တိုက်ရိုက်ထုတ်လွှင့်မှု, အင်အားကြီးနိုင်ငံတချို့ စစ်ရေးအရလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြော

(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို မနေ့က အွန်လိုင်းက ကျင်းပပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပထမဆုံးအကြိမ်တက်တဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် မေ ၂၂ ရက် နိုင်ငံတဝန်းနဲ့ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ချင်းတောင်ပိုင်းကို စစ်ရေးဖိအားပေးလာတဲ့ စစ်တပ်က ဒီမနက် ကန်ပက်လက်မြို့ကို လေကြောင်း ၄ ကြိမ်တိုက်၊ ချင်းမြောက်ပိုင်းက ရိဒ်ခေါဒါကုန်သွယ်ရေးမြို့လုံခြုံရေးအတွက် ချင်းကာကွယ်ရေးတပ်က လိုင်တွီး-ရိဒ်ခေါဒါလမ်းပိုင်းကို ဖြတ်သန်းခွင့်ကန့်သတ်
  • ကျူးဘားနိုင်ငံဟာအမေရိကန် ပြည်ထောင်စုအတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုလို့ဆိုတဲ့ ရူဘီယိုရဲ့အပြောကို စစ်ရေးအရ ရန်လိုကျူးကျော်မှုလုပ်ဖို့လှုံဆော်နေတာလို့ ကျူးဘားနိုင်ငံခြားရေး၀န်ကြီးတုံ့ပြန်
  • အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၊ ဖက်ဒရယ်ယူနစ်တွေနဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးနဲ့ မဟာဗျူဟာမြောက်စစ်ဆင်ရေးကိစ္စတွေကို ဆွေးနွေး
  • အယ်နီညိုဟာ လာမယ့်ဇွန်လမှာ စတင်ကူတးပြောင်းမှာဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်တာနဲ့ ရေရှားပါးမှုမျိုးလို ပြဿနာတွေ ကြုံလာရနိုင်
  • အင်အားကြီးနိုင်ငံတွေအနေနဲ့ နိုင်ငံတွေကို ချုပ်ကိုင်နိုင်ဖို့အတွက် ထောက်ပံ့ကူညီပေးမှုတွေကတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့အသွင်မျိုးစုံနဲ့ ချဉ်းကပ်ဆောင်ရွက်နေတယ်လို့ တပ်ချုပ်သစ်ပြော
  • ခင်ဦးမြို့နယ်ထဲက ရွာစဥ်ရွာကို မနေ့ညက စစ်တပ်ရဲ့ တိုက်လေယာဥ်၊ အသေခံဒရုန်းတို့နဲ့ တိုက်ခိုက်တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ခင်ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ အိမ် ၂၀ ကျော်ပျက်စီး

    အမိုးပွင့်ပျက်စီးနေတဲ့အိမ်၊ အဆောက်အဦးအပျက်အစီးတွေကြား သေဆုံးနေတဲ့ နွားတစ်ကောင်

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, ခင်ဦးမြို့နယ်၊ ရွာစဥ်ရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး အခြေအနေမြင်ကွင်း

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာစဥ်ရွာကို မနေ့ညက စစ်တပ်ရဲ့ တိုက်လေယာဥ်၊ အသေခံဒရုန်းတို့နဲ့ တိုက်ခိုက်တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသေဆုံးတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က မေ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

    မန္တ‌လေး၊ တံတားဦးလေဆိပ်က တက်တဲ့ တိုက်လေယာဥ်တစ်စီးနဲ့ ရွှေဘိုအခြေစိုက် အမှတ်(၈)တပ်မ‌တော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက တက်တဲ့ အသေခံဒရုန်း နှစ်စီးတို့က ည ၉ နာရီအချိန်မှာ တိုက်ခိုက်တာလို့ မြို့နယ်ပအဖက ဆိုပါတယ်။

    မနေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄ ဦးအပြင် ပြင်းထန်ဒဏ်ရာရသူ တချို့လည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြပါတယ်။

