ဘက်ခမ်း - ယူကေနိုင်ငံရဲ့ ဘီလျံနာ အားကစားသမားစာရင်းဝင် ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဆာဘွဲ့ရ ဒေးဗစ် ဘက်ခမ်း ဟာ Sunday Times မဂ္ဂဇင်းရဲ့ ၂၀၂၆ ခုနှစ် ချမ်းသာကြွယ်ဝသူများ စာရင်းဝင် ယူကေနိုင်ငံရဲ့ ဘီလျံနာ အားကစားသမား ဖြစ်လာခဲ့ပါတယ်။
ဘက်ခမ်းနဲ့ သူ့ရဲ့ဇနီး ဗစ်တိုးရီးယား နှစ်ယောက်ပေါင်း ကြွယ်ဝမှုဟာ စတာလင်ပေါင် ၁ ဒသမ ၁၈၅ ဘီလျံ အထိရှိတယ်လို့ အဲဒီစာရင်းမှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် သူတို့ ဇနီးမောင်နှံဟာ ဒေါ်လာ ၂ ဘီလျံ ချမ်းသာကြွယ်ဝတယ်လို့ ခန့်မှန်းထားတဲ့ ဖော်မြူလာ ဝမ်း အကြီးအကဲဟောင်း ဘာနီ အက်ကယ်စတန်ရဲ့ မိသားစုပြီးရင် ဒုတိယ အချမ်းသာဆုံး အားကစားသမား မိသားစု ဖြစ်လာခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ် မြောက်ပိုင်းအိုင်ယာလန် ဂေါက်သီးသမား ရော်ရီ မက်ခယ်လ်ရွိုင်းကတော့ မာစတာ ချန်ပီယံဆု နှစ်ရာသီဆက်တိုက် ဆွတ်ခူးခဲ့အပြီး စတာလင်ပေါင် ၃၂၅ သန်းနဲ့ သတ္တမမြောက် အချမ်းသာဆုံး အားကစားသမား နေရာမှာ ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဘွဲ့ရ ဂျင်မ် ရက်ကလစ်ဖ် ကတော့ ကြွယ်ဝမှု စတာလင်ပေါင် ၁ ဒသမ ၈၅ ဘီလျံ လျော့သွားပြီး ၁၅ ဒသမ ၁၉၄ ဘီလျံသာ ချမ်းသာတော့တဲ့အတွက် ယူကေ အားကစားလောကက အချမ်းသာဆုံး သတ္တမအဆင့်ကနေ နဝမအဆင့်ကို ကျဆင်းသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက် အလယ်တန်းသမား ဘက်ခမ်း ဟာ အခုအခါ အင်တာ မိုင်ယာမီ အမေရိကန်ဘောလုံးအသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်လာပြီး အင်တာ မိုင်ယာမီ အသင်းဟာ အမေရိကန် ဘောလုံးပြိုင်ပွဲ ထိပ်ဆုံးအဆင့် မေဂျာလိဂ်ရဲ့ အချမ်းသာဆုံး အသင်းအဖြစ် ခန့်မှန်းထားပါတယ်။ ဒီအသင်းရဲ့ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၄၅ ဘီလျံ ရှိပါတယ်။
နိုဝင်ဘာလက ဆာဘွဲ့ချီးမြှင့်ခံခဲ့ရသူ အသက် ၅၁ နှစ်အရွယ် ဒေးဗစ် ဘက်ခမ်းဟာ အက်ဒိဒက်စ်နဲ့ ဟူဂို ဘော့စ် လို နာမည်ကြီးကုမ္ပဏီတွေရဲ့ ဘရန်းတံဆိပ်ကို မြှင့်တင်ပေးတဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။
ဗစ်တိုးရီးယား ဘက်ခမ်းကတော့ အစကနဦးမှာ သူ့ရဲ့ ဖက်ရှင်အမှတ်တံဆိပ်ကြောင့် ကြွယ်ဝလာခဲ့တာဖြစ်ပြီး Spice Girls အမျိုးသမီး ဂီတအဖွဲ့ဝင်တစ်ဦးအဖြစ် မူလက ကျော်ကြားခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပွဲသွင်းသူ ဘယ်ရီနဲ့ အယ်ဒီ ဟန်းန် သားအဖကလည်း နှစ်ယောက်ပေါင်း ကြွယ်ဝမှု စတာလင်ပေါင် ၁ ဒသမ ၀၃၅ ဘီလျံနဲ့ ဗြိတိန်နိုင်ငံရဲ့ ဘီလျံနာ သူဌေးကြီးများအဖွဲ့ထဲ ပါခဲ့ပါတယ်။
ဘယ်ရီ ဟန်းန် ဟာ လက်ဝှေ့၊ မြားပေါက်နဲ့ စနူကာ အားကစားလောကမှာ ထိပ်တန်း ပွဲစီစဉ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Matchroom Sport ကုမ္ပဏီကို တည်ထောင်သူ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
သူ့ရဲ့သား အယ်ဒီဟာ Matchroom ကုမ္ပဏီရဲ့ အတွင်းရေးမှူးဖြစ်ပြီး ဗြိတိသျှလူမျိုး လက်ဝှေ့သမား အန်တိုနီ ဂျော့ရှူဝါ ကို နာမည်ကြီးအောင် မြှင့်တင်ပေးခဲ့ပါတယ်။ အန်တိုနီ ဂျော့ရှူဝါ ဟာ ကြွယ်ဝငွေ ပေါင်စတာလင် သန်း ၂၄၀ နဲ့ အချမ်းသာဆုံး အားကစားသမားများ စာရင်းမှာ အဌမနေရာမှာ ရှိပြီး သူ့ရဲ့ ပြိုင်ဘက် ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား တိုင်ဆန် ဖျူရီ က ကြွယ်ဝငွေ ၁၆၂ သန်းနဲ့ နဝမနေရာမှာ ရှိပါတယ်။
ချန်ပီယံဆု ၇ ဆု ဆွတ်ခူးခဲ့တဲ့ ဖော်မြူလာ ဝမ်း ချန်ပီယန် ဆာဘွဲ့ရ လူးဝစ် ဟယ်မေလ်တန် က ပေါင်စတာလင် ၄၃၅ သန်းနဲ့ ပဉ္စမမြောက် အချမ်းသာဆုံး အားကစားသမားနေရာမှာ ရှိပြီး အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ ဝင်ဘယ်လ်တန်ဆု နှစ်ကြိမ် ဆွတ်ခူးခဲ့သူ တင်းနစ်ချန်ပီယန် ဆာဘွဲ့ရ အန်ဒီ မာရေးတို့က ကြွယ်ဝငွေ စတာလင်ပေါင် သန်း ၁၁၀ နဲ့ ဒသမအချမ်းသာဆုံး အားကစားသမားနေရာမှာ ရှိနေပါတယ်။







