ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်ရေး ဦးမင်းအောင်လှိုင်ကိုဖိအားပေးဖို့ မလေးရှားကို HRW တောင်းဆို

လာမယ့် ၃ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်တိုးလာနိုင်၊ ဦးမင်းအောင်လှိုင် မလေးရှားခရီးစဥ်စတင်တဲ့သတင်းအပါအဝင် အောက်တိုဘာ ၇ ရက် မြန်မာနဲ့ ကမ္ဘာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • နွားထိုးကြီးမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းထိုးရင်း အဓမ္မမှုဖြစ်ပွား
  • မြန်မာရဲ့ လက်ရှိအခြေအနေဟာ အကျပ်အတည်းပေါင်းစုံ ဖြစ်ပေါ်နေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလမှာ ပြော
  • နိုင်ငံတဝန်းကနေ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာ
  • မုတ်သုံဆုတ်ခွာပြီးနောက် နိုင်ငံတဝန်းအပူချိန်တိုးလာနိုင်၊ အထူးသဖြင့် နိုင်ငံအလယ်ပိုင်းဒေသတွေပိုပူလာနိုင်
  • ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ ၂ ရက်တာခရီး ဒီကနေ့ စတင်၊ မလေးရှားအစိုးရလည်း ဖိအားနဲ့ ဝေဖန်မှုတွေကြုံနေရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ရန်ကုန်က HIV ကူးစက်မှု၊ လူငယ်တွေစိုးရိမ်ချက်နဲ့ ပြည့်တန်ဆာနှိမ်နင်းရေး

    "ကိုယ့်မှာ HIV သံသယရှိရင်တောင် ကိုယ့်မြို့မှာတော့ သွေးမစစ်ရဲဘူး။ ဘူးအပေါက်တစ်ရာ ပိတ်လို့ရပေမဲ့ ပါးစပ်တစ်ပေါက်က ပိတ်မရတော့ ပတ်ဝန်းကျင်တစ်ခုလုံး သတင်းပြန့်မှာကြောက်တယ်" လို့ အသက် ၂၈ နှစ်အရွယ် မသူဇာက ဘီဘီစီကို ပြောပါတယ်။

    မြန်မာ့အကြီးဆုံးစီးပွားရေးမြို့တော် လူဦးရေ ၇ သန်း ဝန်းကျင်နေထိုင်တဲ့ ရန်ကုန်မှာ ART ဆေးရယူသူ ၇ သောင်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အတွင်း အမေးအဖြေကနေ သိရပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ကြီးထွားလာတဲ့ ညပိုင်းဖျော်ဖြေရေး Night Life စီးပွားရေးနဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့လိင်မှုဆိုင်ရာအပြုအမူတွေကြောင့် ခုခံအားကျဆင်းစေတဲ့ HIV ပိုး ကူးစက်နိုင်ခြေကို စိုးရိမ်လာသူတွေ ရှိနေပါတယ်။

    ဘီဘီစီက စကားပြောခဲ့တဲ့ မြန်မာ လူငယ် ၅ ဦးထက်မနည်းကလည်း HIV ပိုးရှိနေမှာကို စိုးရိမ်ပေမဲ့ HIV ရှိ မရှိ စစ်ဆေးဖို့ကိုတော့ စိုးရိမ် တွန့်ဆုတ်နေကြတဲ့အကြောင်း ပြောပြကြပါတယ်။

    ဒါပေမဲ့ ART ဆေးရယူသူ အရေအတွက်၇ သောင်းကျော်ရှိနေတာ တစ်ခုတည်းနဲ့ ရန်ကုန်မှာ HIV ကူးစက်သူအသစ် တိုးလာနေတယ်လို့ တန်းပြီး ကောက်ချက်ချလို့မရကြောင်း ကျန်းမာရေးပညာရှင် ၃ ဦးထက်မနည်းက ထောက်ပြပါတယ်။

    HIV ကူးစက်မှုအသစ် အခြေအနေကို တိတိကျကျ သိဖို့ခက်နေချိန်မှာ HIV ရှိနေမှန်းမသိဘဲ နေထိုင်နေသူတွေ ရှိနိုင်မလားဆိုတဲ့စိုးရိမ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေကြပါတယ်။ စစ်ဆေးဖို့ တွန့်ဆုတ်နေမှုတွေက ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  3. ရုရှားဓာတ်ခွဲခန်းဝန်ထမ်း သေဆုံးမှု - ပလိပ် ရောဂါလား၊ဘာတွေဖြစ်ခဲ့လဲ

    ဆိုက်ဘေးရီးယား က ပလိပ်ရောဂါတိုက်ဖျက်ရေး သုတေသနစင်တာတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ရုရှားဓာတ်ခွဲခန်း၊ နည်းပညာဝန်ထမ်းတစ်ဦး သေဆုံးမှုက နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်လာစေပါတယ်။

    ပြီးတော့ ရှားပါးကူးစက်ရောဂါတစ်မျိုး ဓာတ်ခွဲခန်းကနေ ယိုစိမ့်ထွက်လာပြီလားဆိုတဲ့မှန်းဆ ပြောဆိုတာတွေလည်း ဖြစ်လာစေပါတယ်။

