တိုက်ရိုက်ထုတ်လွှင့်မှု, နေပြည်တော်ကိုခြေလှမ်းစိပ်နေတဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ

နေပြည်တော်ကိုခြေလှမ်းစိပ်နေမြန်မာငြိမ်းချမ်းရေးအတွက် ကူပေးမယ်ဆိုတဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါရဲ့ နေပြည်တော်ခရီး သတင်းအပါအဝင် ကမ္ဘာနဲ့မြန်မာက ထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • နှစ်လအတွင်းမှာပဲ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ နေပြည်တော်ကို ထပ်ရောက်လာပြီး ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။
  • ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုဖို့ ဂျပန်ရောက်မြန်မာတွေ တိုက်တွန်းဆန္ဒပြဖို့ ရှိနေပါတယ်။
  • ရန်ကုန်မှာ ကိုရီးယားဇနီးမယားအဖြစ် ရောင်းစားဖို့စီစဉ်သူ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ
  • ဗန်းမော်မြို့ရဲ့အရှေ့၊ မြောက်နဲ့ တောင်ဘက်သုံးမျက်နှာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗန်းမော်မြို့အနီးတဝိုက် စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေပြင်းထန်နေ

    ရှေ့တန်းစစ်မျက်နှာက KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရှေ့တန်းစစ်မျက်နှာက KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရဲ့အရှေ့၊ မြောက်နဲ့ တောင်ဘက်သုံးမျက်နှာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    “တောင်ဘက်အရပ်မှာ စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးတာရှိတယ်။ အဲဒါက မန်စီနဲ့ နီးတဲ့နေရာမှာ ရှိတယ်။ မိုးမောက်ဘက်မှာလည်း ထိုးတာရှိတယ်။ စကခ ၂၁ နဲ့ နီးတဲ့ ဗန်းမော်တက္ကသိုလ် နားမှာလည်း နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ မြောက်ဘက်ရယ်၊ အရှေ့ဘက်ရယ်၊ တောင်ဘက်မှာ စစ်မျက်နှာဖွင့်ပြီး တိုက်တာတွေ့ရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဗန်းမော်မြို့အနီးတဝိုက်နေရာတွေမှာရှိတဲ့ KIA ရဲ့ရှေ့တန်းစခန်း နေရာတွေကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ အခုလိုတိုက်ပွဲတွေဖြစ်နေတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    လက်ရှိ စစ်တပ်ဘက်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေကို နေ့စဉ်နဲ့ အမျှလေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။

    မြေပြင်မှာတော့ ဧရာဝတီမြစ်ကနေ ဗန်းမော်မြို့ကို သင်္ဘောတွေ နဲ့ ရောက်လာတဲ့ တပ်ကူအင်အား ၁,၀၀၀ ကျော်နဲ့ စစ်တပ်က ထိုးစစ်ဆင်နေတာလို့ သူက ပြောပါတယ်။

    စစ်တပ်ဟာ ဗန်းမော်မြို့ကို အလုံးစုံပြန်ပြီးထိန်းချုပ်နိုင်ဖို့ အခုလိုစစ်ကြောင်းထိုးလာတာလို့ KIA က ယူဆပါတယ်။

    KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၊ အမှတ် (၄၇) ခြေလျင်တပ်ရင်း အပါအဝင် စစ်တပ် တပ်ရင်းတချို့ကို သိမ်းပိုက်ခဲ့ပါတယ်။

    စစ်တပ်ဟာ ဗန်းမော်ကို ပြန်ယူဖို့ စက်တင်ဘာလကစလို့ တပ်ကူအင်အားတွေကို ဧရာဝတီမြစ်ကြောင်း ကနေတဆင့် သင်္ဘောတွေနဲ့ ပို့ဆောင်ခဲ့ပါတယ်။

    ဒီသင်္ဘောတွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်အထိ စာရင်းတွေအရ အရပ်ဘက်နဲ့ စစ်ဘက် သင်္ဘော ၂၁ စင်းကို နစ်မြုပ်အောင်၊ ဒါမှမဟုတ် ပျက်စီးအောင် လုပ်နိုင်ခဲ့တယ်လို့ KIA ဘက်က ပြောထားပါတယ်။

