ဧပြီ ၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ပေါက်မြောက်ပိုင်း ရေနံမြေကို လေကြောင်းဗုံးကြဲလို့ ၆ ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ရင်းတွေ ဝင်ရောက်နေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းကို ဧပြီ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ဗုံးကြဲတာကြောင့် အနည်းဆုံးကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးတယ်လို့ ပေါက်မြို့ခံ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ရေနံမြေစီမံခန့်ခွဲမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ မကွေးဖက်ဒရယ်ကြားကာလအစိုးရတို့အကြား ညှိနှိုင်းဆွေးနွေးနေပြီး NUG ရဲ့ လက်အောက်ခံတပ်ရင်းတွေက မြိုင်နဲ့ ပေါက်မြောက်ပိုင်းကို မတ် ၃၀ ကတည်းက ရောက်ရှိနေကြတာပါ။
စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် ဖလမ်ကိုင်း ရေနံမြေမှာ လုံခြုံရေးယူထားတဲ့ ဂိတ်တွေနဲ့ နားနေဆောင်တွေ ထိခိုက်ပျက်စီးတာလို့လည်း သိရပါတယ်။
လူအထိအခိုက်တွေလည်း ပိုများနိုင်တယ်လို့ ခန့်မှန်းထားပြီး လက်ရှိအခြေအနေမှာတော့ လုံခြုံရေးကြောင့် အတည်မပြုနိုင်ကြသေးပါဘူး။
ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမြေတွေကို မြို့နယ်တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ်မှာ ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
မြင်းခြံ- ကန်နီရွာနဲ့ ကျောက်တိုင်ရွာမှာ စစ်ကြောင်းထိုးပြီး ဒရုန်းဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်သလို ဒရုန်းနဲ့ပစ်တာတွေကြောင့် လူ တစ်ဒါဇင်နီးပါး သေဆုံးတာတွေ ရှိခဲ့တဲ့ ဖက်ပင်အိုင်ရွာနဲ့ ဆက်စပ်နေတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကန်နီရွာနဲ့ ကျောက်တိုင်ရွာမှာလည်း ဧပြီ ၄ ရက်မှာ ဒီဖြစ်ရပ်မျိုး ကြုံတွေ့နေရပါတယ်။
ဆီမီးခုံ- နဘူးအိုင်ကားလမ်းဘေးမှာ ရှိနေတဲ့ ကန်နီရွာနဲ့ ကျောက်တိုင်ကို စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ ဗုံးကြဲတာတွေရှိနေပေမဲ့ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ဆုံရွာနဲ့ ရွာချင်းကပ်ရပ်မှာရှိတဲ့ ဖက်ပင်အိုင်ထဲကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။
ပျူစောထီးရွာလို့ ဒေသခံတွေ သတ်မှတ်ထားတဲ့ ဆုံရွာကို တော်လှန်ရေးတပ်တွေက ရိက္ခာဖြတ်တောက်တာ၊ ဝင်ရောက်တိုက်ခိုက်တာတွေကြောင့် အကူအညီပေးဖို့ စစ်ကြောင်းရောက်လာတာလို့လည်း စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
ဖက်ပင်အိုင်ကို ဝင်ရောက်ချိန်မှာ ရွာထဲကနေ ထွက်ပြေးဖို့ ပြင်နေတဲ့ ဒေသခံတွေကို ပစ်ခတ်တာ၊ ထွက်ပြေးတဲ့သူတွေကို ဒရုန်းနဲ့လိုက်ပြီး ဗုံးကြဲတာတွေ လုပ်ခဲ့တာလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
"မဲမဲမြင်ရာ ဒရုန်းနဲ့ချတာ၊ သက်ကြီးအမျိုးသမီးတစ်ယောက် ဒရုန်းနဲ့ဗုံးချခံထိပြီးသေတော့ သားဖြစ်သူက သွားသယ်တာ၊ အဲဒီမှာ ထပ်ချခံခံရတော့ သားအမိနှစ်ယောက်လုံး သေဆုံးတယ်"လို့ ပြောပါတယ်။
အဲဒီသားအမိအပါအဝင် ဒေသခံ ၇ ယောက်နဲ့ စစ်ကြောင်းကို ဝင်တိုက်ဖို့ ရောက်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက် စုစုပေါင်း ၁၀ ယောက် သေဆုံးတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူက အတည်ပြုပါတယ်။