    အဲဒီဓာတ်ခွဲခန်း၀န်ထမ်းသေဆုံးမှုဟာ ပလိပ်ရောဂါကြောင့်လို့ဆိုပြီး ရုရှားအာဏာပိုင်တွေက အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒေသတွင်း လွတ်လပ်တဲ့သတင်းမီဒီယာတွေကလည်း အလားတူ သတင်းဖော်ပြနေပေမဲ့ အခုတော့ ဓာတ်ခွဲ၀န်ထမ်းသေဆုံးမှုနဲ့ ပလိပ်ရောဂါ ဆက်နွှယ်မှုမရှိဘူးလို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

    ဆိုတော့ အဲဒီဓာတ်ခွဲခန်း၀န်ထမ်း အမျိုးသမီး ဘာဖြစ်ခဲ့တာလဲ၊ လူတွေ စိုးရိမ်သင့်လား။

    အပြည့်အစုံကို ဒီလင့်ခ် မှာဖတ်ရှုပါ။

  4. ဖားကန့် စုပေါင်းရုံးကို ဒရုန်းကျလို့ လူသေဆုံးမှုရှိ

    ကချင်ပြည်နယ်၊ ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံပွဲကျင်းပတဲ့ စုပေါင်းရုံး‌ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦး သေဆုံးမှုရှိတယ်လို့ ဒေသခံတချို့ ဆီက သိရပါတယ်။

    ဒီနေ့အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပေါက်ကွဲမှုကြောင့်ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDPC) တာဝန်ခံ ဦးဇော်အောင်နဲ့ ဈေးသည်တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တချို့ ကပြောသလို ဆိုရှယ်မီဒီယာပေါ်မှာလည်း ရုပ်သံဗီဒီယို တွေ ထွက်ပေါ်လာပါတယ်။

    ကာမိုင်း - နန့်ယား - ဖားကန့်လမ်းပြုပြင်ရေးအတွက် အုပ်ချုပ်ရေးနဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေ အစည်းအဝေးလုပ်နေချိန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဆိုတဲ့ပြောဆိုချက်တွေလည်း ထွက်ပေါ်‌နေပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

  5. ဘုတလင်ပကဖ ၂ ဦး ဒီပဲယင်းနယ်ထဲ ငွေလု ပစ်ခတ်ခံရပြီး သေဆုံး

    ကျပ်ငွေ သိန်း ၂၀၀ ကိုင်ဆောင်လာတဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ဝင်နှစ်ဦးဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ သေနတ်နဲ့ပစ်သတ်ခံရပြီး ငွေတွေလည်း လုယက်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူတွေဆီကနေ သိရပါတယ်။

    ဘုတလင်မြို့နယ်၊ နတ်ရွာအခြေစိုက်ကျေးရွာ ပကဖအဖွဲ့ဝင် အမျိုးသား နှစ်ဦးဟာ အောက်တိုဘာ ၄ ရက်၊ ညနေ ၃ နာရီအချိန်ခန့်မှာ ဒီပဲယင်းမြို့နယ်က တိုက်ရွာနဲ့ အုတ်ရှစ်ကြီးရွာကြားမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

    “စစ်ရှောင်အမျိုးသမီးတစ်ယောက်က K Pay သွားထုတ်ခိုင်းလို့ ထုတ်လာတဲ့ပိုက်ဆံတွေပါ။ လမ်းမှာ ပိုက်ဆံတောင်းလို့ ပေးပြီးသားပါ။ အဲဒါကို လူရှင်းတဲ့နေရာမှာ အနောက်ကနေ သေနတ်နဲ့ ထပ်ပစ်တာပါ။ အမှုက စုံစမ်းစစ်ဆေးနေဆဲပါ” လို့ ဘုတလင်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    အသက် ၂၀ ကျော်အရွယ် ကိုမင်းသီဟနဲ့ ကိုအောင်မင်းထွေးတို့ အသတ်ခံခဲ့ရတာလို့ ဒေသအခြေစိုက်မီဒီယာတွေကလည်း ဖော်ပြပါတယ်။

    ဘီဘီစီဖတ်ရှုခွင့်ရတဲ့ “တရားခံလွှဲပြောင်းပေးခြင်းကိစ္စ” လို့ဖော်ပြထားတဲ့ ရုံးစာအရ ဘုတလင် ရပ်ကျေးပကဖနှစ်ဦးကို သတ်ဖြတ်ခဲ့သူတွေဟာ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာပကဖအဖွဲ့ဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ကြောင်း တွေ့ရပါတယ်။

    အသက် ၂၀ ကျော်အရွယ် ကိုမင်းသီဟနဲ့ ကိုအောင်မင်းထွေးတို့ အသတ်ခံခဲ့ရတာလို့ ဒေသအခြေစိုက်မီဒီယာတွေကလည်း ဖော်ပြပါတယ်။

    ကျူးလွန်သူတွေဟာ ရွှေဘိုမြို့နယ်ကဖြစ်ပြီး နစ်နာသူတွေက ဘုတလင်မြို့နယ်ကဖြစ်ကာ ဖြစ်စဉ်ကတော့ ဒီပဲယင်းမြို့နယ်မှာဖြစ်ပွားခဲ့ကြောင့်မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကနေ ဒီအမှုကိုစစ်ဆေးနေတယ်လို့ နောက်ထပ် သတင်းရင်းမြစ်ကပြောပါတယ်။

    မုံရွာခရိုင်ပကဖတာဝန်ရှိသူကို ဘီဘီစီက မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

  6. သေဒဏ်ပေးမှုမအောင်မြင်ခဲ့တဲ့ အမေရိကန်အကျဉ်းသူ ခရစ္စတာပိုက် သတိပြန်ရပြီး စကားပြောလာ

