လူမြင်ကွင်းကပျောက်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလီရှန်းဖူ

ဓာတ်ပုံ ရင်းမြစ်, AFP

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ လူမြင်ကွင်းကနေပျောက်ကွယ်နေတာ သုံးပတ်နီးပါးရှိလာပြီဖြစ်တဲ့အတွက်သူ့ရဲ့ ရာထူးဆက်ရှိမှုနဲ့ ပတ်သက်ပြီးထင်ကြေးပေးမှုတွေရှိလာပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးလီရှန်းဖူ ကို တရုတ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်နေပြီး သူ့ကိုရာထူးကနေ အနားပေးထားတယ်လို့ အမေရိကန်အစိုးရအရာရှိတချို့ကို ကိုးကားပြီး နိုင်ငံတကာမီဒီယာတွေက ဖော်ပြနေကြပါတယ်။

'' ကာကွယ်ရေးဝန်ကြီး လီ နဲ့ပတ်သက်ပြီး မမြင်ရ ၊ မကြားရတာ သုံးပတ် ရှိပြီ ၊ သူ့ကိုနေအိမ်အကျယ်ချုပ်ထားထားတာဖြစ်နိုင်တယ်'' ဆိုပြီး ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးရမ်အီမန်နျူရယ်က သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားခဲ့တဲ့နောက်မှာ ဒီသတင်းကအချိန်တိုအတွင်းပျံ့နှံ့ခဲ့တာပါ။

ဒါဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း လူမြင်ကွင်းကနေ ရုတ်တရက်ပျောက်သွားပြီး ဇူလိုင်လမှာ ရာထူးကနေ ထုတ်ပယ်ခံရပြီးတဲ့နောက် တရုတ်အစိုးအရအဖွဲ့အတွင်းမတည်ငြိမ်မှုတွေဖြစ်လာနိုင်တဲ့ နောက်ဆုံးအခြေအနေတစ်ခုဖြစ်ပါတယ်။

မစ္စတာချင်ကန်း နေရာမှာ မစ္စတာဝမ်ယီကို အစားထိုးခန့်အပ်လိုက်တာဖြစ်ပြီး အဲဒီမတိုင်ခင်တစ်လလောက်ကတည်းက မစ္စတာ ချင်ကန်းကို လူမြင်ကွင်းမှာမတွေ့ခဲ့ရတော့ပါဘူး။

သူ့ကိုဘာကြောင့် ရာထူးကနေထုတ်ပယ်ခဲ့တာလဲဆိုတာကို ထုတ်ဖော်ရှင်းပြတာမျိုးလည်း မရှိပါဘူး။

မစ္စတာ လီ ဟာ ဂြိုလ်တု နဲ့ ဒုံးပျံလွှတ်တင်ရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာကာသဆိုင်ရာအင်ဂျင်နီယာတစ်ဦးအဖြစ်ကနေ စစ်တပ် နဲ့ တရုတ်အစိုးရရဲ့ နိုင်ငံရေးအထက်တန်းစားအလွှာထဲကို ရောက်ခဲ့တာပါ။

သူဟာ မစ္စတာချင်ကန်းလိုပဲ သမ္မတရှီကျင့်ဖျင်ရဲ့ အားထားယုံကြည်သူတွေထဲပါခဲ့သူပါ။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းကလည်း တရုတ်အစိုးရဟာ နျူကလီးယား လက်နက်တွေကို ကြီးကြပ်တဲ့ တပ်ဖွဲ့ နဲ့ ဒုံးတပ်ဖွဲ့ က ဗိုလ်ချုပ်ကြီးလီယူချောင်း နဲ့ သူ့လက်ထောက်တို့ နှစ်ဦးနေရာမှာ လူအစားထိုးခန့်အပ်ခဲ့ပါတယ်။

သူ့နေရာမှာ အစားထိုးခန့်အပ်တာမလုပ်ခင်ကတည်းက သီတင်းပတ်တွေချီပျောက်နေခဲ့ပြီး သူ့ကိုရာထူးက ဖယ်ရှားတဲ့အကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ရှင်းပြတာ မရှိပါဘူး။

အဲဒီအချိန်ကတည်းက တရုတ်နိုင်ငံရဲ့ PLA ပြည်သူ့လွတ်မြောက်ရေး တပ်တွင်းမှာ ရာထူး ဖြုတ်ထုတ် ရှင်းလင်းမှုလုပ်နေပြီဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာပါ။

အခု တရုတ်ကာကွယ်ရေးဝန်ကြီး ‘’ လီ ‘’ လူမြင်ကွင်းကနေပျောက်နေတဲ့သတင်းကို ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးတင်မကဘဲ အမေရိကန်အစိုးရ အရာရှိ ၃ ဦး နဲ့ ထောက်လှမ်းရေးအဖွဲ့ကိုပါ ကိုးကားပြောထားတဲ့အကြောင်း သတင်းဖော်ပြမှုအချို့လည်း ရှိပါတယ်။

ဒါပေမဲ့ ဘာကြောင့် မစ္စတာလီ စုံစမ်းစစ်ဆေးခံရတယ်ဆိုပြီးသုံးနှုန်းသလဲဆိုတာကို‌တော့ အမေရိကန်ဘက်ကလည်း ရှင်းရှင်းလင်းလင်းမပြောနိုင်ပေမဲ့ အကျင့်ပျက်ခြစားမှုနဲ့ဆက်စပ်တယ်ဆိုတဲ့ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလီရှန်းဖူ

