ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , မြန်မာစစ်တပ်အရာရှိ ၅ ဦးကို ဗြိတိန် ဒဏ်ခတ်အရေးယူ၊ ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုက်အဝန်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ တရားမျှတမှုရရှိရေး ပေါင် ၈ သန်းကူညီမယ်

မြန်မာအပေါ် ICJ စီရင်ချက်ကို ဗြိတိန်ကအသိအမှတ်ပြုပြီး မြန်မာစစ်တပ်အရာရှိ ၅ ဦးကိုလည်း ဒဏ်ခတ်အရေးယူတယ်လို့ကြေညာတဲ့သတင်းအပါအဝင် ဒီကနေ့ မြန်မာနဲ့ ကမ္ဘာထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ICJ စီရင်ချက်အပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဗြိတိန်က တရားဝင်အသိအမှတ်ပြုပြီး မြန်မာစစ်တပ်အရာရှိ ငါးဦးကို ဒဏ်ခတ်ပိတ်ဆို့
  • စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနိုင်တဲ့ လေကြောင်းလောင်စာ တင်ပို့မှုနဲ့ ထောက်ပံ့မှုတွေကို တားမြစ်နိုင်ဖို့ ဥပဒေပြုမယ်လို့ ဗြိတိန်ပြော
  • ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှုအကူအညီ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုဆိုင်ရာအပါ စုစုပေါင်း ပေါင် ၈ သန်း ထောက်ပံ့
  • ICJ ဆုံးဖြတ်ချက်အပြီးနောက်ပိုင်း မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအ၀ေး(UNSC) ကို လာမယ့်ရက်အတွင်း ၂ ကြိမ်လုပ်ဖို့ရှိနေ
  • ရန်ကုန်မြို့ထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်တိုက် စီးနင်းဖမ်းဆီးမှုတွေရှိနေပြီး အခုနောက်ဆုံး ရန်ကင်းမြို့နယ်ထဲက အမြင့်အိမ်ရာ၀င်းထဲမှာ ကျားဖြန့်လုပ်ငန်းတစ်ခု စီးနင်းခံလိုက်ရ
  • ဘန်ကောက်မြို့၊ ဘန်ကာပီခရိုင်ထဲမှာ ဇနီးသည် မြန်မာအမျိုးသမီးကို သတ်ဖြတ်ပြီး အလောင်း အစိတ်အပိုင်းတွေကို စွန့်ပစ်ခဲ့တဲ့မြန်မာအမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
  • GTA 6 ဂိမ်းထဲက ဇာတ်ကောင်တွေရဲ့လုပ်ရပ်တွေအတိုင်း လိုက်မလုပ်ကြဖို့ အမေရိကန် ရဲဌာန အသီးသီးက သတိပေးချက်တွေ ထုတ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကောလင်းမှာ စစ်တပ်စစ်ကြောင်းဝင်ခဲ့တဲ့ရွာတွေမှာ ရုပ်အလောင်း ၁၀ လောင်းထက်မနည်းတွေ့, စစ်ကြောင်းဆက်ထိုးနေ

    စစ်ကိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲတယ်လို့ ယူဆတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “နှစ်ဖက်ကတော့ စစ်ဆိုင်ထားကြတာ၊ လက်နက်ကြီးရော ဒရုန်းနဲ့ရော ပစ်နေကြတာ” လို့ သူကရှင်းပြပါတယ်။

    နိုဝင်ဘာလထဲ စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ရွာတချို့မှာလည်း ရုပ်အလောင်း ၁၀ လောင်းထက်မနည်းကိုလည်း မြေကြီးပေါ်မှာ သေဆုံးလျက်သား တွေ့ရှိရတယ်လို့ ကောလင်းဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    “စစ်ကြောင်းကလည်း ရှေ့တစ်ရွာမှာရှိတယ်။ ဒရုန်းကလည်း ချနေတာ၊ အလောင်းတွေကို အရေးပေါ် အမြန်ပဲ ကျင်းတူးပြီး မြုပ်လိုက်ရတယ်” လို့ သူကဆိုပါတယ်။

    အလောင်းတွေထဲ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးတဲ့အမျိုးသမီးအလောင်း ၃လောင်းရှိပြီး နှိပ်စက်သတ်ဖြတ်ခံထားရတယ်လို့ ယူဆရတဲ့အလောင်းတချို့လည်း တွေ့ရတယ်လို့ သူက ဖြည့်ပြောပါတယ်။