    သေဒဏ်ပေးခံရမှု မအောင်မြင်လို့ အသက်လုခဲ့ရတဲ့ အမေရိကန်အကျဥ်းသူ ခရစ္စတာပိုက်ဟာ အခုတေ့ာ “သတိရှိရှိနဲ့ စကားပြောနိုင်နေပြီ” လို့ သူ့ရဲ့ရှေ့နေတွေက ထုတ်ပြန်လာပါတယ်။

    အသက် ၅၀ အရွယ် ပိုက်ဟာ ဆေးရုံမှာ ဆေးကုသမှု အရေးပေါ် ဆက်လက်ခံယူနေရပြီး “လက်ထိတ်နဲ့ ခြေချင်းဝတ်တွေကို ချည်နှောင်ထားပြီး အိပ်ရာမှာပဲ ရှိနေတယ်” လို့ သူ့ရဲ့ရှေ့နေတွေက အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    ပိုက်ဟာ ၁၉၉၅ ခုနှစ်မှာ သူ့ရဲ့ အဲဒီအချိန်က ရည်းစားနဲ့အတူ ကော်လင်း စလမ်မာကို သတ်ဖြတ်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခံခဲ့ရတာပါ။

    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တင်နက်ဆီပြည်နယ်မှာ သေစေနိုင်တဲ့ အဆိပ်ဆေးထိုးပြီး သေဒဏ်ပေးဖို့ နှစ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် နှစ်ကြိမ်စလုံး မအောင်မြင်ခဲ့ဘဲ ပိုက် အသက်ရှင်ကျန်ခဲ့တာဖြစ်ပါတယ်။

    သူ့ကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ရက်အတော်ကြာ သတိမရဘဲ ရှိနေခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက သူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းထားတဲ့ ဓာတုပစ္စည်းကို ဖယ်ရှားခဲ့ကြပါတယ်။ ကျွမ်းကျင်သူတွေနဲ့ သူ့ရဲ့ ဥပဒေရေးရာအဖွဲ့ကတော့ အခုလို ပြန်လည်နာလန်ထူလာတာဟာ အရင်က မတွေ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောပါတယ်။

    ပိုက်ဟာ သေစေနိုင်တဲ့ ဆေးထိုးပြီးနောက် အသက်ရှင်ကျန်ရစ်ဖူးတဲ့ တစ်ဦးတည်းသောသူ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

    သူ့ရဲ့ ရောဂါအခြေအနေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မသေချာသေးပေမယ့် “အနည်းဆုံးတော့ အချိန်ကြာမြင့်စွာ ပြန်လည်နာလန်ထူဖို့ မျှော်လင့်ထားပါတယ်” လို့ သူ့ရဲ့ရှေ့နေတွေက ပြောပါတယ်။

    ဖို့ဒ်ဟမ် ဥပဒေကျောင်းက ရာဇဝတ်မှုဗေဒပညာရှင်နဲ့ ပါမောက္ခ ဒက်ဘိုရာ ဒန်နိုကတော့ ပိုက် သတိပြန်ရပြီး စကားပြောနိုင်နေတဲ့အပေါ် “လုံးဝ အံ့ဩမိတယ်” လို့ ပြောပါတယ်။

    အခြားအကျဉ်းသား ခုနစ်ဦးလည်း သေဒဏ်ပေးမှုတွေကနေ အသက်ရှင်ကျန်ရစ်ခဲ့ဖူးပေမယ့် အဲဒီဖြစ်ရပ်တွေမှာ သေဒဏ်ပေးသူတွေဟာ အကျဉ်းသားတွေရဲ့ သွေးကြောထဲကို ဆေးတစ်စက်မှ ထိုးသွင်းနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဒန်နိုက ဘီဘီစီ ကို ပြောပါတယ်။

    “သေဒဏ်ပေးတဲ့ လုပ်ငန်းစဉ်အတိုင်း သူတို့လုပ်ရမယ့်အရာအားလုံးကို လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒါက အလုပ်မဖြစ်ခဲ့တာပါ။ ဒီလိုဖြစ်ရပ်မျိုး အရင်က တစ်ခါမှ မဖြစ်ဖူးပါဘူး” လို့ ဒန်နိုက ပြောပါတယ်။

    Nashville Banner သတင်းစာက သတင်းထောက် စတီဗင် ဟေးလ်က ဒီဖြစ်ရပ်ဟာ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာစေတယ်လို့ ပြောပါတယ်။

    “နှစ် ၃၀ ကြာ တရားမျှတမှုရဖို့ စောင့်ခဲ့တဲ့ သေဆုံးသူရဲ့ မိသားစုအတွက်၊ အပြစ်ရှိသူကို သေဒဏ်ပေးမယ်လို့ ယုံကြည်ထားပြီးမှ အခုလို ဖြစ်လာတာ ဘယ်လိုခံစားရမလဲ''

  7. ရွှေနဲ့ ရွှေပါဝင်တဲ့ လက်ဝတ်ရတနာတွေ အွန်လိုင်း Live Sale ရောင်းချခွင့်ပိတ်ပင်

    ရွှေနဲ့ရွှေနဲ့ ပြုလုပ်ထားတဲ့ ကျောက်မျက်ရတနာထည်တွေ အွန်လိုင်းကနေ Live Sale ရောင်းချတာကို တားမြစ်ပိတ်ပင်မှုရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ရွှေဈေးကွက်တည်ငြိမ်ရေးနဲ့ စားသုံးသူကာကွယ်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက် ၂ ချက်နဲ့ တားမြစ်လာတာလို့ ဆိုပါတယ်။