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မစ္စတာလီ ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က ရုရှားနိုင်ငံ မှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ကွန်ဖရင့်တစ်ခုကိုတက်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာ ဘယ်လာရုစ်သမ္မတ နဲ့ မစ္စတာလီ တို့ တွေ့ဆုံခဲ့တဲ့ဓာတ်ပုံကို ဘယ်လာရုစ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

တခါ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်က ဘေဂျင်းမှာကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများနဲ့လုံခြုံရေးဖိုရမ်တစ်ခုမှာ မိန့်ခွန်းပြောခဲ့တာက သူ့ကိုနောက်ဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ် စစ်ဘက်ဆိုင်ရာနည်းပညာဖလှယ်မှုတွေနဲ့ပတ်သက်ပြီး မစ္စတာလီကို ၂၀၁၈ ခုနှစ် ဒေါ်နယ်ထရမ့်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ခဲ့ပါတယ်။

အဲဒီကတည်းက မစ္စတာလီ ကသူ့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေဖယ်ရှားတာမလုပ်မချင်း အမေရိကန်အရာရှိတွေနဲ့ တွေ့ဆုံဖို့ကို ငြင်းဆိုထားတာပါ။

မစ္စတာလီ ဟာ စက်တင်ဘာ ၇ ရက် နဲ့ ၈ ရက် က တရုတ် - ဗီယက်နမ် နယ်စပ်မှာ ဗီယက်နမ်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ ကျန်းမာရေးအကြောင်းပြပြီး အစည်းအဝေးကို ‌တက်ရောက်ဖို့ရွှေ့ဆိုင်းတာကို တရုတ်ဘက်က ဟနွိုင်းကိုအကြောင်းကြားခဲ့တဲ့အကြောင်း ဗီယက်နမ်အရာရှိနှစ်ယောက်ကို ကိုးကားပြီးရိုက်တာသတင်းကဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး က သူ့ရဲ့ X ( အရင်တွစ်တာ) မှာ ဝန်ကြီးလီ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့ ဘေဂျင်းအစိုးရအပေါ်မှာ မေးခွန်းထုတ်ထားပါတယ်။

'' နေအိမ်အကျယ်ချုပ်ခံထားရလို့ စင်ကာပူရေတပ်ဦးစီးချုပ်နဲ့ တွေ့ဖို့ရှိတာကိုပျက်ကွက်ခဲ့တာလား '' လို့ မေးခွန်းထုတ်ထားတာပါ။

စင်ကာပူရေတပ်အကြီးအကဲ ရှောင်ဝတ် ဟာပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တာကြောင့် အမေရိကန်ဘက်ကစွပ်စွဲချက်ကိုအတည်ပြုပေးဖို့ စင်ကာပူရေတပ်ကို BBC က မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။

မစ္စတာ လီဟာ အခုနှစ် မတ်လကမှ ကာကွယ်ရေးဝန်ကြီး ရာထူးကိုခန့်အပ်ခံရတာဖြစ်ပါတယ်။

သူဟာလည်း ချင်ကန်း လိုပဲ သံတမန် တွေနဲ့ နိုင်ငံရေးအကဲခတ်တွေရဲ့ အနီးကပ်စောင့်ကြည့်မှုခံရသူတစ်ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင်ငါးဦးထဲက တစ်ဦးလည်းဖြစ်ပြီး ပုံမှန်ဝန်ကြီးရာထူးထက်ကြီးတဲ့တာဝန်တွေကိုယူထားရတာ ဖြစ်ပါတယ်။

တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာတော့ ဒီကနေ့ သော‌ကြာနေ့မနက်ပိုင်းအထိ မစ္စတာ လီ ရဲ့ ဓာတ်ပုံ နဲ့ အတ္ထုပ္ပတ္တိအကျဥ်းချုံးကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။

" ချင်ကန်းပျောက်ကွယ်ပြီး သိပ်မကြာခင်မှာပဲ လီ ပျောက်နေတာက ပြင်ပကမ္ဘာမှာ တရုတ်အထက်တန်းလွှာတွေကြားနိုင်ငံရေး ကဘယ်လောက် လျှို့ဝှက်ဆန်းကြယ်လဲဆိုတာကို ပြတာပါပဲ '' လို့ စင်ကာပူ လီကွမ်းယုပြည်သူ့ရေးရာမူဝါဒကျောင်းက တွဲဖက်ပါမောက္ခ အဲဖရက်ဝူက ပြောပါတယ်။

"ရှီကျင့်ဖျင်လက်အောက်က တရုတ်အစိုးရက ကမ္ဘာကိုရှင်းပြဖို့မလိုအပ်ဘူးလို့ပဲယူဆထားတာ။" လို့ ပါမောက္ခ အဲဖရက်ဝူက ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက တရုတ်စစ်တပ်အတွင်း ရာထူးအပြောင်းအလဲတွေကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့စဉ်တုန်းကလည်း ဗဟိုစစ်ဘက် ကော်မရှင် လက်ထောက်ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ရှူဆိုင်ဟောင် နဲ့ ဂေါင်ဘောင်ရှီအွန်း တို့ အဂတိလိုက်စားမှုနဲ့ ရာထူးက ဖြုတ်ချခံခဲ့ရပြီး တရားစွဲ အပြစ်ပေးခံခဲ့ရပါတယ်။

ကော်ဘောင်ရှီအွန်းကို စစ်ခုံရုံးက တစ်သက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပြီး ရှူဆိုင်ဟောင် ကတော့ ကြားနာစစ်ဆေး မခံရသေးခင်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။