    “အလောင်းတွေက သေဆုံးတာ ၄ ရက်ကနေ ၇ ရက်လောက်ရှိနိုင်တယ်။ မြေမြုပ်တဲ့ချိန် အလောင်းတချို့က ပုံပျက်နေပြီ” လို့ သူကဆိုပါတယ်။

    ဘီဘီစီကို မြေပြင်သတင်းရင်းမြစ်ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲမှာ‌တော့ အလောင်းတချို့မှာ ဓားနဲ့လှီးထားတဲ့ ပြတ်ရှဒဏ်ရာတွေ တွေ့ရသလို ပြင်းအားနဲ့ပေါက်ကွဲမှုကြောင့် တပိုင်းအစဖြစ်နေတဲ့ အလောင်းတချို့ကိုလည်းတွေ့ရပါတယ်။

    တစ်ဖက်မှာလည်း မြန်မာစစ်တပ်က အင်းတော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းကို ထိန်းချုပ်နိုင်ပြီလို့ နိုဝင်ဘာ တတိယအပတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ဒီလမ်းပိုင်းကို ထိန်းချုပ်ဖို့ တပ်က တစ်လကျော်ကြာ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးတွေလုပ်ဖို့ ကြိုးပမ်းခဲ့တာလို့ ထုတ်ပြန်ချက်ကနေ ဖော်ပြပါတယ်။

    ဒါပေမဲ့ ကောလင်းမြို့ကိုသာ စစ်တပ်က အပြည့်အဝထိန်းချုပ်ထားပြီး မြို့နယ်ထဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နေရာယူတပ်စွဲထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

  2. ‘‘နေပြည်တော်ဟာ ICJ ဆုံးဖြတ်ချက်ကိုလိုက်နာဖို့ လိုအပ်ပါတယ်’’ - မြန်မာ့အရေးအထူးအစီရင်ခံစာတင်သွင်းသူ

    မြန်မာဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာထောင်ချီအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က နို၀င်ဘာလ ၁၉ ရက်မှာ စီရင်ချက် ချမှတ်ပါတယ်။

    ဒီအမှုကို အာဖရိက နိုင်ငံငယ်ဖြစ်တဲ့ ဂမ်ဘီယာက ICJ မှာ တိုင်ကြားခဲ့တာဖြစ်ပြီး ၇ နှစ်အကြာမှာ အခုစီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ကုလသမဂ္ဂရဲ့မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အီး ကာရီကတော့ နေပြည်တော်ဟာ ICJ ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရမယ့်တာ၀န်ရှိတယ်လို့ ပြောပါတယ်။

    သူဟာ မြန်မာပြည်တွင်းကို ၀င်ရောက်ဖို့ နေပြည်တော်က ခွင့်မပြုသေးလို့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေနဲ့သွားတွေ့ပြီး အပြန်မှာ ICJ ဆုံးဖြတ်ချက် ထွက်လာတာပါ။

    နေပြည်တော်နဲ့ဆက်ဆံရေးနီးကပ်တဲ့မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်နေတဲ့ အထူးအစီရင်ခံစာတင်သွင်းသူကို သူ ထိုင်းနိုင်ငံမှာ ခရီးတစ်ထောက်နားချိန် ဘီဘီစီက ICJ အမိန့်နဲ့ ဆက်စပ်ပြီး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  3. ဇနီးဖြစ်သူကို သတ်ဖြတ် အလောင်းစွန့်ခဲ့တဲ့မြန်မာအမျိုးသားကို ထိုင်းရဲဖမ်းမိ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကာပီခရိုင်ထဲမှာ ဇနီးသည် မြန်မာအမျိုးသမီးကို သတ်ဖြတ်ပြီး လက်ဖရောင် ၁၀၉ လမ်းသွယ်ထဲက အမှိုက်ပုံတစ်ခုအနီးမှာ အလောင်း အစိတ်အပိုင်းတွေကို စွန့်ပစ်ခဲ့တဲ့မြန်မာအမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    လူသတ်မှု သံသယတရားခံဟာ အသက် ၂၄ နှစ်အရွယ် အမျိုးသား ဘာယာဆိုလိုင်(Baya So Lai) ဆိုသူဖြစ်ပြီး စီစီတီဗီ မှတ်တမ်းကနေတဆင့် ဆမွတ်ဆာခွန်က နေအိမ်တစ်ခုမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့အမျိုးသားဟာ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး အိတ်ထဲထည့်ပြီးမှ နိုဝင်ဘာ ၁၉ ရက်မှာ အမှိုက်ပုံအနီးမှာ လာရောက်စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာရေးပါတယ်။

