မေ ၉ ရက် သတင်းအနှစ်ချုပ် - ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ မောတောင်မြို့ကို စစ်တပ်ထိုးစစ်မြှင့်နေ

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၈

တနင်္သာရီမြို့နယ်မှာရှိတဲ့ မောတောင်မြို့တဝိုက်ကို အခုမေလဆန်းကစလို့ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သလို မြေပြင်မှာစစ်အင်အားဖြည့်တင်းတာတွေပါ လုပ်ဆောင်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

"မောတောင်တလျှောက်လုံးတိုက်ပွဲဖြစ်နေတယ်။ ဒီလကစပြီး ရန်သူကအင်အားတိုးလာတယ်။ လူအင်အားဖြည့်ပြီးထိုးစစ်ပြန်ဆင်နေတာပါ" လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြိတ်၀ ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ဧပြီလလယ်ကစလို့ တနင်္သာရီ - မောတောင်လမ်းကို စစ်တပ်ကစစ်ကြောင်းတွေဖြန့်ခွဲကာ ထိုးစစ်ဆင်သလို သဲဖြူရွာအနီးမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

မေလဆန်းပိုင်းမှာ တော့ မောတောင်မြို့ပေါ်ကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက် လာတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရေးအရင်းအမြစ်ကလည်းပြောပါတယ်။

"မေလစဝင်ကတည်းက သုံးရက်စလုံးတောက်လျှောက်ကို လေကြောင်းတိုက်ခိုက်တာပါ။ မိုးတွင်း ရောက်တော့မှာဆိုတော့ ကုန်းကြောင်းအစားလေကြောင်းကိုသုံးပြီး ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်တယ်၊ အဲဒီလိုလုပ်ပြီးမောတောင်ကိုထိန်းချုပ်ဖို့လုပ်နေတာပါ" လို့ PDF စစ်ရေးရင်းမြစ်တဦးက ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းတပ်တွေက မနှစ် နိုဝင်ဘာလထဲမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မောတောင်အပြင် တနင်္သာရီထဲက ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ထီးခီးနယ်စပ်ဂိတ်ကိုလည်း KNU က ထိန်းချုပ်ထားပါတယ်။

အမှတ် ၁ အာရှလမ်းမကြီးကို ဧပြီ ၁ ရက်မှာ ပြန်ဖွင့်ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ဖို့အတွက် ထိုင်းဘက်ကလည်းစိုင်းပြင်းလာပြီး အသွင်ပြောင်းနေပြည်တော်အစိုးရနဲ့ တွေ့ဆုံမှုတွေမှာလည်း ဒီအကြောင်းကိုအဓိကထည့်သွင်းဆွေးနွေးနေပါတယ်။

စစ်ရေးအခြေအနေမှာတော့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာရှိတဲ့ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေကိုလည်း စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ PDF ရင်းမြစ်တချို့ဆီကသိရပါတယ်။

ကလိန်အောင် - မလွှဲတောင်တကြောနဲ့ ကမောင်းကင်း-လောင်းလုံး- အောက်ရေဖြူရွာတို့ကို မေလဆန်းပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး ဒီရက်ပိုင်းမှာတော့ ထားဝယ်- မေတ္တာ လမ်းပိုင်းကို စစ်ကြောင်းထိုးဖို့လုပ်နေတယ်လို့ ပြောကြပါတယ်။

တနင်္သာရီတိုင်းထဲက စစ်ရေးနဲ့ပတ်သက်လို့ နေပြည်တော်ဘက်က ဒီနေ့ ညနေပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

ကမ္ဘာ့ဖလားဖွင့်ပွဲ လီဆာ ဖျော်ဖြေမယ်

၂၀၂၅ ခုနှစ်တုန်းက နာမည်ကျော် ဂီတပွဲတော် Coachella မှာဖျော်ဖြေနေတဲ့ လီဆာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်တုန်းက နာမည်ကျော် ဂီတပွဲတော် Coachella မှာဖျော်ဖြေနေတဲ့ လီဆာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ ထိုင်းနိုင်ငံသူ ကေပေါ့ပ်အဆိုတော် လီဆာ ပါဝင်ဖျော်ဖြေမယ်လို့ ဒီနေ့မှာ ဖီဖာကထုတ်ပြန်ပါတယ်။

