ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး

မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး တဲ့ သတင်းအပါဝင် ဇွန်လ ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်‌ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး
  • 'Walk for Peace' ဆရာတော်တွေဟာ ခွေးကလေး အာလောက နဲ့ အတူ ဇွန်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ကြွချီလာ
  • အွန်လိုင်းလိမ်လည်လုပ်ငန်းစိစစ်မှုတွေကို ပိုတင်းကြပ်မယ့် ဥပဒေမူကြမ်းအသစ် အမျိုးသားလွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုတင်သွင်း
  • နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တရုတ်ကို ဇွန်လ ၄ ရက်ကစပြီး ၃ ရက်ကြာ တရားဝင်ခရီးသွားမယ်
  • မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ရေးဘီးလူးတပ်ဖွဲ့ရဲ့ စခန်းအနီးတဝိုက်နေရာတွေကို စစ်တပ်က ထပ်မံ လေကြောင်းတိုက်ခိုက်မှုပြုလုပ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စိန့်ပီတာဇဘာ့ဂ်မြို့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းပြော

    ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့မှာ ပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာ အဓိက နိုင်ငံတကာ ဆွေးနွေးပွဲကြီးရဲ့ ဖွင့်ပွဲနေ့မှာပဲ စိန့်ပီတာစဘာ့ဂ်ကို ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

    စိန့်ပီတာစဘာ့ဂ် စီးပွးရေးဖိုရမ်ကို ဒီနှစ်မှာ ၂၉ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ရုရှားနဲ့ နီးစပ်တဲ့ နိုင်ငံတွေ၊ စီးပွားရေး မိတ်ဖက်နိုင်ငံတွေက သူတွေ အဓိကစုဝေးကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။

    သမ္မတ ပူတင်ကိုယ်တိုင် လာမယ့်သောကြာနေ့ဆိုရင် လာပြီး စကားပြောဖို့ စီစဥ်ထားပါတယ်။ ဒီနှစ်မှာ ဆိုရင် ၁၀ နှစ် နီးပါးအတွင်း အမေရိကန်အစိုးရ ကိုယ်စားလှယ် တချို့လည်း ဒီဖိုရမ်ကို လာပြီး တက်နေပါတယ်။

    မြန်မာနိုင်ငံက အသွင်ပြောင်း နေပြည်တော်အစိုးရက ဒုတိယသမ္မတ ဦးညိုစောလည်း ဒီဖိုရမ်ကို တက်ရောက်ဖို့ စိန့်ပီတာစဘာ့ဂ်မြို့မှာ ရှိနေပါတယ်။

    ပြီးခဲ့တဲ့ ရက်ကပဲ ယူကရိန်း နိုင်ငံထဲက နေရာအနှံ့ ရုရှားက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၂၃ ယောက် ထက်မနည်း သေဆုံံးခဲ့တဲ့နောက် ယူကရိန်းက အခုလို စိန့်ပီတာစဘာ့ဂ် မြို့ကြီးကို ပစ်မှတ်ထားပြီး လက်တုန့်ပြန် တိုက်ခိုက်တာ ဖြစ်ပါတယ်။

    ယူကရိန်းမြို့တော် ကိယက်ဗ်မှာတော့ နေးတိုး စစ်ရေး မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရပ်တာ ရောက်နေပြီး သမ္မတ ဇလန်စကီးနဲ့ တွေ့ဆုံနေပါတယ်။

    ဘာတွေ ဆွေးနွေးသလဲဆိုတာ အသေးစိတ် မသိရသေးပေမဲ့ နေးတိုးအဖွဲ့အနေနဲ့ ယူကရိန်းကို အကူအညီတွေ ပိုပြီး တိုးမြှင့်ပေးဖို့ သမ္မတ ဇလန်စကီး တိုက်တွန်းနိုင်ဖွယ် ရှိပါတယ်။

