မေ ၃၀ ရက်သတင်းအနှစ်ချုပ်- ဦးမင်းအောင် လှိုင် အိန္ဒိယရောက်ပြီ၊ ဒေလီမှာ ကန့်ကွက်မယ့်သူတွေ အတားခံရ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ဦးမင်းအောင်လှိုင်ရဲ့ သမ္မတအဖြစ် ပထမဆုံးနိုင်ငံခြားခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာကို ရောက်ရှိလာပြီလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ မိနစ်ပိုင်းက ထုတ်ပြန်လာပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ မေ ၃၀ ကနေ ဇွန် ၃ ရက်အထိ ကြာမယ့် ခရီးစဥ်မှာ ဇွန် ၁ ရက်မှာတော့ ဝန်ကြီးချုပ် မိုဒီနဲ့ နယူးဒေလီမြို့မှာတွေ့ဆုံဖို့ရှိနေတာပါ။

နယူးဒေလီရောက် မြန်မာအသိုင်းအဝိုင်းကတော့ ဒီခရီးစဥ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မယ်လို့ ကြေညာထားတာပါ။

မေ ၂၉ ရက်ကတော့ ဆန္ဒထုတ်ဖော်မယ့် မြန်မာနိုင်ငံသားတွေကို အိန္ဒိယအာဏာပိုင်တွေက Budella Park နဲ့ C-1 Bus stop တို့မှာ တားဆီးပိတ်ပင်တာလုပ်ခဲ့တယ်လို့ ဒီအခြေအနေ သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယနိုင်ငံဘက်ကိုလည်း စာပေးပို့ကန့်ကွက်တာတွေရှိနေပေမဲ့ ဒီခရီးစဥ်က နှစ်နိုင်ငံပြည်သူတွေအားလုံး အကျိုးဖြစ်ထွန်းစေမဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ခိုင်မာစေမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဦးမင်းအောင်လှိုင်ဟာ ဇွန် ၂ ရက်မှာ မွန်ဘိုင်းက စီးပွားရေးလုပ်ငန်းခွင်တွေကိုသွားရောက်ဖို့ရှိနေသလို ဒီခရီးစဥ်အတွင်း နိုင်ငံတကာကြောင်ကြီးမျိုးစိတ်များ မဟာမိတ်အဖွဲ့ (IBCA) ရဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ဖို့ရှိတယ်လို့ အိန္ဒိယဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး တိုက်ခံနေရတယ်လို့ အေအေပြော

စစ်မြေပြင်မှာ စစ်ရေးအရ တိုက်ပွဲဝင်နေရတဲ့အပြင် တဖက်မှာလည်း အာရက္ခတပ်တော်အပေါ် နိုင်ငံတကာဖိအားတွေရအောင် အစုအဖွဲ့နဲ့ တစ်ဦးချင်းလုပ်နေကြတာကို ရင်ဆိုင်နေရတယ်လို့ အေအေက ပြောပါတယ်။

မေ ၂၉ ရက် ထုတ်ပြန်ချက်အရ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး တိုက်ခိုက်မှုတွေကို ကြုံနေရတယ်လို့ ပြောထားတာပါ။

ဒီအခြေအနေကြားမှာပဲ ရခိုင်ပြည်နယ်အတွင်းက ထိန်းချုပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် တိုင်းပြည်တည်ဆောက်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လုပ်ဆောင်နေတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရခိုင်တပြည်လုံးနီးပါး သိမ်းနိုင်တဲ့အနေအထားရောက်နေပြီလို့လည်း ပြောထားပါတယ်။

နယ်မြေထိန်းချုပ်မှုကျယ်ပြန့်လာတာနဲ့အတူ အေအေရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးတပြိုင်နက်ဖော်ဆောင်နေချိန်မှာ အရပ်သားတွေဘက်က မတူညီတဲ့အမြင်တွေလည်း ရှိလာနေတာပါ။

