ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ကျောက်တော်၊ သံတွဲနဲ့ ဂွ ကို လေကြောင်းကနေဗုံးကြဲ

အေအေ ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ သံတွဲနဲ့ ဂွမြို့တွေကို စစ်တပ်က မနေ့ညက လေကြောင်းကနေဗုံးကြဲတဲ့ သတင်းအပါအဝင် ဩဂုတ် ၁၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရခိုင်ထဲက မြို့နယ် ၃ ခု မနေ့ညက လေကြောင်းဗုံးကြဲခံရ၊ စစ်တပ်စစ်ကြောင်းနဲ့ အေအေတို့ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေထဲမှာ အခုရက်ပိုင်း တိုက်ပွဲဆက်တိုက်ပြင်းထန်လာနေ
  • ရေဘေးအပါအဝင် မြန်မာက ပဋိပက္ခ၊ နေရပ်ရွှေ့ပြောင်းရမှုနဲ့ သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူတွေအတွက် ဥရောပသမဂ္ဂက ယူရို ၁၀ ဒသမ ၅သန်းထပ်ထောက်ပံ့မယ်
  • ကျိုင်းတုံမြို့မှာ ဓားပြတိုက်လူသတ်မှု ၂ ကြိမ်ကျူးလွန်ခဲ့တဲ့ တရားခံ ၄ ဦးကို သြဂုတ် ၁၃ ရက်မှာ "ဝ"တပ်ဖွဲ့ UWSA က ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေး
  • ကျိန္တိလီမြို့ပေါ်ကို မနေ့ညပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတာကြောင့် အရပ်သား ၈ ဦးသေဆုံး
  • ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ သံလွင်နဲ့ စစ်တောင်းမြစ်ရေတွေဟာ မြို့ ၉ မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာရှိနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြို့ ၉ မြို့မှာ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နေ

    ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ သံလွင်နဲ့ စစ်တောင်းမြစ်ရေတွေဟာ မြို့ ၉ မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒီမနက် ၆ နာရီခွဲအချိန်တိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာရှိနေပါတယ်။

    မြင်းမူမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာရှိနေတဲ့ ဧရာဝတီမြစ်ရေဟာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်ရောက်မယ်လို့ မိုးဇလကခန့်မှန်းပါတယ်။

    ညောင်ဦးမှာတော့ နောက်တစ်ရက်အတွင်း ရေကျလာပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမယ်လို့ ဆိုပါတယ်။

    ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မှာတော့ ဧရာဝတီမြစ်ရေဆက်တက်မယ်လို့ ခန့်မှန်းပါတယ်။

    ဒီမနက်မှာ မိုးဇလရဲ့တိုင်းတာချက်အရ ဒုဋ္ဌဝတီမြစ်က မြစ်ငယ်မြို့၊ သံလွင်မြစ်က ဘားအံမြို့၊ စစ်တောင်းမြစ်က မဒေါက်မြို့တို့မှာ စိုးရိမ်ရေအမှတ်ရဲ့အထက်မှာရှိနေကြပါတယ်။

    မြစ်ငယ်မြို့က ဒုဋ္ဌဝတီမြစ်ရေနဲ့ ဘားအံမြို့ သံလွင်မြစ်ရေဟာ နောက်တစ်ရက်အတွင်း ကျဆင်းလာနိုင်ပေမဲ့ စိုးရိမ်ရေအမှတ်အထက်မှာပဲရှိနေဦးမှာပါ။

    စစ်တောင်းမြစ်ရေကတော့ မဒေါက်မြို့မှာဆက်တက်လာဦးမယ်လို့ မိုးဇလကခန့်မှန်းပါတယ်။

    ဒါအပြင် မင်းဘူး၊ မကွေး၊ ပြည်မြို့တို့မှာ ဧရာဝတီမြစ်ရေတက်လာနိုင်ပြီး ငါးသိုင်းချောင်းဘက်မှာ ငဝန်မြစ်ရေတက်နိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ ကြိုတင်သတိပြုဖို့နဲ့ မြစ်ရေတက်လာချိန် အချိန်မီရှောင်ရှားနိုင်ဖို့ မိုးဇလက သတိပေးပါတယ်။

    လက်ရှိ စစ်ဘေး၊ ရေဘေးတပြိုင်နက်ရင်ဆိုင်နေရတဲ့ စစ်ကိုင်း၊ မကွေးစတဲ့ တော်လှန် ရေးနယ်မြေက လူထုတွေဟာ ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနဲ့ ပြန်လည် ထူထောင်ရေးအကူအညီတွေလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုအဖွဲ့ဝင် ကိုရှင်းသန့်ကပြောပါတယ်။

