ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယောက်ျားတွေ တနယ်တကျေးသွား အလုပ်လုပ်ရတော့ အိန္ဒိယ အမျိုးသမီးတွေ အိမ်ထောင်ဦးစီး ဖြစ်လာ
- ရေးသားသူ, ဒိဗျာ အာရာ
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
"လူတိုင်းက ကျွန်မကို ကျွန်မ နာမည်နဲ့အတူ သိလာကြပြီ" လို့ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တခုဖြစ်တဲ့ ဘီဟာပြည်နယ်က အသင့်အတင့် ကောင်းမွန်တဲ့ အိမ်တလုံးမှာ နေနေတဲ့ အာရှာ ဒေဗီက ပြောပါတယ်။
"ကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အသိအမှတ်ပြုခံရတာက အသေးအဖွဲ ကိစ္စတော့ မဟုတ်ဘူးရှင့်" လို့ ၃၈ နှစ်အရွယ် သူက ဆိုပါတယ်။
"အရင်တုန်းကဆိုရင် ယောက်ျားတွေကိုပဲ လူတွေက နာမည်နဲ့တကွ သိကြတာလေ၊ အခုတော့ လူတွေက မိန်းမတွေကိုလည်း နာမည်နဲ့ သိလာကြပြီ။"
အာရှာ ဒေဗီက အသက် ၁၅ နှစ်မှာ ကျောင်းက ထွက်ရပြီး အိမ်ထောင်ပြုခဲ့ရပါတယ်။ မိသားစု အစဉ်အလာ ဆန္ဒတွေအရ သား တယောက်ရဖို့ တွန်းကြတာကြောင့် ကလေး ခဏ ခဏယူခဲ့ရပြီး သူ့ဘဝမှာ သူ့ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ရတာမျိုး သိပ်မရှိလှပါဘူး။
သူ့ ယောက်ျားဖြစ်သူ တနယ်တကျေးကို ရွှေ့ပြောင်းပြီး အလုပ်ရှာရတော့ သမီး ၃ ယောက်၊ သား တယောက် တို့ရဲ့ မိခင်ဖြစ်တဲ့ သူဟာ ကလေးတွေ အားလုံးရဲ့ နေ့စဉ် ဘဝ ကိစ္စတွေနဲ့ အိမ်ထောင်တခုလုံးအတွက် တာဝန်တွေကို ယူခဲ့ရပါတယ်။ သူ့ ယောက္ခမ အိမ်ကနေ အဲဒီ ရွာထဲက နောက် အိမ်တလုံးကို သူရွှေ့ခဲ့ပါတယ်။ အခု အာရှာ ဒေဗီ ဝင်ငွေရှိပြီ၊ မိသားစုအတွက် ဆုံးဖြတ်ချက်အကုန်လုံးကိုလည်း ချနိုင် ပြီ ဆိုတော့ အိမ်ထောင်ဦးစီးအဖြစ် သတ်မှတ်ခံရပါပြီ။
အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေလို့ သတ်သတ်မှတ်မှတ် ခေါ်ဝေါ် တဲ့ အသုံးအနှုန်းမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ခင်ပွန်း အမျိုးသား မရှိတဲ့ အိမ်ထောင်စု၊ မှီခိုသူ ဇနီး စသဖြင့်သာ သုံးနှုန်းကြပါတယ်။
