
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, နိုင်ငံအလယ်ပိုင်းမှာ အပူချိန်တိုးလာနိုင်မြန်မာနိုင်ငံတစ်ဝန်းလုံးကနေ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာခဲ့ပြီဖြစ်လို့ မိုးရွာနှုန်းလျော့ကျပြီး နေ့အပူချိန် တိုးလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို အောက်တိုဘာ ၇ ရက် မှာ ပြောပါတယ်။
“မိုးကုန်ပြီဆိုရင်တော့ အပူချိန်တက်လာပါတယ်။ အခု အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဖြစ်လို့ အပူချိန်က တိုးလာနိုင်တဲ့ အနေအထားရှိတယ်။ နောက်တစ်ချက်က အယ်လ်နီညိုရဲ့ သက်ရောက်မှုလည်း ရှိတယ်” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာ ၁၅ ရက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ စတင်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှာ အလယ်ပိုင်း၊ အောက်တိုဘာ ၂ ရက်မှာ မြစ်ဝကျွန်းပေါ်ဒေသတွေကနေ ဆုတ်ခွာခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက်မှာတော့ တနင်္သာရီတိုင်းအပါအဝင် ကျန်ဒေသတွေကနေပါ ဆုတ်ခွာသွားတာကြောင့် မြန်မာတစ်နိုင်ငံလုံးကနေ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာသွားပြီလို့ဆိုပါတယ်။
တဆက်တည်းမှာပဲ အောက်တိုဘာ ၇ ရက်အတွက် နေ့အပူချိန်ခန့်မှန်းချက်အရ မန္တလေး၊ ပဲခူး၊ မကွေး၊ ပုသိမ်၊ လွိုင်ကော်နဲ့ ဘားအံတို့မှာ ၃၆ ဒီဂရီဆဲလ်စီးယပ် (၉၇ ဒီဂရီဖာရင်ဟိုက်) အထိ အပူချိန် ရှိနိုင်ပြီး အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်အတွင်းမှာတော့ အပူချိန် ပိုမိုမြင့်တက်လာနိုင်တယ်လို့ မိုးဇလက အသိပေးထားပါတယ်။
တဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ သတင်းဝက်ဘ်ဆိုက် METEOBLUE မှာ ဖော်ပြထားတဲ့ ICON-12 Global မော်ဒယ်ခန့်မှန်းချက်အရလည်း အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မြန်မာအလယ်ပိုင်းမှာ အပူချိန် ၃၉ ဒီဂရီအထိ မြင့်တက်နိုင်ပါတယ်။
အောက်တိုဘာ ၈ ရက် ကနေ ၁၀ ရက်အတွင်း မြန်မာမှာ အပူချိန်မြင့်တက်လာနိုင်ပြီး အထူးသဖြင့် အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ အပူချိန်ပိုမိုမြင့်တက်နိုင်ပါတယ်။
မကွေး၊ မန္တလေး၊ ပဲခူးမြောက်ပိုင်းနဲ့ နေပြည်တော်တို့မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်ကနေ ၃၉ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိနိုင်သလို မကွေး၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်နဲ့ စစ်ကိုင်းအောက်ပိုင်းဒေသတွေမှာတော့ အယ်လ်နီညိုဖြစ်စဉ်နဲ့ မုတ်သုံလေ ဆုတ်ခွာပြီး ရာသီအကူးအပြောင်းကာလဖြစ်တာကြောင့် အပူချိန်မြင့်တက်မှု ပိုမိုသိသာနိုင်တယ်လို့ဆိုပါတယ်။
အောက်တိုဘာ ပထမပတ်အတွင်း မိုးဇလက ထုတ်ပြန်တဲ့ အပူချိန်စံချိန်သစ်အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မှာ အမြင့်ဆုံးအပူချိန် ၃၆.၀ ဒီဂရီဆဲလ်စီးယပ် (၉၆.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပါတယ်။
ဖျာပုံမြို့ရဲ့ အရင်အောက်တိုဘာလအမြင့်ဆုံးအပူချိန်စံချိန်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်က မှတ်တမ်းတင်ခဲ့တဲ့ ၃၅.၉ ဒီဂရီဆဲလ်စီးယပ် (၉၆.၆ ဒီဂရီဖာရင်ဟိုက်) ဖြစ်ပြီး အခုနှစ်မှာ ၀.၁ ဒီဂရီဆဲလ်စီးယပ် ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်မှုကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ၁.၅ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က သတိပေးထားပါတယ်။
ဒီသတိပေးမှုက မြန်မာနိုင်ငံအတွက်လည်း အကျုံးဝင်ပြီး ပုံမှန်အပူချိန်ပမာဏထက် ၁.၅ ဒီဂရီဆဲလ်စီးယပ် ပိုတိုးနိုင်ခြေရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
'' ကျွန်တော်တို့ကတော့ တိုင်းနဲ့ ပြည်နယ်အလိုက် အပူချိန်တွေ ထုတ်ပြန်ပေးထားတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် မိုးလေဝသတိုင်းတာရေးစခန်းတွေရဲ့ နှစ် ၃၀ ပျှမ်းမျှအပူချိန်ထက် ၁.၅ ပိုတယ်ဆိုရင်တော့ အပူချိန်ပိုတိုးတဲ့အထဲမှာထည့်ပါတယ်။ လျော့ရင် လျော့တဲ့အထဲမှာထည့်ပါတယ်။ ဒီနှစ်ကတော့ အယ်လ်နီညိုကြောင့် ပုံမှန်ထက် ၁.၅ ပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်'' လို့ ဦးကျော်မိုးဦးက ရှင်းပြပါတယ်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ လက်ရှိမှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းမှာ ဖြစ်ပေါ်နေပြီး အရှေ့တောင်အာရှဒေသမှာတော့ အင်ဒိုနီးရှားနိုင်ငံက အပူချိန်မြင့်တက်မှုဒဏ်ကို စတင်ခံစားနေရပါတယ်။
မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာလနှောင်းပိုင်းနဲ့ ဒီဇင်ဘာလအတွင်း ပုံမှန်ထက် ပိုမိုပူပြင်းတဲ့ ရာသီဥတုဒဏ်ကို သိသိသာသာ ခံစားရနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။