  2. အမေရိကန်နဲ့ အီရန်တို့ လေကြောင်းတိုက်ခိုက်မှုအသစ်ပြုလုပ်, ကူဝိတ်ကလည်း သူ့လေဆိပ် အီရန်ဒရုန်းတွေနဲ့တိုက်ခိုက်ခံရတယ်လို့ဆို

    အီရန်က ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် ကူဝိတ် နိုင်ငံတကာလေဆိပ်က အဆောက်အအုံ တစ်လုံး ထိမှန်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၁ ယောက် ရှိတယ်လို့ ကူဝိတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ တချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

    ဒေသအရုဏ်တက်ချိန် အီရန်ရဲ့တိုက်ခိုက်မှုကြောင့် တခြားအရပ်ဘက် နေရာထိုင်ခင်းတွေနဲ့အတူ သံတမန်ဆိုင်ရာ နေရာတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကူဝိတ်အစိုးရက ပြောပါတယ်။

    အီရန်ဘက်က ရန်လိုပြုမူတဲ့လုပ်ရပ်ဆိုပြီး ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချ ပြောဆိုပါတယ်။

    အီရန်နဲ့ အမေရိကန်ကြား အပစ်ရပ် သဘောတူမှု ရှိနေပေမဲ့ အပြန်အလှန်တိုက်ခိုက်တာတွေ ပေါ်ပေါက်လာနေပါတယ်။

    ဟော်မုဇ်ရေလက်ကြားထဲက အီရန် ရေနံတင် သင်္ဘောတစ်စင်းနဲ့ ကာရှင်မ်ကျွန်းပေါ်က ဆက်သွယ်ရေးတာဝါတိုင်တို့ကို အမေရိကန်က တိုက်ခိုက် ဖျက်စီးခဲ့တယ်လို့ အီရန်ဘက်က ပြောပါတယ်။

    ဒါ့ကြောင့် ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့အခြေစိုက်စခန်းတွေကို လက်တုန့်ပြန်တိုက်ခိုက်ခဲ့တယ်လို့ တီဟီရန်က ဆိုပါတယ်။

    ပစ်မှတ်ထားခဲ့တာထဲမှာ ဘာရိန်းနိုင်ငံမှာ ထားရှိတဲ့ အမှတ် ၅ ရေတပ်မရဲ့ဌာနချုပ်လည်း ပါဝင်တယ်လို့လည်း အီရန်က ပြောပါတယ်။

    အမေရိကန် - အီရန်ပဋိပက္ခကြောင့် ကမ္ဘာ့အနှံ့ စီးပွားရေး အပေါ် လာရောက် ရိုက်ခတ်နေပြီး တိုးတက်နှုန်းတွေ နှေးကွေး သွားတယ်လို့ စီပွားရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဩဇာကြီးအဖွဲ့ (OECD) က ထုတ်ပြန်ပါတယ်။

    နှောင်နှစ်မတိုင်ခင် ခိုင်မာတဲ့အပစ်ရပ် သဘောတူမှုရှိမလာဘူးဆိုရင်တော့ ပိုမိုပြင်းထန်ပြီး ထိတ်လန့်ဖွယ် ဖြစ်စေမယ့် စီးပွားရေး ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိူးတွေ ဖြစ်လာနိုင်ဖို့ သေချာသလောက်ပဲ ဆိုပြီးတော့လည်း OEDC အဖွဲ့က သတိပေးပါတယ်။

    OEDC ဟာ စက်မှုနိုင်ငံ ၃၈ နိုင်ငံပူးပေါင်း ဖွဲ့စည်းထားတာဖြစ်ပါတယ်။

    အမေရိကန် - အီရန် ပဋိပက္ခရဲ့နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် တချို့နိုင်ငံတွေဆိုရင် စီးပွားရေး ဆုတ်ယုတ်တဲ့ “recession” အခြေအနေမျိုးထိ သက်ဆင်း သွားလိမ့်မယ်လို့လည်း OEDC က ဆိုထားပါတယ်။

