သဘောထားကွဲလွဲမှုကြောင့် ကုလရဲ့ COP31 ရာသီဥတုဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
တူရကီနိုင်ငံ အန်တာလျာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP31 ဆွေးနွေးပွဲဟာ နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေကြောင့် အချိန်ယူဆွေနွေးခဲ့ပေမယ့် အဓိကသဘောတူညီချက် မရဘဲ ပြီးဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲဟာ အချိန်ပိုဆွေးနွေးခဲ့ရပြီး ကုလသမဂ္ဂရဲ့ သမိုင်းတစ်လျှောက် အကြာဆုံး ရာသီဥတုဆွေးနွေးပွဲ ဖြစ်ခဲ့ပါတယ်။ တူရကီနဲ့ ဩစတြေးလျတို့ ပူးတွဲဦးဆောင်ကျင်းပခဲ့တာပါ။
ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေကတော့ ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ အသုံးပြုမှု လျှော့ချရေးကို သဘောမတူနိုင်တာ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရာသီဥတုရန်ပုံငွေ ဘယ်လောက်ထောက်ပံ့မလဲဆိုတာ မဆုံးဖြတ်နိုင်တာနဲ့ နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပါတယ်။
အထူးသဖြင့် ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လျှော့ချရေးကို သဘောတူညီချက်ထဲ ထည့်သွင်းဖို့ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့က တောင်းဆိုခဲ့ပေမဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေက ကန့်ကွက်ခဲ့ပါတယ်။ နောက်ဆုံးဆွေးနွေးပွဲမှာလည်း သဘောမတူနိုင်တဲ့ နိုင်ငံတချို့ အစည်းအဝေးကနေ ထွက်ခွာခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲ မအောင်မြင်ခဲ့တာကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အောက် ထိန်းထားရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုမိုခက်ခဲလာပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရာသီဥတုဒဏ်ခံနိုင်ဖို့ ငွေကြေးအကူအညီ ဘယ်လောက်ရမလဲဆိုတာလည်း မရှင်းလင်းသေးပါဘူး။
ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရေးအတွက် ကာဗွန်ခရက်ဒစ်က ရရှိတဲ့ငွေတွေ အသုံးပြုဖို့နဲ့ ရုပ်ကြွင်းလောင်စာကနေ သန့်ရှင်းတဲ့စွမ်းအင်ဘက် ကူးပြောင်းရာမှာ အလုပ်သမားနဲ့ ဒေသခံတွေကို ကူညီဖို့ သဘောတူညီချက်တချို့တော့ ရရှိခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ COP31 မှာ ရာသီဥတုအရေးယူဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အားလုံးသဘောတူညီတဲ့ ရလဒ်မရခဲ့တာအတွက် အလွန်စိတ်ပျက်မိကြောင်း ပြောပါတယ်။ ဆွေးနွေးပွဲမှာ သဘောတူညီမှုမရခဲ့ပေမဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံအချက်အလက်တွေကတော့ ရှင်းလင်းနေပြီး နိုင်ငံတွေအနေနဲ့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကနေ အသွင်ကူးပြောင်းရေးနဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို အရှိန်မြှင့်ဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။
အခုလို နိုင်ငံတကာအဆင့် သဘောတူညီချက် မရခဲ့တာကြောင့် ကုလသမဂ္ဂရဲ့ နှစ်စဉ်ကျင်းပတဲ့ COP ရာသီဥတုဆွေးနွေးပွဲတွေဟာ ကမ္ဘာ့ရာသီဥတုပြဿနာကို ဖြေရှင်းရာမှာ ဘယ်လောက်ထိ ထိရောက်မှုရှိနိုင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
နောက်ထပ် COP32 ဆွေးနွေးပွဲကိုတော့ ၂၀၂၇ ခုနှစ်မှာ အီသီယိုးပီးယားနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။