နေပြည်တော်နဲ့ ရုရှားကို ဘာကပေါင်းစည်းပေးနေတာလဲ

၂၀၂၅ ခုနှစ် မတ်လက ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ သမ္မတပူတင်နဲ့ အတူတွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် မတ်လက စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ သမ္မတပူတင်နဲ့ အတူတွေ့ရပုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

သမ္မတရာထူးရယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံး ရုရှားခရီးစဉ်ဟာ နှစ်နိုင်ငံကြား ရှိပြီးသား စစ်ရေးဆက်ဆံရေးကို ဆက်လက်ခိုင်မာစေရေးထက် ပိုမိုကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။

စီးပွားရေးအကျပ်အတည်းနဲ့ စွမ်းအင်လိုအပ်ချက်တွေကို ရင်ဆိုင်နေရတဲ့ နေပြည်တော်အတွက် ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ပံ့ပိုးမှုတွေ ရရှိရေးက အရေးပါနေပါတယ်။

တစ်ဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြား ရုရှားဟာ စွမ်းအင်ဈေးကွက်နဲ့ ကုန်သွယ်ဖက်အသစ်တွေ ရှာဖွေနေရပါတယ်။

နေပြည်တော်နဲ့ မော်စကိုကြားက စစ်ရေးမဟာမိတ်ဆက်ဆံရေးကနေ စီးပွားရေးနဲ့ စွမ်းအင်အကျိုးစီးပွားတွေထိ ဘယ်လောက်အထိ ချဲ့ထွင်လာမလဲ။

ရုရှားလုပ်ဖို့ စိုင်းပြင်းနေတဲ့ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာကို ၂၀၁၅ ခုနှစ်ကမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားလုပ်ဖို့ စိုင်းပြင်းနေတဲ့ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာကို ၂၀၁၅ ခုနှစ်ကမြင်ကွင်း

ဩဂုတ် ၁၇ ရက်မှာ စတင်တဲ့ တစ်ပတ်ကြာ ခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံအပြင် ဘယ်လာရုစ်နိုင်ငံကိုလည်း သွားရောက်မှာဖြစ်ပြီး ဩဂုတ် ၁၈ ရက်မှာတော့ ရုရှားသမ္မတ ပူတင်နဲ့ မော်စကိုမြို့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံမှာပါ။

၂၀၂၅ မတ်လမှာ တွေ့ခဲ့တုန်းကတော့ ဦးမင်းအောင်လှိုင်က သမ္မတပူတင်ကို "လက်နက်များရဲ့ ပိုင်ရှင်ကြွက်မင်း" ဆိုပြီး ဒဏ္ဍာရီလာ ဘုရားရှင်ရဲ့ ဗျာဒိတ်တော်ဆိုတာကို ကိုးကားပြီး ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

တကယ်တော့ မြန်မာစစ်တပ်နဲ့ ရုရုားကြား ဆက်ဆံရေး ခိုင်မာနေတာဟာ အနှစ် ၂၀ မကတော့ပါဘူး။ သမ္မတပူတင် အာဏာချုပ်ကိုင်ထားတဲ့ရုရှားနဲ့ကြား မြန်မာစစ်တပ်ချင်းဆက်ဆံမှုက နီးစပ်ခိုင်မာနေခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှားဆီက ဒုံးစနစ်ကစလို့ တိုက်လေယာဥ် အပါအဝင် စစ်လက်နက် ပစ္စည်းတွေကို အနှစ် ၂၀ ကျော်အတွင်း ဝယ်ယူနေခဲ့သလို၊ ရုရှားကိုလည်း မြန်မာစစ်အရာရှိတွေ စေလွှတ်ပြီး သင်တန်းတက်ရောက်နေစေခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခု ခရီးစဥ်ကတော့ သမ္မတရာထူးယူပြီး ပထမဆုံးသွားတာဖြစ်လို့ စစ်တပ်ကျောထောက်နောက်ခံပြု သူ့အစိုးရအတွက် အရေးအကြီးဆုံး ခရီးစဥ်လည်း ဖြစ်လာပါတယ်။

ဒါပေမဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူတဲ့ ဖောက်သည်အနေနဲ့ သွားတာမျိုး မဟုတ်ဘဲ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်တဲ့သင်္ကေတဆောင်ပါတယ်။ ဦးမင်းအောင်လှိုင်ဟာ တရုတ်တင်မက၊ ရုရှားနဲ့ပါ မိတ်ရင်းဆွေရင်းတွေအဖြစ် ရှိနေကြတယ်ဆိုတဲ့အချက်ကို အများကို ပြသလိုပုံ ရပါတယ်။

နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ရဲ့ အဆိုအရ ဦးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာစွမ်းအင်၊ စစ်ဘက်မဟုတ်တဲ့ နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကို အဓိက ဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်။

တနင်္ဿာရီတိုင်းက ထားဝယ်အထူးစီးပွားရေးဇုန် (SEZ ) ကို လက်တွေ့ကျကျနဲ့ ခပ်မြန်မြန်အကောင်အထည်ပေါ်လာရေးကိုလည်း နေပြည်တော်က လိုလားနေပါတယ်။

''တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးပါသွားတာက အဲဒီကိစ္စ အဓိကဆွေးနွေးဖို့ပါ။ စီမံကိန်းဒေသမှာကတော့ စစ်ရေးနဲ့ လုံခြုံရေးပြဿနာရှိတယ်။ ဒါပေမဲ့ နေပြည်တော်က အမြန်ကို စချင်နေပြီ '' လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လတုန်းက စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်ရှိထားပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်ဟာ အခုကာလလို စစ်ရေးပြဿနာမရှိတဲ့ အချိန်ကတောင် အီတာလျံ-ထိုင်းနဲ့ ဂျပန်တို့လို ရင်းနှီးမြှုပ်နှံသူ အဆက်ဆက် မအောင်မြင်ခဲ့တဲ့ စီမံကိန်းနေရာကြီး ဖြစ်ပါတယ်။

''ရုရှားက စစ်တပ်နဲ့တကွဝင်ပြီး ထားဝယ်ဒေသတစ်ခုလုံးကို ငြိမ်သွားအောင်လုပ်၊ ပြီးမှ စီးပွားရေးစီမံကိန်းတွေကို အကောင်အထည်ဖော်မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် အဲဒီလို ဖြစ်နိုင်ခြေက မရှိသလောက်ပဲဆိုတော့ ထားဝယ်မှာ စီမံကိန်းအသစ်တွေ တကယ်တမ်း တည်ဆောက်နိုင်မလား၊ အကောင်အထည်ဖော်နိုင်မလားဆိုတာကျွန်တော် အတော်လေးပဲ သံသယ ရှိပါတယ်'' လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေးဗစ် မက်သီဆန် က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်လို့ သူ့အမြင်ကို ၂၀၂၅ မတ်လက ဘီဘီစီကို ပြောဖူးပါတယ်။

ဒီလို စီးပွားရေးနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ အများစုက အသစ်စတင်မှာတော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်ဟာ ၂၀၂၅ ခုနှစ် မတ်လက ဦးမင်းအောင်လှိုင် (အဲဒီအချိန်က စစ်ခေါင်းဆောင်ရာထူး) ရဲ့ ရုရှားခရီးစဉ်က သဘောတူခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ပြီးအာရုံစိုက်တဲ့ ခရီးစဉ်လည်းဖြစ်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ခုနှစ် ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍတွေမှာ သဘောတူညီချက် ၁၁ ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နေပြည်တော်ဟာ ရုရှားနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးအားပြုထားပါတယ်။

ရုရှားရင်းနှီးမြှုပ်နှံသူတွေကို မြန်မာက သဘာဝဓာတ်ငွေ့လုပ်ကွက်နဲ့ စွမ်းအင်စီမံကိန်းတွေမှာ ပါဝင်လုပ်ကိုင်ရေး ဖိတ်ခေါ်နေသလို ရုရှားဘက်ကလည်း မြန်မာကို လောင်စာဆီနဲ့ အခြားစွမ်းအင်ဆိုင်ရာ ထုတ်ကုန်တွေ တင်ပို့ရေးကို တိုးချဲ့ဖို့ ကြိုးပမ်းနေတာပါ။

''ရုရှားဘက်က မြန်မာကို LNG၊ LPG ဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ ပိုရောင်းချင်နေပါတယ်။ မြန်မာမှာ ရေနံချက်စက်ရုံ၊ သဘာဝဓာတ်ငွေ့ရည်ချက်စက်ရုံ LNG terminal နဲ့ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေမှာ ရုရှားကုမ္ပဏီတွေ လုပ်ကိုင်နိုင်ရေးကိုလည်း အစိုးရ (နေပြည်တော်) က လိုလားတယ်'' လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