    တကယ်လို့သာ ပင်လယ်ကွေ့ဒေသက လာတဲ့ရေနံနဲ့ သဘောဝဓာတ်ငွေ့တွေ ပုံမှန်အခြေ(ပဋိပက္ခမတိုင်ခင် အခြေအနေ)ဆီ ပြန်သွားနိုင်မယ်ဆိုရင်တော့ ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းဟာ ၂.၈% ရှိနိုင်တယ်လို့ OEDC က ခန့်မှန်းပါတယ်။

    ပဋိပက္ခမရပ်စဲနိုင်ရေးတော့ တိုးတက်နှုန်းဟာ နောက်လာမယ့်နှစ်မှာ ၂.၁% အထိ ကျသွားနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

  3. စစ်တပ်က ရေးဘီလူးရဲ့စခန်းလို့ ယူဆရတဲ့နေရာကို လေကြောင်းကနေ ထပ်မံဗုံးကြဲ

    မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖြစ်တဲ့ ရေးဘီးလူးတပ်ဖွဲ့ အခြေစိုက်စခန်းလို့ ယူဆရတဲ့နေရာအနီးတဝိုက်ကို စစ်တပ်က ဒီနေ့ နံနက် ၁ နာရီ လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီအကြောင်းသိတဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “Y-12 လေယာဉ်နဲ့ ကြဲသွားတာ ဖြစ်နိုင်ပါတယ်။ ထိခိုက်မှု နည်းတယ်။ ခြံထဲကို ကျသွားတာ။ ခြံသမား တစ်ယောက်တော့ ဆုံးသွားတယ်” လို့ သူက ပြောပါတယ်။

    ဒီတိုက်ခိုက်မှုအကြောင်းကို ရေးဘီလူးက သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ ရေးတင်ပါတယ်။ ဒါပေမဲ့ အဲဒီဗုံးကြဲမှုမှာ သူ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

    ဒါဟာ စစ်တပ်က ရေးဘီလူးရှိတယ်လို့ ယူဆရတဲ့နေရာကို တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်လာပါတယ်။

    ပြီးခဲ့တဲ့ မေလ ၂၇ ရက်တုန်းကတော့ ရေးမြို့နယ်ထဲက ရေးဘီလူးရဲ့စခန်းတစ်ခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး နောက်ထပ် လူ ၂၀ ခန့်လည်း ဒဏ်ရာရခဲ့ပါတယ်။

    ရေးမြို့နယ်အခြေစိုက် ရေးဘီလူးအဖွဲ့ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ထွက်ပေါ်လာတဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ် တစ်တပ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အထူးစစ်ဆင်ရေးတပ်(SOF) တပ်ခွဲတစ်ခုဖြစ်ပါတယ်။

    ဘုရားသုံးဆူနဲ့ ရေးမြို့နယ်အတွင်း လှုပ်ရှားတဲ့ ရေးဘီလူးအဖွဲ့ဟာ စစ်တပ်ကို ခြုံခိုတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတဲ့အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ကို နှိမ်နင်းဖို့ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ရက်မှာ မကြာခဏ ရေးသား တိုက်တွန်းခံရတဲ့အဖွဲ့ဖြစ်ပါတယ်။

  4. နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်‌မောင်ဆွေ တရုတ်သွားမယ်

    နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက မနက်ဖြန် ဇွန် ၄ ရက်မှာ တရုတ်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    သူ့ရဲ့ တရုတ်ခရီးစဉ်ဟာ ဇွန်လ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်ကြာမှာဖြစ်ပါတယ်။ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ်ဟာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် အပြီးမှာ ထွက်ပေါ်လာတာပါ။