အိမ်ခြေ ၃၅၀ ရှိတဲ့ ဖက်ပင်အိုင်ရွာဟာ စစ်ကြောင်းမထွက်ခင် မီးရှို့ခံရတာကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ခဲ့တယ်လို့လည်း သိရပါတယ်။
မာရဝိဇယဘုရား တန်ဆောင်တိုင်ပွဲကဖို့ ဖိုးချစ်တင်သွင်းတဲ့ ဇာတ်ပစ္စည်းတွေ အခွန်ကင်းလွတ်ခွင့်ရ

ဓာတ်ပုံ ရင်းမြစ်, MOI
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ထားကိုးကွယ်တဲ့ မာရဝိဇယဘုရား၊ တန်ဆောင်တိုင်ပွဲအတွက် ဇာတ်မင်းသားဖိုးချစ်တင်သွင်းလာတဲ့ ဇာတ်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း မတ်လနှောင်းပိုင်းမှာထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းမှာ ပါလာပါတယ်။
တန်ဆောင်တိုင်ဖျော်ဖြေပွဲမှာ အသုံးပြုနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းကျော် တန်ဖိုးရှိ ဇာတ်ခုံပစ္စည်းသစ်တွေနဲ့ LED ပစ္စည်းသစ်တွေ တင်သွင်းလာတဲ့အပေါ် ကျသင့်တဲ့ အခွန်ကင်းလွတ်ခွင့်ပြုလိုက်တာလို့ သိရပါတယ်။
ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေပုဒ်မ ၂၃ နဲ့ အကောက်ခွန်နှုန်း ဥပဒေ ပုဒ်မ ၇ (ခ) အရလို့ ဖော်ပြပါတယ်။
ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေပုဒ်မ ၂၃ မှာဆိုရင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့နဲ့ အထူးအမိန့်မှာ ဖော်ပြထားတဲ့ အခြေအနေအောက်မှာ အကောက်ခွန်အတွက် ကျသင့်တဲ့ ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ်ခွင့်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဖိုးချစ်ဟာ မြန်မာနိုင်ငံမှာ လူသိများ ထင်ရှားတဲ့ ဇာတ်သဘင်မင်းသားတစ်ယောက်ဖြစ်သလို လက်ရှိမှာ မြန်မာနိုင်ငံ သဘင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားတဲ့အထဲ ပါဝင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ အဖမ်းခံရပြီး ဒီဇင်ဘာမှာ ပြန်လွတ်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဇာတ်မင်းသားဖိုးချစ်ဟာ မြန်မာသဘင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်ပြန်ယူပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ဇာတ်ပြန်ကတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့လွတ်လပ်ရေးနေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကို အနုပညာထူးချွန်တံဆိပ်(ပထမဆင့်) ပေးအပ်ခဲ့ပါတယ်။
အခွန်ကင်းလွတ်ခွင့်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဖိုးချစ်ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဖုန်းပြန်ဖြေဆိုတာ မရှိမရှိသေးပါဘူး။
ရန်ကုန် မြို့နယ် ၈ ခုက နေရာတချို့မှာ သောက်သုံးရေ အခက်အခဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, မီးသတ်တပ်ဖွဲ့
ရန်ကုန်မြို့မှာ ၄ နာရီလာ ၄ နာရီမီးဖြတ်ပြီး အလှည့်ကျ လျှပ်စစ်မီးပေးနေပေမဲ့ မီးလာရမယ့်အချိန်မှာ မိနစ်ပိုင်းသာလာတာတွေကြောင့် ရေမတင်နိုင်လို့ မြို့နယ် ၈ ခုက ရပ်ကွက်တချို့မှာ သောက်သုံးရေ အခက်အခဲတွေဖြစ်နေတယ်လို့ မြို့ခံတွေနဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မရမ်းကုန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပုဇွန်တောင်၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း စတဲ့ မြို့နယ်တွေထဲက ရပ်ကွက်တချို့မှာ သောက်သုံးရေ အခက်အခဲ ရှိနေတာကြောင့် ရေလှူဒါန်းရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။