    ''အွန်လိုင်းကဝယ်ယူတဲ့လက်ဝတ်ရတနာတွေဟာ အလေးချိန်၊ ရွှေအရည်အသွေးနဲ့ ဈေးနှုန်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေအများကြီးဖြစ်တယ်။ စားသုံးသူထိခိုက်နစ်နာတာတွေရှိတာပေါ့လေ။ ရွှေဈေးတက်ငြိမ်စေချင်တာ၊ အတက်အကျမကြမ်းစေချင်တာလည်းတပိုင်းပါတာပေါ့'' လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    အစောပိုင်းကတေ့ာ အွန်လိုင်း ကနေ ပစ္စည်း‌ရောင်းချမယ်ဆိုရင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှာ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လျှောက်ထားကြရတာပါ။ လက်ရှိမှာတေ့ာ အဲဒီလိုင်စင်တွေကို သက်တမ်းအသစ်တိုးမပေးတော့တာကြောင့် အွန်လိုင်းရောင်းချခွင့်မရှိဖြစ်သွားတာလို့ ‌ပြောကြပါတယ်။

    “လိုင်စင်တွေတစ်နှစ်ပြည့်တော့ သက်တမ်းထပ်တိုးမပေးတော့တာပေါ့။ အွန်လိုင်း Live Sale တွေ မရတော့ဘူး။ သူတို့ရဲ့ ဆိုရှယ်မီဒီယာက ပေ့ချ်မှာ ကြေညာတာမျိုးတော့ရပါတယ်” လို့ ရွှေလုပ်ငန်းရှင်က ဆက်ပြောပါတယ်။

    ရွှေဝယ်ရောင်းလုပ်မယ့်လုပ်ငန်းရှင်တွေဟာ သတ္တုလိုင်စင်နဲ့ အွန်လိုင်းလိုင်စင်နှစ်မျိုးရှိရမှာဖြစ်ပြီး အွန်လိုင်းလိုင်စင်လျှောက်ထားသူ ၇၀၀ ကျော်အထိရှိတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။

    အခုတော့ အွန်လိုင်းလိုင်စင်ကိုသက်တမ်းမတိုးပေးတော့တာကြောင့် သတ္တုလိုင်စင်တစ်မျိုးတည်း ကိုပဲ ကိုင်ဆောင်ရမှာဖြစ်ပြီး ဝယ်လိုသူတွေကလည်း ရွှေနဲ့ ကျောက်မျက်ရတနာအရောင်းဆိုင်တွေ ကို သွားရောက်ဝယ်ယူရမယ့်သဘောဖြစ်ပါတယ်။

    ကပ်ရောဂါကိုဗစ်ကာလကစလို့ မြန်မာမှာအွန်လိုင်းရောင်းချမှုတွေခေတ်စားလာချိန် ရွှေနဲ့ ကျောက်မျက်ရတနာတွေပါ ရောင်းချလာကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းလည်း အွန်လိုင်းဈေးကွက်က ပိုပြီးတွင်ကျယ်လာတာပါ။

    ရွှေဈေးကွက်ကိုကြည့်ရင်တော့ အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်းမှာ ရွှေဈေးတရှိန်ထိုးတက်ခဲ့ပြီး နေပြည်တော်ဘက်က ဈေးကွက်ထိန်းချုပ်ရေးကော်မတီတွေဖွဲ့သလို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချဖို့အတွက် လုပ်ငန်းရှင်တွေကိုပါ ဖမ်းဆီးထောင်ချတာတွေရှိပါတယ်။

    တဖက်မှာလည်း ရွှေနဲ့ ကျောက်မျက်ရတနာအွန်လိုင်းအရောင်းဈေးကွက်ကြောင့် အခကြေးငွေယူကာ အွန်လိုင်းဈေးရောင်းချပေးသူတွေလည်းတွင်ကျယ်လာသလို ဒီလို အွန်လိုင်းမှာ ဈေးရောင်းဖို့ ဒီဂျစ်တယ်မားကတ်တင်းမ် ဝန်ထမ်းအများအပြားလည်း ဒီအပေါ်မှီခိုနေရတာဖြစ်ပါတယ်။

    အွန်လိုင်းလိုင်စင်မရှိဘဲ ဈေးရောင်းချမယ်ဆိုရင်တော့ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အရ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။

    ဒါနဲ့ပတ်သက်လို့ စီးပွားကူးသန်းဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

    Updated - ‌အောက်တိုဘာ ၇ ရက် ညနေပိုင်း သတ္တုတွင်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကျောက်မျက်ရတနာကို သီးသန့်ရောင်းချပြီး သက်ဆိုင်ရာ ရောင်းဝယ်ရေးလိုင်စင်ရှိကာ ရွှေနဲ့ ရွှေကြမ်းပစ္စည်းတွေ မရောင်းဘူးလို့ ဝန်ခံကတိပြုလျှောက်ထားရင် Online Sales မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ရွှေနဲ့ ရွှေကြမ်း၊ ရွှေပါဝင်တဲ့ လက်ဝတ်ရတနာနဲ့ အနုပညာပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချတာအတွက် Online Sales မှတ်ပုံတင်လက်မှတ် ခွင့်ပြုထုတ်ပေးခြင်း မရှိကြောင်း ထုတ်ပြန်ပါတယ်။