အိမ်ထောင်ဦးစီးလို့ဆိုရင် ဝင်ငွေရှာတဲ့သူ၊ မိသားစုအတွက် ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ သြဇာရှိတဲ့လူလို့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ လူဦးရေစာရင်း ကောက်သူတွေက လက်ခံ သတ်မှတ်ကြပါတယ်။ အိမ်ထောင်နဲ့ အမျိုးသမီးဖြစ်မယ်၊ သူ့ခင်ပွန်းက တနယ်တကျေး မှာ ရှိနေတာ ၆ လ ကျော်သွားပြီဆိုရင်တော့ ဒီအမျိုးသမီးကို အိမ်ထောင်ဦးစီးအဖြစ် သတ်မှတ်ကြပါတယ်။ များသောအားဖြင့် ကိုယ့် ဘာသာကိုယ် အများကို အဲဒီလို ပြောရတာပါ။
အိန္ဒိယရဲ့ ရွာတွေ၊ မြို့ငယ်လေးတွေမှာ အမျိုးသားတွေ တနယ်တကျေးမှာ ပြောင်းရွှေ့ အလုပ်လုပ်ကြရတာ များလာနေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အခွင့်အလမ်း ရလာပြီး ဒီလို ဇာတ်လမ်းလေးတွေ တိုးလာပါပြီ။
လူမှုဗေဒ ပညာရှင်လည်းဖြစ် လူဦးရေ စာရင်းဆိုင်ရာ ပညာရှင်လည်းဖြစ်တဲ့ ပါမောက္ခ ဆိုနယ် ဒေဆိုင်းက ဒီလို အခွင့်အလမ်းဟာ သူ့ ခင်ပွန်းရဲ့ ဖခင်တို့၊ သူ့ ခဲအိုတို့လို အမျိုးသား အိမ်ထောင်စုဝင်တွေကို ဆက်မှီခို နေရနိုင်တဲ့ သူ့ခင်ပွန်းရဲ့ မိသားစုအိမ်ကနေ ပြောင်းထွက်နိုင်တဲ့ ဇနီးဖြစ်သူ အမျိုးသမီးရဲ့ အရည်အချင်းအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။
"အမျိုးသမီးတယောက်က သူ့အိမ်ထောင်စုကို သူ့ဘာသာသူ လွတ်လွတ်လပ်လပ် တည်ထောင်နိုင်ပြီ ဆိုရင် ဆုံးဖြတ်ချက်ချတဲ့နေရာ မှာပဲ ဖြစ်ဖြစ်၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်တွေ ယူရာမှာပဲ ဖြစ်ဖြစ် တကယ့်အပြောင်းအလဲတွေ ဖြစ်သွားတာကို ကျွန်မတို့ တွေ့ရတယ်" လို့ ပါမောက္ခ ဒေဆိုင်းက ပြောပါတယ်။
နိုင်ငံအဆင့် မိသားစု ကျန်းမာရေး စစ်တမ်းအရ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စုအတွင်း အမျိုးသမီးတွေ ဦးဆောင်တဲ့ အိမ်ထောင်စု အရေ အတွက် အချိုးအစားက ၂ ဆ နီးပါး တက်လာတာကို အိန္ဒိယမှာ တွေ့ရပါတယ်။
အဓိကအကြောင်းကတော့ နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်လုပ်မှုကြောင့် ဖခင် ဦးဆောင်တဲ့ မိသားစုပုံစံကနေ ပြောင်းလဲသွားတာပါ။ အဲဒီ ရွှေ့ပြောင်း အလုပ်လုပ်မှုကလည်း ဆက်ပြီး တိုးနေမယ့် အခြေအနေရှိပါတယ်။