  2. ရေကူးကန်ရှည်ကြီးနဲ့ဇိမ်ခံသင်္ဘောက ကင်ဂျုံအွန်းရဲ့လျှို့၀ှက်အပန်းဖြေနေရာလား

    ကင်ဂျုံအွန်းနဲ့ ဆက်နွှယ်နေတဲ့ ဇိမ်ခံရေယာဉ်လေးစီးကို ပြသထားတဲ့ ဂြိုဟ်တုဓာတ်ပုံများ

    မီတာ ၈၀ (ပေ ၂၆၀ ကျော်) ရှည်တဲ့ ဇိမ်ခံရေယာဉ်တစ်စီးကို မြောက်ကိုရီးယားနိုင်ငံ၊ ၀မ်ဆန်ကမ်းရိုးတန်းအလွန်မှာ ဒီနှစ် ဇူလိုင်လကနေ အောက်တိုဘာလလယ်အထိ ဂြိုဟ်တုဓာတ်ပုံတွေထဲ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။

    ထူးခြားတာကတော့ ရေယာဉ်ကုန်းပတ်တလျှောက် မီတာ ၅၀ (ပေ ၁၆၀ ကျော်) ရှည်တဲ့ ရေကူးကန်ရှိပြီး အစွန်းတစ်ဖက်မှာ ရေလျှောတွေ စုစည်းတပ်ဆင်ထားတာ ဖြစ်ပါတယ်။

    သင်္ဘောကျင်းမှာ လနဲ့ချီကြာအောင် ကျောက်ချထားခဲ့ပြီးတဲ့နောက် ဇူလိုင်လအစောပိုင်းမှာ ကယ်မာကျွန်းဆွယ်လို့ သိကြတဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသဆီ ဒီသင်္ဘော ရောက်သွားပါတယ်။

    ဒီနေရာဟာ ပင်လယ်ကမ်းခြေအပန်းဖြေမြို့ ဝမ်ဆန်နဲ့ နီးပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သူ့မိသားစု အသုံးပြုတဲ့ ၀င်းကျယ်ကျယ် စံအိမ်ကြီးတစ်လုံးလည်း အဲဒီမှာ ရှိပါတယ်။

    ဒါပေမဲ့ ဟိုဟိုဒီဒီ ခုတ်မောင်းနေတဲ့ ဒီရေယာဉ်ကြီးမျိုးက ဒီတစ်စင်းမက ရှိနေပါတယ်။ ဘီဘီစီက လေ့လာခဲ့တဲ့ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တခြားရေယာဉ်တချို့ကိုလည်း ကင်ရဲ့ စံအိမ်ကြီးအနီးမှာ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။

    ဒီရေယာဉ်တွေကို ကင်နဲ့ သူ့မိသားစုက အသုံးပြုတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။

    ဂြိုဟ်တုဓာတ်ပုံတွေကို အခြေခံပြီး ဆန်းစစ်ထားတဲ့ ဘီဘီစီလေ့လာချက်အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်ပြီး ဖတ်ရှုနိုင်ပါတယ်။

  3. ရန်ကုန်မှာ ကိုရီးယားဇနီးမယားအဖြစ် ရောင်းစားဖို့စီစဉ်သူ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

    ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး (ပုံဟောင်း)

    ရန်ကုန်မြို့က အမျိုးသမီးတစ်ဦးကို ကိုရီးယားနိုင်ငံသားရဲ့ ဇနီးမယားအဖြစ် ရောင်းစားဖို့စီစဉ်ခဲ့သူကို အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာက ဒီကနေ့ထုတ်ပြန်ပါတယ်။

    ရောင်းစားဖို့စီစဉ်ခဲ့သူလို့ဆိုတဲ့အမျိုးသမီးကို အလုံခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာလို့ ဖော်ပြပါတယ်။