    “စစ်ကိုင်းဘက်မှာတော့ အရင်က ရေဝင်နေတဲ့ ဒေသတွေက နည်းနည်းကျလာပေမဲ့ အောက်ဘက်က မြင်းမူတို့ မြောင်တို့ဘက် ရေဆက်တိုးနေတဲ့ အနေအထားရှိပါတယ်” လို့ သူကပြောပါတယ်။

    စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေဟာ သဖန်းဆိပ်ဆည် ရေပိုလွှဲ ရေလွှတ်ချချိန်မှာ ‌ရေ‌ဘေးကြုံရကာ လူသေဆုံးမှုလည်းရှိတာ ဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အချက်အလက်အရ စစ်ကိုင်း၊ မကွေး၊ မန္တလေးယူနစ်တွေနဲ့ ဧရာဝတီတိုင်းက ရေဘေးသင့်မြို့နယ် ၂၁ ခုမှာ ရေဘေးသင့်သူ ၄ သိန်းခွဲကျော်ရှိကာ သေဆုံးသူ ၂၅ ဦးရှိပါတယ်။

  2. ဂွ မှာ မနေ့ညက လေကြောင်းဗုံးကြဲခံရလို့ ၈ ဦးသေဆုံး

    အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ထဲက ကျိန္တိလီမြို့ပေါ်ကို မနေ့ညပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတာကြောင့် အရပ်သား ၈ ဦးသေဆုံးတယ်လို့ အေအေက လွန်ခဲ့တဲ့ မိနစ်ပိုင်းက ထုတ်ပြန်ပါတယ်။

    အမှတ် ၁ ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်က အိမ်တွေအပေါ်ကျတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    သေဆုံးသူတွေထဲမှာ အသက် ၇ နှစ်နဲ့ အသက် ၁၂ နှစ်အရွယ်ကလေး ၂ ဦးလည်းပါဝင်ပါတယ်။

    အိမ် ၅ လုံးနဲ့ သုံးဘီးဆိုင်ကယ် ၁ စီးလည်း ပျက်စီးခဲ့ပါတယ်။

    တညတည်းမှာပဲ ဂွမြို့နယ်ထဲက ကိုင်းခုံရွာလည်း ဗုံးကြဲခံရတယ်လို့ အေအေကဆိုပါတယ်။

    ဒီတိုက်ခိုက်မှုမှာတော့ အရပ်သားထိခိုက်မှုမရှိဘူးလို့ထုတ်ပြန်ပါတယ်။

    အေအေကတော့ ထိန်းချုပ်ဒေသတခုလုံးမှာနေထိုင်သူတွေ လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ဖို့ တိုက်တွန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

  3. “ဝ”တပ်ဖွဲ့ UWSA က မြန်မာရဲကို တရားခံလွှဲပေး

    ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ဓားပြတိုက်လူသတ်မှု ၂ ကြိမ်ကျူးလွန်ခဲ့တဲ့ တရားခံ ၄ ဦးကို သြဂုတ် ၁၃ ရက်မှာ ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးလိုက်တယ်လို့ “ဝ”တပ်ဖွဲ့ UWSA က ထုတ်ပြန်ပါတယ်။

    လွှဲပြောင်းပေးခဲ့တဲ့ တရားခံ ၄ ဦးဟာ ဒီနှစ် မတ်လထဲမှာ ကျိုင်းတုံမြို့၊ အမှတ် ၄ ရပ်ကွက်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူရဲ့ နေအိမ်ကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်တယ်လို့ USWA ကဆိုပါတယ်။

    မေ ၁၃ ရက်မှာလည်း အမှတ် ၃ ရပ်ကွက်က ရွှေဆိုင်ကို ဝင်ရောက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ရွှေထည်နဲ့ ငွေသားတွေလုယူတယ်လို့ဆိုပါတယ်။

    မနေ့က လွှဲပြောင်းပေးခဲ့သူတွေကို အထူးဒေသ ၂ “ဝ”ထိန်းချုပ်နယ်မြေထဲက မိုင်းပေါက်မြို့မှာ ဖမ်းဆီးရမိခဲ့တာလို့ UWSA က ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်တုန်းကလည်း မန္တလေး ပကဖတာဝန်ခံ ကိုဝဏ္ဏအောင်ကို မိုင်းလားတပ်ဖွဲ့ NDAA က ဖမ်းဆီးပြီး စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

    မိုင်းလားအဖွဲ့ က ဖမ်းဆီးတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ စစ်တပ်ကို လွှဲပြောင်းပေးလိုက်ပြီဆိုတဲ့အပေါ် သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက မိုင်းလားအဖွဲ့(NDAA) ပြန်ကြားရေး တာဝန်ခံ ဦးကြည်မြင့်ကို ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