ထိန်းချုပ်နယ်မြေတွေမှာ ဒုစရိုက်မှုများလာတာတဲ့ အခြေအနေနဲ့ တရားစီရင်ရေး၊အုပ်ချုပ်ရေး အဖွဲ့ တွေအပေါ် ဝေဖန်တာတွေလည်း မြင့်တက်လာနေတာဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအပေါ် မှာ မြန်မာ စစ်တပ်လိုပဲ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားသလို၊ ဒီအပေါ်အရေးယူပေးဖို့ ယူကေအစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုနေကြပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံအခြေစိုက် သတင်းဌာနတွေမှာလည်း AA အပေါ်ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေး ယူမှုတွေလုပ်ဖို့နီးစပ်လာပြီ ဆိုပြီး ရေးသားပြောဆိုနေပါတယ်။

စစ်တပ်ကတော့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာတွေဟာ အေအေနဲ့ ဆက်စပ်တယ်လို့ မကြာခဏစွပ်စွဲထားတာဖြစ်ပါတယ်။

တနင်္သာရီက ကျောက်လုံးကြီးစခန်းကို KNU သိမ်း

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေထဲမှာ နှစ် ၂၀ ကြာ အခြေချထားတဲ့ စစ်တပ်ရဲ့ကျောက်လုံးကြီးစခန်းကို သိမ်းယူလိုက်တယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ရဲ့ ခမရ (၄၃၃) တပ်ရင်းက အင်အား (၈၀) ကျော်ဟာ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ကျောက်လုံးကြီးစခန်းကို ကမ်းရိုးတန်းတိုင်းစစ်ဌာန‌ချုပ်၊ အမှတ်(၂)ဗျူဟာရဲ့ ကာကင်းတစ်ခုအနေနဲ့ ဝင်ရောက်တပ်စွဲထားတာ ဖြစ်ပါတယ်။

"ကျောက်လုံးကြီးက တနင်္သာရီမြစ်ဘေးမှာရှိပြီးတော့ ဗျူဟာအရလည်းအရေးပါ ပါတယ်။ ဒီရွာကနေ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို မြေနီလမ်းအတိုင်း လမ်းပေါက်တယ်" လို့ ပဒိုစောအယ်နားက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းမှာ KNU တပ်မဟာ(၄)နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေ စစ်တပ်ရဲ့ "အောင်သာဝရစခန်း" သိမ်းလိုက်တုန်းကလည်း တပ်သားတွေက ဒီကျောက်လုံးကြီးစစ်ဗျူဟာစခန်းကို စွန့်ခွာ ထွက်ပြေးတာရှိခဲ့ပါတယ်။

နောက်ပိုင်းမှာမှ ခမရ (၄၃၃) ကနေ တပ်အင်အားပြန်လည်ဖြည့်တင်းဝင်ရောက်ကာ တပ်ပြန်စွဲထားတာဖြစ်ပါတယ်။ ကျောက်လုံးကြီးစခန်းကို KNUတပ်မဟာ(၄) ဗျူဟာအမှတ်(၁)ဦးဆောင်မှုနဲ့ K.N.D.O တပ်ရင်း(၇)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်တာလို့ KNUက ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ KNU ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကိုစိုးမိုးရေးအတွက် ဒီနှစ်ထဲမှာ စစ်ရေးအရှိန်မြှင့်နေတာဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မောတောင်နယ်စပ်မြို့ကိုတော့ စစ်တပ်က KNU လက်ထဲကနေ ပြန်လည်တိုက်ခိုက်သိမ်းယူထားပါတယ်။

ကမ္ဘာ့အကြီးဆုံးဓာတ်ငွေ့သိုက်ဖြစ်လာနိုင်တဲ့ M15 လုပ်ကွက် ဒီနှစ်ကုန်စတူးဖော်မယ်

တနင်္သာရီကမ်းလွန်က M 15 လုပ်ကွက်ကို ဒီနှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ဖို့ရှိနေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ M15 လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားတဲ့ CFG Energy Pte.,Ltd တို့ မနေ့က တွေ့ဆုံစဥ်မှာ ဆွေးနွေးချက်အရ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးမြတ်ကိုဟာ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး CFG Energy Pte.,Ltd ရဲ့ ဥက္ကဋ္ဌနဲ့အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာပါ။