    ဒီလို ရောင်းစားဖို့ စီစဉ်ခဲ့သူ အမျိုးသမီးနှစ်သူဦးထဲမှာ ဖမ်းမိခဲ့သူတစ်ဦးကို အခုလို အမိန့်ချလိုက်တာဖြစ်ပါတယ်။

    နောက်ထပ်တစ်ဦးကတော့ တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ တိမ်းရှောင်တရားခံကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ နဲ့ အတည်ပြုထုတ်ဆင့်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီပုဒ်မနှစ်ခုရဲ့ ဆိုလိုရင်းကတော့ တိမ်းရှောင်နေသူဟာ သတ်မှတ်ရက်အတွင်းပြန်လာရမှာဖြစ်ပြီး ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းသွားမယ်လို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။ရောင်းစားခံရသူဟာ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်၊ မြရတနာ (၅) လမ်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

    ရောင်းစားဖို့ စီစဉ်ခဲ့သူနှစ်ဦးမှာ တစ်ဦးက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်း ကမ်းနားလမ်းကဖြစ်ပြီး နောက်တစ်ဦးတော့ ကြည့်မြင်တိုင်မြို့နယ်၊ ဝဇီယာ ၆ လမ်းမှာ နေထိုင်သူဖြစ်ပါတယ်။

    ကြည့်မြင်တိုင်မြို့နယ်၊ ဝဇီယာ ၆ လမ်းမှာ နေထိုင်တဲ့ စီစဉ်သူကတော့ လက်ရှိအချိန် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

    ကိုရီးယားနိုင်ငံသားကို လက်ထပ်ရင် သိန်း ၁၀၀ နဲ့ တင်တောင်းခံရမယ်၊ လစဉ်ထောက်ပံ့ကြေးရမယ့် အပြင် မိသားစုဝင်တွေကိုလည်း ကိုရီးယားမှာ အလုပ်အကိုင်ရရှိနိုင်တဲ့ အခွင့်အရေးတွေရမယ်လို့ အမျိုးသမီးတစ်ဦးကို သူတို့နှစ်ဦးက ဆွဲ‌ဆောင်စည်းရုံးခဲ့တာလို့ ဆိုပါတယ်။

  4. KNU မပါတဲ့ KNPC က ငြိမ်းချမ်းရေးအတွက် တကယ်လုပ်နိုင်မလား

    ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်းနဲ့ ဦးမင်းအောင်လှိုင်
    ဓာတ်ပုံ ပုံစာ, KNPC ကို ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်းနဲ့ ဦးမင်းအောင်လှိုင်

    နေပြည်တော်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး ကြေညာထားရာကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့အထိ ပြန်ပြောလာပြန်ပါတယ်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ KNU အပြင် ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ် (ABSDF) တို့ကိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောဆိုခဲ့တာပါ။

    တစ်ဖက်မှာလည်း နေပြည်တော်ဟာ ကရင်ပြည်နယ်အတွင်း လက်နက်နဲ့ လူအင်အားတောင့်တင်းတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(KNPC) နဲ့ ဘားအံမြို့မှာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဒီကော်မတီဟာ စစ်တပ်နဲ့ ပဋိပက္ခဖြစ်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား နိုင်ငံရေးလမ်းစဉ်အောက်ကနေ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်လာအောင် ကြားခံအဖြစ် ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ကော်မတီအကြီးပိုင်းပုဂ္ဂိုလ်တွေက ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်နဲ့ KNU ကြားက နိုင်ငံရေးရပ်တည်ချက်တွေဟာ "ပြဒါးတစ်လမ်း၊ သံတစ်လမ်း" လို့ KNU က ပြောထားချိန်မှာ KNPC က ဘယ်လိုကြားခံဆောင်ရွက်သွားမလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

    ဆောင်းပါး အပြည့်အစုံကို ဒီလင်ခ့် ကနေ ဖတ်နိုင်ပါတယ်။

  5. ဂျပန်အစိုးရရဲ့ မြန်မာ့အရေးချဥ်းကပ်မှုပြောင်းလဲချက်တချို့ အပေါ် ဂျပန်ရောက်တော်လှန်ရေးအင်အားစုတွေ ဆန္ဒထုတ်ဖော်မယ်

