အောင်လ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခု ရပြီ

အောင်လအန်ဆန်း Light Heavyweight တန်းမှာ ရွှေခါးပတ် ထပ်ယူ
ဓာတ်ပုံ ပုံစာ, အောင်လအန်ဆန်း Light Heavyweight တန်းမှာ ရွှေခါးပတ် ထပ်ယူ
ရေးသားခဲ့သည်။

မြန်မာစပါးအုံးမြွေ ဆိုပြီး နိုင်ငံတကာ သိုင်းနည်း ပေါင်းစုံသုံး လက်ဝှေ့ လောကမှာ ကျော်ကြားတဲ့ အောင်လအန်ဆန်း တယောက် ပထမ အချီ တမိနစ်မပြည့်မီမှာတင် ပြိုင်ဘက်ကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် နောက်တခု အရယူလိုက်ပါပြီ။

ဖေဖော်ဝါရီ ၂၃ ရက် ည ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံထဲမှာ One Championship က ကျင်းပတဲ့ Mixed Martial Arts (MMA) ကိုယ်ခံပညာပေါင်းစုံ အသုံးပြုကစားရတဲ့ ပြိုင်ပွဲရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်သူ ကချင်ပြည်နယ်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းက ပြိုင်ဘက် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒား မချာဒိုကို ပထမ အချီ ၅၆ စက္ကန့်မှာတင် ခြေထောက်ကန်ချက်နဲ့ ဒိုင်ပွဲရပ် အနိုင်ယူပြီး One Championship ရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ဆွတ်ခူးသွားနိုင်ခဲ့တာပါ။

စည်းလုံးညီညွတ်ရင် မြန်မာနိုင်ငံသားတွေ ဘာမဆို လုပ်နိုင်တယ်လို့ အောင်လက ပွဲအပြီး အောင်ပွဲခံ စကားမှာ ပြောသွားခဲ့ပါတယ်။

အောင်လအန်ဆန်းက အခု ပွဲမှာ ပြိုင်ဘက်က အချုပ် အဖမ်း ကျွမ်းကျင်သူ ဂျူဂျစ်ဆုသမား ဖြစ်နေလို့ အထိုး၊ အကန် နည်းဗျူဟာ ပြောင်းသုံးပြီး အနိုင်ယူမယ်လို့ ပွဲမတိုင်ခင်ပြောခဲ့သလိုပဲ လက်တွေ့မှာလည်း ထိထိမိမိ အကန် တချက်နဲ့ မချာဒိုကို ယိမ်းယိုင်သွားစေခဲ့ပြီး ဆက်တိုက် လက်သီးတွဲလုံး ဆင့်ထိုးချိန်မှာ ဒိုင်လူကြီးက ပွဲကို ရပ်တန့်စေပြီး အောင်လကို အနိုင်ပေးခဲ့ပါတယ်။

အသံဖိုင် ပုံစာ, အောင်လရဲ့ ချန်ပီယံကွယ်ပွဲ ပြည်ပမှာ ထိုးသတ်ရဖို့ရှိ
၈ လ အတွင်းမှာ One Championship ရဲ့ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခုကို အရယူနိုင်ခဲ့
ဓာတ်ပုံ ပုံစာ, ၈ လ အတွင်းမှာ One Championship ရဲ့ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခုကို အရယူနိုင်ခဲ့

အောင်လအန်ဆန်းဟာ အခု နိုင်ပွဲကြောင့် One Championship ရဲ့ MMA ပြိုင်ပွဲ သမိုင်း တလျှောက် ပထမဆုံးအကြိမ် အဖြစ် မတူညီတဲ့ ဝိတ်တိန်း ၂ ခုမှာ ရွှေခါးပတ် ရယူနိုင်ခဲ့တဲ့ တဦးတည်းသော တိုက်ခိုက်ရေး ကစားသမား အဖြစ်လည်း စံချိတ်တင်ခဲ့နိုင်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ က ရန်ကုန်မှာပဲ ကျင်းပခဲ့တဲ့ One Championship ရဲ့ Middleweight တန်းမှာ ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်တက်ရှ်ကို ငါးချီပြည့်ထိုးသတ်ပြီး ဒိုင်အားလုံးရဲ့ အမှတ်နဲ့ ပထမ ရွှေခါးပတ်ကို ရရှိခဲ့တာပါ။ ၈ လ အတွင်းမှာ One Championship ရဲ့ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခုကို အရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အသံဖိုင် ပုံစာ, ၈ လ အတွင်း ရွှေခါးပတ် ၂ ခု ယူတဲ့ အောင်လအန်ဆန်း
ဗီဒီယို ပုံစာ, ဒီပွဲ နိုင်ဖို့ အောင်လ ဘယ်လို ပြင်ဆင်ခဲ့လဲ

အောင်လအန်ဆန်းဟာ ၂၀၁၈ နှစ်လယ်လောက်မှာ မစ်ဒယ် ဝိတ်တန်း ခါးပတ်ကို ထပ်မံ ကာကွယ်ဖို့ ရှိတယ်လို့ ဘီဘီစီကို ပြောခဲ့သလို အခု ရွှေခါးပတ် အသစ် လိုက်ဟဲဗီးဝိတ်တန်းအတွက်လည်း စိန်ခေါ်သူ ရှိရင် ကာကွယ်မယ်လို့ ဆိုထားပါတယ်။

၂၃ ရက် ညမှာ စုစုပေါင်း ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံကိုယ်စားပြု ကစားတဲ့ အခြား နာမည်ကြီး ကစားသမားလည်း ဖြစ် MMA ရှုံးပွဲ မရှိသေးသူလည်းဖြစ်တဲ့ ဖိုးသော်ကလည်း သူ့ရဲ့ ပြိုင်ဘက် ကမ္ဘောဒီးယား Sor Sey ကို ပထမအချီ ၁ မိနစ် ၃၅ စက္ကန့်မှာပဲ ခြေထောက်ကန်ချက်နဲ့ အလဲကန် အနိုင်ယူသွားခဲ့ပါတယ်။ ဖိုးသော်ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြားသားနဲ့ ထိုးသတ်တဲ့ MMA One Championship မှာ ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းသွားနိုင်တာလည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အောင်လနဲ့ဖိုးသော်တို့ရဲ့ အောင်မြင်မှုတွေ အတွက် အားပေးသူတွေရဲ့ ဂုဏ်ပြုစကားများ