ဘန်ကောက်မှာ ဘာကြောင့်ရေကြီးနေလဲ

ရေကာဖို့ ဘန်ကောက်မြို့၊ဖက်ချာဘူရီလမ်းမကြီးပေါ်မှာ သဲအိတ်ထမ်းလာတဲ့အမျိုးသားတွေကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ရေကာဖို့ ဘန်ကောက်မြို့၊ဖက်ချာဘူရီလမ်းမကြီးပေါ်မှာ သဲအိတ်ထမ်းလာတဲ့အမျိုးသားတွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ထိုင်းမှာ နှစ်ရှည်နေလာတဲ့ မြန်မာတွေကတော့ ၁၀ နှစ်အတွင်း ဘန်ကောက်တမြို့လုံးအတိုင်းအတာနဲ့ အများဆုံးရေကြီးမှုဖြစ်စဥ်ကို ကြုံနေရတယ်လို့ ဆိုကြပါတယ်။

ဘန်ကောက်မှာ မြို့လယ်ဧရိယာအပါအဝင် ဘန်ကောက်တခွင်လုံးကိုဘေးအန္တရာယ်ကျရောက်တဲ့ ဒေသအဖြစ် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။

တနေ့ကတည်းက ရွာနေတဲ့ မိုးက ဒီနေ့အထိလည်းမတိတ်သေးဘဲ တူးမြောင်းတွေ ရေပြည့်လျှံကာ ရေကြီးတာ၊ လမ်းပိတ်တာနဲ့ မြို့တော်နေလူထုရဲ့ နေ့စဥ်ဘဝကို သက်ရောက်နေတာကြောင့် ခရိုင် ၅၀ လုံးကို ကြေညာချက်ထုတ်လိုက်တာပါ။

အလုပ်အကိုင်အခွင့်အလမ်းများတဲ့ ဘန်ကောက်နဲ့ပတ်ဝန်းကျင်ခရိုင်တွေမှာ နေတဲ့ မြန်မာသန်းချီကလည်း ဒီမိုးကြီးရေလျှံတဲ့ ဘေးကိုရင်ဆိုင်နေကြရပါတယ်။

"အလုပ်နားထားရတယ်။ လက်ထဲလည်းပိုက်ဆံအပိုမရှိလို့ ရေမြန်မြန်ကျမှပဲရမယ် " လို့ ဘန်ကောက်မြို့ ရေမတက်ခင်ရှေ့ရက်တွေကတည်းက ရေဘေးကြုံနေတဲ့ ချွန်ဘူရီခရိုင်က မြန်မာစက်ရုံအလုပ်သမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်၊ ဘန်ကောက် ဘန်ဘူဝါခရိုင်မှာ ရေကြီးနေတဲ့ အခြေအနေ
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂၆ ရက်၊ ဘန်ကောက် ဘန်ဘူဝါခရိုင်မှာ ရေကြီးနေတဲ့ အခြေအနေ

မိုးရေချိန်က ရေမြောင်းစနစ် ရေထုတ်နိုင်စွမ်းထက် ကျော်လွန်

ဘန်ကောက် ဖက်ချဘူရီလမ်းမကြီးပေါ်မှာ စက်တင်ဘာ ၂၆ ရက် ရေကြီးနေတဲ့ကြားက သွားလာနေတဲ့ လူနဲ့မော်တော်ယာဥ်တွေ
ဓာတ်ပုံ ပုံစာ, ဘန်ကောက် ဖက်ချဘူရီလမ်းမကြီးပေါ်မှာ စက်တင်ဘာ ၂၆ ရက် ရေကြီးနေတဲ့ကြားက သွားလာနေတဲ့ လူနဲ့မော်တော်ယာဥ်တွေ

ထိုင်းမိုးလေဝသဌာနက စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ မိုးများနိုင်တယ် လို့ ကြိုတင်ကြေညာချက်ထုတ်တာတွေ့ပေမဲ့ ဒီနေ့လိုမျိုး ရေတွေကြီး လမ်းတွေပိတ်တဲ့အထိ ဖြစ်လိမ့်မယ် မထင်ထားဘူးလို့ နွန်ထဘူရီမှာနေထိုင်တဲ့ မသန်းသန်းစိုး ပြောပါတယ်။