    ဒေါ် အောင်ဆန်းစုကြည်လွတ်မြောက်ရေးဂျပန်က ဆန္ဒပြပွဲတစ်ခု
    ဓာတ်ပုံ ပုံစာ, ဒေါ် အောင်ဆန်းစုကြည်လွတ်မြောက်ရေးဂျပန်က ဆန္ဒပြပွဲတစ်ခု

    ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ မြန်မာစစ်အုပ်စုနဲ့ သူ့အစိုးရကို အသိအမှတ်မပြုဖို့နဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပေးဖို့ ဆိုတဲ့ ဆန္ဒပြပွဲတစ်ခုကို အောက်တိုဘာ ၂၈ ရက်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြုလုပ်သွားဖို့ ဂျပန်ရောက်မြန်မာအဖွဲ့တချို့ ‌ဆော်သြ‌နေပါတယ်။

    စစ်တပ် ဦး‌ဆောင်တဲ့ရွေးကောက်ပွဲအပြီးမှာ မြန်မာစစ်အုပ်စုကို ထောက်ခံသူတွေ၊ လော်ဘီတွေနဲ့ စစ်ခေါင်းဆောင်တချို့ ဂျပန်နိုင်ငံကို လာရောက်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်ကာ တရားဝင်မှုရရှိအောင် ကြိုးပမ်းနေတယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။

    ဂျပန်နိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးအဖွဲ့ဝင်ဖြစ်ပြီး ဂျပန်ရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူအဖြစ် လူသိများတဲ့ ဆန္ဒပြပွဲစီစဉ်သူ ဦးမြင့်ဆွေကတော့ ဂျပန်နိုင်ငံခြား‌‌ရေးဝန်ကြီးဌာနကို အချက် ၂ ချက်ကို အဓိကမေးမြန်းစာ‌ပေးပို့မယ်လို့ ‌ပြောပါတယ်။

    '' ရန်ကုန်ကမြန်မာသံရုံးနဲ့သံရုံးယာယီတာဝန်ခံတို့က စစ်ကောင်စီနဲ့ သွား‌‌တွေ့တယ်ဆိုတဲ့ အ‌‌ပေါ် ဂျပန်အစိုးရရဲ့ ‌ပေါ်လစီက ဘယ်ကိုရောက်နေလဲ။ ‌နောက်တစ်ချက်က ဂျပန်ရဲ့ နိုင်ငံခြား‌‌ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ မြန်မာ‌အစိုးရ‌နေရာမှာ သမ္မတကြီး ဦးဝင်းမြင်နဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ နာမည်တွေကို ဖျက်လိုက်တယ်၊ဘယ်သူ့နာမည်မှမထားဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ သဘောထားဘယ်လိုရှိလဲဆိုတာနဲ့ NUG အစိုးရကို ရပ်တည်ပေးပါ။‌ထောက်ခံပေးပါဆိုတာကို စာ‌ပေးပို့ဖို့ အစီအစဥ်ရှိပါတယ်'' လို့ ဦးမြင့်ဆွေက ပြောပါတယ်။

    ဒါ့အပြင် ဂျပန်လွှတ်တော်အမတ်တချို့နဲ့ နိုင်ငံရေးဆက်သွယ်ဆောင်ရွက်သူတွေ မြန်မာနိုင်ငံကို မကြာခဏ သွားလာနေတဲ့အပြင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ခိရှိဒါကလည်း မြန်မာစစ်အုပ်စုကို အာဆီယံအဖွဲ့ထဲ ပြန်လည်ပါဝင်ခွင့်ပေးဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့အပေါ် စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ သူ့အစိုးရကို အသိအမှတ်မပြုတဲ့ မူဝါဒကို မပြောင်းလဲဘဲ ဆက်လက်ကိုင်စွဲဖို့၊ စစ်တပ်နဲ့ နောက်ကွယ်မှာ ထိတွေ့ဆက်ဆံနေမှုတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်အုပ်စုကို တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။