    အွန်လိုင်းကနေ ရွှေရောင်းချမှုတွေကြောင့် ရွှေဈေးနှုန်းနဲ့ ဈေးကွက် မတည်မငြိမ်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အခုလို သတ်မှတ်ထားတာလို့ဆိုပါတယ်။

    ဒါပေမဲ့ ကျောက်မျက်ရတနာကို သီးသန့်ရောင်းချပြီး သက်ဆိုင်ရာ ရောင်းဝယ်ရေးလိုင်စင်ရှိကာ ရွှေနဲ့ ရွှေကြမ်းပစ္စည်းတွေ မရောင်းဘူးလို့ ဝန်ခံကတိပြုလျှောက်ထားရင် Online Sales မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးနေတယ်လို့ စီးပွား/ကူးသန်းက ပြောပါတယ်။

  8. နိုဘယ်ဆု အကြောင်း သိထားသင့်တဲ့ အချက် ၅ ချက်

    ၁၉၀၁ ခုနှစ်ကစပြီး နိုဘယ်ဆုတွေကို လူသားတွေအတွက် အရေးပါတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်လာခဲ့ပါတယ်။

    ဒါဟာ နိုဘယ်ဆု ချီးမြှင့်မှုကို စတင်တည်ထောင်ခဲ့သူ၊ တီထွင်ပညာရှင် အဲလ်ဖရက် နိုဘယ်ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီပါတယ်။

    ၂၀၂၆ ခုနှစ်အတွက် နိုဘယ်ဆုရှင်တွေကို အောက်တိုဘာ ပထမသီတင်းနှစ်ပတ် အတွင်း ကြေညာမှာ ဖြစ်ပါတယ်။

    ဆေးပညာ ဘာသာရပ်အတွက် အောက်တိုဘာ ၅ ရက်မှာ စပြီး ကြေညာခဲ့တာမှာ အမေရိကန် စိတ်ရောဂါကုနဲ့ အာရုံကြောဆိုင်ရာ ဆရာဝန် Karl Deisseroth နဲ့ ဂျာမနီနိုင်ငံက သိပ္ပံပညာရှင် Peter Hegemann နဲ့ Georg Nagel တို့ဟာ အလင်းရောင်ကို အသုံးပြုပြီး အာရုံကြောဆဲလ်တွေရဲ့ လုပ်ဆောင်ပုံကို ထိန်းချုပ်လေ့လာနိုင်တဲ့ optogenetics နည်းပညာနယ်ပယ်မှာ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေအတွက် ဒီနှစ် ဇီဝကမ္မဗေဒနဲ့ ဆေးပညာ နိုဘယ်ဆုကို ပူးတွဲရရှိခဲ့ကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

  9. ရန်ကုန်က အဆင့်မြင့်ကွန်ဒို၊ စသုံးလုံးနဲ့ သော့မရသေးတဲ့၀ယ်သူတွေ

    ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ထဲက The Central အိမ်ရာစီမံကိန်းမှာ အိမ်ခန်း၀ယ်ယူထားသူ ဆယ်ချီက သတ်မှတ်ကာလထက်နှစ်ချီ ကျော်လွန်နောက်ကျပြီး အခန်းတွေ လက်၀ယ် မရသေးတာကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီးတဲ့နောက် ဒီအခြေအနေကို အထူးစုံစမ်းစစ်ဆေးရေးပါ ပါ၀င်လာပြီး စုံစမ်းတာတွေ လုပ်နေပါတယ်။

    The Central ဘက်ကတော့ အခန်းရှင်တွေနဲ့ဆက်သွယ်ပြောဆိုတာနဲ့ အချက်အလက် ဖြန့်ဝေတဲ့အပိုင်းမှာ လိုအပ်ချက်ရှိခဲ့တယ်လို့ သူတို့ရဲ့အောက်တိုဘာ ၅ ရက် နောက်ဆုံးထုတ်ပြန်ချက်မှာ ၀န်ခံပါတယ်။

    စီမံကိန်းအချိန်မီ မပြီးနိုင်တာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပြီး စသုံးလုံးနဲ့အစစ်ခံရတာကို ထုတ်ပြောသွားပါတယ်။

    ‘‘စီမံကိန်းကို အပြီးသတ် တည်ဆောက်ရန် ရည်ရွယ်ချက် မရှိ’’ဆိုတဲ့ပြောဆိုချက်တွေဟာ မဟုတ်မမှန်စွပ်စွဲချက်တွေလို့ဆိုပြီး The Central ဘက်က တုံ့ပြန်ပါတယ်။

    ဒီအခြေအနေကို အခန်း၀ယ်ထားသူတွေဘက်က ဘယ်လိုဆန္ဒရှိနေလဲ။ စီမံကိန်းနှောင့်နှေးမှု ဘာကြောင့်ဖြစ်ရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းဘက်က ပြောကြားထားလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကနေ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

  10. စစ်တပ်က ‘ရဲကွန်မန်ဒို’အဖွဲ့အတူ မြင်းခြံခရိုင်ထဲ စစ်ကြောင်းဖြန့်ထိုး

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တကြောကို အခုလ ပထမသီတင်းပတ်အတွင်း စစ်တပ်က စစ်ကြောင်းတွေ ဖြန့်ထိုးနေပြီး ရဲကွန်မန်ဒိုတပ်ဖွဲ့ဝင်ဆိုသူတွေလည်း ပါဝင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

