ဒရုန်း၊ ဆိုက်ဘာတိုက်ခိုက်မှု၊ သတင်းမှားဖန်တီးပြီးစစ်ဖန်တီးနေတယ်လို့ ရုရှားစွပ်စွဲခံရ

    • ရေးသားသူ, လူ၀ီ ဘာရူချို
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ပြီးခဲ့တဲ့လက လိုက်ဇစ်(Halle) လေဆိပ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာအတွက် ဂျာမနီက မော်စကိုကို အပြစ်တင်ခဲ့ပြီးနောက် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဂျာမနီ ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဒေါဘရင့်က ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာတဲ့ ဒရုန်းကို အသုံးပြုခဲ့တာဟာ ဥရောပမှာ ရုရှားရဲ့နည်းလမ်းနှစ်သွယ် လုပ်ဆောင်ချက်တွေမှာ တွေ့ရလေ့ရှိတဲ့ပုံစံတစ်ခုဖြစ်တယ်၊ ဒါဟာ ပဋိပက္ခဖြစ်နေပါပြီလို့ ထုတ်ပြောစရာမလိုဘဲ စစ်ရေးနဲ့ စစ်ရေးမဟုတ်တဲ့ နည်းလမ်းတွေကို အသုံးပြုနေတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကို တုံ့ပြန်ဖို့ ဂျာမနီနဲ့ ရုရှားတို့ဟာ ဘွန်းမြို့က ရုရှားကောင်စစ်ဝန်ရုံးအပါအဝင် တစ်ဖက်နိုင်ငံရဲ့ယဉ်ကျေးမှုစင်တာတွေကို အပြန်အလှန် ပိတ်ခဲ့ကြပါတယ်။

Nato အဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ် မက်သျူး ၀ှတ်တိတ်ကာက ကိယက်ဗ်ကို ထောက်ပံ့ပေးတဲ့ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ လိုက်ဇစ်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ ဥရောပကြုံတွေ့ရတဲ့ "ပိုပြီး စိုးရိမ်စရာ စစ်ရေးနဲ့ စစ်ရေးမနှီးနွှယ်ပစ်မှတ်ထားမှု လုပ်ရပ်တွေထဲက တစ်ခု" လို့ ပြောပါတယ်။

သူက "ဒါဟာ လက်မခံနိုင်စရာအကြောင်း မရှိဘူးဆိုတာကို ကျွန်တော်တို့ ပြောဖို့ လိုအပ်တယ်။ နောက်ပြီး ကျွန်တော်တို့သည်းခံမှာ မဟုတ်ကြောင်း အခိုင်အမာ ထုတ်ပြောဖို့ အရေးကြီးတယ်" လို့လည်း သူက ပြောပါတယ်။

အကဲခတ်တွေကတော့ အခုဖြစ်ရပ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ဥရောပတဝန်းမှာ ပိုများလာတဲ့လုပ်ဆောင်ချက်တွေထဲ ကျယ်ကျယ်ပြန့်ပြန် မြင်လာရတဲ့ပုံစံလို့ဆိုပါတယ်။

လိုက်ဇစ်လေဆိပ် ဖြစ်ရပ်မှာ ပါဝင်ပတ်သက်မှုတဲ့အကြောင်း မော်စကိုက ပြောသလို ဂျာမနီရဲ့ စွပ်စွဲချက်တွေကို အခြေအမြစ် မရှိဘူးလို့လည်းဆိုပြီး ပယ်ချပါတယ်။ ဒါအပြင် မော်စကိုဟာ အရင်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုထားပါတယ်။

အနောက်နိုင်ငံတွေထဲ "သဘောကွဲမှုနှင့် ဖရိုဖရဲမှု" ဖန်တီးဖို့ မော်စကို ကြိုးပမ်း

ဆလိုဗက်ကီးယား၊ Bratislava အခြေစိုက် Globsec သုတေသနအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဥရောပအပေါ် ရုရှားရဲ့လှုပ်ရှားမှု ၁၅၁ ခုကို ဖော်ထုတ်တွေ့ ရှိတယ်လို့ ယခုနှစ်အစောပိုင်းမှာ အစီရင်ခံစာထုတ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် အရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ယူဆထားပါတယ်။