    စွန့်ပစ်ပြီးနောက် အမှိုက်ပုံအနီးကနေ အနံ့ဆိုးထွက်လာတာ ရက်ပိုင်းအကြာမှ ဒေသခံတွေက လက်ဖရောင်းရဲဌာနနဲ့ လူမှုကူညီရေးအဖွဲ့တွေကို အကြောင်းကြားရာကနေ အမှိုက်ပုံအနီးမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းအစိတ်အပိုင်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းဆီးခံအမျိုးသားဖြစ်သူဟာ ဆာလာအိတ်တွေကို တအိတ်ချင်းစီ သယ်လာပြီး အမှိုက်ပုံမှာ စွန့်ပစ်နေတဲ့မြင်ကွင်းကိုလည်း လုံခြုံရေးကင်မရာ(စီစီတီဗီ)ကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကနေတဆင့် တွေ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဆိုပါတယ်။

    လက်ရှိမှာ ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့အမျိုးသားကတော့ စီစီတီဗီထဲမှာတွေ့ရှိရတဲ့ အမျိုးသားဟာ သူဖြစ်တယ်လို့ ဝန်ခံထွက်ဆိုထားတဲ့အကြောင်း အာဏာပိုင်တွေက ထုတ်ပြောတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

    ဒီအမှုမှာ သေဆုံးသူဟာ တခြားနေရာတစ်ခုမှာ သတ်ဖြတ်ခံခဲ့ရပြီးမှာ အမှုဖျောက်ဖို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လက်ဖရောင်းနယ်ထဲက အမှိုက်ပုံတစ်ခုမှာ လာစွန့်ပစ်တာဖြစ်နိုင်တယ်လို့ ကနဦးမှာ ထိုင်းအာဏာပိုင်တွေက ယူဆခဲ့ကြတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဖမ်းဆီးခံအမျိုးသားကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးခဲ့တဲ့အမျိုးသမီး ဘယ်သူဖြစ်တယ်ဆိုတာနဲ့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အသေးစိတ်ကို အာဏာပိုင်တွေက ဒီနေ့မနက်ပိုင်းအထိ မထုတ်ပြန်သေးပါဘူး။

  4. GTA 6 ဂိမ်းထဲက ရာဇဝတ်မှုတွေ လက်တွေ့ဘဝမှာ မလုပ်ကြဖို့ အမေရိကန်ရဲတပ်ဖွဲ့တွေ သတိပေး

    မြန်မာမှာ ကားသူခိုးဂိမ်းလို့ လူသိများပြီး ကမ္ဘာတဝန်း ဂိမ်းကစားသူတွေ စောင့်မျှော်နေတဲ့ Grand Theft Auto 6 (GTA 6) ဂိမ်း ထွက်ရှိလာပြီးနောက် အမေရိကန်နိုင်ငံက မြို့အသီးသီးရှိ ရဲတပ်ဖွဲ့တွေက ဂိမ်းထဲက ရာဇဝတ်မှုတွေကို လက်တွေ့ဘဝမှာ အတုမယူကြဖို့ လူမှုကွန်ရက်တွေကနေတဆင့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

    ကားခိုးတာ၊ အရှိန်ပြင်းပြင်းကားမောင်းတာ၊ ရဲလက်ကနေ ထွက်ပြေးရှောင်တိမ်းတာနဲ့ လူတွေကို တိုက်ခိုက်တာတွေဟာ ဂိမ်းထဲမှာ လုပ်ဆောင်နိုင်ပေမဲ့ လက်တွေ့ဘဝမှာတော့ ဥပဒေချိုးဖောက်မှုတွေဖြစ်ပြီး အကျိုးဆက်တွေ ရှိနိုင်ကြောင်း အမေရိကန်ရဲဌာနတွေက သတိပေးခဲ့ကြတာပါ။

    ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ ရဲတပ်ဖွဲ့က GTA ဟာ တကယ့်နေရာမဟုတ်ပေမဲ့ အတ္တလန်တာကတော့ တကယ့်မြို့ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