အထူးသဖြင့် မြန်မာမှာ လောင်စာဆီနဲ့ လျှပ်စစ်စွမ်းအင်လိုအပ်ချက် မြင့်မားနေချိန်မှာ ရုရှားဘက်က ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ ရေရှည်တင်ပို့ရေး၊ LNG နဲ့ စွမ်းအင်စီမံကိန်းတွေမှာ ပါဝင်နိုင်ရေးကို ဆွေးနွေးထားတာကြောင့် စွမ်းအင်ကဏ္ဍဟာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးရဲ့ အဓိကအချက်တစ်ခု ဖြစ်နေပါတယ်။

မြန်မာရဲ့ ရေနံလိုအပ်ချက်မှာ ရုရှားက အရေးပါတဲ့ ပံ့ပိုးသူဖြစ်လာနေပြီး ပြီးခဲ့တဲ့နှစ်က မြန်မာကိုရောက်ခဲ့တဲ့ ရေနံစွမ်းအင်ရဲ့ ပမာဏ ၉၀ ရာခိုင်နှုန်းက ရုရှားဆီကဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ၂၀၂၅ ခုနှစ်က ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခု ပိုသေချာလာတာက အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ အမေရိကန်စစ်ပွဲရဲ့နောက်ဆက်တွဲ အာရှတဝန်းနည်းတူလောင်စာဆီအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာအတွက်လည်း ရုရှားရဲ့ရေနံနဲ့ လောင်စာဆီရောင်းချလိုတဲ့ ကမ်းလှမ်းချက်က နေပြည်တော်အတွက် ငြင်းစရာမရှိတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။

နျူကလီးယားစွမ်းအင်ကဏ္ဍမှာလည်း ရုရှားအစိုးရပိုင် Rosatom နဲ့ မြန်မာတို့ကြား ပူးပေါင်းဆောင်ရွက်မှု ရှိနေပါတယ်။ ၂၀၂၅ ခုနှစ် မတ်လခရီးစဉ်အတွင်း မြန်မာမှာ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားဘက်က အဲဒီစီမံကိန်းဟာ မြန်မာရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

အခုတကြိမ်တွေ့ ဆုံမှုမှာအထူးသဖြင့် စိတ်ဝင်စားစရာကောင်းတာကတော့ နျူကလီးယားစွမ်းအင်ကဏ္ဍ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် နျူကလီးယားလျှပ်စစ်စီမံကိန်းကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ရုရှားဘက်က ဘယ်လိုနည်းပညာနဲ့ အကူအညီပေးမလဲဆိုတာတွေ ဆွေးနွေးလာနိုင်ပါတယ်။

ဒါ့အပြင် အာကာသနည်းပညာနဲ့ မြန်မာအာကာသယာဉ်မှူးတွေလေ့ကျင့်သင်ကြားရေးအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးဖို့လည်း ရှိနေပြီး နေပြည်တော်ခန့် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်လည်း အခုခရီးမှာ လိုက်ပါသွားပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှားအာကာသအေဂျင်စီ Roscosmos နဲ့ မြန်မာအာကာသအေဂျင်စီတို့ပူးပေါင်းပြီး ရုရှားဘက်က မြန်မာအာကာသယာဉ်မှူးတွေကို ရွေးချယ်ရေးနဲ့ လေ့ကျင့်ပေးရေးမှာ ကူညီပေးထားတယ်လို့ Roscosmos ကထုတ်ပြောထားပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ အာကာသအတွင်း ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးတွေကိုလည်း စေလွှတ်မယ်လို့ မကြာသေးခင်က ပြောထားပါတယ်။

အမည်မသုံးစေလိုတဲ့ မြန်မာဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာပညာရှင်တစ်ဦးကတော့ ရုရှားက သူ့ရဲ့ အာကာသခရီးသွားလုပ်ငန်းကို ဆက်ထိန်းနိုင်ဖို့ မိတ်ဖက်နိုင်ငံတွေ ရှာနေချိန်မှာ မြန်မာက မိတ်ဖက်ဖြစ်လာတာလို့ ဆိုပါတယ်။