ဖွင့်ပွဲနေ့အဓိကဖျော်ဖြေရေးအဖြစ် နာမည်ကျော် ပေါ့ပ်တေးသံရှင် ကေတီပယ်ရီ၊ အမေရိကန် ရက်ပ်အဆိုတော် Future၊ ဘရာဇီးနိုင်ငံသူ Anitta၊ နိုင်ဂျီရီးယားနိုင်ငံသား Rema၊ တောင်အာဖရိကသူ Tyla တို့နဲ့အတူ ကေပေါ့ပ်အဆို‌တော် လီဆာ လည်းပါဝင်မှာပါ။

လာမယ့် ဇွန် ၁၂ ရက်မှာ အမေရိကန်နိုင်ငံ၊ လောစ့်အိန်ဂျလိစ်ဘောလုံးကွင်းမှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံသူ လီဆာဟာ နာမည်ကျော် ကေပေါ့ပ်အဖွဲ့ Blackpink အဖွဲ့ဝင်တဦးဖြစ်ပြီး တကိုယ်တော်တေးအယ်လ်ဘမ်ထုတ်ကာ အခြားအနုပညာရှင်တွေနဲ့ပါ တွဲဖက်သီဆိုမှုတွေ ပြုလုပ်နေပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘယ်လောက်တောင် ထူးကဲလဲဆိုတာကို ဖွင့်ပွဲက ပြသသွားမှာပါ" လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က ပြောပါတယ်။

"အခုဖျော်ဖြေဖို့ရွေးချယ်ထားတဲ့ အနုပညာရှင်တွေဟာ အမေရိကန်ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု တွေ ပေါင်းစုံနေတယ်ဆိုတာကို ထင်ဟပ်စေပါတယ်။ ဂီတရဲ့စွမ်းအားဟာ နိုင်ငံတဝန်းက မတူကွဲပြားတဲ့လူတွေကို ပေါင်းစည်းစေနိုင်သလို ဂီတ၊ ဖျော်ဖြေရေးနဲ့ ပေါ့ပ်ယဉ်ကျေးမှုတွေ ကြွယ်ဝတဲ့ ဒီနိုင်ငံအကြောင်းကိုလည်း ဖော်ညွှန်းပြသရာရောက်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

လေးနှစ်တကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ထုတ်ဝေတဲ့ သီချင်းတွေဟာ ဘောလုံးပရိသတ်တွေကြားရော ဂီတနှစ်သက်သူတွေကြားမှာပါ လူကြိုက်များလေ့ရှိပါတယ်။

နှစ်အလိုက် ကမ္ဘာ့ဖလားသီချင်းတွေကို အမေရိကန်နဲ့ ဥရောပတလွှားက အဆိုတော်တွေက အများစုသီဆိုခဲ့ရာကနေ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပွဲကစလို့ ကေပေါ့ပ်ဂီတပါ ပါဝင်လာတာပါ။ ကေပေါ့ပ်အမျိုးသားအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Jungkook က "Dreamers" လို့အမည်ရတဲ့ သီချင်းနဲ့ ကာတာဖွင့်ပွဲမှာ ဖျော်ဖြေခဲ့ပါတယ်။

အခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို စတဲ့ သုံးနိုင်ငံက ပူးတွဲကျင်းပတာဖြစ်ပြီး ဖွင့်ပွဲမလုပ်မီတရက်အလို ဇွန် ၁၁ ရက်မှာ မက္ကဆီကိုနဲ့ တောင်အာဖရိက အသင်းတို့က ပထမဆုံးပွဲစဥ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

မြန်မာအတွက် အာဆီယံအမြဲတမ်းအထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေးအပြီးသတ်ဆွေးနွေးမယ်

၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, ASEAN

ဓာတ်ပုံ ပုံစာ, ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

အာဆီယံခေါင်းဆောင်တွေက လုပ်ပိုင်ခွင့်အာဏာပေးထားမယ့် မြန်မာ့နိုင်ငံအတွက် အမြဲတမ်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေးအတွက် အာဆီယံအကြီးအကဲတွေကြား အပြီးသတ် ဆွေးနွေးမယ်လို့ ထိပ်သီးအစည်းအဝေးအပြီး အစီရင်ခံစာမှာဖော်ပြပါတယ်။

၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်အရ အမြဲတမ်းအထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး တင်ပြချက်ကိုမှတ်သားထားပြီး ဒါဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ကိုက်ညီဖို့လိုသလို ခန့်အပ်ရေးအတွက် တာဝန်ခွဲဝေမှု၊ ထောက်ပံ့ရေးနဲ့ ရန်ပုံငွေဆိုင်ရာအတွက်ပါ အကုန်လုံး သဘောတူညီနိုင်တဲ့အခြေအနေရှိဖို့လည်းအရေးကြီးကြောင်း ဖော်ပြပါတယ်။

ဒါပေမဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်က အလုပ်ဖြစ်မြောက်မှုနှေးတဲ့အပေါ် အလွန်အမင်း စိုးရိမ်တယ်လို့လည်း ထည့်ပြောပါတယ်။

ဒါအပြင် ဒီသဘောတူညီချက်ထဲပါဝင်တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးအတွက် ဒုတိယအဆင့်အနေနဲ့ ဘဝရှင်သန်ရပ်တည်ရေး (Life – Sustaining) အတွက် ဆက်လက်ကူညီမယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်မှာတော့ အလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်ဖြစ်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာသရီဆာ လာဇာရိုရဲ့ တင်ပြချက်အပေါ် အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိအာဆီယံအထူးကိုယ်စားလှယ်ဟာ တာဝန်ထမ်းဆောင်တဲ့ အခုနှစ် ဇန်နဝါရီလကစလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ဆွေးနွေးဖက်အဖွဲ့အစည်းတွေ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းမိတ်ဖက်အဖွဲ့တွေနဲ့သာမက အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါဟာ မလေးရှားနိုင်ငံကအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာစတင်ခဲ့တဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံတဲ့လမ်းစဉ်ကို ဖိလစ်ပိုင်ကဆက်လက်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

သူက နေပြည်တော်ကိုလာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်ချက်မှာတော့ ဦးဝင်းမြင့်ကို ပြန်လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရွှေ့ပြောင်းတာကို ကြိုဆိုပေမဲ့ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့လိုတယ်လို့ ထည့်ပြောထားပါတယ်။

ယူကရိန်း၊ ကိယက်ဗ်က မြန်မာတွေ ဘေးလွတ်ရာထွက်ခွာဖို့ မြန်မာသံရုံးထုတ်ပြန်

ယူကရိန်းမြို့တော်၊ ကိယက်ဗ်မြို့မှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ စစ်သည်တွေကို လာရောက်အလေးပြုတဲ့ မေ ၈ ရက်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းမြို့တော်၊ ကိယက်ဗ်မြို့မှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ စစ်သည်တွေကို လာရောက်အလေးပြုတဲ့ မေ ၈ ရက်မြင်ကွင်း

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အချိန်မီဘေးကင်းရာကို ထွက်ခွာဖို့အတွက်လိုအပ်တယ်ဆိုရင် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာအခြေစိုက်တဲ့ မြန်မာသံရုံးကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း အရေးပေါ်အသိပေးချက်အဖြစ် မနေ့က ထုတ်ပြန်လာပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ရုရှားရဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့ (Victory Day) မှာ တိုက်ခိုက်မယ်လို့ ယူကရိန်းရဲ့ပြောဆိုချက်ကို ရုရှားဘက်ကတန်ပြန်မယ့်အကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကနေ အသိပေးအကြောင်းကြားတာတွေရှိနေတယ်လို့ မြန်မာသံရုံးက ဖော်ပြပါတယ်။