  6. နေပြည်တော်ကို ခြေလှမ်းစိပ်နေတဲ့ ဆာဆာကာဝါနဲ့ ဦးမင်းအောင်လှိုင်ထပ်တွေ့

    နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါ
    ဓာတ်ပုံ ပုံစာ, နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါ

    နှစ်လအတွင်းမှာပဲ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါ နေပြည်တော်ကို ထပ်မံရောက်ရှိလာပြီး မြန်မာရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးသွားဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။

    အောက်တိုဘာ ၂၀ ရက်က နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဆာဆာကာဝါတို့ တွေ့ဆုံချိန်မှာ မြန်မာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    အသေးစိတ်အချက်အလက်တွေ ဖော်ပြမထားတဲ့ခပ်တိုတို သတင်းထုတ်ပြန်ချက်မှာ မြန်မာရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အခုတကြိမ် ဆာဆာကာဝါရဲ့ ခရီးစဥ်နဲ့ ပတ်သက်လို့ ဆာဆာကာဝါရုံးဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစား‌‌နေပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆာဆာကာဝါနဲ့ နေပြည်တော်အကြား ထိတွေ့ဆက်ဆံမှုတွေကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးမှာ တိတ်တဆိတ် သံတမန်ဆက်ဆံရေး (Silent Diplomacy) ကိုပဲ အခိုင်အမာ ကိုင်စွဲသွားမယ်လို့ ဆာဆာကာဝါက ပြောဆိုထားဖူးပါတယ်။

    ရခိုင်ပြည်နယ်မှာ အပစ်ရပ်နိုင်ရေးအတွက် အဓိက ကြားဝင်ညှိနှိုင်းပေးခဲ့သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရတဲ့ ဆာဆာကာဝါရဲ့ အခုခရီးစဉ်ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ရေးဖိအားတွေကို ရင်ဆိုင်နေရတဲ့ အာရက္ခတပ်တော် (AA) နဲ့ နေပြည်တော်အကြား ညှိနှိုင်းရေးအတွက် ကြိုးပမ်းမှုတစ်ခုလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

    ဒါပေမဲ့ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေကြောင့် ဒေသတွင်းနိုင်ငံတချို့ ပါဝင်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ တခြားညှိနှိုင်းရေးလမ်းကြောင်းတွေမှာ အခက်အခဲတွေ ဆက်ရှိနေဦးမယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။

    ဂျပန်နိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးအဖွဲ့ဝင်ဖြစ်ပြီး ဂျပန်ရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူအဖြစ် လူသိများတဲ့ ဦးမြင့်ဆွေကတော့ ဆာဆာကာဝါရဲ့ နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံမှုအပေါ် ကန့်ကွက်စာ သုံးကြိမ် ပေးပို့ထားပြီးဖြစ်တယ်လို့ အောက်တိုဘာ ၂၁ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

    “ဆာဆာကာဝါရဲ့ လုပ်ရပ်က ဒီမိုကရေစီရဲ့ ပြယုဂ်ကို ဖောက်ဖျက်တယ်လို့ပဲ ခံစားရပါတယ်။ စစ်တပ်ဘက်က ပြောတာတွေကို ယုံတဲ့အတွက် ဆာဆာကာဝါရုံးကို ကျွန်တော်တို့ သုံးကြိမ် ကန့်ကွက်စာပို့ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဂျပန်အစိုးရကို တိုက်တွန်းတာ ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်မယ်။ ဂျပန် NGO တွေနဲ့ ပူးပေါင်းပြီး ဆက်လုပ်နေပါတယ်” လို့ ဦးမြင့်ဆွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က နေပြည်တော်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ဆာဆာကာဝါဟာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကူအညီပေးရေး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးနဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ တည်ဆောက်ရေးဆိုင်ရာ သင်တန်းတွေမှာ အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    အဲဒီခရီးစဉ်အပြီး ဆာဆာကာဝါရုံးက ဘီဘီစီရဲ့မေးမြန်းချက်နဲ့ ပတ်သက်ပြီး ပြန်လည်ပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ နေပြည်တော်အစိုးရနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) အပါအဝင် အတိုက်အခံအင်အားစုတွေကြား “ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ့်” အလားအလာတွေကို စတင်မြင်တွေ့နေရပြီလို့ ဖော်ပြထားပါတယ်။