အဲဒီလုပ်ရပ်တွေထဲမှာ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွေ၊ မီးရှို့မှုတွေ၊ ဖျက်ဆီးနှောင့်ယှက်မှုတွေ၊ ပစ္စည်းဖျက်ဆီးမှုတွေနဲ့ လူထုအနှောင့်အယှက်ဖြစ်စေတဲ့လုပ်ရပ်တွေ ပါ၀င်ပါတယ်။

ပိုလန်၊ ပြင်သစ်၊ ဂျာမနီ၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနဲ့ ဗြိတိန်တို့လို နိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေ ဖြန့်ကြက်နေတာက "ယူကရိန်းကို ထောက်ခံတာဟာ ပစ်မှတ်ရွေးချယ်တာကို သတ်မှတ်ရာမှာအရေးအကြီးတဲ့အချက်တစ်ခု ဖြစ်နေတယ်ဆိုတာကို အခိုင်အမာပြသနေတယ်" လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ကွန်ဂရက် သုတေသနဌာနရဲ့အစီရင်ခံစာတစ်စောင်မှာလည်း မီးရထားလမ်းတွေ၊ ရေအောက် ကေဘယ်လိုင်းတွေ၊ "လုပ်ကြံသတ်ဖြတ်မှုတွေ၊ နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်မှုနဲ့ သြဇာလွှမ်းမိုးမှု၊ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ လေပိုင်နက်ကျူးကျော်မှုတွေ" အပါအဝင် ဥရောပနိုင်ငံတွေအပေါ် ရုရှား တိုက်ခိုက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် Rusi သုတေသနအဖွဲ့က အမ်မလီ ဖားရစ်က ၂၀၂၂ ခုနှစ်နောက်ပိုင်း တိုက်ခိုက်မှုတွေရဲ့အကြိမ်ရေနဲ့ အတိုင်းအတာ ပိုပြင်းထန်လာတယ်လို့ ပြောပါတယ်။

သူက မော်စကိုဟာ "အနောက်နိုင်ငံတွေကြား သဘောကွဲမှုနဲ့ ထင်းအစည်း ပြေသွားသလိုဖြစ်အောင်" ဖန်တီးဖို့၊ ယူကရိန်းကို ထောက်ပံ့တဲ့အတွက် "Nato ပေးဆပ်ရမယ့်ဆုံးရှုံးမှုကို မြှင့်ဖို့'' ကြိုးပမ်းနေပေမဲ့ "စစ်ဖြစ်တဲ့အဆင့်အထိ မရောက်အောင်" လုပ်နေတယ်လို့လည်း ပြောပါတယ်။

Globsec က တွဲဖက်သုတေသီ Maksym Beznosiuk က ကရင်မလင်ဟာ "Nato ရဲ့အဆင်သင့်ဖြစ်မှုကို ဖိအားပေး အကဲစမ်းနေပြီး မဟာမိတ်တွေကြား နိုင်ငံရေးနဲ့ ဥပဒေရေးရာကွဲလွဲမှုတွေကို အသုံးချကာ မသေချာမရေရာမှုတွေနဲ့ သပ်သျှိုနေတယ်''လို့ ပြောပါတယ်။

ရုရှားက ပုံစံနှစ်သွယ် စစ်ပွဲကို ပိုအသုံးများလာတာဟာ ယူကရိန်းစစ်ပွဲမှာ "လူထိခိုက်သေဆုံးမှုအလွန်မြင့်မားတာ"၊ ဆိုဗီယက်ခေတ် စစ်လက်နက်ပစ္စည်းတွေ လျော့နည်းလာတာ၊ စီးပွားရေးဖိအားတွေ မြင့်တက်လာတာနဲ့ ပုံမှန်စစ်ရေးနည်းလမ်းနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့အောင်မြင်မှုရရှိဖို့ ခက်ခဲနေတာကို တုံ့ပြန်တဲ့လုပ်ရပ်တစ်ခုလည်း ဖြစ်တယ်လို့ Beznosiuk က ပြောပါတယ်။

