နှစ်လအတွင်းမှာပဲ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါ နေပြည်တော်ကို ထပ်မံရောက်ရှိလာပြီး မြန်မာရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးသွားဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၀ ရက်က နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဆာဆာကာဝါတို့ တွေ့ဆုံချိန်မှာ မြန်မာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အသေးစိတ်အချက်အလက်တွေ ဖော်ပြမထားတဲ့ခပ်တိုတို သတင်းထုတ်ပြန်ချက်မှာ မြန်မာရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတကြိမ် ဆာဆာကာဝါရဲ့ ခရီးစဥ်နဲ့ ပတ်သက်လို့ ဆာဆာကာဝါရုံးဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆာဆာကာဝါနဲ့ နေပြည်တော်အကြား ထိတွေ့ဆက်ဆံမှုတွေကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးမှာ တိတ်တဆိတ် သံတမန်ဆက်ဆံရေး (Silent Diplomacy) ကိုပဲ အခိုင်အမာ ကိုင်စွဲသွားမယ်လို့ ဆာဆာကာဝါက ပြောဆိုထားဖူးပါတယ်။
ရခိုင်ပြည်နယ်မှာ အပစ်ရပ်နိုင်ရေးအတွက် အဓိက ကြားဝင်ညှိနှိုင်းပေးခဲ့သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရတဲ့ ဆာဆာကာဝါရဲ့ အခုခရီးစဉ်ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ရေးဖိအားတွေကို ရင်ဆိုင်နေရတဲ့ အာရက္ခတပ်တော် (AA) နဲ့ နေပြည်တော်အကြား ညှိနှိုင်းရေးအတွက် ကြိုးပမ်းမှုတစ်ခုလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေကြောင့် ဒေသတွင်းနိုင်ငံတချို့ ပါဝင်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ တခြားညှိနှိုင်းရေးလမ်းကြောင်းတွေမှာ အခက်အခဲတွေ ဆက်ရှိနေဦးမယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။
ဂျပန်နိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးအဖွဲ့ဝင်ဖြစ်ပြီး ဂျပန်ရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူအဖြစ် လူသိများတဲ့ ဦးမြင့်ဆွေကတော့ ဆာဆာကာဝါရဲ့ နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံမှုအပေါ် ကန့်ကွက်စာ သုံးကြိမ် ပေးပို့ထားပြီးဖြစ်တယ်လို့ အောက်တိုဘာ ၂၁ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
“ဆာဆာကာဝါရဲ့ လုပ်ရပ်က ဒီမိုကရေစီရဲ့ ပြယုဂ်ကို ဖောက်ဖျက်တယ်လို့ပဲ ခံစားရပါတယ်။ စစ်တပ်ဘက်က ပြောတာတွေကို ယုံတဲ့အတွက် ဆာဆာကာဝါရုံးကို ကျွန်တော်တို့ သုံးကြိမ် ကန့်ကွက်စာပို့ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဂျပန်အစိုးရကို တိုက်တွန်းတာ ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်မယ်။ ဂျပန် NGO တွေနဲ့ ပူးပေါင်းပြီး ဆက်လုပ်နေပါတယ်” လို့ ဦးမြင့်ဆွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က နေပြည်တော်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ဆာဆာကာဝါဟာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကူအညီပေးရေး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးနဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ တည်ဆောက်ရေးဆိုင်ရာ သင်တန်းတွေမှာ အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီခရီးစဉ်အပြီး ဆာဆာကာဝါရုံးက ဘီဘီစီရဲ့မေးမြန်းချက်နဲ့ ပတ်သက်ပြီး ပြန်လည်ပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ နေပြည်တော်အစိုးရနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) အပါအဝင် အတိုက်အခံအင်အားစုတွေကြား “ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ့်” အလားအလာတွေကို စတင်မြင်တွေ့နေရပြီလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်တပ်ဘက်က SCEF ကို တရားဝင် ဆွေးနွေးဖက်အဖြစ် အသိအမှတ်မပြုသေးပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်မယ့် ဖြစ်နိုင်ခြေတွေကို စတင်လေ့လာဆန်းစစ်နေပြီလို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လိုအချက်အလက်တွေအပေါ် အခြေခံပြီး အဲဒီလို ပြောဆိုခဲ့တာလဲဆိုတာကိုတော့ ဆာဆာကာဝါရုံးရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။
ဒါကြောင့် ဆာဆာကာဝါဟာ စစ်တပ်နဲ့ SCEF၊ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်လာအောင် ကြားဝင်ဆောင်ရွက်ပေးနေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ပေါက်လာပါတယ်။
ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ဇွန်လက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ တွေ့ဆုံခဲ့သလို SCEF နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီတွေ့ဆုံမှုတွေမှာ နေပြည်တော်နဲ့ အဲဒီအင်အားစုတွေကြား ဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ကြိုးစားကြည့်မယ်လို့ ဆာဆာကာဝါက ပြောခဲ့ကြောင်း အဲဒီအကြောင်း သိရှိသူတစ်ဦးက ပြောပါတယ်။
ဆာဆာကာဝါရုံးကတော့ အဲဒီအကြောင်းကို တိုက်ရိုက် အတည်ပြုထားတာ မရှိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အဖွဲ့အစည်းအသီးသီးနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်သူတစ်ဦးရဲ့ အရေးပါမှုဟာ လက်ရှိအခြေအနေမှာ ပိုမိုမြင့်တက်လာနိုင်တယ်လို့ပဲ ဘီဘီစီကို ပြောထားပါတယ်။
ဆာဆာကာဝါဟာ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဂျပန်နိုင်ငံရဲ့ အထူးသံတမန်အဖြစ် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ ညှိနှိုင်းဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာလည်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ သံတမန်ရေးရာ ညှိနှိုင်းမှုအမြင်အရ အဓိကကျတဲ့ အဖွဲ့အစည်းတစ်ခုကို ထောက်ပံ့ကူညီတာနဲ့ အဲဒီအဖွဲ့အစည်းနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတာဟာ မတူညီတဲ့ ကိစ္စနှစ်ခုဖြစ်တယ်လို့ ဆာဆာကာဝါရုံးက ဘီဘီစီကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရနဲ့ SCEF ကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ ကြိုးပမ်းမှုတွေ ရှိနေပြီဆိုတဲ့ ဆာဆာကာဝါရုံးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက SCEF နဲ့ ဆာဆာကာဝါတို့ တွေ့ဆုံမှု ရှိ၊ မရှိ၊ SCEF အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ နေပြည်တော်နဲ့ ဆွေးနွေးမလဲဆိုတဲ့ သတ်မှတ်ချက်တွေ ရှိ၊ မရှိကို SCEF ပြောခွင့်ရသူတွေထံ အဲဒီအချိန်က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။
တချိန်တည်းမှာပဲ အဲဒီတုန်းက SCEF အဖွဲ့ဝင်တွေဖြစ်တဲ့ KNU၊ CNF၊ ကရင်နီပြည်တိုးတက်ရေးပါတီ (KNPP) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။