကစားပွဲတွေကို ၂၀၂၂ အမေရိကန် အိုးပင်းတင်းနစ် ပြိုင်ပွဲမှာ နောက်ဆုံးမြင်ရပြီးနောက်မှာ လန်ဒန်မှာ သီတင်း ၁၉၆ ပတ်ကြာ ကျင်းပမယ့် WTA 500 ပွဲတွေမှာ ကစားဖို့ ရှိပါတယ်။

အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ အမ်ဘိုကိုကတော့ အမျိုးသမီး တင်းနစ်ပြိုင်ပွဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးအလားအလာ ရှိသူတွေထဲက တစ်ယောက်ဖြစ်ပြီး တစ်ကိုယ်တော်ပြိုင်ပွဲတွေမှာ ကမ္ဘာ့အဆင့် ၉ နေရာမှာ ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်က ပြင်သစ်အိုးပင်းပွဲမှာ သူ့ရဲ့ဒုတိယအကျော့ပွဲစဉ်အပြီးမှာ အမ်ဘိုကိုက ဝီလီယံစ်ကို သူ လေးစားရသူ တစ်ယောက်အဖြစ် ဖော်ပြခဲ့ပါတယ်။

အမ်ဘိုကိုဟာ စနေနေ့က Roland Garros ပွဲမှာ တတိယအချီမှာ သြစတြေးလျအိုးပင်းချန်ပီယံဟောင်း မက်ဒစ်ဆင် ကီးစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဆီရီနာ ဝီလီယံစ်ဟာ ကွင်းစ်ကလပ်ပွဲစဥ်တွေ ကစားပြီး သုံးပတ်အကြာမှာ တစ်ကိုယ်တော် ၇ ကြိမ်နဲ့ နှစ်ဦး ပူးပွဲယှဥ်ပြိုင် ၇ ကြိမ် ချန်ပီယံ ဆွတ်ခူးခဲ့တဲ့ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွေကို စ ကစားမှာ ဖြစ်ပါတယ်။

သူအခုလို ပြိုင်ဖို့ ခွင့်ပြုတဲ့ wildcard တစ်ခုလိုပေမဲ့ သူဟာ ကွင်းစ် ကလပ် ပွဲတွေကိုမြက်ခင်းပြင်မှာ နောက်တစ်ကြိမ်ကစားမယ့် အလားအလာဟာ ပွဲစီစဉ်သူတွေအတွက် ရင်သပ်ရှုမောဖွယ်ရာတစ်ခုဖြစ်ပါတယ်။

ဆီရီနာ ဝီလီယံစ်ဟာ အမျိုးသမီး တစ်ဦးချင်းပွဲတွေမှာ ဂရန်းစလန်း ၂၃ ကြိမ်တိုင် ဆွတ်ခူးခဲ့တဲ့ အိုးပင်း တင်းနစ်လောကမှာ ဆုအများဆုံးပိုင်ရှင်ဖြစ်ပြီး၂၄ ကြိမ် ရခဲ့ဖူးတဲ့ မာဂရက်ကော့ထ် ပြီးရင် ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၃၁၉ ပတ်ကြာရှိခဲ့ပြီး WTA Tour ပြိုင်ပွဲတွေမှာ တစ်ဦးချင်းပြိုင်ပွဲဆု ၇၃ ခု ရရှိခဲ့ပါတယ်။

အစ်မဖြစ်သူ ဗီးနပ်စ် ဝီလီယံစ်နဲ့ ဂရန်းစလန်း ချန်ပီယံဆု ၁၄ ကြိမ် ဆွတ်ခူးခဲ့ပြီး သူတို့နှစ်ယောက်ဟာ ပွဲကြီးတွေရဲ့နောက်ဆုံးပွဲတွေမှာ ရှုံးပွဲမရှိခဲ့ဘဲ ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ တစ်ဦးချင်း ရွှေတံဆိပ်နဲ့အတူ ရွှေတံဆိပ် ၃ ခု ရခဲ့ပါတယ်။