အိန္ဒိယမှာ သန်းခေါင်စာရင်းကို နောက်ဆုံးကောက်ခဲ့တာက ၂၀၁၁ ခုနှစ်မှာ ဖြစ်ပြီး အဲဒီစာရင်းအရ ပြည်တွင်း ရွှေ့ပြောင်းလုပ်သား သန်းပေါင်း ၄၅၀ ရှိပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရွှေ့ပြောင်းတဲ့ ပမာဏက ၄၅% တက်ခဲ့တာဖြစ်ပြီး အဲဒီ ဆယ်စုနှစ် ကာလမှာပဲ လူဦးရေ တိုးပွားနှုန်း က ၁၈% ဆိုတော့ ဒီနှုန်းက အတော့ကို ပိုများခဲ့တာ ပါ။
ကိုဗစ် ၁၉ ကပ်ကြောင့် ဖြစ်လာတဲ့ ဆင်းရဲမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့ကျလာမှုတို့ကို ရင်ဆိုင်နေရတာကြောင့် ဒီရွှေ့ပြောင်း လုပ်ကိုင်တဲ့ နှုန်းက လာမယ့် နှစ်တွေမှာ တိုးဖို့ပဲ ရှိတယ်လို့ ပါမောက္ခ ဒေဆိုင်းက ခန့်မှန်းပါတယ်။
လွတ်လပ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အာရှာ ဒေဗီဟာ အခုတော့ သူ့ရွာ အမျိုးသမီးတွေကြားမှာ ခေါင်းဆောင် တယောက်ဖြစ်နေပါပြီ။
အစိုးရက ဆင်းရဲတဲ့ အမျိုးသမီးတွေအတွက် အလွယ်တကူ ငွေချေးလို့ရအောင် လုပ်ပေးထားတဲ့ အစီအစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာအောင် ကူညီပေးတဲ့ အဖွဲ့မှာ သူက ဦးဆောင်သူပါ။
သူတို့အဖွဲ့က အပတ်စဥ်ဆုံကြပြီး သူတို့ အမျိုးသမီး အသိုင်းအဝိုင်းကြားမှာ တယောက်ကို ၁၀ ရူပီး ( ဒေါ်လာ နဲ့ဆိုရင် ၁၂ ဆင့်) စုထည့်ကြတယ်၊ ဘဏ်ကို သွားပြီး အရန် အာမခံငွေအဖြစ် အဲဒီ စုလို့ရတဲ့ငွေကို သွင်းကာ ငွေချေးကြတယ်၊ အဲဒီဘဏ်ချေးငွေကို သူတို့ အသိုင်းအဝိုင်းကြားမှာ အရေးပေါ်လိုအပ်နေတဲ့ အမျိုးသမီးတွေကို အသေးစားချေးငွေအဖြစ် ထုတ်ချေးပေးကြပါတယ်။
ကျွန်မတက်ရောက်ခဲ့တဲ့ သူတို့ အစည်းအဝေးတခုမှာ အမြင်မတူညီကြတာတွေကို ဆွေးနွေးကြတာ၊ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော နဲ့ ပြောကြဆိုကြတာတွေကို တွေ့ရပါတယ်။ ယောက်ျားသားတွေ၊ တခြားမိသားစုဝင်တွေနဲ့ လွတ်လွတ်ကင်းကင်းရှိ နေတဲ့ ဒီကိုယ်ထူကိုယ်ထ ကူညီမှု ကွန်ရက်လေးဟာ ဖော်ရွေမှု အပြည့်နဲ့ပါ။
"အခု ကျွန်မတို့ နာမည်နဲ့တွဲပြီး တယောက်နဲ့ တယောက် သိကြပါပြီ။ ပိုပြီး ပညာတတ် တဲ့ အဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ ကျွန်မ နာမည်ကို ဘယ်လိုရေးရမလဲ ဆိုတာ ကျွန်မသိလာ သလို ငွေရေး ကြေးရေး စီမံခန့်ခွဲတာလည်း လုပ်တတ်လာပါပြီ" လို့ မွန်နီ ဒေဗီက ပြောပါ တယ်။