"ဥရောပအပေါ် ပုံစံနှစ်သွယ် လုပ်ဆောင်ချက်တွေဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့မှုနဲ့ ဥရောပရဲ့ကာကွယ်ရေးဆိုင်ရာထုတ်လုပ်မှုအပိုင်းကို အားနည်းစေဖို့ စရိတ်နည်းနည်း အန္တရာယ်နည်းနည်းနဲ့ပြုလုပ်တဲ့ ဗျူဟာမျိုး ဖြစ်ပါတယ်။ တဖက်မှာလည်း ဒါတွေကြောင့် နိုင်ငံရေးသောကနဲ့ စီစဉ်ထားတဲ့အတိုင်းမဖြစ်တဲ့သောကမီး တောက်အောင် လုပ်လိုက်တာ'' လို့လည်း သူက ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ရုရှားနဲ့ဆက်စပ်တယ်လို့ သတ်မှတ်ခံရတဲ့လုပ်ရပ်အများစုဟာ ပျက်စီးဆုံးရှုံးမှု အကန့်အသတ်သာ ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ ဒီလိုတိုက်ခိုက်မှုတွေဟာ လုံခြုံရေးအရင်းအမြစ်အပိုင်းမှာ အတော်လေး သုံးစွဲနေရသေးတယ်လို့ သတိပေးပါတယ်။

ဥပမာပြောရရင် ယူကရိန်းဆီ ထောက်ပို့ရေးအတွက် Nato ရဲ့အဓိက ကျောရိုးဖြစ်နေတဲ့ ပိုလန်နိုင်ငံထဲက အဖြစ်ကို ကြည့်ကြည့်ပါ။

၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပို့ကုန်ပစ္စည်းတွေ သယ်ပို့သုံးတဲ့ ရထားလမ်းပိုင်းတစ်နေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဟာ "မကြုံစဖူး အဖျက်အမှောင့်လုပ်ရပ်"လို့ ပိုလန်အစိုးရက ပြောခဲ့ပြီး ရုရှားလက်ချက်ဖြစ်တယ်ဆိုတာကို အချက်အလက်တွေက ညွှန်ပြနေတယ်လို့လည်း ပြောပါတယ်။ ရုရှားကတော့ အဲဒီဖြစ်ရပ်မှာ သူပါ၀င်ပတ်သတ်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။

အဲဒီဖြစ်ရပ်အပြီးမှာ ပိုလန်ဟာ အရေးပါတဲ့အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ ဖြန်ကြက်အသုံးပြုရတဲ့ စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ရပါတယ်။

အဲဒီနောက် ဇန်နဝါရီလတော့ နိုင်ငံ့အရှေ့ဘက် နယ်စပ်တစ်လျှောက် ဒရုန်းကာကွယ်ရေးစနစ်တွေ ဖြန့်ကြက်ဖို့ အမေရိကန် ဒေါ်လာ ၄ ဘီလျံ တန်ဖိုးရှိ စာချုပ်တွေကို လက်မှတ်ထိုးလိုက်ရပါတယ်။

ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်၊ ပြင်သစ်၊ နော်ဝေ၊ ဆွီဒင်နှင့် ဗြိတိန်အပါအဝင် ဥရောပနိုင်ငံအများအပြားရဲ့စစ်ဘက် ဆက်နွှယ်အဆောက်အဦတွေ၊ လေဆိပ်တွေနဲ့ အရေးပါတဲ့အခြေခံအဆောက်အဦတွေအနီးနားမှာ ရုရှားနဲ့ဆက်စပ်တယ်လို့ သံသယရှိတဲ့ဒရုန်းလှုပ်ရှားမှုတွေကို တွေ့ခဲ့ရတယ်လို့ သတင်းတွေ ထွက်ပါတယ်။

ဒါပေမဲ့ နည်းလမ်းနှစ်သွယ်နဲ့ အဖျက်အမှောက်လုပ်ရပ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အဖျက်အမှောင့်လုပ်ငန်းတွေမှာတင် အဆုံးသတ်မသွားပါဘူး။