သောက်သုံးရေ အခက်အခဲဖြစ်လို့ ရေလှူရတာတွေဟာ ဧပြီ ၃ ရက်နဲ့ ၄ ရက်မှာ ဆက်တိုက်ရှိနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က မင်းလှ-မြောင်းတကာ မဟာဓာတ်အားလိုင်း ချို့ယွင်းတာကြောင့် လူဦးရေ ၇ သန်းကျော်ရှိပြီး လူနေထူထပ်တဲ့ ရန်ကုန်အပါအဝင် တနိုင်ငံလုံးမှာ ၅ နာရီကျော်ကြာအောင် မီးပြတ်တောက်ခဲ့ပါတယ်။
မီးပြတ်တောက်ချိန်ကြာတာ၊ မီးလာရမယ့် အချိန်မှာ မိနစ်ပိုင်းပဲ မီးလာတာတွေကြောင့် တချို့ တိုက်ခန်းတွေမှာ ရေလုံလောက်အောင် မတင်နိုင်တာတွေ ရှိနေတာပါ။
"တချို့တိုက်ခန်းတွေက မြေအောက်ရေလှောင်ကန်မရှိဘဲ မီးလာချိန်မှ ကိုယ့်အခန်းရေစည်ဖြည့်ကြရတော့ ရေမလောက်ဘူးလေ။ တချို့ကျပြန်တော့လည်း မော်တာအားမကောင်းတော့ သူများနဲ့အပြင် ရေမတင်နိုင်ကြဘူး၊ ရေမရှိလို့ အိမ်မှာ ရေလာချိုးကြရတာတွေလည်းရှိတယ်" လို့ အချင်းချင်း ကူညီပေးနေကြရတဲ့ အခြေအနေကို ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ဒါ့ကြောင့် တချို့တိုက်ခန်းတွေက ရေသန့်ဘူးတွေ ဝယ်သုံးနေကြရပါတယ်။
စမ်းချောင်းမြို့နယ်မှာဆိုရင် သောက်သုံးရေအခက်အခဲရှိတဲ့ ရပ်ကွက်တွေကို နေ့ရော၊ ညပါ ရေလိုက်လှူနေရတာကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
စက်သုံးဆီ အကျပ်အတည်းကြောင့် ဆီတန်းစီနေရချိန်မှာ ရန်ကုန်မြို့က တချို့မိသားစုဝင်တွေဟာ ရေရဖို့အတွက်ပါ ရုန်းကန်နေကြရပါတယ်။
NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် ပေါင်းပြီး ရေနံကြီးကြပ်ရေးအဖွဲ့ဖွဲ့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မကွေးတိုင်း၊မြိုင်နဲ့ပေါက်အစပ်က ရေနံမြေတွေကို စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့ဝင်တွေ ပူးတွဲပါဝင်မယ့် ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့က လက်ရှိရေနံမြေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဖက်ဒရယ်စံနှုန်းတွေနဲ့အညီ ပြေလည်အောင် ဖြေရှင်းမယ့်အဖွဲ့ ဖြစ်တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးရဲထွန်းဇော်က ဘီဘီစီကို ပြောပါတယ်။
အဲဒီကြီးကြပ်ရေးအဖွဲ့ထဲမှာ NUG အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း အပါအဝင် တာဝန်ရှိသူတွေနဲ့ မကွေးဖက်ဒရယ်အစိုးရဘက်ကတော့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးယူနစ်လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်တို့ ပါဝင်မှာ ဖြစ်ပါတယ်။
ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ကနေထပ်ပြီး မြေပြင်မှာ လုပ်ကိုင်မယ့် ရေနံမြေနဲ့ ရေနံလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဦးရဲထွန်းဇော်က ပြောပါတယ်။
ပြည်ထောင်စုနဲ့ တိုင်းအကြား သယံဇာတခွဲဝေမှုအပိုင်းကတော့ နောက်တဆင့်အနေနဲ့ နောက်လာမယ့်အပတ်မှာ ညှိနှိုင်းသွားမယ်လို့လည်း ဦးရဲထွန်းဇော်က ပြောပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း- MOGE အောက်မှာရှိတဲ့ ပေါက်နဲ့မြိုင်က ရေနံမြေတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာပါ။