    ရွာစဥ်ရွာက လူနေအိမ် ၂၀ လည်း မီးလောင်တာနဲ့ ပြိုပျက်တာတွေရှိကို ပအဖကထုတ်ပြန်တဲ့ ဓာတ်ပုံမှာတွေ့ရပါတယ်။

    မနေ့က နေ့လယ်ပိုင်းမှာလည်း အမှတ်(၈)တပ်မ‌တော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေပဲ အသေခံဒရုန်း ၂ စီးနဲ့ ခင်ဦးမြို့နယ်ထဲကို ဗုံးသီးချတိုက်ခိုက်တာကြောင့် အဆောက်အဦတချို့ ပျက်စီးတယ်လို့ မြို့နယ်ပအဖက ပြောပါတယ်။

    မြို့နယ်ပအဖကတော့ စစ်တပ်ရဲ့လေကြောင်းဖိအားပေးနေတဲ့အခြေအနေကြောင့် အရပ်သားတွေ အနေနဲ့ လေကြောင်းသတိပေးချက်ကို သတိထားဖို့၊ ဗုံးခိုကျင်းတူးဖော်ဖို့နဲ့ ဗုံးခိုကျင်းထဲ ကြိုတင် ရှောင်ကြဖို့ သတိပေးထားပါတယ်။

    စစ်တပ်စစ်ကြောင်းဟာ ဒီလထဲမှာ ရွှေဘိုနဲ့ ဒီပဲယင်းနယ်ထဲကို စစ်မှုထမ်းအင်အားသုံးပြီး ဝင်ရောက်နေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အရပ်သားလုံခြုံရေးသတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။

    ဒီပဲယင်းမြို့နယ်၊ မုံရွာ-ရေကြီးလမ်းမကြီးပေါ်က စိုင်ပြင်ရွာအခြေစိုက် နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာနက မေလထဲမှာ သိမ်းထားပါတယ်။

  2. အင်အားကြီးနိုင်ငံတချို့ စစ်ရေးအရလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြော

    အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးတက်နေတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး။ တဖက်တချက်စီမှာ မြန်မာအလံနဲ့ အာဆီယံအလံကိုတွေ့ရပြီး နောက်ခံနံရံမှာ တပ်မတော်အမှတ်တံဆိပ်ရှိနေပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, cincds

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး ရဲဝင်းဦး

    (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို မနေ့က အွန်လိုင်းက ကျင်းပပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပထမဆုံးအကြိမ် တက်ရောက်ပါတယ်။

    မြန်မာနိုင်ငံရဲ့ ဆွေးနွေးမှုအလှည့်မှာ အင်အားကြီးနိုင်ငံအချို့ဟာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံငယ်တွေကို လွှမ်းမိုးဖို့ နိုင်ငံရေး၊ စီးပွားရေးသာမကဘဲ စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက်အပြိုင်ကြိုးပမ်းလုပ်ဆောင်လာနေတယ် လို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။

    အင်အားကြီးနိုင်ငံတွေအနေနဲ့ နိုင်ငံတွေကို ချုပ်ကိုင်နိုင်ဖို့အတွက် ထောက်ပံ့ကူညီပေးမှုတွေကတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့အသွင်မျိုးစုံနဲ့ ချဉ်းကပ်ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ သူကပြောပါတယ်။

    အစည်းအဝေးကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ တီမောနဲ့ ဗီယက်နမ်တို့က စစ်တပ်အကြီးအကဲတွေပါ တက်ရောက်ခဲ့ကြပါတယ်။

    ဒီနှစ်‌အစည်းအဝေး ဆောင်ပုဒ်က “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့အတူလက်တွဲဆောင်ရွက်ကြပါစို့ (Securing Our Future, Together)”ဖြစ်ပါတယ်။

    ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်တပ်မတော်စစ်ဦးစီးချုပ်ကအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့်စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီဥက္ကဋ္ဌတာဝန်တွေ လွှဲပြောင်းပေးခဲ့ပါတယ်။

