ကလေးလုပ်သားများလာလို့ စိုးရိမ်စရာဖြစ်နေပြီလို့ အလုပ်သမားအဖွဲ့တွေက မေဒေးနေ့မှာပြော
မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်မှုဇုန်တွေနဲ့ စိုက်ပျိုးရေးကဏ္ဍနှစ်ခုလုံးမှာ ကလေးသူငယ်တွေဟာ အတင်းအကျပ်ခိုင်းစေခံနေရတယ်လို့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA) ရဲ့ မေဒေးနဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီနေ့ မေ ၁ ရက်ဟာ ၁၃၆ ကြိမ်မြောက် အလုပ်သမားနေ့လည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ကြုံရတဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ကလေးငယ်တွေဟာ အတုအယောင်မှတ်ပုံတင်တွေကို အသုံးပြုအလုပ်လုပ်ကိုင်လာကြသလို အရွယ်ရောက်သူတွေ အတိုင်း ပြင်းထန်တဲ့ညဆိုင်းတွေ၊ အချိန်ကြာမြင့်စွာအလုပ်လုပ်နေရတယ်လို့ MLA က ပြောပါတယ်။
ကလေးငယ်တွေဟာ ကာကွယ်ခံရမယ့်အစားသူတို့အခွင့်အရေးအတွက် ပြောဆိုဖို့ ကြိုးစားတဲ့အခါမှာလည်း ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒါဟာ နိုင်ငံတကာ အလုပ်သမားစံနှုန်းတွေကို ချိုးဖောက်ရုံသာမက မျိုးဆက်တခုလုံးရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အနာဂတ်ကိုလည်း အန္တရာယ်ဖြစ်စေကြောင်း MLA က ထောက်ပြပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေပိုများလာနေပြီး အလုပ်သမားတွေအနေနဲ့ ဂုဏ်သိက္ခာရှိရှိရှင်သန်ရပ်တည်နိုင်စွမ်းမရှိတော့တဲ့အခြေစိုက်နေပြီလို့ ဒီနေ့ကျရောက်တဲ့ မေဒေးနေ့အထိမ်းအမှတ်ထုတ်ပြန်ချက်တွေမှာ ဖော်ပြကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အသက်မပြည်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ်စုဆောင်းတာနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေမှာခိုင်းစေတာအပါအဝင် အဓမ္မခိုင်းစေမှုတားဆီးကာကွယ်ရေးနဲ့ လျော့နည်းပပျောက်ရေးဆိုင်ရာမူဝါဒတရပ်ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ဒီလိုတားဆီးကာကွယ်ဖို့ကိုပျက်ကွက်ရင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ တပ်ဗိုလ်၊ တပ်မှူးတွေ၊ အစိုးရတာဝန်ခံအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက တာဝန်ခံရမယ်လို့ NUG က ထုတ်ပြန်တာပါ။
ဒီမူဝါဒကိုချိုးဖောက်ကြောင်းစစ်ဆေးတွေ့ရှိရင် သက်ဆိုင်ရာတည်ဆဲဥပဒေတွေ၊ အမိန့်၊ ညွှန်ကြားချက်တွေနဲ့အညီပြစ်ဒဏ်ချမှတ်မယ်လို့ ဖော်ပြပါတယ်။
အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က မေဒေးနေ့အတွက်ပို့တဲ့ သဝဏ်လွှာမှာလည်း ကလေးအလုပ်သမားအရေးနဲ့ပတ်သက်လို့ ထည့်ပြောပါတယ်။ ကလေးအလုပ်သမားပပျောက်ရေး အတွက် ၂၀၁၉ ခုနှစ်ကစလို့ ၅ နှစ်စီမံကိန်းရေးဆွဲဆောင်ရွက်နေပြီး စက်မှုကုန်ထုတ်နဲ့ ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ကို ဦးစားပေးနယ်ပယ်အဖြစ် သတ်မှတ်အကောင်အထည် ဖော်နေတယ်လို့ ပြောပါတယ်။
အရွယ်မတိုင်ခင်ကျောင်းထွက်ပြီးအလုပ်လုပ်ကိုင်ကြရင် နိုင်ငံအနာဂတ်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်တွေ လျော့နည်းစေလို့ ကလေးအလုပ်သမားပပျောက်အောင် ပူးပေါင်းပါဝင်ပေးဖို့ ဆိုပြီးလည်း ဦးမင်းအောင်လှိုင်က ထည့်ပြောပါတယ်။
ဒါအပြင် ပြည်တွင်းပြည်ပမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေရဲ့ အခက်အခဲတွေကိုဖြည့်ဆည်းပေး နိုင်ဖို့အတွက် ဆောင်ရွက်ပေးနေတယ်လို့ဆိုပြီး လုပ်သားအင်အားဖွံ့ဖြိုးလာဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းပိုပေးနိုင်ဖို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ မြန်မာမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကနေ ပြဋ္ဌာန်းချက်ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်မယ့် ဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ်မှာချမှတ်ထားခဲ့ပါတယ်။