သူက ထိုင်းစားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုး လုပ်ပါတယ်။

ဘန်ကောက်မြို့ထဲကနေ ဒွန်မောင်းလေဆိပ်သွားတဲ့လမ်းက ဒီခရိုင်ဟာ ရေကြီးမှု ကို အဆိုးဆုံးခံစားနေရတဲ့ ခရိုင်တစ်ခုလည်းဖြစ်ပါတယ်။

"ဒီမနက်တော့ ဆိုင်လာစရာမလိုဘူးလို့ သူဌေးမက မနေ့ညကတည်းက ပြောလိုက်တယ်။ လာခိုင်းရင်လည်း ဆိုင်ထိရောက်အောင်သွားလို့မှမရတော့တာ" လို့ သူက ပြောပါတယ်။

ဘန်ကောက်မှာ မိုးအဆက်မပြတ်ရွာသွန်းတာဟာ လေဖိအားနည်းရပ်ဝန်းကြောင့်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် ဖြစ်ပေါ်လာတဲ့ တိမ်တွေဟာ ထူထဲ၊ စိုထိုင်းပြီး ကြီးမားကျယ်ပြန့်တဲ့ သဘောလက္ခဏာရှိတယ်လို့ ထိုင်းအမျိုးသားသတ္တုနဲ့ပစ္စည်းများစင်တာ MTEC ရဲ့ အသိပညာ ဖြန့်ဝေရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဘန်ချာ သနာဘွန်ဆွန်ဘတ်က လူမှုကွန်ရက်မှာ ရှင်းပြထားပါတယ်။

စက်တင်ဘာ ၂၆ ရက်၊ ဘန်ကောက်မြို့ နဝမင်လမ်းမကြီးပေါ်မှာ ရေကြီးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂၆ ရက်၊ ဘန်ကောက်မြို့ နဝမင်လမ်းမကြီးပေါ်မှာ ရေကြီးနေတဲ့ မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိုးဆက်တိုက်ရွာသွန်းနေရတာကတော့ လေဖိအားနည်းရပ်ဝန်းဟာ တိမ်တွေရဲ့အောက်ခြေကို အစိုဓာတ်တွေဆွဲယူပြီး တိမ်တိုက်ထဲမှာ ရေစက်တွေစုစည်းပေါင်းစပ်တဲ့ ဖြစ်စဥ် ဆက်တိုက်ဖြစ်နေတာကြောင့်လို့ လည်း ဆိုပါတယ်။

ဘန်ကောက်တခွင် ရွာသွန်းလိုက်တဲ့ မိုးရေချိန်ဟာ ရေမြောင်းစနစ်ရဲ့ ရေထုတ်နိုင်စွမ်းထက် ကျော်လွန်နေတယ်လို့ ကဆက်ဆက်တက္ကသိုလ်၊ ရေအရင်းအမြစ်အင်ဂျင်နီယာဌာနက တွဲဖက်ပါမောက္ခ စီတန်ဆု ပီလိုင်လာကလည်း လူမှုကွန်ရက်မှာ ထောက်ပြထားပါတယ်။

၂၄ နာရီအတွင်းဘန်ကောက်က မိုးရေချိန်ဟာ ဘန်ဘူဝါတိုင်းတာရေးစခန်းရဲ့ တိုင်းတာချက်အရ ၂၃၈ မီလီမီတာ၊ ဘန်နစခန်းမှာ ၂၀၀ မီလီမီတာ ရှိတယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဘန်ကောက်က ရေမြောင်းစနစ်ဟာ မိုးရေချိန် ၁၂၀ မီလီမီတာအတွက်သာ ဒီဇိုင်းဆွဲထား တာဖြစ်တာကြောင့် သတ်မှတ်ချက်ထက်ကျော်လွန်နေတယ်လို့ သူကပြောထားတာပါ။

ထိုင်းမိုးဇလကတော့ စက်တင်ဘာ ၂၇ ရက်အထိ ရေကြီးရေလျှံတာနဲ့ ရုတ်တရက် ရေကြီးနိုင်တဲ့ အန္တရာယ်ကို သတိထားကြဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သတိပေးထားပါတယ်။