    ဒါ့အပြင် ဆက်စပ်အစည်းအဝေးတွေဖြစ်တဲ့ (၁၆) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး၊ တတိယအကြိမ် အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း ခေါင်းဆောင်များညီလာခံနဲ့ (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးတွေကိုလည်း အွန်လိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

  3. ကမ္ဘာ့ရာသီဥတုဖြစ်စဉ် အယ်နီညိုကြောင့် မြန်မာမှာ အပူချိန်မြင့်၊ ရေရှားနိုင်

    ကမ္ဘာ့ရာသီဥတုဖြစ်စဉ် အယ်နီညိုဟာ လာမယ့်ဇွန်လမှာ စတင်ကူးပြောင်းမှာဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်တာနဲ့ ရေရှားပါးမှုမျိုးလို ပြဿနာတွေ ကြုံလာရနိုင်တယ်လို့ မိုးဇလပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ အယ်နီညိုဖြစ်စဉ်ဟာ လက်ရှိဖြစ်နေတဲ့ ပုံမှန်ရာသီဥတုကနေ ဇွန်လမှာ အားအနည်းငယ်နဲ့ ဝင်ရောက်ရာကနေ နှစ်ကုန်ပိုင်းမှာ ပိုအားကောင်းလာမယ်လို့ ဒီနေ့ သတိပေးထုတ်ပြန်ပါတယ်။

    ကမ္ဘာမြေပုံပေါ်မှာ အဝါ၊ အပြာ၊ အစိမ်း အရောင်တွေနဲ့ ခွဲခြားပြထားတဲ့ ရာသီအလိုက် အယ်နီညိုဖြစ်စဥ်ဂရပ်ဖစ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Met Office

    အယ်နီညို အားကောင်းတဲ့အဆင့်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာတွေမှာ ရောက်ရှိနိုင်တာကြောင့် မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ သာမက ညအပူချိန်တွေပါ မြင့်တက်နိုင်တယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

    “ဇွန်မှာ အယ်နီညို အားပျော့နေမှာဖြစ်တဲ့အတွက် ဒီနှစ်မိုးကတော့ ဆက်ရနေဦးမယ်။ သိသာလာမှာက နိုဝင်ဘာ၊ ဒီဇင်ဘာ ဆောင်းရာသီမှာ မအေးတော့ဘဲ အပူချိန်တွေတက်မယ်။ မိုးက တစ်နေရာမှာရွာပြီး တစ်နေရာမှာ ခေါင်နေတာမျိုး၊ တနေရာတည်းမှာ အချိန်ခဏလေးအတွင်း သွန်ချသလို မိုးကြီးတာမျိုး ဖြစ်နိုင်တယ်” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

    အယ်နီညို ရာသီဥတုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်နေတာဆိုပေမဲ့ အကျိုးသက်ရောက်မှုအနေနဲ့ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်တာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာ၊ မိုးခေါင်ရေရှားတာတွေ စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးပါတယ်။

    ဒါ့ကြောင့် စိုက်ပျိုးရေးနဲ့ သောက်သုံးရေတွေအတွက် ရေသိုလှောင်ထားဖို့ ၊ အပူချိန်မြင့်တက်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်ကာကွယ်ဖို့လည်း နှိုးဆော်ထားပါတယ်။

    အားကောင်းတဲ့ အယ်နီညို ဖြစ်စဉ်တွေဟာ ကမ္ဘာပေါ်မှာ ၁၉၇၂-၇၃ ခုနှစ် ၊ ၁၉၈၂-၈၃ခုနှစ် ၊ ၁၉၉၇-၉၈ ခုနှစ်၊ ၂၀၁၆-၂၀၁၆ ခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့ပြီး လာမယ့် ၂၀၂၆-၂၇ ခုနှစ်မှာတော့ ဘယ်လောက်အထိ အားကောင်းပြင်းထန်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

