ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးလှိုင် ကစထ ၃ မှူးအဖြစ် ရာထူးတိုး

နေပြည်တော်မှာ ရဲချုပ်အပြောင်းအလဲဖြစ်ပြီး ဧပြီလမှာ ရဲချုပ်ဖြစ်လာသူ စစ်ဘက်ရာထူးတိုးတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ ဇွန် ၂၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ယင်းမာပင်ခရိုင် PFD တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင် သေနတ်နဲ့ ပစ်သတ်ခံရပြီးသေဆုံးမှု နောက်ဆက်တွဲအဖြစ် ခရိုင်ကွပ်ကဲရေးမှူးနဲ့အဖွဲ့ ထိန်းသိမ်းခံရ
  • ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက် ပထမဆုံးပွဲမှာ ကနေဒါက တောင်အာဖရိကကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ချိန်မှာပဲ ၃၂ သင်းအဆင့်အထိ မရောက်ခဲ့တဲ့တောင်ကိုရီးယားဘောလုံးအသင်းအရေး စုံစမ်းဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း
  • နေပြည်တော်မှာ ဧပြီလတုန်းက ဦးမင်းအောင်လှိုင်ခန့်ခဲ့တဲ့ ရဲချုပ် စစ်ဘက်ကို ကထစမှူး တစ်ဦးအဖြစ် ပြန်လည်ရွှေ့ပြောင်းခံရပြီး ရဲချုပ်အပြောင်းအလဲဖြစ်
  • မိုးကောင်းမြို့မှာ ဇနီးသည် ဝင်ပြိုင်တဲ့အုပ်ချုပ်ရေးမှူး ရွေးပွဲမှာ အနိုင်ရသွားတဲ့ ရပ်မိရပ်ဖ အမျိုးသားကို ဖမ်းဆီးတဲ့ ပြည်သူ့စစ်ခေါင်းဆောင် နမ္မတီးမြို့က စစ်တပ်ဝင်းထဲမှာ ခေါ်ယူ စစ်မေးခံနေရ
  • ရှမ်းပြည်နယ်နဲ့ ကယား(ကရင်နီ) အစပ် မိုးဗြဲမှာ စစ်တပ် ကာကင်းစခန်း ၂ ခု တိုက်ခိုက်ခံရပြီးတဲ့နောက် ကပ်လျက်မြို့နယ် ဒီးမော့ဆိုထဲ စစ်တပ် ဗုံးကြဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၂၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဗင်နီဇွဲလားငလျင် - အသက် ၂၁ အရွယ်လူငယ်ကို နာရီပေါင်း ၁၀၆ နာရီကျော်အကြာမှာ အပျက်စီးအောက်ကနေ အသက်ရှင်လျက်ကယ်ထုတ်နိုင်

    အားပြင်းငလျင်ကြီး ၂ ကြိမ် စက္ကန့်ပိုင်းပဲ ခြားပြီး လှုပ်သွားတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အသက် ၂၁ အရွယ် လူငယ်တစ်ဦးကို ငလျင်လှုပ်အပြီး ၁၀၆ နာရီအကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီလို့ အယ်လ် ဆာဗေးဒိုး သမ္မတက ပြောပါတယ်။

    အဲဒီလူငယ်ကို ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့နေရာတစ်ခုဖြစ်တဲ့ လာ ဂွေရာပြည်နယ်မှာ ဗင်နီဇွဲလား၊ မက္ကဆီကိုနဲ့ အယ်လ် ဆာဗေးဒိုး ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တာလို့ အယ်လ် ဆာဗေဒိုး သမ္မတ နာယစ် ဘူကေးလေးက ပြောပါတယ်။

    အဲဒီလူငယ်ကို ကာရာဘာလဲဒါမြို့က အပျက်အစီးပုံအောက်ကနေ အသက်ရှင်လျက် ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလူငယ်နဲ့ ကယ်ဆယ်ရေးသမားတွေကြားမှာ သေဆုံးရုပ်အလောင်း တစ်လောင်းရှိနေလို့ ကယ်ဆယ်ရေး ခက်ခဲခဲ့ရတယ်လို့လည်း သမ္မတက ပြောပါတယ်။