    ဦးမင်းအောင်လှိုင်ဟာ သူသမ္မတ ရာထူးယူပြီးတဲ့အချိန်မှာ တရုတ်နိုင်ငံကို သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားနိုင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးသံတမန် ကျန်းရှင့်ကျစ်က တဆင့် သတင်းစကားပါးခဲ့ပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ ဧပြီ ၁၀ ရက်ကကျင်းပခဲ့တဲ့ သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ မစ္စတာ ကျန်းရှင့်ကျစ်ကို အဲဒီလို ပြောခဲ့တာပါ။

    နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ရဲ့ အခုခရီးစဉ်ဟာ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဖြစ်မြောက်လာရေး အကြိုသဘောမျိုး သွားရောက်တာလည်းဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

    ဦးတင်မောင်ဆွေဟာ နေပြည်တော်မှာ ဧပြီက ပြောင်းလိုက်တဲ့ အသွင်ပြောင်း အရပ်သားအစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီးရာထူးကို မရခင်မှာ တရုတ်သံအမတ်ကြီးအဖြစ် ၃ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

  5. အွန်လိုင်းလိမ်လည်မှုကို သေဒဏ်နဲ့ ထောင်တသက် ချမှတ်နိုင်တဲ့ဥပဒေမူကြမ်းကို လွှတ်တော်တင်

    မြန်မာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ကျားဖြန့်လုပ်ငန်းတွေ ခြေကုပ်ယူတဲ့နေရာအဖြစ် ကမ္ဘာတလွှားသတင်းဖော်ပြခံနေရချိန်မှာပဲ အွန်လိုင်းလိမ်လည်မှုကို သေဒဏ်နဲ့ ထောင်တသက်အထိ ချမှတ်နိုင်မယ့် ဥပဒေမူကြမ်းကို နေပြည်တော် ပြည်ထဲရေးက လွှတ်တော်ကို ဒီနေ့ တင်လိုက်ပါတယ်။

    ဒီဥပဒေမူကြမ်းကို နေပြည်တော် လူဝင်မှုကြီးကြပ်ရေး၊ ပြည်ထဲရေး၊ ပို့ဆောင်‌ရေး၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြား‌ရေးစတဲ့ဝန်ကြီးဌာနတွေနဲ့ ဗဟိုဘဏ်တို့ပါဝင်တဲ့ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီက အရင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။

    အခုတော့ ဒီဥပဒေမူကြမ်းကို ပြန်လည် ပြင်ဆင်ပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အဆိုအဖြစ် တင်လိုက်တာဖြစ်ပါတယ်။

    အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေလို့ နာမည်ပေးထားတဲ့ ဒီဥပဒေကြမ်းကို ကျစ်လစ်အောင် ပြန်လည် ပြင်ဆင်ပြီး လွှတ်တော်ကို အဆိုတင်တာလို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

    ဒီဥပဒေမူကြမ်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ဆက်နွှယ်တဲ့အပိုင်း၊ မသင်္ကာသူကို စိစစ်တဲ့အပိုင်း၊ အရေးယူတဲ့အပိုင်း၊ ပြစ်ဒဏ် စီရင်မှုအပိုင်းတွေကို ကျစ်လစ်အောင် ပြင်ဆင်ပြီး အဓိပ္ပါယ်နဲ့အသုံးအနှုန်း ကျယ်ပြန့်အောင် ပြင်ဆင်လိုက်တာကို တွေ့ရပါတယ်။

    ပြစ်မှုထင်ရှားသူကို အမိန့် တစ်ရပ်ထက် ပိုပြီး တရားရုံးက အမိန့်ချမှတ် နိုင်တယ်လို့ ပြင်လိုက်တာ၊ သံသယရှိသူတွေကို နိုင်ငံသားစိစစ်ရေးကဒ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးအတည်ပြုရုံတင်မက UID ကဒ်တွေ စိစစ်တာ၊ အွန်လိုင်းကနေ တိုက်ရိုက်စစ်ဆေးအတည်ပြုတာတွေပါလုပ်နိုင်တယ်လို့ ပြင်ဆင်လိုက်ပါတယ်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကတော့ ဒီဥပဒေအကြမ်းနဲ့ ပတ်သက်လို့ ပြင်ဆင်ချက်အဆို တင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိမယ်ဆိုရင် ဇွန် ၅ ရက် နောက်ဆုံးထား စာရင်းပေးဖို့ ပြောထားပါတယ်။