    အရက်မူးပြီး ကားမောင်းတာ၊ အန္တရာယ်ရှိအောင် မောင်းနှင်တာ၊ ကားခိုးတာနဲ့ အကြမ်းဖက်တာတွေဟာ လက်တွေ့ဘဝမှာ ကြီးလေးတဲ့ အကျိုးဆက်တွေ ရှိနိုင်တာကြောင့် ဂိမ်းထဲမှာပဲ ထားကြဖို့လည်း သတိပေးခဲ့ပါတယ်။

    ကိုလိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့ ရဲတပ်ဖွဲ့ကလည်း GTA ဂိမ်းထဲက လုပ်ရပ်တွေကို ဂိမ်းထဲမှာပဲ ထားကြဖို့နဲ့ ရဲကို ရှောင်ပြေးတာဟာ လက်တွေ့ဘဝမှာလည်း ဥပဒေနဲ့ ငြိစွန်းတယ်လို့ သတိပေးပါတယ်။

    တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ ရဲတပ်ဖွဲ့ကတော့ ဗီဒီယိုတစ်ခုတင်ပြီး ဂိမ်းထဲမှာ အမှတ်ပိုရဖို့ လူတစ်ယောက်ကို တိုက်ခိုက်တာမျိုး လက်တွေ့ဘဝမှာ မလုပ်ကြဖို့ သတိပေးပါတယ်။ အဲဒီဗီဒီယိုမှာ ရဲအရာရှိတစ်ဦးက “အမှတ်ပိုရဖို့ တစ်ယောက်ယောက်ကို တိုက်ခိုက်တာဟာ မတန်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    တက္ကဆက်ပြည်နယ်ကပဲ ဆန်ဟွမ်မြို့ ရဲတပ်ဖွဲ့က GTA 6 စတင်ထွက်ရှိတဲ့နေ့မှာ Instagram မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ “ခင်ဗျားတို့ စိတ်လှုပ်ရှားနေကြတယ်ဆိုတာ သိပါတယ်။ ဒီဂိမ်းထွက်လာဖို့ အကြာကြီး စောင့်ခဲ့ကြရတာလည်း သိပါတယ်။ ဒါပေမဲ့ GTA 6 ထဲမှာ ဖြစ်တာတွေကို GTA 6 ထဲမှာပဲ ထားခဲ့ကြပါ” လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

    အရီဇိုးနားပြည်နယ်၊ ပီမာကောင်တီ ရဲအရာရှိရုံးကလည်း ဂိမ်းကစားသူတွေကို လက်တွေ့ဘဝမှာ ဥပဒေချိုးဖောက်မှုတွေအတွက် Cheat Code သုံးလို့ မရသလို သေဆုံးပြီး ပြန်လည်အသက်ရှင်လာနိုင်တဲ့ Respawn နဲ့ မစ်ရှင်ကို အစကနေ ပြန်စနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း မရှိကြောင်း လူမှုကွန်ရက်မှာ သတိပေးပါတယ်။

    အလားတူ တက္ကဆက်ပြည်နယ် ဖလိုရက်စ်ဗီးလ်မြို့ ရဲတပ်ဖွဲ့ကလည်း သူတို့မြို့ဟာ GTA ဂိမ်းထဲက Los Santos ဒါမှမဟုတ် Vice City မဟုတ်ကြောင်းနဲ့ ရဲအရာရှိတွေဟာ ဂိမ်းထဲက ထိန်းချုပ်ကစားလို့ရတဲ့ဇာတ်ကောင်တွေ (NPC) မဟုတ်ကြောင်း နောက်ပြောင်ရေးသားခဲ့ပါတယ်။

    မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဂရင်းစ်ဘိုရိုမြို့ ရဲတပ်ဖွဲ့ကတော့ GTA 6 မြန်မြန်ထွက်လာဖို့ မျှော်လင့်နေကြောင်း၊ လူတွေ အိမ်မှာပဲ ဂိမ်းကစားနေကြရင် ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်နည်းနည်း သက်သာနိုင်ကြောင်း ဟာသနှော ရေးသားပါတယ်။