အဲဒီရေနံမြေတွေကို ပြည်ထောင်စုအဆင့်အနေနဲ့ လက်လွှဲယူဖို့ NUG က ညှိနှိုင်းလို့ မပြီးသေးချိန်မှာ NUG လက်အောက်ခံ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တပ်ရင်းတွေက ရေနံမြေတွေကို စီးနင်းလာတာကြောင့် မဟာမိတ် ပဋိပက္ခတွေ မဖြစ်အောင် ဆွေးနွေးနေကြတာပါ။
ဆွေးနွေးမှုတွေ တိုးတက်လာပေမဲ့ ရေနံမြေတွေထဲ ရောက်နေတဲ့ တပ်ရင်းတွေကိုတော့ မရုပ်သေးဘူးလို့လည်း ပေါက်မြို့နယ်က စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေကြား ပဋိပက္ခ မဖြစ်အောင်လည်း ဒေသခံတွေက ဆန္ဒပြတောင်းဆိုသလို ပခုက္ကူခရိုင်တပ်ရင်းတွေနဲ့ နိုင်ငံရေး၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ပြေလည်အောင် ညှိနှိုင်းဖို့ ထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် သမ္မတဖြစ်လာတာကို ရုရှား၊ ဘယ်လာရုစ်နဲ့ တရုတ်ထောက်ခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတအဖြစ် တင်မြှောက်ခံရတဲ့အပေါ် ဝမ်းမြောက်တဲ့အကြောင်း ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ်နိုင်ငံ ခေါင်းဆောင်တွေက သဝဏ်လွှာပေးပို့ကြပါတယ်။
ဒီသဝဏ်လွှာတွေကို စစ်ကော်မရှင်ထိန်းချုပ်နိုင်ငံပိုင်သတင်းစာမှာဖော်ပြတဲ့အခါ ရုရှားရဲ့ သဝဏ်လွှာကို အရင်ဖော်ပြပြီး တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ သဝဏ်လွှာကို နောက်မှာထားတာ တွေ့ရပါတယ်။
သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဧပြီ ၃ ရက် တရက်တည်းမှာပဲ မိတ်ဖက်နိုင်ငံ ခေါင်းဆောင်တွေက အသီးသီး သဝဏ်လွှာပို့ကြတာပါ။
နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီး အပြန်အလှန် လိုအပ်ချိန်တွေ၊ အကျိုးစီးပွားအတွက်နဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေမှာ မြန်မာနဲ့တရုတ်အကြား အခိုင်အမာ ထောက်ခံအားပေးခဲ့ကြတာဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အပြန်အလှန်ယုံကြည်မှုနဲ့ အကျိုးစီးပွားတွေ ဆက်ဆောင်ရွက်ကြဖို့ကိုလည်း သုံးနိုင်ငံလုံးရဲ့ သဝဏ်လွှာတွေမှာ တွေ့ရပါတယ်။
စစ်ခေါင်းဆောင် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ နေ့မှာပဲ ဂျပန်အစိုးရ အတွင်းဝန်ချုပ် မီနိုရာ ကီဟာရာရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြောသွားတာရှိပါတယ်။
ဂျပန်နိုင်ငံ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရု ကီဟာရာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် မြန်မာ့ပြည်တွင်းရေးအခြေအနေတွေ တိုးတက်လာဖို့ ၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ဆွေးနွေးဖို့၊ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ တိုးတက်အောင် လုပ်ဆောင်ဖို့ကို ဖိအားပေး တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြနေတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဖြစ်သွားပေမဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ တရားစွဲခံထားရတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။