    ဝ နဲ့ မိုင်းလားအဖွဲ့တွေဟာ နေပြည်တော်မှာငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးနေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

  4. အီးယူက မြန်မာကို ယူရို ၁၀ သန်းကျော်ထပ်ပေး

    နိုင်ငံထဲက ဒေသအများအပြားမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးအပါအဝင် မြန်မာက ပဋိပက္ခ၊ နေရပ်ရွှေ့ပြောင်းရမှုနဲ့ သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူတွေအတွက် ဥရောပသမဂ္ဂက ယူရို ၁၀ ဒသမ ၅သန်းထပ်ထောက်ပံ့မယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီနှစ်ထဲမှာ ဥရောပသမဂ္ဂက လူသားစာနာအကူအညီအတွက် ယူရို ၄၉ ဒသမ ၁ သန်းအထိ ကူညီပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    အီးယူရဲ့အကူအညီတွေထဲမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ ရိက္ခာ၊ အကာအကွယ်၊ ယာယီစခန်း၊ ရေနဲ့ သန့်ရှင်းရေးပစ္စည်းတွေ ပါဝင်မယ်လို့ဆိုပါတယ်။

    မြန်မာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ ၁ သိန်းကျော်သေဆုံးခဲ့ရတယ်လို့ အီးယူက ထုတ်ပြန်ပါတယ်။

    ဒီလိုအသက်များစွာဆုံးရှုံးထားတဲ့ မြန်မာက ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေထဲက တစ်ခုအဖြစ်ရှိနေတယ်လို့ ဆိုပါတယ်။

    ကြိုတင်ပြင်ဆင်ရေးနဲ့ ဘေးဒုက္ခစီမံခန့်ခွဲရေးဆိုင်ရာမဟာမင်းကြီး Hadja Lahbib က မြန်မာက လူသားစာနာအကျပ်အတည်းဟာ ၅ နှစ်အတွင်း လုံးဝပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။

    “လူ ၁ သန်းကို ထိခိုက်စေတဲ့ အခြေအနေကနေ အခုဆိုရင် ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာ ထောက်ထားမှုအရေးပေါ်အခြေအနေတွေထဲက တစ်ခုဖြစ်လာပြီး လူ ၁၆ ဒသမ ၂ သန်းဟာ အကူအညီလိုအပ်နေပါတယ်” လို့ သူကပြောပါတယ်။

    မြန်မာကအရပ်သားတွေဟာ နေ့စဥ်ကြောက်လန့်မှုတွေကြားနေထိုင်နေရပြီး စီးပွားရေးကျဆင်းတာ၊ ကျန်းမာရေးစနစ်ပြိုလဲတာနဲ့ ကမ္ဘာ့အဆိုးဆုံး ငတ်မွတ်မှုအကျပ်အတည်းတွေကြားမှာ ပြိုလဲလုနီးပါး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    အခု အီးယူက ထပ်မံပေးအပ်မယ့် အကူအညီတွေကို ဘယ်လိုလမ်းကြောင်းကနေ ပေးအပ်မယ်ဆိုတာတော့ အသေးစိတ်ပြောထားတာ မတွေ့ရပါဘူး။

    နိုင်ငံတကာနဲ့ ပြည်တွင်းအလှူရှင်တွေအနေနဲ့ အမှန်တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုလည်း ကူညီစေချင်တယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ အရေးပေါ်ကူညီတုံ့ပြန်ရေးအဖွဲ့ဝင် ကိုရှင်းသန့်ကပြောပါတယ်။

    “WFP ကလည်း ဧရာဝတီတိုင်းက ပြည်သူတွေကို ကူတာတွေ့ရပါတယ်။ ဧရာဝတီတိုင်းက ရေဘေးသင့်တာကို ကူပြီး ရေဘေးစစ်ဘေးသင့်တဲ့ စစ်ကိုင်းထဲက ပြည်သူတွေကို မကူရင် မတရားရာကျလို့ ထိထိရောက်ရောက်ကူစေချင်ပါတယ်” လို့ သူကပြောပါတယ်။

    နိုင်ငံရေးအခြေအနေအရ တော်လှန်ရေးအဖွဲ့တွေနဲ့ မချိတ်ဆက်ရင်တောင် ပြည်သူကို ထိထိရောက်ရောက်ကူနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကူညီစေချင်တယ်လို့လည်း ဆိုပါတယ်။

  5. ၂၀၂၆ မိုးကာလ - ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဘာကြောင့်ဖြစ်

    ရန်ကုန်မြို့မှာ ရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ အယောက် ၁၈၀ ကျော်ရှိလာပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး ရှိသူတွေလည်း တွေ့ရှိထားပါတယ်။