ဘန်ကောက်နဲ့ နိုင်ငံအလယ်ပိုင်းမှာတော့ မနက်ဖြန်မှာမိုးလျော့နည်းလာနိုင်တယ်လို့ ထိုင်းမိုးဇလ က တာဝန်ရှိသူတွေ ဒီမနက် တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ ပြောထားပါတယ်။

ဘန်ကောက်မြို့ နဝမင်လမ်းမကြီးပေါ်မှာ လူကြီးခါးလောက်အထိ ရေကြီးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့ နဝမင်လမ်းမကြီးပေါ်မှာ လူကြီးခါးလောက်အထိ ရေကြီးနေတဲ့ မြင်ကွင်း

ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကြားမှာ ဒီနေ့မြင်တွေ့ရတဲ့ အခြေအနေကတော့ အလုပ်မပိတ်တဲ့ သူတွေက ရေကြီးရေလျှံမှုကြောင့် လမ်းခရီးအခက်အခဲဖြစ်ကာ အလုပ်ကိုလမ်းလျှောက်သွားသူတွေ ရှိသလို အလုပ်နားရသူတွေကတော့ ရက်ရှည်နားရမှာကိုစိုးရိမ်နေကြပါတယ်။

မြန်မာတွေနေထိုင်တာများတဲ့ ဖရက်ခနုန်နယ်မြေထဲမှာတော့ မြန်မာစားသောက်ဆိုင် အများစု ပိတ်ထားကြတာတွေ့ရပါတယ်။ ထိုင်းလမ်းဘေးဆိုင်တချို့လည်း ပိတ်ထားကြပါတယ်။

"ချွန်ဘူရီ၊ နခွန်ပထွန်ရေနက်ပိုင်း၊ နွန်ထဘူရီ၊ စီရက်ချာက စက်ရုံတွေ နားတာများတယ်။ တချို့သူဌေးတွေကလည်း အလုပ်သမားကို ကြည့်တာရှိသလို မကြည့်တာလည်းရှိတယ်။ အားလုံးထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့တော့ လုပ်နေကြရတာပေါ့" လို့ မြန်မာအလုပ်သမားအရေးကူညီသူ AAC ဦးခိုင်ကြီးက ဘီဘီစီကိုပြောပါတယ်။

ချွန်ဘူရီဘက်မှာတော့ နေအိမ်ပြောင်းရွှေ့ရတာမရှိသေးပေမဲ့ ရေမြင့်တက်လာရင် အခက်အခဲ ဖြစ်မှာကို အလုပ်သမားတချို့က စိုးရိမ်ချက်ရှိနေကြပါတယ်။

"ရေမြင့်လာရင် ဘယ်ကိုရွှေ့ရမလဲမသိသေးပေမဲ့ အရေးကြီးအထောက်အထား၊ စာရွက်စာတမ်းတွေကို စုပြီးထုပ်ထားတယ်။ ဒါကအသက်ပဲ ဆိုတော့လေ။ကျန်တာတော့ မပြောတတ်သေးပါဘူးဗျာ" လို့ ချွန်ဘူရီမှာ အလုပ်နားထားရတဲ့ စက်ရုံ အလုပ်သမားကဆိုပါတယ်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံနေရတဲ့ မိုးကြီးရေလျှံအခြေအနေက မြန်မာကို ရောက်လာနိုင်ပါတယ်။

လေဖိအားနည်းရပ်ဝန်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေ၊ ဖြစ်ထွန်းမှုအားကောင်းနေတဲ့ မိုးတိမ်တောင်တွေကြောင့် ဒီနေ့က စပြီး အောက်တိုဘာ ၃၀ အထိ မိုးကြီးမယ်လို့ မြန်မာမိုးဇလက ဒီမနက် ကြေညာပါတယ်။

မြန်မာမှာ ဘာတွေကြုံရမလဲ

၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ရေကြီးခဲ့တဲ့ အခြေအနေ
ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ရေကြီးခဲ့တဲ့ အခြေအနေ(ပုံဟောင်း)

"မြန်မာနိုင်ငံအတွက်ကတော့ မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေမှာ မိုးများနိုင်ပါတယ်။ အထူးသဖြင့် မွန်နဲ့ကရင်တို့ဘက်မှာ မိုးကြီးနိုင်ပါတယ်" မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပုံမှန်မိုးလေဝသဖြစ်စဥ်တစ်ခု ဖြစ်ပါတယ် လို့ ဦးလှထွန်းက ဆိုပါတယ်။