    အခုတော့ အဲဒီလူငယ်ဟာ ဆေးကုသမှုခံယူနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေကလည်း နောက်ထပ် အသက်ရှင် ကျန်ရစ်မယ့်သူတွေကို တွေ့လိုတွေ့ငြား မျှော်လင့်ချက်နဲ့ ရှာဖွေရေးဆက်လုပ်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပြီးခဲ့တဲ့တစ်ပတ်က လှုပ်ခတ်ခဲ့တဲ့ငလျင်မှာ အသက်ရှင်ကျန်ရစ်မယ့်သူကို ရှာဖွေတွေ့ဖို့ရာ အချိန်လု ကယ်ဆယ်ရေးလုပ်ရမယ့်ကာလကို ရောက်နေပြီလို့ပြောပါတယ်။

    ငလျင်ကြောင့် အနည်းဆုံး လူ ၁၄၅၀ သေဆုံးတယ်လို့ တရားဝင်အချက်အလက် ထုတ်ပြန်ထားပြီးဖြစ်နေပေမဲ့ ဒီပမာဏထက် ကျော်လွန်မယ့် အခြေအနေ ရှိနေပါတယ်။

    ဆေးရုံ နံရံမှာလည်း လူပျောက်ဓာတ်ပုံတွေနဲ့ပြည့်နေတယ်လို့ ကာရာကတ်စ်မြို့ကို ရောက်နေတဲ့ ဘီဘီစီသတင်းထောက် ယိိုဂီတာ လာမားရဲက ပြောပါတယ်။

    ဗင်နီဇွဲလားငလျင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ဗြိတိသျှမီးသတ်သမားတစ်ဦးကတော့ အပျက်အစီးပုံအောက်မှာ အသက်ရှင်မယ့်သူကို ရှာတွေ့နိုင်မယ့်ကာလဟာ ငလျင်လှုပ်အပြီး ၉၆ နာရီအတွင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ၉၆ နာရီဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ပြည့်သွားပြီဖြစ်ပါတယ်။

  3. အနိုင်ရအုပ်ချုပ်ရေးမှူးကို ဖမ်းတဲ့မိုးကောင်းပြည်သူ့စစ် ခေါင်းဆောင် နမ္မတီးစစ်တပ်ထဲ စစ်ဆေးခံနေရ

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာဝင်ပြိုင်တဲ့ဇနီး ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အနိုင်ရတဲ့ရပ်မိရပ်ဖ အမျိုးသားကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ပြည်သူ့စစ်ခေါင်းဆောင်ဟာ နမ္မတီးမြို့မှာရှိတဲ့စစ်တပ်၀င်းထဲမှာ ခေါ်ယူ စစ်ဆေးခံနေရတယ်လို့ အခြေအနေသိရှိသူက ပြောပါတယ်။

    မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာအတွက် မိုးကောင်းပြည်သူ့စစ်ခေါင်းဆောင် ဦးတင်မိုးရဲ့ဇနီး ဒေါ်ထွေးထွေးလည်း ဝင်ပြိုင်ခဲ့ပေမဲ့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးစိန်ကျော်လှိုင်က အနိုင်ရခဲ့ပါတယ်။

    ဖမ်းဆီးခံရမှုအခြေအနေသိရှိတဲ့မိုးကောင်းမြို့ခံကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ် ဦးစိန်ကျော်လှိုင်ကို မိုးကောင်းပြည်သူ့စစ်ခေါင်းဆောင် ဦးတင်မိုးနဲ့အဖွဲ့က ဇွန် ၂၆ ရက်မှာ ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး အကြောင်းရင်းကို မသိခဲ့ရဘူးလို့ဆိုပါတယ်။

    ရပ်ကွက်ကရွေးထားတဲ့ အုပ်ချုပ်ရေးမှူး အခုလိုပြုမူခံရတာ တရားမျှတမှု မရှိဘူးလို့ဆိုပြီး ရပ်ကွက်နေပြည်သူတွေက တိုင်ကြားရာကနေ ပြည်နယ်အဆင့် ပြည်ထဲရေးနဲ့ လုံခြုံရေးက ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဇနီးကို ခေါ်ယူစစ်ဆေးမှု ထွက်ပေါ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