''အမေရိကန်က လောင်စာအရည်သုံး စွမ်းရည်မြင့် ဒုံးပျံတွေ ပေါ်လာပြီးတဲ့နောက်မှာရော၊ ဂျပန်အစိုးရပိုင် JAXA က H-3 လိုမျိုး လောင်စာအရည်သုံး စွမ်းရည်မြင့် ဒုံးပျံတွေ ပေါ်ထွက်လာပြီး နောက်မှာ နိုင်ငံတကာ အာကာသစခန်း(ISS) လို နေရာကို လူနဲ့တကွ ပစ္စည်းတွေ ပို့ဖို့ ရုရှားက Soyuz ဒုံးပျံတွေကို သိပ်မသုံးကြတော့ဘူး။ ဒါကြောင့် ရုရှားက သူ့ရဲ့ အာကာသခရီးသွားအိပ်မက်က ကုန်ကျစရိတ် အဆမတန်များတဲ့အတွက် ပါတနာလိုလာ​တယ်။ အဲဒီတေ့ာ မြန်မာကို ပါတနာလုပ်ချင်တဲ့သဘောရှိတယ်'' လို့ သူက ပြောပါတယ်။

ဒါကြောင့် ဦးမင်းအောင်လှိုင်ရဲ့ အခုရုရှားခရီးစဉ်ဟာ ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေးအပြင် မြန်မာရဲ့ စွမ်းအင်လိုအပ်ချက်နဲ့ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို ချိတ်ဆက်ပြီး နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေး ပိုမိုတိုးချဲ့ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်လာပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားဘက်ကလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေရှိနေပေမဲ့ ရုရှား-မြန်မာကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှုတွေ ဆက်လက်တိုးတက်နေတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားသတင်းဌာန TASS ရဲ့ အချက်အလက်အရ ရုရှားနဲ့ မြန်မာနှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅.၇ သန်းခန့်သာရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၂၈၈ သန်းခန့်အထိ မြင့်တက်လာခဲ့ပါတယ်။

ရုရှား–မြန်မာ ကုန်သွယ်မှုစာရင်းအရ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ဒေါ်လာ ၅၁ သန်းနီးပါး ရှိထားပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ အတော်လေးကိုဘက်မမျှလှဘဲ နှစ်နိုင်ငံဘယ်လိုအပေးအယူပဲ လုပ်လုပ် ရုရှားဘက်က အနာခံလေ့မရှိဘူးလို့ မြင်ရကြောင်း လေ့လာသူတွေက ပြောပါတယ်။ ဒီသဘောတရားဟာ စီးပွားရေးတစ်ခုတည်းမှာတင်မဟုတ်ဘဲ ကဏ္ဍစုံမှာ မြင်ရပါတယ်။

သြဂုတ် ၁၇ ရက်မှာရုရှားကို ထွက်ခွာသွားတဲ့ ဦးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၇ ရက်မှာရုရှားကို ထွက်ခွာသွားတဲ့ ဦးမင်းအောင်လှိုင်

ဦးမင်းအောင်လှိုင်ဟာ ဩဂုတ် ၁၉ ရက် မော်စကိုမှာလုပ်မယ့် ရုရှား–မြန်မာ စီးပွားရေးဖိုရမ်ကိုတက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဖိုရမ်ကို သမ္မတပူတင်တက်ရောက်ဖို့ရှိတယ်လို့တော့ ကရင်မလင်က မပြောထားပါဘူး။

ဒါ့အပြင် ဖိုရမ်ကျင်းပမယ့် နေရာနဲ့ ပါဝင်မယ့် ရုရှားအစိုးရအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသေးစိတ်စာရင်းကို ရုရှားအစိုးရဘက်က အခုအချိန်အထိ တရားဝင်ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ရုရှားဘာသာနဲ့တင်တဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြချက်အရ အဲဒီဖိုရမ်မှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံ၊ ဘဏ်/ငွေကြေး၊ IT၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနဲ့ ကျန်းမာရေး စတဲ့ကဏ္ဍတွေဆွေးနွေးမယ်လို့ နားလည်ရပါတယ်။

''ဝန်ကြီးတချို့နဲ့ ဒုဝန်ကြီးတွေက ဖိုရမ်မှာ အဓိက ဆွေးနွေးကြမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဆွေးနွေးကြမယ်။ မြန်မာလုပ်ငန်းရှင်တချို့က ရုရှားစီးပွားရေးလုပ်ငန်းတွေနဲ့ ဓာတ်မြေသြဇာစက်ရုံတွေကိုလည်း သွားကြည့်ကြဖို့ရှိတယ်'' လို့ UMFCCI - ကုန်သည်/စက်မှုအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