ဥရောပအစိုးရတွေက သတင်းတု သတင်းမှားတွေ၊ လူမှုကွန်ရက်ပေါ်က အကောင့်တု အကောင့်ပုန်းတွေ၊ အမှန်သတင်းဖော်ပြမှုတွေနဲ့ ဉာဏ်ရည်တုနည်းပညာ(AI)နဲ့ ပြုလုပ်တဲ့အကြောင်းအရာတွေဟာ ရုရှားနဲ့ဆက်စပ်နေတယ်လို့ စွပ်စွဲပါတယ်။

ပြင်သစ်အာဏာပိုင်တွေက ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်ခင် လူသိများနိုင်ငံရေးသမားတွေကို ပစ်မှတ်ထားတဲ့ ရုရှားနဲ့ဆက်စပ်တယ်လို့ သံသယရှိတဲ့သြဇာလွှမ်းမိုးရေး လုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဂျာမနီမှာလည်း ဒေသန္တရအဆင့် မဲပေးပွဲတွေမတိုင်ခင် အချက်အလက်အမှားတွေ ဖြန့်၀ေတာနဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု လျော့ကျအောင် ကြိုးပမ်းတာတွေ ရှိနေတယ်လို့ တာ၀န်ရှိသူတွေက သတိပေးခဲ့ပါတယ်။

"အခြေခံရည်ရွယ်ချက်က ပြောင်းလဲမသွားပါဘူး" ဟု Beznosiuk က ပြောသည်။

"မော်စကိုအနေနဲ့ မဲဆန္ဒရှင်အများအပြားကို တိုက်ရိုက် ယုံကြည်အောင် လုပ်စရာ မလိုပါဘူး။ ရှိပြီးသား သဘောကွဲမှုတွေကို အသုံးချနိုင်တယ်၊ ရုရှားကို ဝေဖန်တဲ့နိုင်ငံရေးသမားတွေကို ဂုဏ်သိက္ခာ ချနိုင်တယ်၊ နိုင်ငံရေးအစွန်းရောက် ကွဲပြားမှုတွေကို ပိုမိုချဲ့ထွင်နိုင်တယ်၊ ပြီးတော့ ဒီမိုကရေစီအဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုကို တဖြည်းဖြည်း ပျက်စီးစေနိုင်တယ်လေ။"

ပြီးခဲ့တဲ့နှစ်တွေအတွင်း ရုရှားဟာ သူရဲ့ရန်လိုတဲ့လုပ်ရပ်တွေ သူ့ဆီပြန်မလာအောင် ခပ်ခွာခွာဖြစ်စေမယ့် နည်းလမ်းအသစ်တွေကို ရှာတွေ့ခဲ့တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ယူကရိန်းကို အပြည့်အဝကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ရုရှားဟာ သူ့ရဲ့အဖျက်အမှောင့်လုပ်ငန်းတွေကို သံတမန်ရေး မျက်နှာဖုံးစွပ်ပြီး လုပ်နေတယ်လို့ ဥရောပ အစိုးရတွေက သုံးသပ်ခဲ့ပါတယ်။ ပြီးတော့ သံတမန်ရေးအကာအကွယ်အောက်ကနေ ထောက်လှမ်းရေးလုပ်တယ်ဆိုတဲ့သံသယနဲ့ သံတမန်တွေကို နှင်ထုတ်ခဲ့တာလည်းရှိပါတယ်။

အဲဒီကတည်းက မော်စကိုဟာ ဥရောပရဲ့ထောက်လှမ်းရေး တန်ပြန်အစီအမံတွေကို ရှောင်ကွင်းဖို့ တတိယနိုင်ငံသားတွေကို အွန်လိုင်းကနေတဆင့် စုဆောင်းတာကို ထိထိရောက်ရောက်အသုံးချနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

"အခုတော့ သံရုံးတွေကတဆင့် မလုပ်တော့ဘူး" လို့ Ferris က ပြောပါတယ်။ "(လူစုဆောင်းထားတဲ့) အစွယ်အပွားတွေ အောက်ကပဲ သွားတော့တာ"

နိုင်ငံရေးရပ်တည်ချက်ထက် ငွေ မက်လုံးကြောင့် ပါလာတဲ့ဒီနိုင်ငံခြားသားတွေဟာ သုံးတာဟာ ရန်လိုတဲ့လုပ်ရပ်တွေနဲ့ ကရင်မလင်နန်းတော်ကြားက ချိတ်ဆက်မှုကို လိုက်ဖို့ ပိုခက်သွားစေတယ်လို့လည်း သူက ပြောပါတယ်။