    ဦးတင်မိုးတို့ဇနီးမောင်နှံကို ခရိုင်အဆင့်ပြည်ထဲရေးနဲ့ လုံခြုံရေးက ဇွန်လ ၂၈ ရက်မှာ စစ်ဆေးခဲ့သလို ဦးစိန်ကျော်လှိုင် မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေတွေကို ဇွန် ၂၉ ရက်မှာ ခေါ်ယူစစ်ဆေးတယ်လို့လည်း ဦးစိန်ကျော်လှိုင် မိသားစုဝင်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    ပြည်သူ့စစ်ခေါင်းဆောင်နဲ့အဖွဲ့တွေ ခေါ်ယူစစ်မေးတာခံရတဲ့ ရပ်မိရပ်ဖ ဦးစိန်ကျော်လှိုင်လည်း ပြန်လွတ်မလာသေးဘဲ နမ္မတီး စစ်တပ်ဝင်းထဲမှာ ခေါ်ယူမေးမြန်းခံနေရတုန်းလို့ သူက ပြောပါတယ်။

    “ဒီနေ့ ဇွန်လ ၂၉ မနက်ပိုင်းကတည်းက ပြည်ထဲရေးအဖွဲ့တွေက ထပ်စစ်‌ဆေးဖို့ ရောက်နေတော့ မိုးကောင်းမြို့ထဲ လုံခြုံ‌ရေးတွေ တင်းကျပ်ထားတယ်။ ဒေါ်ထွေးထွေးကတော့ အာမခံနဲ့ ဒီနေ့မနက် ပြန်လွတ်သွားပြီလို့ သိရတယ်။ ဦးတင်မိုးကိုတော့ ဆက်စစ်နေကြတယ်” လို့လည်း အခြေအနေသိတဲ့မြို့ခံက ပြောပါတယ်။

    ဒီလိုစစ်ဆေးမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရသေးပါဘူး။

  4. မိုးဗြဲက ကာကင်းစခန်း ၂ ခု တိုက်ခိုက်ခံရပြီးနောက် ဒီးမော့ဆိုမြို့နယ်ထဲကို စစ်တပ် ဗုံးကြဲ

    ရှမ်းနဲ့ ကယား(ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့နယ်ထဲက စစ်တပ်ကာကင်းစခန်းနှစ်ခုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်က ဒီးမော့ဆိုနဲ့ မိုးဗြဲအစပ်ကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ မိုးဗြဲစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    မိုးဗြဲမြို့အနီးက လွယ်ယင်းမင်္ဂလာရွာမှာ အထိုင်ချထားတဲ့ စစ်တပ်ကာကင်းစခန်း နှစ်ခုကို ဇွန် ၂၈ ရက်မှာ ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

    အဲဒီကာကင်းစခန်းတွေကို တိုက်ခိုက်အပြီးအခြေအနေကို ရိုက်ကူးထားတယ်လို့ဆိုတဲ့ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ရုပ်သံအချို့မှာတော့ စစ်လက်နက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆိုလာပြားတွေကို သိမ်းဆည်းရမိတာကိုလည်းတွေ့ရပါတယ်။

    တိုက်ခိုက်မှုဖြစ်အပြီး နောက်တစ်ရက် ဒီနေ့ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းမှာတော့ စစ်တပ်က ဒီးမော့ဆိုအနောက်ဘက်ခြမ်းနဲ့ မိုးဗြဲမြို့နယ်အစပ်က ၄ နေရာကို တိုက်လေယာဉ်နဲ့ ဗုံး ၈ လုံး ကြဲခဲ့တာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ အထိအခိုက် ရှိ/မရှိတော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

    မိုးဗြဲမြို့နယ်ထဲက ကာကင်းစခန်း ၂ ခုကိုတော့ တော်လှန်ရေးတပ်ပေါင်းစု(JOC)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နဲ့ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    အဲဒီတိုက်ပွဲကနေ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၆ ချေမှုန်းရေးဆုရ တံဆိပ်ပြားကိုလည်း တွေ့ရပြီး စစ်သုံ့ပန်း ၂ ယောက်ကိုလည်း ဖမ်းဆီးရမိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာစတင်ပြီး မြို့တော်လွိုင်ကော်ကို သိမ်းဖို့ ရည်မှန်းတဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီတပ်ပေါင်းစုတွေက ကယား (ကရင်နီ)တလွှားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ဆက်နေတဲ့မြို့တွေကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ပါတယ်။

    အဲဒီစစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့ပေါ် ရပ်ကွက်အများစုကို ကရင်နီ ပူးပေါင်းအဖွဲ့တွေက သိမ်းခဲ့ပြီး မြို့တစ်ခုလုံးကိုတော့ သိမ်းနိုင်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ရှမ်းတောင်ထဲက မိုးဗြဲမြို့ကိုတော့ စစ်ဆင်ရေးစတဲ့ နိုဝင်ဘာလမှာပဲ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