    သြဂုတ် ၉ ရက်မှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စတွေ့လာရပြီး တစ်ရက်ကိုလူနာဆယ်နဲ့ချီ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ရောက်လာခဲ့တာပါ။

    "၁၁ ရက်နေ့ည ၁၂ နာရီထိုးအချိန်လူနာတင်ကားလွှတ်ပေးဖို့ ကျွန်တော့်ဆီဖုန်းဆက်သွယ်လာတယ်။ လသာ မြို့နယ် ၁၇ လမ်းက အသက် ၇၀ ကျော်အရွယ် ဝမ်းပျက်ဝမ်းလျှော လူနာကို ကျွန်တော်ကိုယ်တိုင် ဆေးရုံကြီးပို့ပေးခဲ့ရတယ်" လို့ အလုံမြို့နယ်ကြက်ခြေနီတာဝန်ရှိသူတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  6. ကရင်မှာ DKBA ဘာကြောင့် အင်အားကြီးလာလဲ

    မြဝတီမြို့တောင်ပိုင်းက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျောက်ခတ်ရွာ ဟာ အရင်က တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ အမေရိကန်က ဆုကြေးထုတ်ထားရတဲ့နယ်မြေတစ်ခုဖြစ်လာပါတယ်။

    ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အဲဒီရွာမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ကြီးထွားလာခဲ့ပြီး ဒီရွာဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အတွက် စီးပွားရေးအချက်အချာနေရာ ဖြစ်လာခဲ့ပါတယ်။

    တရုတ်ကျားဖြန့်လုပ်ငန်းတွေနဲ့ DKBA လက်တွဲ လုပ်ကိုင်ချိန်ကစလို့ ဝင်ရောက်လာတဲ့ တပ်သားအသစ်တွေ တဖြည်းဖြည်းများလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ယှဥ်ရင် တပ်ဖွဲ့အင်အား ငါးဆကျော်များလာပါတယ်။

    DKBA ရဲ့ သစ္စာ အဓိဋ္ဌာန် လေးရပ်မှာ "ကိုယ့်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါမည်" ဆိုတဲ့တချက်ပါဝင်ပေမဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့အလုပ်တွဲလုပ်ရင်း အင်အားကြီးလာခဲ့ပါပြီ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  7. ကျောက်တော်၊ သံတွဲနဲ့ ဂွ ကို လေကြောင်းကနေဗုံးကြဲ

    အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ သံတွဲနဲ့ ဂွမြို့တွေကို စစ်တပ်က မနေ့ညက လေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ အေအေဘက်က ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ထုတ်ပြန်လာတာမရှိသေးဘဲအထိအခိုက်အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

    ရခိုင်ပြည်နယ်ထဲကို ဧရာဝတီတိုင်းကတဆင့် ဝင်ရောက်ဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲမှာ ဒီရက်ပိုင်း တိုက်ပွဲဆက်တိုက်ပြင်းထန်လာနေတယ်လို့ အေအေက သြဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။ သြဂုတ် ၁၂ ရက် တစ်ရက်တည်းမှာတင် ဒီမြို့နယ် ၂ ခုထဲက နေရာ ၅ ခုမှာ တနေ့လုံးနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အေအေကဆိုပါတယ်။

    ရေကြည်မြို့နယ်ထဲက ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေး ကျေးရွာအနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်နေတာပါ။ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေက မြေပြင်စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ လေကြောင်း၊ မြေပြင်လက်နက်ကြီးပစ်ကူတွေ တပြိုင်နက်သုံးပြီး စစ်တပ်ဘက်ကတိုက်နေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာပြောပါတယ်။

    သြဂုတ် ၁၂ ရက်၊ သာ‌ပေါင်းမြို့နယ်ထဲက တိုက်ပွဲမှာတော့ စစ်တပ် စစ်ကြောင်းဟာ အကျအဆုံးနဲ့ ပြန်ဆုတ်ခွာပြီး ဒီစစ်ကြောင်းကနေ လက်နက်တချို့သိမ်းဆည်းရမိတယ်လို့ အေအေက ဓာတ်ပုံနဲ့ တကွ ထုတ်ပြပါတယ်။

    အေအေက နယ်မြေအများစုသိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်ထွက်ပေါက်တွေဟာ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းစတဲ့ ဆက်စပ်နယ်မြေတွေဖြစ်ပါတယ်။ စစ်တပ်ဟာ ဒီနယ်မြေတွေက တဆင့် ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ဖို့ ထိုးစစ်ဆင်လာတာ တစ်နှစ် ကျော် နှစ်နှစ်နီးပါးရှိပြီလို့ အေအေက ထုတ်ပြန်ချက်မှာပြောထားပါတယ်။

  8. မင်္ဂလာပါ။ ဩဂုတ် ၁၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။