"အခုလို မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာလက ရာသီအကူးအပြောင်းဖြစ်လို့ လေထုမငြိမ်မသက်မှုတွေအဖြစ်များပါတယ်" လို့ သူကရှင်းပြပါတယ်။

လာမယ့်ရက်တွေမှာ မိုးကြီးပြီး မွန်၊ ကရင်ဘက်မှာတော့ တောင်ကျရေကြောင့် လမ်းတွေပေါ် ရေလျှံနိုင်တယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးက ဘီဘီစီရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။

မိုးကြီးတာ၊ လေပြင်းတိုက်တာ၊ မြေပြိုတာ၊ ရုတ်တရက်ရေကြီးတာတွေဖြစ်နိုင်တာကြောင့် ကုန်း မြင့်နေသူတွေနဲ့ မြစ်ချောင်းအနီးနေသူတွေ သတိထားနေထိုင်ဖို့ကို မိုးဇလက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်က ရေကြီးတဲ့သတင်းနဲ့ မြန်မာမှာလည်း မိုးကြီးနိုင်တဲ့သတင်းကို အွန်လိုင်းသုံးရင်းတွေ့ပေမဲ့ မြို့နယ်ထဲမှာတော့ ထူးထူးခြားခြားပြင်ဆင် သတိပေးတာမရှိဘူးလို့ မွန်၊ ကရင်နဲ့ တနင်္သာရီမှာ နေထိုင်သူ ၃ ဦးက ဘီဘီစီကိုပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးအတွေ့အကြုံရှိသူ ကယ်ဆယ်ရေးသမားတစ်ဦးကတော့" အတွေ့အကြုံအရ ပြောရရင် ကြိုရှောင်သင့်မသင့် ဘားအံလိုမျိုးဆို ကမ်းနားလမ်း အခြေအနေစောင့်ကြည့်တာမျိုးပေါ့။ သတိတော့ထားကြရမယ်ထင်တယ်" လို့ ပြောပါတယ်။

ရန်ကုန်မြို့ မိုးရာသီမြင်ကွင်း
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ မိုးရာသီမြင်ကွင်း(ပုံဟောင်း)

မိုးလေဝသလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်ကလည်း ဒီနေ့ကနေ စက်တင်ဘာ ၂၈ ရက်အထိ ကရင်နဲ့ မွန်မှာ မိုးလွန်ကဲစွာရွာသွန်းနိုင်တာကြောင့် တောင်ကျရေကျဆင်းတာ၊ လျှပ်တပြက်ရေကြီးတာနဲ့ တောင်ပြို မြေပြိုတဲ့ အန္တရာယ်အလွန်မြင့်မားတယ်လို့ သတိပေးပါတယ်။

စက်တင်ဘာ ၂၇ ရက်ဟာ မိုးအားအမြင့်ဆုံးရက်ဖြစ်ပြီး ကရင်နဲ့မွန်အပြင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ နဲ့ နေပြည်တော်တို့မှာ မိုးအလွန်သည်းထန်မယ်လို့ ခန့်မှန်းပါတယ်။

စက်တင်ဘာ ၂၇ နဲ့ ၂၈ ရက်တွေမှာ တိုင်းဒေသကြီးအလိုက် ကြုံရနိုင်တဲ့ သဘာဝဘေးဖြစ်နိုင်ချေတွေကိုလည်း သတိပေးထားပါတယ်။

ပဲခူးတိုင်းထဲက ပဲခူး၊ တောင်ငူ၊ ရေတာရှည်၊ ပြည်စတဲ့ မြို့နယ်တွေမှာ မြစ်ရေမြင့်တက်ကာ ရေဘေး ကြုံရနိုင်တာပါ။

ရန်ကုန်နဲ့ ဧရာဝတီမှာတော့ မိုးကြီးပြီး မိုးသက်လေပြင်းတိုက်နိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

