ကမ္ဘာ့ရာသီဥတုဖြစ်စဉ် အယ်နီညိုကြောင့် မြန်မာမှာ အပူချိန်မြင့်၊ ရေရှားနိုင်
ကမ္ဘာ့ရာသီဥတုဖြစ်စဉ် အယ်နီညိုဟာ လာမယ့်ဇွန်လမှာ စတင်ကူးပြောင်းမှာဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်တာနဲ့ ရေရှားပါးမှုမျိုးလို ပြဿနာတွေ ကြုံလာရနိုင်တယ်လို့ မိုးဇလပညာရှင်တွေက သတိပေးလိုက်ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ အယ်နီညိုဖြစ်စဉ်ဟာ လက်ရှိဖြစ်နေတဲ့ ပုံမှန်ရာသီဥတုကနေ ဇွန်လမှာ အားအနည်းငယ်နဲ့ ဝင်ရောက်ရာကနေ နှစ်ကုန်ပိုင်းမှာ ပိုအားကောင်းလာမယ်လို့ ဒီနေ့ သတိပေးထုတ်ပြန်ပါတယ်။
အယ်နီညို အားကောင်းတဲ့အဆင့်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာတွေမှာ ရောက်ရှိနိုင်တာကြောင့် မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ သာမက ညအပူချိန်တွေပါ မြင့်တက်နိုင်တယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။
“ဇွန်မှာ အယ်နီညို အားပျော့နေမှာဖြစ်တဲ့အတွက် ဒီနှစ်မိုးကတော့ ဆက်ရနေဦးမယ်။ သိသာလာမှာက နိုဝင်ဘာ၊ ဒီဇင်ဘာ ဆောင်းရာသီမှာ မအေးတော့ဘဲ အပူချိန်တွေတက်မယ်။ မိုးက တစ်နေရာမှာရွာပြီး တစ်နေရာမှာ ခေါင်နေတာမျိုး၊ တနေရာတည်းမှာ အချိန်ခဏလေးအတွင်း သွန်ချသလို မိုးကြီးတာမျိုး ဖြစ်နိုင်တယ်” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
အယ်နီညို ရာသီဥတုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်နေတာဆိုပေမဲ့ အကျိုးသက်ရောက်မှုအနေနဲ့ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်တာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာ၊ မိုးခေါင်ရေရှားတာတွေ စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးပါတယ်။
ဒါ့ကြောင့် စိုက်ပျိုးရေးနဲ့ သောက်သုံးရေတွေအတွက် ရေသိုလှောင်ထားဖို့ ၊ အပူချိန်မြင့်တက်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်ကာကွယ်ဖို့လည်း နှိုးဆော်ထားပါတယ်။
အားကောင်းတဲ့ အယ်နီညို ဖြစ်စဉ်တွေဟာ ကမ္ဘာပေါ်မှာ ၁၉၇၂-၇၃ ခုနှစ် ၊ ၁၉၈၂-၈၃ခုနှစ် ၊ ၁၉၉၇-၉၈ ခုနှစ်၊ ၂၀၁၆-၂၀၁၆ ခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့ပြီး လာမယ့် ၂၀၂၆-၂၇ ခုနှစ်မှာတော့ ဘယ်လောက်အထိ အားကောင်းပြင်းထန်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။