    GTA 6 ဟာ Rockstar Games က ထုတ်လုပ်တဲ့ Grand Theft Auto ဂိမ်းစီးရီးရဲ့ နောက်ဆုံးထွက်ဂိမ်းဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ GTA 5 နောက်ပိုင်း ၁၃ နှစ်အကြာမှာ ထွက်ရှိလာတာဖြစ်ပါတယ်။

    ဂိမ်းထဲမှာ ရာဇဝတ်မှုတွေကို လုပ်ဆောင်နိုင်တဲ့ ပုံစံနဲ့ ဖန်တီးထားပေမဲ့ အဲဒီလုပ်ရပ်တွေကို လက်တွေ့ဘဝမှာ အတုယူတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့တွေက သတိပေးခဲ့ကြတာဖြစ်ပါတယ်။

  5. ရန်ကင်းမြို့နယ်က Golden City အိမ်ရာထဲ ကျားဖြန့်လုပ်နေသူ ၁၆ ဦး အဖမ်းခံရ

    ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် Golden City အိမ်ရာထဲကနေ ကျားဖြန့်(အွန်လိုင်းလိမ်လည်)ပြီး တရားမဝင်လောင်းကစားလုပ်နေသူ ၁၆ ဦးကို ဖမ်းမိခဲ့တယ်လို့ နေပြည်တော်က သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    ဒါက ရန်ကုန်မြို့ထဲမှာ တစ်လအတွင်းလူပေါင်း လူပေါင်းဆယ်ကျော် ဖမ်းဆီးခံရတဲ့ တတိယမြောက်ကျားဖြန့်အမှုဖြစ်ပါတယ်။

    ဖမ်းဆီးခံ ၁၆ ဦးကို အိမ်ရာထဲမှာရှိတဲ့ တိုက် ၁၊ ၃ နဲ့ ၄ တို့ကနေ နိုဝင်ဘာ ၂၂ ရက် ညပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။

    ဖမ်းမိသူတွေကို ကနဦးမေးမြန်းချက်တွေအရ လိမ်လည်သူတွေနေတဲ့ အခန်းတွေကို တိုက်အမှတ် ၅ မှာနေထိုင်တဲ့ တရုတ်နိုင်ငံသား ကျန်းဟုန်ဖန်း က ငှားရမ်းပေးထားတာဖြစ်ပြီး ဖမ်းဆီးခံတွေဟာ လောင်းကစားလုပ်မယ့် သားကောင်ကို ရှာဖွေပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးခံထားရသူတွေနဲ့ ဖုန်းနဲ့ လက်ပ်တော့တွေထဲမှာလည်း အွန်လိုင်း စလော့ဂိမ်းတွေကို တွေ့ရှိရတယ်လို့ နေပြည်တော်က ပြောပါတယ်။

    ဖမ်းမိတဲ့သူတွေကို စစ်ဆေးတာတွေ လုပ်ပြီးရင် ရဲတပ်ဖွဲ့ကနေ တည်ဆဲဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

    နိုဝင်ဘာ တတိယအပတ်ထဲမှာပဲ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ မစိုးရိမ်ကျောင်းလမ်းက တရုတ်နိုင်ငံသား ဦးဆောင်လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ကိုင်နေတဲ့ နေအိမ် ၂ ခုကို အာဏာပိုင်တွေက စီးနင်းခဲ့ပြီး လူအယောက် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

    နိုဝင်ဘာ ၁၂ ရက်တုန်းကတော့ သာကေတမြို့နယ်မှာရှိတဲ့ ကွန်ဒိုတစ်လုံးကို စီးနင်းမှုကနေ ကျားဖြန့်လုပ်ကိုင်နေတဲ့ လူ၁၀၀ ‌ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

    အဲဒီဖမ်းဆီးမှုတုန်းကတော့ တရုတ်ပြည်သူ့လုံခြုံရေးဌာနက အလိုရှိနေတဲ့ တရုတ်အမျိုးသားတစ်ဦးလည်းပါတယ်။

    ရန်ကုန်မှာ အခုလအတွင်း ကျားဖြန့်ဖမ်းဆီးမှုတွေမှာ လုပ်ငန်းကို ဦးဆောင်နေသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ နေပြည်တော် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

  6. ICJ ဆုံးဖြတ်ချက်နောက်ပိုင်း မြန်မာ့အရေး လုံခြုံရေးကောင်စီ နှစ်ကြိမ်ဆွေးနွေးမယ်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို နိုဝင်ဘာ ၂၅ ရက်နဲ့ ဒီဇင်ဘာ ၇ ရက်တို့မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