ရုရှားစစ်တပ်အတွက် အင်မတန်အရေးကြီးတဲ့ အောင်ပွဲနေ့မှာ အပစ်ရပ်ဖို့ကြေညာခဲ့ကြပေမဲ့ ဒါကို ချိုးဖောက်နေကြောင်း ယူကရိန်းနဲ့ ရုရှားကြားအပြန်အလှန်စွပ်စွဲမှုတွေမြင့်တက်နေချိန်မှာပဲ နှစ်နိုင်ငံကြား သုံးရက်ကြာအပစ်ရပ်မယ့်အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြောလာပါတယ်။

သမ္မတ ထရမ့်ရဲ့ မနေ့ကပြောဆိုချက်အရ ဒီတခေါက်အပစ်ရပ်တာဟာ စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်တန့်တာအပြင် နှစ်နိုင်ငံက အကျဉ်းသားအယောက် ၁,၀၀၀ စီ အပြန်အလှန်လဲလှယ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒီအစီအစဉ်မှာ ယူကရိန်းကပူးပေါင်းပါဝင်မယ့်အကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ထုတ်ပြောသလို ရုရှားအစိုးရပိုင်မီဒီယာကလည်း ဒါကိုလက်ခံထားကြောင်း ထုတ်ပြန်ထားပါတယ်။

နှစ်စဉ်ခမ်းခမ်းနားနားကျင်းပလေ့ရှိတဲ့ ဒီအောင်ပွဲနေ့အထိမ်းအမှတ် ရင်ပြင်နီချီတက်ပွဲကို အခုနှစ်မှာတော့ ဘယ်လာရုစ်၊ မလေးရှား နဲ့ လာအိုတို့က ခေါင်းဆောင်တွေသာတက်ရောက်ပြီး အကျဉ်းချုံးကျင်းပသွားမှာပါ။

၂၀၂၅ ခုနှစ် ရင်ပြင်နီချီတက်ပွဲတုန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူပါတက်ရောက်ခဲ့ကြပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့သာမက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ပါ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ အခုနှစ်ပွဲကိုတော့ သမ္မတအဖြစ် တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း ထုတ်ပြန်တာမတွေ့ရပါဘူး။

စစ်သားဘဝ ရခဲတယ် လို့ တပ်ချုပ်ပြော

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းက တွေ့ဆုံပွဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းက တွေ့ဆုံပွဲ

စစ်သားဘဝက ရခဲလို့ ဂုဏ်ယူစွာတာဝန်ထမ်းဆောင်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မနေ့က စစ်ရုံးတွေ့ဆုံပွဲမှာပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းက ဗိုလ်ချုပ်ကြီးတွေတင်မကဘဲ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တပ်ချုပ်က ပထမဆုံးအကြိမ် စုံစုံလင်လင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဇနီး၊ မယားတွေလည်း ဂုဏ်ယူစွာနဲ့ ပါရမီဖြည့်ဖို့ သူက ပြောပါတယ်။

စစ်သည်တွေ သစ္စာရှိဖို့ အထူးလိုအပ်ပြီး သစ္စာပျက်ရင် ဘေးအန္တရာယ်ဖြစ်မယ် လို့ တပ်ချုပ်ဖြစ်တာ တစ်လကျော်ပဲရှိသေးတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။

တပ်ချုပ်ရဲ့ ဒီတွေ့ဆုံမှုဟာ တပ်တွင်းစည်းရုံးရေးဖြစ်ပြီး တပ်မှာ အာဏာခိုင်အောင် စတင်တည်ဆောက်နေပြီလို့ စစ်ရေးအကဲခတ်တွေကသုံးသပ်ကြပါတယ်။

ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စတွေက တပ်မှာ ခွင့်လွှတ်မရတဲ့ ပြစ်မှုတွေလို့ သူကပြောပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကနေ လာတဲ့ တပ်ချုပ်က သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်တင်ပြဖို့လည်း ပြောပြီး အခြေအနေမှန်ကို တင်ပြနိုင်မှ မှန်ကန်စွာဆုံးဖြတ်နိုင်မယ် လို့ ဆိုပါတယ်။