    ကျူးလွန်သူတွေကို သေဒဏ်၊ တသက်တကျွန်းအထိ အရေးယူနိုင်တဲ့ ပြစ်ဒဏ်တွေအထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေကို ဒီဥပဒေကြမ်းမှာ ထည့်သွင်းထားပါတယ်။

    ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ လက်ရှိပြည်သူတွေ အလူးအလဲ ခံစားနေရတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ဖြေရှင်းပေးဖို့ ဒီဥပဒေသစ်က အရေးပါတယ်လို့ပြောကြပါတယ်။

    ဒါပေမဲ့ တဖက်မှာလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ ဒီဂျစ်တယ်လုံခြုံရေးပိုင်းမှာ ချိုးဖောက်မှုတွေ ရှိလာမှာကိုလည်း သတိပေးထားကြပါတယ်။

    နေပြည်တော်ဟာ တရုတ်အစိုးရ လိုလားတဲ့ ကျားဖြန့်နှိမ်နှင်ရေးတွေကို အရှိန်အဟုန်နဲ့ လုပ်ပြနေချိန်မှာပဲ ဒီဥပဒေမူကြမ်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

    နေပြည်တော်ကတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ စတင်တဲ့ ကျားဖြန့်နှိမ်နင်းရေးတွေအတွင်း ဖမ်းဆီးမိတဲ့ ပြည်ပနိုင်ငံသား ခုနှစ်သောင်းကျော်ကိုလည်း မိခင်နိုင်ငံတွေဆီ ပြန်ပို့ပြီးပြီလို့ ကြေညာထားပါတယ်။

    အဲဒီထဲက အများစုကို ရှမ်းပြည်နယ်မြောက်ပိုင်းက ကျားဖြန့်နှိမ်နင်းရေးတွေအတွင်း ဖမ်းမိတာဖြစ်ပြီး ရှမ်းမြောက်ကနေ တရုတ်ကို ပြန်ပို့မှုလည်း အများဆုံးဖြစ်ပါတယ်။

    တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ကြေညာချက်တွေအရဆိုရင် မြန်မာက ကျားဖြန့် နှိမ်နင်းရေးတွေအတွင်း ပြန်လွှဲတဲ့တရုတ်နိုင်ငံသား ငါးသောင်းထက်မနည်းရှိနေပါတယ်။

  6. အသက် ၄၄ နှစ်မှာ ကွင်းထဲခြေပြန်ချမယ့်တင်းနစ်ဘုရင်မ

    ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမားတွေထဲ တစ်ယောက်ဖြစ်တဲ့ ဆီရီနာ ဝီလီယံစ်ဟာ တင်းနစ် လောကထဲက ထွက်ခွာသွားတာ ၄ နှစ်လောက် ကြာခဲ့ပြီးမှ Queen's Club လို့ခေါ်တဲ့ လန်ဒန်က ပုဂ္ဂလိက ကလပ်အသင်းမှာ အမျိုးသမီး နှစ်ဦးချင်း ယှဥ်ပြိုင်ရတဲ့ ပွဲတွေ အခုလကုန်ပိုင်းမှာ ကစားဖို့ ရှိပါတယ်။

    ဇွန်လ ၈ ရက်နေ့မှာ စမယ့်ပြိုင်ပွဲအတွက် wildcard လို့ခေါ်တဲ့ ခွင့်ပြုကတ်ကို ရရှိထားပြီး သူနဲ့တွဲကစားမယ့်သူကို တရားဝင် အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ သူနဲ့အတူ ကစားမယ့်သူဟာ ကနေဒါ ဆယ်ကျော်သက် တင်းနစ်မယ် ဗစ်တိုးရီးယား အမ်ဘိုကို ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