    နွားထိုးကြီးမြို့နယ်ထဲမှာဆိုရင် ထနောင်းပင်လဲရွာကို စစ်ကြောင်းထိုးရောက်ရှိလာတဲ့ ရဲကွန်မန်ဒိုနဲ့ စစ်သားတွေက စစ်ရှောင်အမျိုးသမီးတွေကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်လည်း အောက်တိုဘာ ၅ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ် ၃ ဦးထက်မနည်းက ပြောပါတယ်။

    “(စစ်ကြောင်း)မှာ ရဲကွန်မန်ဒိုတွေလည်း ပါတယ်။ အဲဒီဖြစ်စဉ်(မုဒိမ်းမှု) ရော ဓားပြမှုဖြစ်စဉ်တွေရော ဖြစ်ထားတာ ရှိတယ်’’ လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ထနောင်းပင်လဲရွာတောင်ဘက်မှာ စစ်ရှောင်နေတဲ့ အသက် ၁၄ နှစ်၊ ၁၆ နှစ်နဲ့ ၁၈ နှစ်အရွယ်အမျိုးသမီးငယ် ၅ ဦး အဓမ္မကျူးလွန်ခံရတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ သူက စွပ်စွဲပြောဆိုပေမဲ့ ဖြစ်စဉ်အသေးစိတ် ထပ်မံအတည်ပြုနိုင်အောင် ဘီဘီစီက ကြိုးစားနေဆဲပါ။

    ဒီနေ့ အောက်တိုဘာ ၇ ရက်မနက်ပိုင်းမှာတော့ တောင်သာ - နွားထိုးကြီး လမ်းမကြီးတကြောက ထနောင်းပင်လဲရွာတဝိုက်မှာ စစ်တပ်နဲ့ ရဲပူးပေါင်းစစ်ကြောင်းက လှည့်လည်သွားလာနေဆဲလို့ သိရပါတယ်။

    တောင်သာမြို့နယ်ထဲမှာတော့ သာပေါင်းလေးရွာက စာသင်ကျောင်းကို မနေ့တုန်းက ဒရုန်းကျတဲ့ဖြစ်စဉ်ဖြစ်ခဲ့လို့ ကျောင်းသားကလေးငယ်အများစုအပါအ၀င် လူ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

    အဲဒီစာသင်ကျောင်းဟာ နေပြည်တော်ပညာရေး၀န်ကြီးဌာနက စီမံတဲ့စာသင်ကျောင်းဖြစ်ပြီး ဒဏ်ရာရသူတွေဟာ မြင်းခြံဆေးရုံမှာ ကုသမှုခံယူနေတယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက မနေ့က ပြောပါတယ်။

    ကာမီကာဇေ ဒရုန်းဗုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ဒရုန်းလို့ မြေပြင်သတင်းရင်းမြစ်အချို့က ကနဦးပြောဆိုခဲ့သလို တောင်သာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကလည်း ဒီဒရုန်းဟာ စစ်တပ်ရဲ့ဒရုန်းလို့ ဒီနေ့မှာ ပြောပါတယ်။

    အဲဒီဖြစ်ရပ်ဖြစ်အပြီးမှာ စစ်တပ်မြေပြင်ကနေပါ စစ်ကြောင်းထိုးနေတယ်လို့ မြို့နယ်ပကဖ အဖွဲ့၀င်က ပြောပါတယ်။

    “အခုက ကုန်းပုထိုးရွာထိပ် ဘုရားဝင်းထဲမှာ တပ်စွဲထားတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး” လို့ တောင်သာ ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မြင်းခြံခရိုင်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ နေပြည်တော်ဘက်က ဒီနေ့ မနက်ပိုင်းအထိ တစုံတရာထုတ်ပြောတာမရှိသေးပါဘူး။

  11. လူထုရဲ့လူမှုဘ၀တိုးတက်ရေးမှာ မြန်မာစစ်တပ်က မိတ်ဖက်မဖြစ်နိုင် - ဦးကျော်မိုးထွန်း

    လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတဲ့မြန်မာစစ်တပ်ဟာ လူထုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက် မဖြစ်နိုင်ကြောင်း နိုင်ငံတကာအသိုက်အဝန်းက သတိပြုဖို့လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၆ ရက်တုန်းက ကျင်းပတဲ့ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုရေးရာကော်မတီ အစည်းအဝေးမှာ ဝင်ရောက် ဆွေးနွေးချိန် ဦးကျော်မိုးထွန်းက အခုလိုထည့်ပြောခဲ့တာပါ။

    မြန်မာစစ်တပ်ဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို ချိုးဖောက်တာ၊ ကြီးလေးတဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း သူက ပြောပါတယ်။

    တဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့ လက်တွဲဆောင်ရွက်နေတယ်လို့လည်း သူက ကုလအစည်းအ၀ေးမှာ ပြောပါတယ်။

    ဒီ ၂ ချက်ရဲ့ ရှင်းလင်းတဲ့ကွာခြားချက်ကို နိုင်ငံတကာအသိုက်အဝန်းက သတိပြုဖို့ လိုတယ်လို့ဆိုပြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

    စစ်ခေါင်းဆောင်အနေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ဟာ ၅ နှစ်ကျော်ကြာလာချိန်မှာ ရွေးကောက်ခံအစိုးရအသွင်ပြောင်းပြီး သမ္မတ ရာထူးယူကာ တရုတ်နဲ့ အိန္ဒိယလိုအိမ်နီးချင်းနိုင်ငံတွေအပြင် အာဆီယံ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။