    ဒါပေမဲ့ စစ်တပ်က မိုးဗြဲမြို့ကို ၆ လနီးပါးကြာ တိုက်ယူပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ သိမ်းလိုက်ပြီလို့ စစ်တပ်ဘက်က အဲဒီတုန်းက သတင်းထုတ်ခဲ့ပါတယ်။

  5. တောင်ကိုရီးယားအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရတာကို စုံစမ်းဖို့ သမ္မတပြော

    ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်း အချိန်မတိုင်ဘဲ စောပြီး နုတ်ထွက်ခဲ့ရတယ်လို့ ယူဆတာကြောင့် ဒီအခြေအနေကို စုံစမ်းဖို့ သမ္မတက ပြောနေချိန်မှာပဲ အသင်းနည်းပြ ဟွန်မြောင်ဘို ရာထူးကနေ နုတ်ထွက်သွားပါတယ်။

    တောင်ကိုရီးယားအသင်းဟာ အုပ်စုတတိယအကောင်းဆုံးအသင်းအနေနဲ့ ၃၂ သင်း ရှုံးထွက်အဆင့်အထိ တက်ဖို့ မျှော်လင့်ထားတာဖြစ်ပေမဲ့ နောက်တစ်ဆင့် မတက်နိုင်ခဲ့ပါဘူး။

    အခုလိုအစောပိုင်းမှာ စောစောနုတ်ထွက်ခဲ့ရတာကြောင့် တောင်ကိုရီးယားနိုင်ငံထဲ ဝေဖန်သံ ညံခဲ့သလို သမ္မတ အီဂျေမြောင်က အသင်းရဲ့စိတ်ပျက်စရာ ဘောလုံးစွမ်းရည် ဘယ်လိုဖြစ်ခဲ့ရတာလဲဆိုတာကို စုံစမ်းဖို့ တိုက်တွန်းနေပါတယ်။

    နည်းပြဟောင်ကတော့ ဒါတွေအားလုံးဟာ နည်းပြဖြစ်တဲ့ သူ့မှာတာဝန်ရှိတယ်လို့ ပရိသတ်ကို တောင်းပန်စကား ဆိုပါတယ်။

    ဖီဖာရဲ့အမျိုးသား ဘောလုံးအသင်းအဆင့်မှာ ၃၂ သင်းအဆင့်မှာ ရှိနေပြီး ဆန်ဟောင်မင် ဦးဆောင်တဲ့တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး အုပ်စုအဆင့် တတိယနေရာမှာ ရောက်နေတာဖြစ်ပါတယ်။

    ကြာသပတေးနေ့တုန်းကပွဲမှာတော့ တောင်ကိုရီးယားဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ တောင်အာဖရိကအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

    နည်းပြဟောင်ကတော့ မက္ကဆီကိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ''ကျွန်တော်တို့ ပရိသတ်လိုချင်တဲ့ရလဒ်မျိုးကို မစွမ်းဆောင်ပေးနိုင်ခဲ့ဘူး''လို့ တနင်္ဂနွေနေ့တုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ဟောင်ဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်းကို ကမ္ဘာ့ဖလား အကြို ဗိုလ်လုပွဲအထိ တက်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

    ဒါပေမဲ့ သူ့ကို ၂၀၁၄ ခုနှစ်တုန်းကလည်း တောင်ကိုရီးယားအမျိုးသားအသင်းရဲ့နည်းပြအဖြစ် တာဝန်ပေးခံရတဲ့အခါဟာ အသင်းဟာ တစ်ပွဲမှ မနိုင်ဘဲ အုပ်စုအဆင့်ကနေ ဆက်မတက်နိုင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတာတွေ ရှိပါတယ်။

    တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံခြားသားနည်းပြတွေ ခန့်အပ်ဖို့လုပ်တဲ့အခါ စိစစ်မှု တင်းတင်းကျပ်ကျပ်လုပ်လေ့ ရှိတာကြောင့် ဟောင်ကို နည်းပြခန့်တာဟာ သူတို့မိတ်ဆွေကို ရာထူးပေးလိုက်တာလို့ဆိုပြီး ဘောလုံးပရိသတ်အများစုက ဝေဖန်ပါတယ်။