    အမေရိကန်သူ အသက် ၄၄ နှစ်အရွယ် ဆီရီနာ ဝီလီယံစ်ဟာ တင်းနစ်ကစားခဲ့တဲ့ ၂၇ နှစ်အတွင်း Grand Slam (ဂရန်းစလန်း) ဆုကို တစ်ဦးတည်း ချန်ပီယံ ၂၃ ကြိမ်အနိုင်ရပြီးနောက် ၂၀၂၂ မှာ တင်းနစ်လောကထဲက အနားယူသွားခဲ့တာပါ။

    တားမြစ်ဆေး သုံးစွဲမှု ရှိ မရှိ စစ်ဆေးဖို့ မှတ်ပုံတင်ထားတဲ့ကစားသမားတွေ စာရင်းမှာ သူ့နာမည် ပါခဲ့ပြီးနောက် သူတင်းနစ်လောကထဲ ပြန်လာမယ့်သတင်းတွေ မနှစ်ကစပြီး စထွက်ခဲ့တာ ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  7. 'Walk for Peace' ဆရာတော်တွေ ထိုင်းနိုင်ငံရောက်ရှိနေ

    ‘အမေရိကန်က ‘Walk for Peace’ ဗုဒ္ဓဘာသာဆရာတော်တွေဟာ ခွေးကလေး အာလောက နဲ့ အတူ ဇွန်လ ၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

    ဆရာတော် အရှင်ဘိက္ခု ပညာကာရ ဦးဆောင်တဲ့ ‘Walk for Peace’ ဆရာတော်တွေရဲ့ ဘန်ကောက်ခရီးစဉ်ဟာ ဇွန်လ ၂ ရက်ကနေ ဇွန် ၈ ရက်နေ့အထိ ၇ ရက်ကြာမြင့်မှာဖြစ်ပါတယ်။

    ဒီခရီးစဉ်အတွင်း Walk for Peace ဆရာတော်တွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့က ထိုင်းဆရာတော်တွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး ဇွန်လ ၃ ရက် ညနေ ၃ နာရီ မှာတော့ နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင်မကြီး သီရိခေတ်အတွက် တော်ဝင်နန်းတော်မှာ သွားရောက်ဆုတောင်းပေးကြမှာဖြစ်ပါတယ်။

    ညနေ ၆ နာရီမှာတော့ ဘုရင်မင်းမြတ်ရဲ့ ကြင်ယာတော်မိဖုရားရဲ့ မွေးနေ့မင်္ဂလာအထိမ်းအမှတ် တရားတော်ချီးမြှင့်ပွဲကို လည်း တက်ရောက်သွားဖို့ရှိပါတယ်။နောက်ပြီး ကထိန်အလှူတော်မင်္ဂလာအတွက် လည်း တရားပွဲပြုလုပ်ဖို့ ရှိတယ်လို့ဆိုပြီး အတိအကျ ကိုတော့ ထပ်မံကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

    ဇွန်လ ၄ ရက်မှာတော့ ထိုင်းဗုဒ္ဓဂယာကျောင်းတိုက်မှာ သာသနာပြုနေတဲ့ အိန္ဒိယ နဲ့ နီပေါဆရာတော်တွေ နဲ့ တွေ့ဆုံသွားဖို့ရှိနေပါတယ်။

    ဆရာတော် အရှင်ဘိက္ခု ပညာကာရ အပါအဝင် ‘Walk for Peace’ က ထိုင်းဆရာတော် ၈ ပါးတို့ဟာ ဂုဏ်သိက္ခာကြီးမားတဲ့ "Ashoka Pillar of Moral Leadership" ဆုကို ဇွန်လ ၅ ရက်နေ့၊ ရာဇမင်္ဂလာ University of Technology Thanyaburi တက္ကသိုလ်မှာ လက်ခံယူသွားဖို့လည်းရှိနေပါတယ်။ ဒီဆုဟာ ဗုဒ္ဓရဲ့ တရားတော်တွေ ၊ ချစ်ခြင်း၊ မေတ္တာတွေ အတွက် ကိုယ့်ကျိုးစွန့်ကျိုးစားသူတွေကို ထိုင်းနိုင်ငံက ချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။