UMFCCI ဘက်က သတင်းတချို့အရ စီးပွားရေးဖိုရမ်ကို နေပြည်တော်ရဲ့ တောင်းဆိုမှုနဲ့ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း အပါအဝင် ပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေလည်း ဒီခရီးစဥ်မှာ လိုက်ပါသွားပါတယ်။

''တကယ်တော့ မြန်မာလုပ်ငန်းရှင်အများစုက ရုရှားနဲ့ စီးပွားရေးလုပ်ဖို့ အများကြီးစိတ်မဝင်စားဘူး။ ဒါပေမဲ့ အစိုးရက လုပ်စေချင်တော့ သူတို့လိုက်ကြရတာပေါ့'' လို့ UMFCCI သတင်းရင်းမြစ်က ပြောပါတယ်။

ရုရှားအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားအနောက်နိုင်ငံတွေက ကျယ်ပြန့်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ ချမှတ်ထားတာကြောင့် ရုရှားနဲ့ စီးပွားရေးလုပ်ကိုင်မယ့် မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်တွေကို ထည့်သွင်းစဉ်းစားကြတာလို့ ဆိုပါတယ်။

အထူးသဖြင့် ပိတ်ဆို့အရေးယူခံထားရတဲ့ ရုရှားကုမ္ပဏီ၊ ဘဏ်နဲ့ လူပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ဆက်ဆံတာ၊ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာကဏ္ဍကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လုပ်ငန်းတွေမှာ ပါဝင်တာတွေက အမေရိကန်ရဲ့ ဆက်နွှယ်ပိတ်ဆို့မှုအပါအဝင် အရေးယူမှုအန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်။

ဒါ့အပြင် ရုရှားနဲ့ ဆက်စပ်တဲ့ ငွေပေးချေမှုတွေကို နိုင်ငံတကာဘဏ်တွေက စိစစ်မှု ပိုတင်းကျပ်နိုင်တာကြောင့် ငွေလွှဲပြောင်းမှု အခက်အခဲ၊ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရမှုနဲ့ အရောင်းအဝယ် နှောင့်နှေးမှုတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုထည့်သွင်းစဉ်းစားနေကြတာလို့ ပြောပါတယ်။

''ရုရှားဈေးကွက်ရဲ့ အခွင့်အလမ်းထက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ဖြစ်လာနိုင်တဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေပေးချေမှုဆိုင်ရာ အန္တရာယ်တွေကိုပါ ထည့်သွင်းစဉ်းစားကြတာ'' လို့ UMFCCI သတင်းရင်းမြစ်ကပြောပါတယ်။

ဒါပေမဲ့ အနောက်ကမ္ဘာရဲ့ အရေးယူဒဏ်ခတ်မှုကလည်း မော်စကိုကို နေပြည်တော်နဲ့ ကုန်သွယ်ရေး ပိုနက်ရှိုင်းဖို့ တွန်းပို့နေပါတယ်။

တစ်ဖက်မှာတော့ ဘေးချင်းကပ်အိမ်နီးချင်းနိုင်ငံတချို့နဲ့ ဆက်ဆံရေးကလွဲလို့ သံတမန်ရေးအရ အထီးကျန်နေဆဲ နေပြည်တော်နဲ့ ပိတ်ဆို့အရေးယူမှုတွေ ရင်ဆိုင်နေရတဲ့ ရုရှားတို့အတွက် စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဟာ နှစ်နိုင်ငံစလုံးအတွက် အရေးပါတဲ့ အကျိုးစီးပွားတစ်ခု ဖြစ်လာပါတယ်။

နေပြည်တော်နဲ့ မော်စကိုကို အနီးကပ်ချိတ်ဆက်ပေးနေတာက စစ်ရေးမဟာမိတ်ဆက်ဆံရေးတစ်ခုတည်းမဟုတ်ဘဲ မြန်မာရဲ့ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်၊ ရုရှားရဲ့ စီးပွားရေးအခွင့်အလမ်းရှာဖွေမှုနဲ့ နှစ်နိုင်ငံစလုံးရင်ဆိုင်နေရတဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားကို တန်ပြန်နိုင်ဖို့လိုအပ်ချက်စတဲ့ အကျိုးစီးပွားတွေ ကျောချင်းကပ်မိသွားတာဖြစ်ပါတယ်။