ရှိုဘာ ဒေဗီက အဖွဲ့ထဲမှာ ပညာပိုတတ်တဲ့ အမျိုးသမီးတွေထဲက တယောက်ပါ။ သူဟာ အိမ်ထောင် စောစော ကျခဲ့သူ တယောက် ဖြစ်ပေမယ့် သူ့ ပညာရေးကို ပြီးဆုံးအောင် နောက်ပိုင်းမှာ ဆက်နိုင်ခဲ့ပါတယ်။ သူက အာရှာ မရှိတဲ့ အချိန်ဆိုရင် အဖွဲ့ကို ဦးဆောင် ပါတယ်။
"ကျွန်မယောက်ျား ပို့ပေးတဲ့ ငွေက လောက်ငတာ နည်းပါတယ်၊ ဒါကြောင့် ကျွန်မတို့ ဘယ်လို အခက်အခဲကြုံရ ကြုံရ၊ တယောက်ကို တယောက် ကူညီကြတယ်" လို့ သူက ပြောပါတယ်။
"ငွေကို ဘယ်လို စီမံခန့်ခွဲရလဲဆိုတာကို ကျွန်မသိလာခဲ့ပြီးနောက်ပိုင်း ငွေကို ဘယ် နေရာမှာ သုံးမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ပိုလုပ် နိုင်လာပါပြီ။"
သူတို့ လင်ယောက်ျားတွေထက်စာရင် ပိုပြီး ပညာတတ်လာတဲ့ အမျိုးသမီး အသိုင်း အဝိုင်းထဲမှာ ရှိုဘာ ဒေဗီ တယောက် အပါအဝင်ပါ။
အိန္ဒိယ လူသားဖွံ့ဖြိုးရေးဆိုင်ရာ စစ်တမ်းအရ ၁၉၈၀ နှစ်တွေအတွင်း အိမ်ထောင်ကျ ကြတဲ့ သူတွေထဲက ၅% သော အမျိုးသမီးတွေသာ သူ့တို့ ယောက်ျား တွေထက် ပို ပညာတတ်ကြ ပါတယ်။ ၂၀၀၀ ခုနှစ်တွေနဲ့ ၂၀၁၀ နှစ်တွေမှာတော့ ဒီရာခိုင်နှုန်းက ၂၀% အထိ တက် လာပါတယ်။
"အိမ်ထောင်ဦးစီးဆိုတာကို ပိုပြီး ငွေရှာနိုင်သူ၊ ပိုပြီး ဆုံးဖြတ်ချက်ချနိုင်သူလို့ သဘောထားရင် ဒီ ပိုပြီး ပညာတတ်လာတဲ့ အမျိုးသမီး တွေဆီမှာ ဒီလို စွမ်းရည် တွေပိုများလာမယ်လို့ ကျွန်မ ထင်တယ်" လို့ ပါမောက္ခ ဒေဆိုင်းက ဆိုပါတယ်။
အာရှာ ဒေဗီ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က စကာ ဝင်ငွေရှာနိုင်ခဲ့ပြီး သူ့ပညာရေး အတွက် ရင်းနှီးမြှုပ်နှံကာ ကောလိပ်က ဘွဲ့တခု ယူနိုင်ခဲ့ ပါတယ်။ ၂၀၁၂ ခုနှစ်မှာ မိခင်နဲ့ ကလေးတွေရဲ့ ကျန်းမာရေး ဆိုင်ရာ အချက်အလက်တွေကို တအိမ်တက် တအိမ်ဆင်း စုဆောင်း တဲ့ အန်ဂျီအို တခုမှာ သူ အလုပ် စလုပ်ခဲ့ပါတယ်။
အသက် ၁၀ နှစ်နဲ့ ကျောင်းကနေ ထွက်လိုက်ရတဲ့ သူ့ အမျိုးသား ရန်ဂျစ် ရဲ့ အားပေးမှုနဲ့ အတူ ၂၀၁၆ မှာ သူ ဒီ ကိုယ်ထူကိုယ်ထ အကူအညီပေးရေး အဖွဲ့ကို တည်ထောင်ပါတယ်။ သူ့ ဇနီးသည် "သိပ်ထက်မြက်" တယ် ဆိုတာကို အရင်က မသိခဲ့ရတာ သိပ်နောင်တ ရတယ်လို့ ရန်ဂျစ်က ပြောပါတယ်။