    ပစိဖိတ်သမုဒ္ဒရာရဲ့ ရေပူ၊ ရေအေးစီးကြောင်းနဲ့ ရွှေ့လျားပုံ ဂရပ်ဖစ်

    ဓာတ်ပုံ ရင်းမြစ်, NOAA

  4. NUG ဝန်ကြီးအဖွဲ့အစည်းအဝေး ဘာတွေဆွေးနွေးလဲ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, NUG

    ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၊ ဖက်ဒရယ်ယူနစ်တွေနဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးနဲ့ မဟာဗျူဟာမြောက်စစ်ဆင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ NUG က မေ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒီတွေ့ဆုံမှုဟာ ဒီနှစ်အတွင်း NUG အစိုးရအဖွဲ့ဝင်တွေ ပထမဆုံး တစုတစည်းထဲ လူချင်းတွေ့ဆုံ ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

    နိုင်ငံရေး၊ စစ်ရေးအပြင် ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စ ရပ်တွေလည်း NUG အစိုးရအဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    ဆွေးနွေးပွဲကို NUG ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးလွင်ကိုလတ်၊ ဦးစိုးသူရထွန်း၊ ဒေါက်တာရွှေပုံ၊ ဂျာထွယ်ပန်အပြင် ဒုဝန်ကြီးတွေဖြစ်တဲ့ နိုင်ကောင်းရွက်၊ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ ဒေးဗစ်ဂွမ်အောင်တို့လည်း တက်ခဲ့တယ်လို့ ထုတ်ပြန်ပါ တယ်။

    နောက်ထပ် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးတင်ထွန်းနိုင်၊ ဦးအောင်မျိုးမင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ မြန်မာ့နွေဦးဘဏ်တာဝန်ရှိသူတွေကိုတော့ NUG ဝန်ကြီးချုပ်က သီးခြားတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

    ဆွေးနွေးချက်တွေကို အသေးစိတ်သိရဖို့ ဘီဘီစီက NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

  5. ကျူးဘားဟာအမေရိကန်အတွက်အန္တရာယ်လို့ရူဘီယိုပြော

    ကောင်းကင်နောက်ခံနဲ့ ရူဘီယိုက လက်ညှိုးထိုးစကားပြောနေတဲ့ အနီးကပ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယို(ပုံဟောင်း)

    ကျူးဘားနိုင်ငံဟာအမေရိကန် ပြည်ထောင်စုအတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုဖြစ်ပြီးငြိမ်းချမ်းတဲ့သဘောတူညီမှုရဖို့အလားအလာမများဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုကပြောလိုက်ပါတယ်။

    ၁၉၉၆ခုနှစ်မှာ အမေရိကန်နိုင်ငံသားတွေသေဆုံးခဲ့တဲ့ လေယာဥ်ပစ်ချခံရမှုနဲ့ဆက်စပ်ပြီးတော့ ကျူးဘားခေါင်းဆောင်ရာအူးကက်စရိုကို အမေရိကန်အစိုးရက တရားစွဲဆိုပြီးတစ်ရက်အကြာမှာအခုလိုပြောခဲ့တာဖြစ်ပါတယ်။

    အမေရိကန်အစိုးရဟာသံတမန်ရေးဖြေရှင်းမှုကိုလိုလားပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ သူ့နိုင်ငံကိုခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့အခွင့်အရေးနဲ့တာဝန်ရှိတယ်လို့ရူဘီယိုက ပြောခဲ့ပါတယ်။

    ရူဘီယိုဟာမဟုတ်တာတွေ ပြောနေပြီး ကျူးဘားဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှု ဘယ်တော့မှ မဟုတ်ဘူးလို့ ကျူးဘားနိုင်ငံခြားရေး၀န်ကြီးဘရူနို ရိုဒရီဂတ်စ်က တုံ့ပြန်ပါတယ်။

    ရူဘီယိုဟာစစ်ရေးအရ ရန်လိုကျူးကျော်မှုလုပ်ဖို့လှုံဆော်နေတာဖြစ်ပြီးအမေရိကန်ဟာ သူ့နိုင်ငံကို ရက်ရက်စက်စက်နဲ့ စနစ်တကျ တိုက်ခိုက်ခဲ့တယ်လို့ ကျူးဘားနိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။