သူဟာ တစ်ကိုယ်တော်ပွဲစဥ်နဲ့ ပူးတွဲ ပွဲစဥ်တို့မှာ 'Golden Slam' ဆုတွေ ရခဲ့ပြီး ဂရန်းစလန်းနဲ့ အိုလံပစ် ရွှေတံဆိပ်ဆု လေးကြိမ်စလုံး လက်ဝယ်ပိုင်ပိုင် ရခဲ့တဲ့အပြင် တစ်ကိုယ်တော် ပွဲစဥ်တိုင်းကို အနည်းဆုံး သုံးကြိမ် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၈ မှာတော့ ပထမဆုံး သမီးလေး မီးဖွားပြီးနောက် တင်းနစ်လောကထဲ ပြန်ဝင်ခဲ့ရာမှာ ပွဲကြီးတွေမှာ ဗိုလ်လုပွဲအထိ လေးကြိမ်တိုင် ရောက်ရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်း နံပတ် ၁၀ အဆင့်ကို ပြန်ရောက်ခဲ့ပါတယ်။

ဝင်ဘယ်လ်ဒန်ပွဲတွေမှာ တစ်ကိုယ်တော် ကစားဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာမလားဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ "နောက်တစ်ဆင့်အနေနဲ့ ဒီလိုကစားဖို့ တင်းနစ်လောကထဲ ပြန်လာတာလည်း ဖြစ်နိုင်ခြေရှိပါတယ်" လို့ အမေရိကန် တင်းနစ်ကစားသမားဟောင်း ဂျွန် မက်ကန်ရိုးက TNT အားကစားသတင်းကို ပြောပါတယ်။ သူကိုယ်တိုင်လည်း ဝင်ဘယ်လ်ဒန် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှာ ချန်ပီယံဆု ၃ ကြိမ်ရခဲ့သူဖြစ်ပါတယ်။

"ဆီရီနာ ဝီလီယံစ်ဟာ အမြဲတမ်းအကောင်းဆုံးကစားသမားဖြစ်ပြီး တင်းနစ်လောကကို သူပြန်လာမယ်ဆိုရင် အပျော်တမ်းကစားဖို့ မဟုတ်ဘဲ နောက်ထပ်ဆုကြီး တစ်ခုရချင်လို့ ပြန်လာတာမျိုးပဲဖြစ်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ်" လို့ မက်ကန်ရိုးက ပြောပါတယ်။

သမိုင်းတစ်လျှောက် ၀င်ငွေအများဆုံး အမျိုးသမီးအားကစားသမား ဝီလီယံစ်ဟာ သူ့ရဲ့အားကစားသက်တမ်း တစ်လျှောက် အများအာရုံစိုက်ခံခဲ့ရပြီး သူ့ရဲ့အားကစားအောင်မြင်မှုက သူ့ဘဝကို အကြီးအကျယ် ထင်ဟပ်ခဲ့ပါတယ်။

အမျိုးသမီး တင်းနစ်ပွဲတွေမှာ အကောင်းဆုံးကစားပြနိုင်ခဲ့တဲ့ ဝီလီယံစ်ဟာ သူ့ရဲ့အားကောင်းတဲ့ မြေစိုက်ရိုက်ချက်တွေ၊ ပြင်းထန်တဲ့တန်ပြန် ရိုက်ချက်တွေနဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေကြောင့် လူသိများပါတယ်။

တင်းနစ်လောကကနေ အနားယူပြီးနောက် သူဟာ အားကစားနဲ့ ဝေးကွာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဒုတိယမြောက်သမီးလေးကို မွေးဖွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရှစ်လအတွင်း သူဟာ ကိုယ်အလေးချိန် ၃၁ ပေါင် (၁၄ ကီလိုဂရမ်) ကို လျော့ကျဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန်မှာရှိတဲ့ Today Show မှာ ပြောကြားခဲ့ပါတယ်။

ကိုယ်အလေးချိန် တိုးလာတာကို ရန်သူ "ပြိုင်ဘက်" လို့ သဘောထားရမယ်လို့ သူက ပြောပါတယ်။ "တစ်နေ့ကို ငါးနာရီ လေ့ကျင့်ပေးတယ်" "ပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ လှေကားထစ်တက်တာတွေ လေ့ကျင့်ဖြစ်တယ်" လို့ သူက ပြောပြီး အရင်က မလုပ်ဖူးတဲ့နည်းလမ်းမျိုးကို လုပ်ဖို့ဖြစ်လာတယ်လို့လည်း သူက ပြောပါတယ်။