"ကျွန်တော့် အမျိုးသမီးပညာ မသင်ခဲ့ဘူးဆိုရင် ကျွန်တော့် သားသမီးတွေလည်း ကျွန်တော့်လို ဖြစ်ကုန်မှာပါပဲ။ သူတို့တွေ အနာဂတ် ပိုကောင်းလာမယ့် အခွင့်အရေးတွေ ရလာတာဟာ သူ့ အမေကြောင့် ပါပဲ" လို့ သူက ပြောပါတယ်။
ဒါဟာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နှိမ့်ချတဲ့ အစဉ်အလာတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ နိုင်ငံတခုမှာ ကြီးပြင်း လာတဲ့ ယောက်ျားသားတယောက် ဆီကနေ ရှားရှား ပါးပါး ကြားရတဲ့ ဝန်ခံချက်ပါ။
သူ့ရွာမှာ ကျွမ်းကျင်မှုပိုင်းလိုတဲ့ အလုပ်က အနည်းအပါးပဲ ရှိသလို လိုအပ်တဲ့ ကျွမ်းကျင်မှုလည်း ရန်ဂျစ်မှာ မရှိတော့ ရွာမှာ သူ အလုပ်မရပါဘူး။ ဒါကြောင့် သူ တောင်ပိုင်းက တမီလ် နာဒူးပြည်နယ်က ကြိုးထုတ်လုပ်တဲ့ စက်ရုံ တခုမှာ အလုပ်လုပ်ပြီး သူ့အိမ်ထောင်စုကို ပြန်ထောက်ပံ့ပါတယ်၊ အဲဒီအတွက် သူ ဂုဏ်ယူပါတယ်။
ကျွန်မနဲ့ စကားပြောခဲ့တဲ့ အာရှာ ဒေဗီ၊ ရှိုဘာ ဒေဗီ နဲ့ တခြားအမျိုးသမီးတွေဟာ သူတို့ အိမ်မှာ ပိုပြီး သြဇာတက် လာပေမယ့်လည်း သူတို့ ခင်ပွန်းတွေနဲ့ ယှဉ်လိုက်ရင် သူတို့ဟာ ဒုတိယ နေရာမှာပဲ ရှိတယ်လို့ ခံယူကြပါတယ်။
"ကျွန်မက သိပ်မတော်ပါဘူး။ သူကသာ တော်တာပါ။ သူသာ ကျွန်မကို အားမပေး ခဲ့ရင် ကျွန်မ ဒီအထိ ရောက်အောင် သွားနိုင်ခဲ့မှာ မဟုတ်ပါဘူး" လို့ အာရှာ ဒေဗီက ပြောပါတယ်။
ဒါပေမဲ့ သူ့ သမီးဖြစ်သူ ရပ်ချ်မီး အပါအဝင် အမျိုးသမီးငယ်တွေ အတွက်တော့ သူဟာ နမူနာ စံပြအမျိုးသမီး တယောက်ပါ။
"ကျွန်မ အမေက ပြောင်းလဲသွားတယ်ဆိုတာကို ကျွန်မ မြင်လိုက်ရတယ်၊ ကျွန်မလည်း သူ့လို လုပ်နိုင်မယ်လို့ ယုံကြည်လာတယ်။"
ရပ်ချ်မီးတယောက် ကျူရှင်ကျောင်းတွေ ပေးပြီး သူ့မိသားစုအတွက် တဘက် တလမ်း က ဝင်ငွေရှာပေးသလို တချိန် သူ ရဲဝန်ထမ်း တယောက်ဖြစ်အောင် သင်တန်းတက်ဖို့ ငွေကိုလည်း စုဆောင်းမယ်လို့ ကြံရွယ်ထားပါတယ်။
ဒါက သူ့ရဲ့ အလုပ်အကိုင် ပန်းတိုင်တင် မဟုတ်ပါဘူး၊ သူ့ အမေလိုပဲ အများအတွက် အတုယူစရာ အမျိုးသမီး တယောက် ဖြစ်လိုတာပါ။
"ရွာသူရွာသားတွေ အနေနဲ့ ယောက်ျားလေးတွေသာ အိမ်ထောင်ကို ဦးစီးနိုင်တယ်လို့ မမြင် စေလိုပါဘူး"၊ "ဒီ ပုံအတိုင်း ကြီးပြင်းခွင့် ရရင်၊ လွတ်လပ်မှု ပိုရှိရင် မိန်းကလေးတွေလည်း အိမ်ထောင်ဦးစီး နိုင်ပါတယ်" လို့ သူက ပြောပါတယ်။