အမျိုးသမီးစစ်မှုထမ်း၊ ပြည်သူ့စစ်မှုထမ်းနဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ အရေးကိစ္စတွေကိုလည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ထည့်သွင်းပြောကြားပါတယ်။

ပဲခူး၊ ပန်းတောင်းက ကပစ ၁၆ ရဲ့ ကာကင်းစခန်းတချို့ အေအေသိမ်းပိုက်

ကပစ ၁၆ အနီးတိုက်ပွဲတွေကနေသိမ်းမိတဲ့ စစ်တပ်ရဲ့လက်နက်တွေ

ဓာတ်ပုံ ရင်းမြစ်, Arakan Princess Media

ဓာတ်ပုံ ပုံစာ, ကပစ ၁၆ အနီးတိုက်ပွဲတွေကနေသိမ်းမိတဲ့ စစ်တပ်ရဲ့လက်နက်တွေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးမှာရှိတဲ့ စစ်တပ်ရဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံရဲ့ ကာကင်းစခန်းလေးခုထဲက နှစ်ခုကို အာရက္ခတပ်တော် (အေအေ) က သိမ်းပိုက်ထားနိုင်ပြီလို့ စစ်ရေးအရင်းအမြစ်တချို့ဆီက သိရပါတယ်။

"မသုန်ရွာနားက ကာကင်းနှစ်ခုကို မေ ၆ ရက်နေ့ကရတယ်လို့သိထားရတယ်။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတုန်းပဲ" လို့ အေအေသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကပစ ၁၆ အနီး ပွိုင့် ၅၀၀ ဗျူဟာကုန်းရဲ့ ခံစစ်စခန်းတွေနဲ့ ကာကင်းစခန်းတွေ ထဲက ၄ ခုကို မေ ၄ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ အေအေရဲ့သတင်းတွေကိုဖော်ပြနေတဲ့ အာရက္ခမင်းသမီးသတင်းဌာနကလည်း ဖော်ပြပါတယ်။

အဲဒီကာကင်းစခန်းတွေကိုတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိသလို ဒီစခန်းတွေကိုစွန့်ခွာထွက်ပြေးတဲ့တပ်ဖွဲ့ဝင်တွေကို အေအေက လိုက်လံ တိုက်ခိုက်နေတယ်လို့ ဓာတ်ပုံနဲ့ တကွဖော်ပြလာတာပါ။

ကပစ - ၁၆ မှာ အမှတ် ၃၆၃၊ ၃၆၄၊ ၃၆၆ နဲ့ ၃၆၉ ခြေမြန်တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ အင်အားဖြည့်တင်းထားပြီး ကျန်ရှိတဲ့ခံစစ်စခန်းနဲ့ ကာကင်းစခန်းတွေမှာ တိုက်ပွဲဆက်ရှိနေတဲ့ အခြေအနေပါ။

ရခိုင်ပြည်နယ်အတွင်းမှာတော့ အေအေနဲ့ မြန်မာစစ်တပ်ကြားစစ်ရေးငြိမ်သက်နေပြီး ဧပြီလကုန်ပိုင်းကစလို့ ကျောက်ဖြူတိုက်ပွဲလည်း ရပ်နေတယ်လို့ အရင်းအမြစ်တချို့ဆီက သိရပါတယ်။

ဒါပေမဲ့ စစ်တပ်က ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက် မှုတွေ ဒီရက်ပိုင်းဆက်တိုက်ပြုလုပ်နေပါတယ်။