    စွဲဆိုထားတဲ့ပြစ်မှုတွေနဲ့ ပတ်သက်လို့ ကက်စထရိုကို အမေရိကန်ကို ခေါ်ဆောင်လာဖို့ ရှိမရှိ မေးမြန်းတဲ့အခါ ရူဘီယိုက "ကျွန်တော် သူ့ကို ဒီကို ခေါ်လာဖို့ ပြောနေတာ မဟုတ်ဘူး၊ ခေါ်ဖို့ အစီအစဉ်ရှိရင် မီဒီယာကို ပြောနေမှာ မဟုတ်ဘူး"လို့ ပြောပါတယ်။

  6. ကန်ပက်လက်မြို့ကို တိုက်လေယာဉ်နဲ့ ၄ ကြိမ်ဗုံးကြဲ, ရိဒ်ခေါဒါ-လိုင်တွီးလမ်း ဖြတ်သန်းခွင့်ကန့်သတ်

    မေလအတွင်း စစ်တပ်က ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နဲ့ ကပ်လျက် မင်းတပ်မြို့ကို လေကြောင်းဗုံးကြဲဖို့ အသုံးပြုတဲ့ တိုက်လေယာဥ်ပျံသန်းနေတဲ့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, HKL Mindat

    ဓာတ်ပုံ ပုံစာ, မေလအတွင်း စစ်တပ်က ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နဲ့ ကပ်လျက် မင်းတပ်မြို့ကို လေကြောင်းဗုံးကြဲဖို့ အသုံးပြုတဲ့ တိုက်လေယာဥ်ပျံသန်းနေတဲ့ အခြေအနေ

    ချင်း-မကွေးအစပ်မြို့နယ်ဖြစ်တဲ့ ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့ကို စစ်တပ်က ဒီမနက် ၂ နာရီဝန်းကျင်မှာ တိုက်လေယာဥ် ၂ စီးနဲ့ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်နဲ့ ဝေဟင်လေကြောင်းကင်းထောက်တို့ကနေ သိရပါတယ်။ စစ်တပ်က ချင်းတောင်ပိုင်းကို ပြန်လည်စိုးမိုးရေးအတွက် လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းတပြိုင်နက်ထိုးစစ်ဆင်နေတာပါ။

    ကန်ပက်လက်မြို့ကို မနေ့က မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်း ၄ ကြိမ်တိုက်ခဲ့ပါတယ်။ မနေ့ကနဲ့ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးတဲ့ အခြေအနေကို‌တော့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

    စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်း နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ကန်ပက်လက်မြို့ရဲ့ နှစ်မိုင် အကွာမှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘီဘီစီကို ပြောထားတာပါ။ ချင်းတောင်ပိုင်းကို ဦးတည်တဲ့ အင်အား ၈၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းကလည်း ပေါက် ကပစ ၂၄ ကနေ ပုံတောင် တောင်ခြေက ကျောက်တံခါးရွာကို မနေ့က ညနေပိုင်းမှာ ဝင်ရောက်လာတယ်လို့ မြေပြင် အခြေအနေသိရှိသူက ပြောပါတယ်။

    ချင်းမြောက်ပိုင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်က ကုန်သွယ်ရေးမြို့ ရိဒ်ခေါဒါကို တီးတိန်ကနေ စစ်ကြောင်းလာနိုင်တဲ့ လိုင်တွီး-ရိဒ်ခေါဒါလမ်းပိုင်းကို CDF ဟွာလ်းငိုးရမ်းက ဖြတ်သန်းခွင့်ကန့်သတ်လိုက်ပါတယ်။ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် မနက် ၆ နာရီကနေ ၁၀နာရီ၊ ညနေ ၅ နာရီကနေ ၉ နာရီအထိသာ အရပ်သားတွေ ဖြတ်သန်းဖို့ မနေ့က ထုတ်ပြန်ပါတယ်။

    ချင်းမြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ ဟားခါး၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေကို ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဘက်က ထုတ်ပြောထားပါတယ်။

  7. မင်္ဂလာပါ။ မေ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။