ယူကရိန်းစစ်တပ်ကို ရေဒီယိုလှိုင်းဖမ်းစက်တွေ ထောက်ပံ့ပေးတဲ့စက်ရုံတစ်ရုံကို ၂၀၂၄ ခုနှစ်တုန်းက မီးရှို့ဖို့ကြိုးပမ်းမှုမှာ ရုရှားရဲ့ GRU စစ်ထောက်လှမ်းရေးအဖွဲ့က စီစဉ်ခဲ့တယ်လို့ဆိုပြီး လစ်သူယေးနီးယား အာဏာပိုင်တွေက အခုနှစ် ဇန်န၀ါရီလမှာ စွပ်စွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စပိန်၊ ကိုလံဘီယာ၊ ကျူးဘား၊ ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံသား ၆ ဦးကို ဖမ်းဆီးခံထားရပြီး ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

Globsec အစီရင်ခံစာအရ ဥရောပမှာ ရုရှားနဲ့ဆက်နွှယ်တဲ့တိုက်ခိုက်မှုတွေမှာ လူ ၁၇၂ ဦး ပါ၀င်ပတ်သက်ပြီး အဲဒီထဲက ၉၅ ရာခိုင်နှုန်းဟာ "ရုရှား ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ဆက်နွယ်မှု မရှိတဲ့သာမန်ပြည်သူတွေ" လို့ ဖော်ပြပါတယ်။

"ဒါက ရုရှားနဲ့ ခပ်လှမ်းလှမ်းဖြစ်တဲ့ အကွာအ၀ေးတစ်ခုကို ဖန်တီးပေးပါတယ်" ဟု Ferris က ပြောပြီး ဒါကြောင့် တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူလက်သည်ဖြစ်တယ်ဆိုတာကို ဖော်ဖို့ နှေးသွားစေသလို ဥပဒေကြောင်းအရလည်း ရှုပ်ထွေးသွားစေတယ်လို့ ထောက်ပြပါတယ်။

Beznosiuk က ရုရှားရဲ့ "မှောင်ရိပ်ခို သင်္ဘောအုပ်စု" လို့ခေါ်တဲ့ကွန်ရက်ရဲ့ပြောင်းလဲလာတဲ့အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြပါတယ်။ ဒီကွန်ရက်ဟာ မော်စကိုအပေါ် အနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားရန် နိုင်ငံခြားအလံတွေနဲ့ နိုင်ငံခြားမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီခွံတွေအောက်မှာ လည်ပတ်နေတဲ့ရေနံတင်သင်္ဘောတွေနဲ့ တခြား ကုန်သွယ်ရေး ရေယာဉ်ကွန်ရက်တွေ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ ဒီရေယာဉ်တွေဟာ ရေအောက် ကေဘယ်လိုင်းတွေနဲ့ ပိုက်လိုင်းတွေ ပျက်စီးမှု၊ စောင့်ကြည့်ထောက်လှမ်းရေး လုပ်ဆောင်မှုတွေနဲ့ Baltic နဲ့ North Sea ဒေသတွေက အရေးပါတဲ့အခြေခံအဆောက်အအုံတွေအနီးမှာ ဒရုန်းလှုပ်ရှားမှုတွေ ပါဝင်တယ်လို့ သံသယရှိဖြစ်ရပ်တွေနဲ့ ပိုဆက်စပ်လာခဲ့ပါတယ်။

အခြားစွပ်စွဲချက်တွေလိုပဲ ရုရှားက ဒါကိုလည်း ငြင်းဆိုထားပါတယ်။

ဒီတော့ ဘာလုပ်နိုင်လဲ

Beznosiuk ကတော့ နေတိုးနဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ သူ့အပြောအရ ခြိမ်းခြောက်မှုရဲ့ အတိုင်းအဆကို သိအောင်လုပ်ပြီး ဘယ်လိုဟာက ရုရှားရဲ့အဖျက်အမှောင်လုပ်ရပ်မျိုးဖြစ်တယ်၊ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာမျိုးအထိ ကျော်တွေးဖို့ လိုအပ်ပြီလို့ ထင်ပါတယ်။​

