ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီတို သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတွဲလျက် သိကြချစ်ကြတဲ့ ခွေးကလေးတိုက်ချီတို ဟာ ဒီကနေ့ ဇွန် ၂၁ ရက်ညပိုင်းက ဆုံးပါးသွားတယ်လို့ ရန်ကုန်မြို့ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံနံပါတ် ၅၄ နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။
''တိုက်ချီတိုက အသက်က ၁၆ နှစ်ကျော် ၁၇ နှစ်ထဲဆိုတော့ လူ့သက်တမ်းနဲ့ဆို ၈၀ ပေါ့လေ။ အသက်တအားကြီးပြီပေါ့။ ဒီညပဲ ဆုံးသွားတာပါ" လို့ ခြံနံပါတ် ၅၄ နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အသက် ၁၆ နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ ခွေးကလေးတိုက်ချီတို ကို ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်လွတ်မြောက်ချိန်က သားဖြစ်သူ ကင်မ်အဲရစ်က လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
''အမေ နေအိမ်အကျယ်ချုပ်လွတ်တော့ ၂၀၁၀ ပေါ့။ ကင်မ် မြန်မာပြည်ခဏ ပြန်လာတော့သူ့အမေကို စောင့်ရှောက်ပေးဖို့ဆိုပြီး ဝယ်ပေးခဲ့တာပါ။ အမေ့ကို ကင်မ်ပေးတာ ဒီဇင်ဘာလမှာပါ။ တိုက်ချီတို ၃ လသားပေါ့ ''လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူတစ်ဦးက ပြောပြပါတယ်။
တိုက်ချီတိုရဲ့ မွေးနေ့ကို ၂၀၁၀ အောက်တိုဘာ ၁၈ ရက် ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ လုပ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
တိုက်ချီတိုဟာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လ ပထမပတ်အထိသာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အကျဥ်းထောင်ကိုပြောင်းရွှေ့ခံရပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့ ခြံနံပါတ် ၅၄ နေအိမ်ကို ပြန်ပို့ခံထားရတာဖြစ်ပါတယ်။
''သက်ကြီးခွေးရောဂါပဲပြောရမယ်။ တလောကတော့ အတော်ကိုဆိုးတယ်။ ဘာမှန်းမသိတဲ့အထိဖြစ်သွားတယ်။ အခုတော့ ဆုံးသွားပါပြီ။ အမေသိရင်လည်း စိတ်မကောင်းတော်တော်ဖြစ်မယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူတစ်ဦးက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရုံးချိန်တွေရှိချိန်တုန်းက အပြင်မှာရှိနေသူတွေကို တခြားသူတွေကို သတိတရ မေးတတ်သလို ခွေးကလေးတိုက်ချီတို ကိုလည်း မေးလေ့ရှိတယ်လို့ နီးစပ်သူတချို့ဆီက သိရပါတယ်။