  8. ၂၀၂၆ ကမ္ဘာ့ဖလားအကြောင်း သိထားသင့်တဲ့အချက်တွေ

    ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံတွေက အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားမှာပါ။

    ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပထမဆုံးအကြိမ် နိုင်ငံ သုံးနိုင်ငံပေါင်းပြီး ကျင်းပတဲ့ ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၁ ရက်နေ့၊ မက္ကဆီကို မြို့ မှာ ကျင်းပမှာ ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်မှာ ကျင်းပမှာပါ။

    ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရက်ပေါင်း ၃၉ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

    ၁၉၉၄ ခုနှစ် ၊ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ထက် နှစ်ဆ တိတိ အသင်းတွေ ပိုများလာတာပါ။

    ၂၀၂၆ ကမ္ဘာဖလားနဲ့ ပတ်သက်လို့ ထူးခြားချက်တွေအကြောင်း ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  9. 'ဘုရားက ကျွန်မတို့ မြားနတ်မောင်' - သီလရှင်ကျောင်းမှာဆုံပြီး လက်ဆက်ကြသူတွေ

    "တော်တော်ကဲတဲ့ သီလရှင်လေးပဲ'''

    စမြင်မြင်ချင်းတုန်းကတော့ မေတ္တာသက်ဝင်ဖို့ ခက်ခဲခဲ့ပါတယ်။ လွီဇာ ဆေဗာရီယို တစ်ယောက် သူ့ရဲ့ကြင်ဖက်ဖြစ်လာမယ့်သူကို စတွေ့တုန်းက သူတို့ အသက် ၁၉ နှစ်အရွယ် သီလရှင်ငယ်လေးတွေပါ။ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်မရခဲ့ပါဘူး။

    အခုတော့ သူတို့နှစ်ဦး ပျော်ရွှင်စွာ လက်ထပ်ပြီးပြီဖို့ ဇနီးဖြစ်တဲ့ ဖရန်စီလာ ကိုစတာက ဘီဘီစီ သတင်း ဘရာဇီးဌာနကို သူတို့အကြောင်း ပြောပြလာတာပါ။

    ''ကျွန်မ ခေါင်းထဲ သူ အကြောင်းတွေးမိတော့ ဘယ်လိုကောင်လေးက ဒီလိုကောင်မလေးကို မျက်စိကျပါ့မလဲပေါ့''

    ဒါပေမဲ့ သူတို့နှစ်ဦးကြား သူငယ်ချင်းလို ဆက်ဆံရေးခိုင်မာလာတာ တင်မကပါဘူး။ သီလရှင်ကျောင်းအတွက် သူတို့ သန္နိဋ္ဌာန်ဟာလည်း ယိမ်းယိုင်လာပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  10. တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းက ယမ်းရုံပေါက်ကွဲမှုနဲ့ သေဆုံးမှုများနောက်ကွယ်

    ရှမ်း(မြောက်)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မေ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

    မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတချို့ကတော့ ပေါက်ကွဲမှုက ယမ်းချက်စက်ရုံနဲ့ဆက်နွယ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ "ယမ်းချက်တာ၊ ယမ်းစပ်တာတွေ လုပ်တယ်။ သိုလှောင်ထားတဲ့ယမ်းတွေလည်းရှိတယ်" လို့ စက်ရုံမှာလုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတချို့နဲ့ နီးစပ်သူ ၁ ဦး အပါအဝင် ရွာခံ ၂ ဦးက အတည်ပြုပြောပါတယ်။