ပြီးတော့ သူက အဖျက်အမှောင့်လုပ်ရပ်တွေကို နိုင်ငံတော်က ပါ၀င်နေတဲ့ရန်လိုတဲ့လုပ်ရပ်သဖွယ် မှတ်ယူသင့်တယ်လို့ သူက ပြောပြီး အဲဒါကို တန်ပြန်ဖို့ သံခင်းတမန်ခင်း လှုပ်ရှားမှုတွေကို ကန့်သတ်တာ၊ ရုရှားရဲ့အမှောင်ရိပ်ထဲက သင်္ဘောအုပ်စုအရေး အရေးယူဆောင်ရွက်တာ၊ ရွေးကောက်ပွဲတွေမတိုင်ခင်မှာ မီဒီယာကျွမ်းကျင်တတ်မြောက်မှုအပိုင်းကို ငွေအားသုံး ဖော်ဆောင်တာတွေ လုပ်သင့်တယ်လို့လည်း ထင်ပါတယ်။​

နေတိုးနဲ့ ဥရောပသမဂ္ဂ အဖွဲ့၀င်နိုင်ငံတွေကတော့ အရေးကြီးတဲ့အခြေခံအဆောက်အဦတွေကို ကာကွယ်ရေး တိုးလုပ်ဖို့နဲ့ ရုရှားဆက်နွှယ်လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေ၊ ရေယာဥ်တွေကို ဒဏ်ခတ်မှု တိုးလုပ်တာမျိုးလို ထောက်လှမ်းရေးအချက်အလက် ပူးပေါင်းတာတွေ တိုးလုပ်နေတယ်လို့ ပြောပါတယ်။​

ဒါပေမဲ့ ပုံစံနှစ်သွယ်နဲ့ဖြစ်လာတဲ့ ခြိမ်းခြောက်မှုတိုးလာတာကြောင့် ညှိနှိုင်းဆောင်ရွက်တာတွေ တိုးလုပ်ဖို့လိုအပ်လိမ့်မယ်လို့တော့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။​

Ferris ကတော့ ၂၀၁၈ ခုနှစ်တုန်းက အင်္ဂလန်နယ်ထဲက ဆောလ်စ်ဘရီမြို့မှာ ရုရှား စပိုင်ဟောင်း ဆာဂေး စကစ်ပယ်နဲ့ သမီးဖြစ်သူတို့ လုပ်ကြံခံရမယ့်ဆဲဆဲဖြစ်ရပ်အပြီး ညှိနှိုင်းလုပ်ဆောင်ခဲ့ကြတဲ့တုံ့ပြန်မှုကို ထောက်ပြပါတယ်။ အဲဒီတုန်းက ဥရောပနိုင်ငံတွေဟာ ရုရှားသံတမန်အများစုကို တစ်စုတစ်စည်းတည်း နှင်ထုတ်ခဲ့ကြတာကို သူက ထောက်ပြတာပါ။

အဲဒီလုပ်ရပ်ဟာ ''ဥရောပမှာ ရုရှားရဲ့ထောက်လှမ်းရေးကွန်ရက်ကို အတော်လေး ကဖျက်ယဖျက် ဖြစ်စေခဲ့တယ်'' လို့ သူက ပြောပါတယ်။​

နားလည်မှုလွဲဖို့ အဟကြီးမား

အကဲခတ် နှစ်ဦးစလုံးကတော့ ရှေ့ကိုမျှော်ကြည့်ရင် ရုရှားဟာ နေတိုးအဖွဲ့နဲ့ တည့်တည့် စစ်ဖြစ်မှာကို လုပ်ချင်ပုံမရဘူးလို့ ပြောပါတယ်။​

Ferris ကတော့ ယူကရိန်းနဲ့ဖြစ်တဲ့စစ်ပွဲ ပြီးခဲ့တယ်ဆိုရင်တောင် စစ်ပွဲပြီးသွားပေမဲ့ ရုရှားအတွက် သူ့စစ်တပ်ကို သွေးသစ်လောင်းဖို့ နှစ်အတော်ကြာလိမ့်မယ်လို့ ထောက်ပြပါတယ်။​