    လက်ရှိမှာ စစ်တပ်ဘက်က SCEF ကို တရားဝင် ဆွေးနွေးဖက်အဖြစ် အသိအမှတ်မပြုသေးပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်မယ့် ဖြစ်နိုင်ခြေတွေကို စတင်လေ့လာဆန်းစစ်နေပြီလို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ ဘယ်လိုအချက်အလက်တွေအပေါ် အခြေခံပြီး အဲဒီလို ပြောဆိုခဲ့တာလဲဆိုတာကိုတော့ ဆာဆာကာဝါရုံးရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

    ဒါကြောင့် ဆာဆာကာဝါဟာ စစ်တပ်နဲ့ SCEF၊ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်လာအောင် ကြားဝင်ဆောင်ရွက်ပေးနေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ပေါက်လာပါတယ်။

    ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ဇွန်လက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ တွေ့ဆုံခဲ့သလို SCEF နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

    အဲဒီတွေ့ဆုံမှုတွေမှာ နေပြည်တော်နဲ့ အဲဒီအင်အားစုတွေကြား ဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ကြိုးစားကြည့်မယ်လို့ ဆာဆာကာဝါက ပြောခဲ့ကြောင်း အဲဒီအကြောင်း သိရှိသူတစ်ဦးက ပြောပါတယ်။

    ဆာဆာကာဝါရုံးကတော့ အဲဒီအကြောင်းကို တိုက်ရိုက် အတည်ပြုထားတာ မရှိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အဖွဲ့အစည်းအသီးသီးနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်သူတစ်ဦးရဲ့ အရေးပါမှုဟာ လက်ရှိအခြေအနေမှာ ပိုမိုမြင့်တက်လာနိုင်တယ်လို့ပဲ ဘီဘီစီကို ပြောထားပါတယ်။

    ဆာဆာကာဝါဟာ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဂျပန်နိုင်ငံရဲ့ အထူးသံတမန်အဖြစ် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ ညှိနှိုင်းဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်မှာလည်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ သံတမန်ရေးရာ ညှိနှိုင်းမှုအမြင်အရ အဓိကကျတဲ့ အဖွဲ့အစည်းတစ်ခုကို ထောက်ပံ့ကူညီတာနဲ့ အဲဒီအဖွဲ့အစည်းနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတာဟာ မတူညီတဲ့ ကိစ္စနှစ်ခုဖြစ်တယ်လို့ ဆာဆာကာဝါရုံးက ဘီဘီစီကို ပြောထားပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လက စစ်တပ်ကျော‌ထောက်‌နောက်ခံပြု အစိုးရနဲ့ SCEF ကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ ကြိုးပမ်းမှုတွေ ရှိနေပြီဆိုတဲ့ ဆာဆာကာဝါရုံးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက SCEF နဲ့ ဆာဆာကာဝါတို့ တွေ့ဆုံမှု ရှိ၊ မရှိ၊ SCEF အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ နေပြည်တော်နဲ့ ဆွေးနွေးမလဲဆိုတဲ့ သတ်မှတ်ချက်တွေ ရှိ၊ မရှိကို SCEF ပြောခွင့်ရသူတွေထံ အဲဒီအချိန်က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။

    တချိန်တည်းမှာပဲ အဲဒီတုန်းက SCEF အဖွဲ့ဝင်တွေဖြစ်တဲ့ KNU၊ CNF၊ ကရင်နီပြည်တိုးတက်ရေးပါတီ (KNPP) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

  7. မင်္ဂလာပါ။

    အောက်တိုဘာ ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။