သူ့အနေနဲ့ ကိုယ်အလေးချိန်ကျဖို့ ဘာဆေးစားလဲဆိုတာကို ထုတ်မပြောပါဘူး။ ဒါပေမဲ့ သူဟာ ခင်ပွန်းဖြစ်သူ ရက်ဒစ်လူမှုကွန်ရက် တည်ထောင်သူ အလက်ဆစ် အိုဟန်နီးယန်လည်း ရှယ်ယာပါဝင်ထားတဲ့ ရိုကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါတယ်။ အဲဒီ ရိုကုမ္ပဏီဟာ ကိုယ်အလေးချိန်လျှော့ချရေး အစီအစဉ်ကနေတဆင့် (ယူကေမှာ Mounjaro လို့ လူသိများ) Wegovy နဲ့ Zepbound လိုမျိုး GLP-1 အမှတ်တံဆိပ်တွေကို ရောင်းချတာဖြစ်ပါတယ်။

သူဟာ အားကစားရုံမှာ ကြိုးစားအားထုတ်လို့ အကျိုးရလဒ်ကို မြင်နေရကြောင်း မာရသွန်တစ်ဝက်ပြိုင်ပွဲအတွက် လေ့ကျင့်နေပြီး "အရင်ကထက် ပိုဝေးအောင် ပြေးနေပြီ" လို့ သူက ပြောပါတယ်။

သုံးသပ်ချက် - ၀ီလီယံစ် တင်းနစ်လောကထဲ ပြန်ဝင်လာတဲ့အကြောင်းရင်း မရှင်းလင်း

ဆီရီနာ ဝီလီယံစ် တင်းနစ်လောကထဲ ပြန်လာဖို့ တွန်းအား ဖြစ်စေတာက ဘယ်အရာလဲ ဆိုတာ ရှင်းရှင်းလင်း မသိရသေးပါဘူး။

လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ အသက် ၄၆ နှစ် ပြည့်မယ့် အစ်မ ဖြစ်သူ ဗီးနပ်စ်နဲ့ နောက်ဆုံးအနေနဲ့ ပူးတွဲ နှစ်ယောက် ပွဲတွေကို ပါဝင်ယှဥ်ပြိုင်မလား။

ဒါမှမဟုတ် အဲဒီပြိုင်ဆိုင်မှု မီးတောက်က မငြိမ်းနိုင်သေးဘူးလား၊ မှတ်ချက်တွေ မျှဝေခဲ့ဖူးတဲ့ ထူးထူးခြားခြား ကစားသမားဟောင်းတစ်ယောက်လို မျိုးဆက်သစ်တွေနဲ့ အပြိုင် အနိုင်ယူ ကစားသွားဖိို့ ရှိပါသလား။

ဝင်ဘယ်လ်ဒန် တင်းနစ်ပွဲတွေကတော့ ဒီလကုန်တွင် စတင်မှာ ဖြစ်ပြီး ဆီရီနာအနေနဲ့ ပါဝင်ကစားမယ်ဆိုရင် တစ်ဦးချင်း ပွဲတွေမှာ ဝင်ကစားမှာလားဆိုတာလားဆိုတဲ့ သတင်းမျိုးလည်း ရေရေရာရာ မထွက်ပေါ် သေးပါဘူး။

ဒါပေမဲ့ အဲဒီနောက်ပိုင်း ၂ လကြာတဲ့အထိ အမေရိကန် အိုးပင်း တင်းနစ်ပွဲတွေလည်း ပြန်စဖို့ မရှိသေးတော့ သြဂုတ်လကုန်ပိုင်းလောက်မှာ ကစားပွဲတွေပေါ်လာတဲ့အခါ ဝီလီယံစ် တစ်ယောက် တစ်ဦးချင်းပြိုင်ပွဲတွေကို ဝင်ကစားဖို့ အချိန်ထိပ်မံစောင့်ဆိုင်းတာမျိုး မလုပ်မှာတော့ သေချာပါတယ်။