    နိုဝင်ဘာ ၂၅ ရက်မှာ ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ တံခါးပိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာပါ။

    ဒီဇင်ဘာ ၇ ရက်မှာလည်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သီးခြားတံခါးပိတ်အစည်းအဝေးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားပါတယ်။ နိုဝင်ဘာ ၂၅ ရက် အစည်းအဝေးမှာ ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့နောက်ဆက်တွဲတုံ့ပြန်မှုတွေကို အဓိကထား ဆွေးနွေးဖို့ရှိပါတယ်။

    ICJ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရေးနဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေးတို့ဟာလည်း နိုင်ငံတကာရဲ့အာရုံစိုက်မှုကို ရရှိနေပါတယ်။

    လုံခြုံရေးကောင်စီရဲ့ နိုဝင်ဘာလအတွက် အလှည့်ကျဥက္ကဋ္ဌနိုင်ငံက လတ်ဗီးယားဖြစ်ပါတယ်။ အစည်းအဝေးတွေမှာ အစီရင်ခံတင်ပြမယ့်သူနဲ့ ဆွေးနွေးပွဲအသေးစိတ်အစီအစဉ်တွေကိုတော့ အတည်ပြုနိုင်တဲ့ အချက်အလက် မရရှိသေးပါဘူး။

    အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဥပဒေအရ စည်းနှောင်မှုရှိပေမဲ့ တရားရုံးမှာ ကိုယ်တိုင်အရေးယူအကောင်အထည်ဖော်နိုင်တဲ့ အာဏာမရှိတာကြောင့် လိုက်နာဆောင်ရွက်မှုမရှိပါက လုံခြုံရေးကောင်စီက ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း စောင့်ကြည့်နေကြပါတယ်။

  7. မလေးရှားမှာ စားသုံးဆီ ၅ တန်နီးပါး လိုင်စင်မဲ့ လက်ဝယ်ထားမှုနဲ့ မြန်မာ ၄ ဦး ဖမ်းဆီးခံရ

    မလေးရှားမှာ အစိုးရထောက်ပံ့တဲ့ စားသုံးဆီ ၅ တန်နီးပါးကို လိုင်စင်မရှိဘဲ လက်ဝယ်ထားပြီး လက်ကားဖြန့်ဖြူးဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရပါတယ်။

    နိုဝင်ဘာ ၂၃ ရက်က ဆလန်ဂေါပြည်နယ် ရှားအလမ်မြို့ရှိ Sessions Court တရားရုံးမှာ သူတို့က စွဲချက်တွေကို ဝန်ခံခဲ့လို့ ထောင်ဒဏ် ၆ လစီ ချမှတ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ အသက် ၂၁ နှစ်အရွယ် တင်စောဦးနဲ့ ပြည့်ဖြိုးမောင်၊ အသက် ၃၆ နှစ်အရွယ် ကိုလင်းနဲ့ အသက် ၃၇ နှစ်အရွယ် ကျော်စန်းလင်းတို့ ဖြစ်ပါတယ်။

    အမှုမှာ ပါဝင်တဲ့ မလေးရှားနိုင်ငံသား အသက် ၅၀ အရွယ် မူးတက်လင်ကိုတော့ ရင်းဂစ် ၄၂,၀၀၀ ဒဏ်ငွေ ချမှတ်ခဲ့ပြီး ဒဏ်ငွေပေးဆောင်ခဲ့တယ်လို့ Bernama သတင်းဌာနက ဖော်ပြပါတယ်။

    အာဏာပိုင်တွေဟာ ဇူလိုင် ၁၄ ရက်က ဆလန်ဂေါပြည်နယ်၊ ဘန်ဒါပင်ဂျီဆူဘန်းဒေသ Jalan Apollo လမ်းပေါ်က နေရာတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အဲဒီလူငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    သူတို့ဟာ စားသုံးဆီအထုပ်တွေကို ဖြတ်ဖောက်ပြီး ဆီတွေကို စည်ပိုင်းတွေအတွင်း ပြောင်းထည့်နေခဲ့ကြတယ်လို့ အမှုစစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီဆီတွေကို ဘယ်သူ့ဆီ ရောင်းချဖို့ ဒါမှမဟုတ် ဘယ်နေရာကို ပို့ဆောင်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာကိုတော့ မလေးရှားသတင်းတွေမှာ ဖော်ပြမထားပါဘူး။

    ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအတွင်း စားသုံးဆီ ၄.၈၄၅ တန်၊ ကုန်တင်ကားတစ်စီးနဲ့ ပစ္စည်းကိရိယာတွေကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတန်ဖိုး ရင်းဂစ် ၁၂၄,၆၅၂.၅၀ ရှိတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံသားလေးဦးရဲ့ ထောင်ဒဏ်ကိုတော့ ဖမ်းဆီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး စတင်တွက်ချက်မှာဖြစ်ပါတယ်။

  8. မြန်မာစစ်တပ်အရာရှိ ၅ ဦးကို ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့, ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုက်အဝန်းအတွက် ပေါင် ၅ သန်း ကူညီမယ်

    ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်အစိုးရက အသိအမှတ်ပြုပြီး တဆက်တည်းမှာပဲ မြန်မာစစ်တပ်အရာရှိ ငါးဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း နိုဝင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။

    ဒီကြေညာချက်ဟာ နိုဝင်ဘာ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် ဗြိတိန်အစိုးရက ထပ်မံကြေညာတဲ့ အရေးယူမှုတွေဖြစ်ပါတယ်။

    ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ် မြတ်သက်ဦး၊ ဗိုလ်ချုပ် ကျော်စိုးနဲ့ ဗိုလ်ချုပ် ကျော်စွာဦးတို့ ပါဝင်ပါတယ်။

    သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တာနဲ့ ကုမ္ပဏီဒါရိုက်တာအဖြစ် တာဝန်ယူခွင့် ပိတ်ပင်တာတွေ ချမှတ်ထားတယ်လို့ ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ဟာ ချင်းပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ရက်စက်ကြမ်းကြုတ်စွာဆက်ဆံတာနဲ့ ဆက်စပ်ပြီး အရေးယူတာလို့ဆိုပါတယ်။

    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကိုတော့ အရပ်သားပြည်သူတွေကို ဖိနှိပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယဖြစ်ဖွယ် အကြောင်းရင်းရှိတာကြောင့် အရေးယူတာလို့ ဆိုပါတယ်။

    အရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် မြတ်သက်ဦးဟာလည်း စစ်တပ်မှာ အကြီးတန်းရာထူးတွေ တာဝန်ယူခဲ့ချိန်က အရပ်သားပြည်သူတွေကို ဖိနှိပ်မှုမှာ စစ်တပ်ကို အထောက်အကူပြုခဲ့တယ်လို့ ဗြိတိန်က သတ်မှတ်ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်မှာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

    ၂၀၂၆ ခုနှစ် ဇွန်လမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ် ကျော်စိုးကိုတော့ ရခိုင်ပြည်နယ်အတွင်း လူနေထူထပ်တဲ့ နေရာတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အရပ်သားပြည်သူတွေကို ဖိနှိပ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ဗြိတိန်က သတ်မှတ်ပါတယ်။ အရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် ကျော်စွာဦးကိုတော့ မြောက်ဦးပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ သံသယဖြစ်ဖွယ် အကြောင်းရင်းရှိတာကြောင့် အရေးယူတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။အဲဒီတိုက်ခိုက်မှုမှာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

    အခု အရေးယူခံရသူ စစ်တပ်အရာရှိ ၅ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တာနဲ့ ကုမ္ပဏီဒါရိုက်တာအဖြစ် တာဝန်ယူခွင့် ပိတ်ပင်တာတွေ ချမှတ်ထားတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဖြည့်စွက်ချက်

    ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက လက်ရှိအချိန်မှာတော့ ရာထူးအပြောင်းအလဲတချို့ ဖြစ်ပေါ်နေတာကို ဘီဘီစီရဲ့သီးခြားအတည်ပြုချက်အရ သိရပါတယ်။

    ဗိုလ်ချုပ်မျိုးမင်းထွန်းက လက်ရှိအချိန်မှာ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဖြစ်နေပြီး ဒုတိယဗိုလ်ချုပ်ကြီးမျိုးမင်းထွန်းဖြစ်သွားပါပြီ။

    လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ် ကျော်ဇော ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကျော်စွာဦးကတော့ လက်ရှိအချိန်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနဒုဝန်ကြီး တာဝန်ထမ်းဆောင်နေပါတယ်။