"ရန်ကုန်မြို့တွင်း အနိမ့်ပိုင်းတွေမှာ ရေနုတ်မြောင်းမဆံ့ဘဲ မြို့ပြရေဝပ်တာကြုံတွေ့နိုင်ပြီး ဧရာဝတီ တိုင်းကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဒီရေနဲ့မိုးရေပေါင်းပြီး စိုက်ခင်းတွေ ရေနစ်နိုင်ပါတယ်" လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီလိုရွာနေတဲ့ မိုးအားဟာ မြောက်ဘက်ကို ရွှေ့လျားပြီး တောင်ပိုင်းမှာ မိုးလျော့ကျလာမယ်လို့ ဦး ဝင်းနိုင်က ဆိုပါတယ်။

နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ စက်တင်ဘာ၂၈ ရက်အထိ မိုးအားကောင်းနေဦးမှာဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်ကစပြီး စစ်ကိုင်းတိုင်းနဲ့ အထက်ကို ရွေ့လျားသွားမှာပါ။

နောက်တရက်ကစပြီး နိုင်ငံတောင်ပိုင်း၊ အရှေ့နဲ့အလယ်ပိုင်းမှာ မိုးသိသိသာသာလျော့သွားမယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

လူ ၁၃ ဦးသေဆုံးခဲ့တဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာက ၂၀၁၉ ခုနှစ် မိုးရာသီ မြေပြိုမှု
ဓာတ်ပုံ ပုံစာ, လူ ၁၃ ဦးသေဆုံးခဲ့တဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာက ၂၀၁၉ ခုနှစ် မိုးရာသီ မြေပြိုမှု

မြန်မာမှာ လက်ရှိအချိန်ထိ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းက အားအနည်းဆုံးဖြစ်နေတုန်းပဲလို့ အတွေ့အကြုံရှိ ကယ်ဆယ်သမားတစ်ဦးဖြစ်တဲ့ Save the trees rescue က ကိုကျော်သူရက ဘီဘီစီကိုပြောပါတယ်။

မိုးလေဝသသတင်းကို အလေးအနက်နားထောင်ဖို့၊ ဘေးလွတ်ရာကိုရွှေ့မယ့်လမ်းကြောင်းကြိုရွေးဖို့နဲ့ ရေကြောင့်ပျက်စီးနိုင်တဲ့ပစ္စည်းတွေ ကြိုရွှေ့ဖို့ အရေးကြီးတယ်လို့ သူက အကြံပေးပါတယ်။

"ကယ်ဆယ်ရေးသမားတွေ တာ၀န်ရှိသူတွေက အရေးပေါ်ရွေ့ပြောင်းဖို့ လာခေါ်ရင် ဘေးကင်းနေတုန်းမလိုက်ဘဲ နေထိုင်လို့မရအောင် ရေတက်လာမှ ကူပါကယ်ပါလုပ်ကြတာ။ အဲလိုအခြေအနေမျိုးဖြစ်လာရင် ကယ်ထုတ်ဖို့ခက်သွားပါတယ်။ ညဘက်ဖြစ်နေရင် အန္တရာယ်ရမ်းများပြီး အချိန်လည်းအရမ်းပေးရပါတယ်"လို့ သူကပြောပါတယ်။

ချုပ်ကြည့်ရရင်တော့ ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးက မိုးဇလပညာရှင်တွေကတော့ လာမယ့်ရက်ပိုင်း အတွင်း မိုးလျော့နည်းသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

တဖက်မှာလည်း မိုးအားဆက်တိုက်များနေတဲ့ ရက်ပိုင်းအတွင်း ကြုံရနိုင်တဲ့ သဘာဝဘေးတွေကို သတိထားကြဖို့ အသိပေးထားကြပါတယ်။

အခုဆောင်းပါး အဆုံးသတ်ချိန်အထိတော့ ဘန်ကောက်မှာ မိုးရွာသွန်းနေဆဲဖြစ်သလို အလုပ်နားထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း မိုးမြန်မြန်စဲဖို့ မျှော်လင့်နေကြပါတယ်။

"မိသားစုက မြန်မာထဲမှာပဲ စစ်ရှောင်နေကြတာဆိုတော့ ကိုယ့်ပိုက်ဆံပို့မယ့်ရက်ပဲစောင့်နေတာ။ အလုပ်မဆင်းရရင်အကုန်ခက်ကုန်မယ်။ ကိုယ်ကထိုင်းမှာခက်တာထက် မြန်မာမှာငတ်ကုန်မယ်"လို့ ချွန်ဘူရီက စက်ရုံအလုပ်သမားက ဆိုပါတယ်။