    လက်ရှိဟာ ဟောင်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုကိုလည်း ရထားတာကြောင့် သူ ပြည်တွင်းကို ပြန်ဝင်တဲ့အခါ လေဆိပ်မှာ လုံခြုံရေး စောင့်ကြပ်သွားမယ်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောပါတယ်။

  6. ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးလှိုင် ကစထ (၃) မှူးအဖြစ် ရာထူးတိုး, ရဲချုပ်သစ် ခန့်အပ်

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ကို စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၃)မှူးအဖြစ် ရာထူးတိုးခန့်အပ်လိုက်ပြီး ရဲချုပ်သစ်အဖြစ် စစ်တက္ကသိုလ် အပတ်စဉ် (၃၀) ဆင်း ရဲဗိုလ်ချုပ် (၁) ရဲမှူးချုပ် ဝင်းဗိုလ်ကို ခန့်အပ်လိုက်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ရဲဗိုလ်ချုပ် (၁) ရဲမှူးချုပ် ဝင်းဗိုလ်ရဲ့နေရာကို ရဲရေးချုပ် ရဲဗိုလ်ချုပ် ဝင်းမင်းသိန်းက ဆက်ခံမှာဖြစ်ပြီး ရဲဗိုလ်ချုပ် (၂)အဖြစ် ရဲဗိုလ်ချုပ် မျိုးမင်းထိုက်ကို ရာထူးတိုးခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။

    နေပြည်တော်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လူယုံတစ်ဦးဖြစ်ခဲ့သလို တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့လည်း ဆက်ဆံရေးကောင်းမွန်တာကြောင့် တပ်ဘက်ကို ပြန်လည်ခန့်အပ်ပြီး ကစထ (၃) မှူးရာထူး ပေးလိုက်တာဟာ ရာထူးတိုးမြှင့်မှုလို့ ဆိုနိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

    ရဲဗိုလ်ချုပ် (၂) ဖြစ်လာတဲ့ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေရာသို့ ရွှေ့ပြောင်းထားကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့တဲ့သတင်းထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ရဲအရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။

  7. ယူဂန္ဓာမှာ စစ်ဦးစီးချုပ်အမိန့်နဲ့ ထိပ်တန်းမီဒီယာသတင်းဌာနတွေကို ပိတ်ပစ်လိုက်

    ယူဂန္ဓာနိုင်ငံမှာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာတိုက်တွေ ပိတ်ပစ်ဖို့ သမ္မတ ယိုဝါရီ မူဆီဗန်နီရဲ့သားဖြစ်သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက ညွှန်ကြားခဲ့အပြီးမှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာ အုပ်စုကြီးက စစ်တပ်ရဲ့ သိမ်းပိုက်မှုအောက် သူတို့ ရောက်နေပြီလို့ ပြောပါတယ်။

    Daily Monitor သတင်းစာက ကမ်ပါလာမြို့တော်မှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်အပြင်ဘက်မှာ လက်နက်ကိုင် စစ်သားတွေ နေရာယူထားပြီး NTV နဲ့ Spark TV ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေရပ်ဆိုင်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

    အဲဒီသတင်းဌာနတွေဟာ အရှေ့အာဖရိကဒေသက သြဇာအရှိန်အဝါ အကြီးမားဆုံး သတင်းမီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ Nation Media Group ပိုင် သတင်းဌာနတွေ ဖြစ်ပါတယ်။

    ဘာကြောင့် အခုလိုစီးနင်းမှုတွေ လုပ်ခဲ့တာလဲဆိုတာကို အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မူဟူးဇီ ကိုင်နာရူဂါဘာက သတင်းလွတ်လပ်ခွင့်ဆိုတာကို သူ့အနေနဲ့ မယုံကြည်ကြောင်းနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုအတိုင်းသာ စာနယ်ဇင်းသတင်းသမားတွေက လိုက်နာသင့်တယ်ဆိုပြီး X ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ် တင်ထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  8. ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် - တောင်အာဖရိက ၀ - ၁ ကနေဒါ

    ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်ပွဲမှာ ကနေဒါက ပွဲကစားချိန် နောက်ဆုံးမိနစ်ရောက်မှ တောင်အာဖရိကကို ၁ ဂိုးသွင်းပြီး ကပ်နိုင်သွားပါတယ်။

    နှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလားမှာ ဒီအဆင့်အထိ မတက်ဖူးကြပါဘူး။ ဒါပေမဲ့ ရှုံးထွက်ပွဲကို ပွဲဦးထွက် ကန်ခဲ့ကြရတာဖြစ်ပါတယ်။

    ကနေဒါအတွက် နောက်ဆုံးမိနစ်မှရတဲ့ ဂိုးကို စတီဖင် ယူစတက်ကီယိုက သွင်းယူခဲ့တာဖြစ်ပါတယ်။

    ကနေဒါဟာ မော်ရိုကိုနဲ့ နယ်သာလန်တို့ ရှုံးထွက်ပွဲကနေ တက်လာမယ့်အသင်းနဲ့ ၁၆ သင်းအဆင့်မှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

    ၃၂ သင်းအဆင့် ရှုံးထွက်ပွဲတွေကို ဘာကြောင့် စောင့်ကြည့်သင့်လဲ။ အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. ပုလဲမောင် သတ်ဖြတ်ခံရမှုနဲ့ ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆို

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်တယ်လို့ မြေပြင်စစ်‌ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ယင်းမာပင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက စစ်ဆေးမှုကို အမှတ် ၁ စစ်ဒေသမှာပြုလုပ်မယ်လို့ သိထားရကြောင်းပြောပြီး PDF စစ်ရုံးချုပ်နဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးမယ်လို့ သိရှိရကြောင်း ပြောဆိုကြပါတယ်။

    ယင်းမာပင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူရဲ့ပြောကြားချက်အရ လက်ရှိမှာ ဗိုလ်စွမ်းသူမောင်အပါအဝင် အဖွဲ့ဝင်တချို့ကို လက်နက်ဖြုတ်သိမ်းထားပြီး တာဝန်ကနေ ယာယီရပ်နားထားတယ်လို့ဆိုပါတယ်။

    စစ်ကိုင်းတိုင်းစစ်ဌာနရင်းမြစ်ရဲ့အပြောအရ စစ်ရုံးအမိန့်အရ ယင်းမာပင်ခရိုင် စစ်ဌာန ကွပ်ကဲရေးမှူး စွမ်းသူမောင် အပါ ၇ ဦးကို ရာထူးချ တာဝန်ရပ်ဆိုင်းထားပြီး ဇူလိုင် ၁ ရက် အရောက် စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးခံရမယ်လို့ဆိုပါတယ်။

    ယင်းမာပင်ခရိုင် ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တာဝန်ရှိသူကတော့ ဗိုလ်စွမ်းသူမောင်ရဲ့ အမှုအခြေအနေအသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားမှာဖြစ်ပြီး သူတို့အနေနဲ့ လတ်တလော ဖြေကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

    ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေတယ်ဆိုတာနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ဇွန် ၂၆ ရက်က ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ဗိုလ်စွမ်းသူမောင်ရဲ့တပည့်ဖြစ်သူ ငဖြိုးဆိုသူက သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနေ့ညပိုင်းမှာပဲ ပစ်ခတ်သူကို ဖမ်းဆီးလိုက်ပြီး ငဖြိုးဆိုသူကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင်စစ်ဌာန လက်အောက်ရှိ အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    တပ်ရင်း ၆ တပ်ရင်းမှူး သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တရားမျှတမှု ရရှိရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ ခရိုင်တပ်ရင်းတွေက တောက်လျှောက်တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

    တချိန်တည်းမှာပဲ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်အခြေချတဲ့ စခန်းနေရာကို ဇွန် ၂၈ ရက် ညပိုင်းက စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

    သူ့အပြောအရ ယင်းမာပင်ခရိုင်ကွပ်ကဲရေးတပ်ဖွဲ့ဝင်တချို့က ကနီမြို့နယ်၊ ချောင်းမကြီးကျေးရွာဘက်ကို သွားရောက်ချိန်မှာ ဖမ်းဆီးခံလိုက်ရပြီးနောက် လေကြောင်းဗုံးကြဲခံရတာလို့ဆိုပါတယ်။

    ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးစခန်းဝန်းကျင်အနီး လေကြောင်းဗုံးကြဲခံရတယ်ဆိုတဲ့ ဖြစ်စဥ်အသေးစိတ်နဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

  10. မင်္ဂလာပါ။ ဇွန် ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။