    ကောင်းတပ်ရွာ ပေါက်ကွဲမှုဟာ ဘယ်လိုဖြစ်ပွားခဲ့သလဲ၊ TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာ ယမ်း ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ဘီဘီစီက မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံ ၅ ဦးထက်မနည်းကို မေးမြန်းထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  11. မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ဘက်ခြမ်း မြဝတီခရိုင်ထဲက ဝေါလေဒေသထဲက မြန်မာစစ်တပ်ရဲ့ စစ်စခန်း ကို ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

    တိုက်ပွဲအတွင်း ထိုင်းဘက်ခြမ်းကို မနေ့ ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီလောက်က ဒရုန်းကျရောက်ပေါက်ကွဲခဲ့လို့ တာ့ခ်ခရိုင် ၊ ဖုတ်ဖရာမြို့နယ်၊ မော့ကဲထိုင်း ကျေးရွာအနီးက ငရုတ်စိုက်ခင်းထဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦး သေဆုံးခဲ့ပါတယ်။

    ထိုင်းသတင်းတွေမှာ‌ဖော်ပြချက်အရ ကာမီကာဇေဒရုန်းတစ်စင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့ချိန်မှာ အဲဒီအလုပ်သမား မိသားစုက သွားရောက်ကြည့်ရှုခဲ့တာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တာလို့ဆိုသလို နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

    သေဆုံးသူတွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် မခိုင်၊ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဦးသူရ နဲ့ အသက် ၁၁ နှစ်အရွယ်သားဖြစ်သူတို့ သေဆုံးခဲ့တာပါ။

    ဒီကနေ့မနက်မှာတော့ ထိုင်းစစ်တပ်နဲ့ လက်နက်ကျွမ်းကျင်မိုင်းအဖွဲ့ တွေ က အဲဒီနေရာကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ထိုင်းဘက်ခြမ်းကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    ထိုင်းနိုင်ငံ၊ ဖုတ်ဖရာမြို့နယ်ထဲက ဘန်ဝါလေရွာနဲ့ တဖက်ခြမ်း မြန်မာဘက်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်စခန်း ကို KNU လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ မြေပြင်ရင်းမြစ်ဆီက သိရှိရပါတယ်။

    အဲဒီဝေါလေဘက်က တိုက်ပွဲကို စစ်ကူပေးဖို့အတွက် မြန်မာစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၆ ဖလူးဒေသထဲကနေ ဝင်ရောက်ဖို့ ကြိုးစားနေလို့ အဲဒီဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်တပ်က ကာမီကာဇေဒရုန်းတွေကို အမြောက်အများအသုံးပြုခဲ့တယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်ကပြောပါတယ်။

    “ အခုက မဲဆောက်ဘက်နားကိုရောက်လာပြီး လူသေတာဆိုတာတော့ လူပြောများတဲ့ ကိစ္စဖြစ်နေတယ်” လို့ နယ်စပ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

    “အခုနောက်ပိုင်း ထူးခြားတာက ကာမီကာဇေတွေ အရမ်းသုံးတယ်။ တပ်မမှူး၊ တိုင်းမှူးက သူတို့ကို ဆူထားတယ်။ လေယာဉ် သုံးပြီး ဘာမှ မဖြစ်လာတော့ လေယာဉ်ကို လျှော့သုံးတယ်။ ပိုက်ဆံဖြုန်းတယ်ဆိုပြီး ဖြစ်တော့ အဲဒီဘက်က ကာမီကာဇေက ဒီဘက်ကိုကျလာတာ။ ၂၇၅ က ထုတ်တဲ့ ဒရုန်းတွေလေ” လို့ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    မြန်မာဘက်ခြမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃,၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်ခဲ့ပြီး၊ ဒေသခံ ၂၀၀ ဝန်းကျင်လောက်ဟာ တာ့ခ်ခရိုင်ထဲကို တိမ်းရှောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။

  12. မင်္ဂလာပါ။ ဇွန်လ ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။