Beznosiuk ရုရှားဟာ နေတိုးအရှေ့မျက်နှာစာကို နိုင်ငံရေးနဲ့ စစ်ရေးနှစ်မျိုးစပ် ရန်လိုမှုကို အကန့်အသတ်နဲ့ ရည်ရွယ်ချက်ရှိရှိလုပ်နိုင်ခြေရှိတဲ့အခင်းအကျင်းကို ထောက်ပြပါတယ်။​

ဒါပေမဲ့ အကဲခတ်နှစ်ဦးစလုံးကတော့ ရုရှားရဲ့ ပုံစံနှစ်သွယ်နဲ့ စစ်ရေးအခင်းအကျင်းဟာ ပိုလို့ပြင်းထန်လာနိုင်တာကို မျှော်လင့်ထားတယ်လို့ ပြောပါတယ်။​

Beznosiuk ကတော့ ရုရှားဟာ ပုံစံနှစ်သွယ်နဲ့ အခုလိုလုပ်တာကို ၂၀၂၇ ခုနှစ်ထဲအထိ ဆွဲခေါ်သွားနိုင်ပြီး နေတိုးအဖွဲ့နဲ့ တည့်တည့်ဖြစ်တဲ့ပဋိပက္ခတောထဲ မရောက်စေဘဲ အဖျက်အမှောင့်လုပ်တာ၊ ဆိုက်ဘာတိုက်ခိုက်တာနဲ့ သတင်းတုသတင်းမှားတွေ သုံးပြီး ဖိအားပေးနိုင်တယ်လို့ ပြောပါတယ်။​

''ဒီလုပ်ရပ်တွေဟာ ငွေကုန်ကြေးကျလည်း မများ၊ လက်သည်ဖော်ဖို့လည်း ခက်၊ နောက်ပြီး နိုင်ငံရေးသောကပွေဖို့လည်း ဦးတည်နေသမျှကာလပတ်လုံး မော်စကိုအတွက်တော့ ဒီလိုအခြေအနေတွေဟာ ဥရောပရဲ့ပျော့ကွက်တွေကို အဆုံးအစွန်အထိ ဆက်ပြီး အကဲစမ်းဖို့ရာ အကြောင်းဖန်နေဦးမှာပါ''

ဒါပေမဲ့ မရည်ရွယ်ဘဲ တင်းမာမှု မြင့်သွားနိုင်တဲ့အန္တရာယ်ကိုတော့ နှစ်ဦးစလုံးက သတိပေးပါတယ်။​

"မတော်တဆဖြစ်တာတွေ၊ အရပ်သား ထိခိုက်တာတွေနဲ့ နိုင်ငံရေးအရ ထိရှလွယ်တဲ့ဖြစ်ရပ်တွေဟာ နှစ်ဖက်စလုံးက ဘယ်သူကမှ မရည်ရွယ်ဘဲနဲ့ တင်းမာမှုမြင့်တက်သွားတာဖြစ်နိုင်ပါတယ်'' လို့ Beznosiuk က ပြောပါတယ်။​

ဒါကြောင့်ပဲ Ferris ကတော့ မချစ်သော်လည်း အောင့်ကာနမ်းတဲ့အနေနဲ့ ၂၀၂၂ ခုနှစ် ဇန်န၀ါရီမှာ နောက်ဆုံးတွေ့ဆုံခဲ့ကြတဲ့ နေတိုး - ရုရှားကောင်စီကို ပြန်စပြီး ရုရှားနဲ့ဆက်ဆံရေး တိုးတက်လာဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။​

''ဒီလိုလုပ်တယ်ဆိုတာဟာလည်း ပဋိပက္ခဖြစ်တာကို လျှော့ချဖို့ ဖြစ်ပါတယ်။ ရန်မလိုချင်လို့ အလျှော့ပေးလိုက်တာမျိုး မဟုတ်ပါဘူး'' လို့ သူက ပြောပါတယ်။​

''နားလည်မှုလွဲဖို့ လွယ်ပြီး သေကြေကိန်း ဆိုက်နိုင်လောက်တဲ့အထိ ကွာဟချက်က ကြီးမားနေတယ်'' ​