    ဗိုလ်ချုပ်မြတ်သက်ဦးကတော့ ၂၀၂၃ ခုနှစ်ကတည်းက ရာထူးကနေဖယ်ရှားခံရပြီး အရေးယူခံထားရသူဖြစ်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့တာနဲ့ ထောက်ပံ့တာတွေကို ပစ်မှတ်ထားတဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့လည်း ဗြိတိန်အစိုးရက စီစဉ်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

    ICJ ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုကြောင်းကို ဗြိတိန်အပါအဝင် နိုင်ငံ ၁၄ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း နိုဝင်ဘာ ၂၃ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကြေညာချက်မှာ ICJ ရဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဥပဒေအရ စည်းနှောင်မှုရှိပြီး နိုင်ငံတကာဥပဒေအရ လိုက်နာရမယ့် တာဝန်တွေနဲ့အညီ စီရင်ချက်ကို အပြည့်အဝ လိုက်နာဖို့ တိုက်တွန်းထားပါတယ်။

    ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ မိမိဆန္ဒအလျောက် ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့လည်း အလေးထားဖော်ပြထားပါတယ်။

    ဗြိတိန်အစိုးရဟာ ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုင်းအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှုအကူအညီ ပေါင် ၅ သန်းနဲ့ မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ တရားမျှတမှုရရှိရေးအတွက် ပေါင် ၃ သန်း စုစုပေါင်း ပေါင် ၈ သန်းအထိ ထပ်မံထောက်ပံ့သွားမယ်လို့လည်း ကြေညာပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမှုအသိုက်အဝန်းထဲက လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူ ၃ သိန်းခွဲ အတွက် ပေါင် ၅ သန်း ထပ်မံထောက်ပံ့မယ်လို့ ဆိုပါတယ်။အဲဒီအကူအညီကို အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ကာကွယ်ပေးရေး၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ထောက်ပံ့ရေး၊ အာဟာရချို့တဲ့တဲ့ ကလေးငယ်တွေကို ကုသပေးရေးတို့မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထိခိုက်ခံခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှုရရှိရေး၊ ချိုးဖောက်မှုဆိုင်ရာ သက်သေတွေ စုဆောင်းမှတ်တမ်းတင်ရေးတို့အတွက် ပေါင် ၃ သန်း ထပ်မံပံ့ပိုးသွားမယ်လို့ဆိုပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းကတော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို အရေးယူမှုမရှိဘဲ ထားလို့မရကြောင်းနဲ့ ICJ ရဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်နောက်ပိုင်း ဗြိတိန်အနေနဲ့ အရေးယူဆောင်ရွက်နေကြောင်း ပြောပါတယ်။

    ဗြိတိန်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ ဆက်နွှယ်သူတွေကို ပိတ်ဆို့အရေးယူမှု ၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး လူပုဂ္ဂိုလ် ၄၂ ဦးနဲ့ အဖွဲ့အစည်း ၃၉ ခုကို အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒီမတိုင်ခင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာတရားရုံး (ICJ) က စီရင်ချက်ချပြီးတဲ့နောက် မြန်မာစစ်သံမှူးကို ဗြိတိန်နိုင်ငံကနေ နှင်ထုတ်ဖို့ အမိန့်ပေးလိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက နိုဝင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။

    ICJ စီရင်ချက်အပေါ် ချက်ချင်းတုံ့ပြန်တဲ့အနေနဲ့ အခုလို ဆောင်ရွက်တာဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူဖို့လည်း ဗြိတိန်က တောင်းဆိုထားပါတယ်။

    ဒါ့အပြင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ယာယီတာဝန်ခံ (Chargé d’Affaires) ကိုလည်း ဆင့်ခေါ်ပြီး ICJ စီရင်ချက်နဲ့ပတ်သက်တဲ့ ဗြိတိန်ရဲ့ ရပ်တည်ချက်ကို ပြောကြားမယ်လို့ မစ္စတာမီလီဘန်းက ဆိုပါတယ်။

    မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး ဗြိတိန်က ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောထားပါတယ်။

  9. မင်္ဂလာပါ။ ၂၀၂၆ နိုဝင်ဘာ ၂၄ ရက် ဘီဘီစီရဲ့ ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေလို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။