ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - လူသတ်မှုကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို လောက်ကိုင်မှာ ကိုးကန့် သေဒဏ်ပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ လူသတ်မှု ကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို မနေ့ ဇွန်လ ၁၃ ရက်မှာ သေဒဏ်စီရင်လိုက်တယ်လို့ ကိုးကန့်သတင်းကွန်ရက်က သတင်းထုတ်ပါတယ်။
အဲဒီ ၄ ဦးကို မြို့ခံလူထုကြား လှည့်လည်ပြသတာတွေ လုပ်ခဲ့ပြီးမှာ ကိုးကန့်မြို့ပေါ်က တုံချိန်ရပ်ကွက်မှာ သေနတ်နဲ့ သေဒဏ်စီရင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြစ်မှုကျူးလွန်တယ်လို့ဆိုသူ တရားခံ ၃ ဦးထဲက လူသတ်မှုကျူးလွန်သူ ၁ ဦးကိုတော့ သေဒဏ်ချမှတ်ခဲ့ပြီး အဲဒီသေဒဏ်ကို ၂ နှစ်ဆိုင်းငံ့ထားမယ်လို့ အမိန့်ချလိုက်ပါတယ်။ ကျန် ၂ ဦးကိုတော့ ထောင်ဒဏ် ၇ နှစ်နဲ့ ၁၂ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။
ကိုးကန့်တပ်ဟာ သူထိန်းချုပ်တဲ့နယ်မြေထဲ လူသတ်မှုအပါအဝင် ရာဇဝတ်မှု ကျူးလွန်တယ်လို့ဆိုတဲ့ လူ စုစုပေါင်း ၉ ဦးကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သေဒဏ် စီရင်ခဲ့တယ်ဆိုတာကို ကိုးကန့်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။
ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ သိမ်းယူခဲ့တဲ့ လောက်ကိုင်မြို့ကို ကိုးကန့် အထူးဒေသ ၁ ရဲ့ မြို့တော်အဖြစ် သတ်မှတ်ပြီး အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။
မေလ ၉ တုန်းကလည်း ကိုးကန့်တပ် အုပ်ချုပ်မှုအောက်က သိန္နီမြို့မှာ မူးယစ်ဆေးဝါးနဲ့ ခိုးမှုကျူးလွန်သူဆိုသူ ၅ ဦးကို ကိုးကန့်အာဏာပိုင်တွေက မြို့ထဲလှည့်လည်ပြသတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ကလေးမြို့နယ်ထဲက ရာဇဂြိုဟ်ရွာကို စစ်တပ်ပြန်သိမ်း
စစ်ကိုင်းအထက်ပိုင်း ကလေးမြို့နယ်ထဲက ရာဇဂြိုဟ်ရွာကို စစ်တပ်က မနေ့ ဇွန်လ ၁၃ ရက်က ပြန်ရသွားပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။
ရာဇဂြိုဟ်ရွာဟာ ကလေးမြို့နဲ့ ထိစပ်နေတဲ့ရွာဖြစ်ပြီးကလေးမြို့ကနေ မိနစ် ၄၀ ဝန်းကျင်လောက်သာ သွားရတဲ့ခရီးလို့ မြို့ခံတစ်ဦးကဆိုပါတယ်။
ရာဇဂြိုဟ်ရွာဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ခမ်းပတ်မြို့နဲ့လည်း မိုင် ၂၀ ကျော်ပဲ ဝေးပါတယ်။
စစ်တပ်က လက်ရှိ ရာဇဂြိုဟ်ရွာထဲမှာ တပ်စွဲထားပြီး အဲဒီရွာကနေ ခမ်းပတ်ဘက်ကို ထိုးစစ်ဆက်ဖော်ဖို့ ပြင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်လ်တွေမှာလည်း ရာဇဂြိုဟ်ရွာကို စစ်တပ်ပြန်ရပြီလို့ ရေးသားဖော်ပြနေကြတာ တွေ့ရပါတယ်။
မြန်မာစစ်တပ်က အိန္ဒိယ-မြန်မာနယ်စပ်က ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး-ခမ်းပတ်-တမူးလမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဇွန်လ ပထမအပတ်ထဲ သတင်းထုတ်ပြန်ထားပါတယ်။
တစ်ဖက် တမူးမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ စစ်ကိုင်းအထက်ပိုင်းအခြေစိုက်လှုပ်ရှားတဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တမူးမြို့နယ်ထဲက နန်းမွန်းတားရွာကို စစ်တပ်က သိမ်းပိုက်ခဲ့ပါတယ်။
"ခမ်းပတ်ကို ၂ ဖက်ညှပ်ထိုးမယ့်သဘော" လို့ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်က မနေ့က သိမ်းလိုက်တဲ့ ရာဇဂြိုဟ်ရွာရဲ့အနောက်ဘက်မှာ ချင်းပြည်နယ်ထဲက တီးတိန်နဲ့ တွန်းဇံမြို့တို့ရှိပြီး အဲဒီမြို့တွေကိုလည်း ပြီးခဲ့တဲ့မေလထဲမှာပဲ စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။
မြန်မာစစ်တပ်ကတော့ ရာဇဂြိုဟ်ရွာနဲ့ပတ်သက်ပြီး ဒီနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် မိုင်းလား သွားဖို့ရှိ
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ ရှမ်းပြည်နယ်၊ အထူးဒေသ ၄ မိုင်းလားကို လာမယ့်ရက်ပိုင်းအတွင်း သွားဖို့ရှိတယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။
NSPNC အနေနဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)တို့နဲ့ တွေ့ဆုံဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပန်ဆန်းအထိ ဆက်သွားမလားဆိုတာ အသေးစိတ်မသိရသေးဘဲ ဝ တပ်ဖွဲ့ နဲ့ ဘယ်မှာတွေ့မလဲဆိုတဲ့ အပေါ်မူတည်တယ်လို့ သိရပါတယ်။
NSPNC က နေပြည်တော်မှာ အလွတ်သဘောဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နဲ့ ဇွန် ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ 7 EAO Alliance (NCA-S EAOs) ၇ ဖွဲ့နဲ့လည်း နေပြည်တော်မှာ ၂ ရက်ကြာတွေ့ဆုံခဲ့ကြပါသေးတယ်။
အဲဒီတွေ့ဆုံပွဲတုန်းကတော့ နေပြည်တော်မှာ လွှတ်တော်ပေါ်လာပြီမို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အပစ်ရပ်အဖွဲ့ ၇ ဖွဲ့နဲ့တွေ့ဆုံချိန် ဆွေးနွေးခဲ့ကြတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေးအချက် ၄၀ ကျော်ကို လွှတ်တော်ကနေတဆင့် ပြင်ဆင်ဖို့ ကြိုးပမ်းမယ်လို့ NSPNC ဘက်က ပြောခဲ့ပါတယ်။