    လက်ရှိမှာလည်း သူ့ရဲ့ ၂ ရက်တာ မလေးရှား ခရီးစဉ် စတင်နေပါတယ်။

    နိုင်ငံရေးအကဲခတ်တွေကတော့ ဒါဟာ တစ်နိုင်ငံချင်းစီက ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားအတွက် နိုင်ငံအလိုက် နေပြည်တော်အစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့သဘောလို့ နိုင်ငံရေးသုံးသပ်ထားကြပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာရဲ့ လက်ရှိအခြေအနေဟာ အကျပ်အတည်းပေါင်းစုံ ဖြစ်ပေါ်နေပြီး ပြည်သူတွေဟာ မြန်မာစစ်တပ်ကြောင့် အခြေခံလူမှုရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးတွေ ဆုံးရှုံးတာ၊ လူသားချင်းစာနာမှု ကပ်ဘေးကလည်း ကာလရှည်ကြာစွာ ဖြေရှင်းလို့မရဘဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂမှာ ထုတ်ပြောခဲ့ပါတယ်။

  12. မြန်မာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ရေး ဦးမင်းအောင်လှိုင်ကို ဖိအားပေးဖို့ မလေးရှားကို HRW တောင်းဆို

    ဒီကနေ့ ‌‌အောက်တိုဘာ ၇ ရက်မှာ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ၂ ရက်တာ မလေးရှားခရီးစဥ် စတင်ပြီဖြစ်ပါတယ်။

    ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ဦးမင်းအောင်လှိုင်တို့ဟာ နှစ်နိုင်ငံအကြား အဓိကကိစ္စရပ်‌တွေကို ဆွေနွေးမယ်လို့ မလေးရှားဘက်က ထုတ်ပြန်ထားပါတယ်။

    မလေးရှားဘက်အပြောအရ မလေးရှားမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစွာပြန်ပို့ရေးကိစ္စတွေလည်း ပါဝင်မယ်လို့ ဆိုသလို အာဆီယံရဲ့ယန္တရားတွေအောက်မှာ ဆက်လုပ်နေတဲ့ကြိုးပမ်းမှုတွေကိုလည်း ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။

    တချိန်တည်းမှာပဲ မလေးရှားရောက်မြန်မာအသိုင်းအဝိုင်းနဲ့ ရွှေ့ပြောင်းလုပ်သားတွေကလည်း ဦးမင်းအောင်လှိုင်‌ရောက်ရှိချိန်မှာ ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW) ကတေ့ာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်အနေနဲ့ ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုဖို့ တိုက်တွန်းထားပါတယ်။

    မြန်မာမှာ ဖိနှိပ်မှုနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်မပို့ဖို့လည်း မလေးရှားအစိုးရကို HRW က တောင်းဆိုထားပါတယ်။

    မလေးရှားအာဏာပိုင်တွေဟာ စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို နေပြည်တော်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ ဒါဟာ လူ ၅,၀၀၀ ပြန်ပို့ဖို့ စီစဉ်ထားတဲ့အစီအစဉ်ရဲ့ပထမအဆင့်ဖြစ်ပါတယ်။

    HRW ကတော့ ပြန်ပို့ခံရသူတွေထဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး( UNHCR) အသိအမှတ်ပြု ဒုက္ခသည်တစ်ဦးအပါအဝင် ခိုလှုံခွင့်တောင်းခံထားသူတွေ ပါဝင်ခဲ့တယ်လို့ဆိုပြီး ဒီပြန်ပို့မှုတွေဟာ တကယ့်ဆန္ဒအလျောက် ဟုတ်၊ မဟုတ် မေးခွန်းထုတ်ထားပါတယ်။

    UNHCR ကလည်း ဒီပြန်ပို့မှုမှာ သူတို့ ပါဝင်ခြင်းမရှိသလို ပြန်ပို့ခံရသူတွေကို ရွေးချယ်ရာမှာလည်း ပါဝင်ခြင်းမရှိဘူးလို့ ပြောထားပါတယ်။

    မြန်မာနိုင်ငံမှာ လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ ဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်မယ့်အခြေအနေတွေ လက်ရှိမှာ မရှိသေးတာကြောင့် မလေးရှားအနေနဲ့ နောက်ထပ်ပြန်ပို့မှုတွေကို ချက်ချင်းရပ်တန့်သင့်တယ်လို့ HRW က ပြောပါတယ်။

    ထို့အပြင် မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို UNHCR က အပြည့်အဝ ဝင်ရောက်စစ်ဆေးကူညီနိုင်ဖို့လည်း ခွင့်ပြုသင့်တယ်လို့ HRW က တောင်းဆိုထားပါတယ်။

  13. မြန်မာကနေ မုတ်သုံဆုတ်ခွာ၊ အပူချိန်တိုးလာမယ်

    မြန်မာနိုင်ငံတစ်ဝန်းလုံးကနေ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာခဲ့ပြီဖြစ်လို့ မိုးရွာနှုန်းလျော့ကျပြီး နေ့အပူချိန် တိုးလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို အောက်တိုဘာ ၇ ရက် မှာ ပြောပါတယ်။

    “မိုးကုန်ပြီဆိုရင်တော့ အပူချိန်တက်လာပါတယ်။ အခု အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဖြစ်လို့ အပူချိန်က တိုးလာနိုင်တဲ့ အနေအထားရှိတယ်။ နောက်တစ်ချက်က အယ်လ်နီညိုရဲ့ သက်ရောက်မှုလည်း ရှိတယ်” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

    အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာ ၁၅ ရက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ စတင်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှာ အလယ်ပိုင်း၊ အောက်တိုဘာ ၂ ရက်မှာ မြစ်ဝကျွန်းပေါ်ဒေသတွေကနေ ဆုတ်ခွာခဲ့ပါတယ်။

    အောက်တိုဘာ ၆ ရက်မှာတော့ တနင်္သာရီတိုင်းအပါအဝင် ကျန်ဒေသတွေကနေပါ ဆုတ်ခွာသွားတာကြောင့် မြန်မာတစ်နိုင်ငံလုံးကနေ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာသွားပြီလို့ဆိုပါတယ်။

    တဆက်တည်းမှာပဲ အောက်တိုဘာ ၇ ရက်အတွက် နေ့အပူချိန်ခန့်မှန်းချက်အရ မန္တလေး၊ ပဲခူး၊ မကွေး၊ ပုသိမ်၊ လွိုင်ကော်နဲ့ ဘားအံတို့မှာ ၃၆ ဒီဂရီဆဲလ်စီးယပ် (၉၇ ဒီဂရီဖာရင်ဟိုက်) အထိ အပူချိန် ရှိနိုင်ပြီး အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်အတွင်းမှာတော့ အပူချိန် ပိုမိုမြင့်တက်လာနိုင်တယ်လို့ မိုးဇလက အသိပေးထားပါတယ်။

    တဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ သတင်းဝက်ဘ်ဆိုက် METEOBLUE မှာ ဖော်ပြထားတဲ့ ICON-12 Global မော်ဒယ်ခန့်မှန်းချက်အရလည်း အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မြန်မာအလယ်ပိုင်းမှာ အပူချိန် ၃၉ ဒီဂရီအထိ မြင့်တက်နိုင်ပါတယ်။

    အောက်တိုဘာ ၈ ရက် ကနေ ၁၀ ရက်အတွင်း မြန်မာမှာ အပူချိန်မြင့်တက်လာနိုင်ပြီး အထူးသဖြင့် အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ အပူချိန်ပိုမိုမြင့်တက်နိုင်ပါတယ်။

    မကွေး၊ မန္တလေး၊ ပဲခူးမြောက်ပိုင်းနဲ့ နေပြည်တော်တို့မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်ကနေ ၃၉ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိနိုင်သလို မကွေး၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်နဲ့ စစ်ကိုင်းအောက်ပိုင်းဒေသတွေမှာတော့ အယ်လ်နီညိုဖြစ်စဉ်နဲ့ မုတ်သုံလေ ဆုတ်ခွာပြီး ရာသီအကူးအပြောင်းကာလဖြစ်တာကြောင့် အပူချိန်မြင့်တက်မှု ပိုမိုသိသာနိုင်တယ်လို့ဆိုပါတယ်။

    အောက်တိုဘာ ပထမပတ်အတွင်း မိုးဇလက ထုတ်ပြန်တဲ့ အပူချိန်စံချိန်သစ်အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မှာ အမြင့်ဆုံးအပူချိန် ၃၆.၀ ဒီဂရီဆဲလ်စီးယပ် (၉၆.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပါတယ်။

    ဖျာပုံမြို့ရဲ့ အရင်အောက်တိုဘာလအမြင့်ဆုံးအပူချိန်စံချိန်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်က မှတ်တမ်းတင်ခဲ့တဲ့ ၃၅.၉ ဒီဂရီဆဲလ်စီးယပ် (၉၆.၆ ဒီဂရီဖာရင်ဟိုက်) ဖြစ်ပြီး အခုနှစ်မှာ ၀.၁ ဒီဂရီဆဲလ်စီးယပ် ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

    အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်မှုကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ၁.၅ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က သတိပေးထားပါတယ်။

    ဒီသတိပေးမှုက မြန်မာနိုင်ငံအတွက်လည်း အကျုံးဝင်ပြီး ပုံမှန်အပူချိန်ပမာဏထက် ၁.၅ ဒီဂရီဆဲလ်စီးယပ် ပိုတိုးနိုင်ခြေရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

    '' ကျွန်တော်တို့ကတော့ တိုင်းနဲ့ ပြည်နယ်အလိုက် အပူချိန်တွေ ထုတ်ပြန်ပေးထားတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် မိုးလေဝသတိုင်းတာရေးစခန်းတွေရဲ့ နှစ် ၃၀ ပျှမ်းမျှအပူချိန်ထက် ၁.၅ ပိုတယ်ဆိုရင်တော့ အပူချိန်ပိုတိုးတဲ့အထဲမှာထည့်ပါတယ်။ လျော့ရင် လျော့တဲ့အထဲမှာထည့်ပါတယ်။ ဒီနှစ်က‌တော့ အယ်လ်နီညိုကြောင့် ပုံမှန်ထက် ၁.၅ ပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်'' လို့ ဦးကျော်မိုးဦးက ရှင်းပြပါတယ်။

    အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ လက်ရှိမှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းမှာ ဖြစ်ပေါ်နေပြီး အရှေ့တောင်အာရှဒေသမှာတော့ အင်ဒိုနီးရှားနိုင်ငံက အပူချိန်မြင့်တက်မှုဒဏ်ကို စတင်ခံစားနေရပါတယ်။

    မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာလနှောင်းပိုင်းနဲ့ ဒီဇင်ဘာလအတွင်း ပုံမှန်ထက် ပိုမိုပူပြင်းတဲ့ ရာသီဥတုဒဏ်ကို သိသိသာသာ ခံစားရနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

  14. မင်္ဂလာပါ။ အောက်တိုဘာ ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။