မေ ၇ ရက်ည ကျောက်တော်မြို့နယ်က အေအေရဲ့ အကျဉ်းထောင်တဝိုက်ကို လေကြောင်းတိုက်ခိုက်မှုမှာ ကလက်စတာ (cluster) ဗုံးအမျိုးအစား ၂၄ လုံးခန့် လာရောက်ကြဲချသွားတယ်လို့ အေအေက မနေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတကာကပိတ်ပင်ထားတဲ့ ဖျက်အားပြင်း ကလပ်စတာ ဗုံးတွေကို အာဏာသိမ်းပြီးတဲ့‌ နောက်ပိုင်းမှာ မြန်မာစစ်တပ်က စတင်အသုံးပြုလာတယ်လို့ အစောပိုင်းကာလကတည်းက စစ်ရေးစောင့်ကြည့်တဲ့အစီရင်ခံစာတွေမှာ ထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ပန်းတောင်းအနီးကတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်လာတာ မရှိသေးပါဘူး။

မြန်မာဟာ အာဆီယံတွင်းစည်းလုံးမှုကို စမ်းသပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

မေ ၇ ရက် အာဆီယံထိပ်သီးအစည်းအဝေးပထမရက်မှာတွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေ ၇ ရက် အာဆီယံထိပ်သီးအစည်းအဝေးပထမရက်မှာတွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်

မြန်မာ့အရေးဟာ အာဆီယံရဲ့ စည်းလုံးမှု၊ ခိုင်မာမှုနဲ့ ခံနိုင်ရည်စွမ်းတွေအပေါ် အဓိကစမ်းသပ်ချက် တခုဖြစ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ် က ဆွေးနွေးပွဲမှာထည့်သွင်း ပြောခဲ့တဲ့အကြောင်း ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရွှေ့ပြောင်းပေးတာလိုမျိုး အပြောင်းအလဲတွေဖြစ်လာတာဟာ အကန့်အသတ်နဲ့ ဆိုပေမဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့အတွက် ကောင်းမွန်တဲ့လက္ခဏာတွေလို့ ဝန်ကြီးချုပ် အနုတင်က အစည်းအဝေးမှာထောက်ပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတိုးတက်မှုတွေကြောင့် အာဆီယံအနေနဲ့ ပိုပြီးတိကျတဲ့ထိတွေ့ဆောင်ရွက်မှုတွေလုပ်နိုင်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကိုက်ညီတဲ့လမ်းကြောင်းဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အနုတင်ရဲ့ မြန်မာအကြောင်းဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက မနေ့ မေ ၈ ရက်အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ထပ်ဆင့်ပြောပြခဲ့တာပါ။

ထိုင်းဘက်ကတော့ ဦးဝင်းမြင့်ကို သမ္မတဟောင်းလို့ သုံးနှုန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ဟောင်းလို့ ဖော်ပြပါတယ်။

ဖိလစ်ပိုင်သမ္မတ မားကိုစ့်ကလည်း မြန်မာမှာပုံမှန်အခြေအနေပြန်ရောက်ရေးကိုဦးတည်ပြီး တိုးတက်မှုတွေရှိလာစေဖို့အတွက် နည်းလမ်းအသစ်တွေရှာနိုင်အောင် အာဆီယံနိုင်ငံတွေကြား သဘောတူညီချက်တခုရထားပြီလို့ မနေ့က ပြောပါတယ်။

"ပိုပြီးတိုးတက်လာတာကိုတွေ့မြင်ချင်ကြောင်းလည်း ကျွန်တော်တို့အကုန်သဘောတူကြတယ်။ လက်ရှိမှာအရွေ့မရှိသလိုဖြစ်နေတဲ့လုပ်ငန်းစဉ်တွေကို ပြောင်းလဲနိုင်မယ့်နည်းလမ်းတွေရှာဖွေဖို့ ကျွန်တော်တို့ပိုကြိုးစားသင့်တယ်ဆိုတာကိုလည်း အကုန်သဘောတူကြပါတယ်" လို့ သမ္မတ မားကို့စ်က အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေနဲ့တွေ့ချိန်မှာ ပြောပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးက အာဆီယံအနေနဲ့ နေပြည်တော်အစိုးရနဲ့ ညှိနှိုင်းနေတဲ့အဓိကအချက်ဖြစ်ပြီး ဒီအချက်အပေါ် အာဆီယံရဲ့ သဘောထားက ပြောင်းလဲမှုမရှိဘူးလို့ပါထည့်ပြောခဲ့ပါတယ်။