CFG Energy Pte.,Ltd ဟာ မြန်မာမှာ ၂၀၁၅ ခုနှစ်ကတည်းကစတင်ရင်းနှီးမြှုပ်နှံတဲ့ စင်္ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပါတယ်။ M 15 လုပ်ကွက်ဟာ တနင်္သာရီတောင်ပိုင်း၊ မြိတ်ခရိုင်ထဲက အကြီးဆုံးကျွန်းဖြစ်တဲ့ ကတန် ကျွန်းကြီးရဲ့ အနောက်ဘက်မှာ တည်ရှိပြီး စတုရန်းကီလိုမီတာ ၁၃,၀၀၀ ကျော်ရှိတဲ့ လုပ်ကွက်ဖြစ်ပါတယ်။

CFG Energy Pte.,Ltd ရဲ့ ဥက္ကဋ္ဌက ဒီလုပ်ကွက်ဟာ ကမ္ဘာ့အဆင့်မီသဘာဝဓာတ်ငွေ့ လုပ်ကွက်ဖြစ်လာနိုင်တယ်လို့ မြန်မာမှာ လုပ်ကိုင်ခွင့်စရကတည်းက ပြောထားပါတယ်။ ဒီလုပ်ကွက်ကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပမာဏ အမြောက်အများတွေ့ရှိခဲ့တာကြောင့် တောင်အမေရိကတိုက်က ကမ္ဘာကျော် ကမ်းလွန်လုပ်ကွက် ဂိုင်ယားနား- Guyana လိုမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း စွမ်းအင်ကဏ္ဍအထူးပြုရေးသားတဲ့ Upstream သတင်းဌာနက ရေးပါတယ်။

M-15 လုပ်ကွက်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့နေရာမှာ တည်ရှိနေပြီး ဒီလုပ်ကွက်ကနေ ထုတ်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေစုစုပေါင်း ရဲ့ ၄၀ ရာခိုင်နှုန်း နဲ့ ညီမျှနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ၂၀၁၇ ခုနှစ်က CFG ကုမ္ပဏီ ရဲ့ ရုံးတွင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလုပ်ကွက်ကနေ ရရှိလာနိုင်တဲ့ သဘာဝဓာတ်ငွေ့ပမာဏ ဟာ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ကို နှစ် ၅၀ လောက်အထိ ‌ထောက်ပံ့ပေးနိုင်သလို၊ ဂျပန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ သုံးစွဲမှု ပမာဏ နဲ့ ညီမျှတဲ့ ပမာဏ ကို ၅ နှစ်နီးပါးထောက်ပံ့နိုင်မှာဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အသုံးပြုနေတဲ့ နိုင်ငံခြားငွေရလမ်းကြောင်း ဖြတ်တောက်ရေးအတွက် နိုင်ငံတကာကို အသိပေးလုပ်ဆောင်နေတဲ့ Justice For Myanmar ကတော့ စစ်ကော်မရှင်ဟာ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီး၊ ၂၀၂၃ ခုနှစ် ပထမလတွေကနေ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိခဲ့တယ်လို့ သူတို့နောက်ဆုံးသိထားရတဲ့အချက်အလက်တွေကို ကိုးကား ဖော်ပြပါတယ်။ နေပြည်တော်ကတော့ တနင်္သာရီတိုင်းထဲက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ကမ်းလွန်လုပ်ကွက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဒီနှစ်ထဲမှာ စစ်အင်အား အမြောက်အများနဲ့ စစ်ရေးဖိအားပေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ စစ်ခေါင်းဆောင်ကလည်း မြန်မာ့အကြီးဆုံး သဘာဝ ဓာတ်ငွေ့သိုက်ကြီးတွေ့ထားပြီး လာမယ့် နှစ်နှစ်အတွင်းမှာ ထုတ်လုပ်နိုင်မယ်လို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ထုတ်ဖော် ပြောသွားပါတယ်။