''Burma Act ချန်ပီယံအမတ် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌဖြစ်လာမယ်ဆိုရင် မြန်မာ့အရေးလွှတ်တော်ကြားနာပွဲခေါ်လိမ့်မယ်''

အနက်ရောင်အနောက်တိုင်း၀တ်စုံကို ရှပ်အင်္ကျီအဖြူနဲ့ လည်စီးအနီရောင်စည်းထားပြီး ဦးထုပ်အဖြူဆောင်းထားတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို ကင်မရာ ဖောဂရောင်းအဖြစ် မြင်တွေ့ရပြီး အနောက်ဘက်မှာ အုတ်တံတိုင်း၊ အဲဒီနောက် အမေရိကန်ကပါတီတော်အဆောက်အုံနဲ့ တစ်ပိုင်းနဲ့အတူ မြင်တွေ့ရ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

နို၀င်ဘာ ၃ ရက် အမေရိကန်သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲ(Midterms)မှာ ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ရီပတ်ဘလီကန်ပါတီလက်ထဲကနေ ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၄ နှစ်ကြာ သမ္မတ သက်တမ်း တစ်၀က်ဖြစ်တဲ့ ၂ နှစ်ပြည့်မှာ ပြုလုပ်တဲ့ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

ဒါကြောင့် ရီပတ်ဘလီကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုတစ်ကြိမ် သူ့သမ္မတသက်တမ်း ကျန်နေသေးတဲ့ ၂ နှစ်မှာ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ဥပဒေပြုရေးမဏ္ဍိုင်ကို လာမယ့်နှစ်စကစလို့ စတင်ကြုံရမှာဖြစ်ပါတယ်။

အကဲခတ်တွေကတော့ လွှတ်တော်အသစ် တက်လာတဲ့အခါ ဒီမိုကရက်တွေဟာ အမေရိကန်မှာ သမ္မတ ထရမ့်ရဲ့ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆောင်ရွက်ချက်တွေကြောင့် ပြည်တွင်းမှာကြုံရတဲ့ မီးဖိုချောင်စရိတ် ကြီးမြင့်မှုလို ကိစ္စတွေကို ဦးစားပေးလိမ့်မယ်လို့ သုံးသပ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ မြန်မာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး၊ မြန်မာမှာ တရုတ်လွှမ်းမိုးမှုကို တန်ပြန်ရေးနဲ့ မြေရှားရယူရေးတွေပါ၀င်တဲ့ ၂၀၃၀ ခုနှစ်ဗျူဟာ တစ်ခုကိုလည်း ချမှတ်ထားပါတယ်။

ရီပတ်ဘလီကန်အစိုးရနဲ့ လွှတ်တော် ကြီးစိုးချိန်မှာ ထွက်ထားတဲ့ မြန်မာ့အရေး ဒီဗျူဟာ ဒီမိုကရက်တွေ ကြီးစိုးတဲ့လွှတ်တော်တက်လာချိန်မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါသလား။

အမေရိကန်လွှတ်တော်မှာ မြန်မာ့အခြေအနေ ရှင်းလင်းတင်ပြမှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ထားတဲ့ အမေရိကန်အခြေစိုက် Burma Research Institute ဥက္ကဋ္ဌ ဦးဇိုသုန်းမှုန်ကို မေးမြန်းထားတာကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဘီဘီစီ - အမေရိကန်မှာ ဒီမိုကရက်တစ်ပါတီက ၂၀၂၇ လွှတ်တော်အသစ်ခေါ်တဲ့အခါ ဘယ်ကိစ္စတွေကို အရင်ဆုံးပြုလုပ်နိုင်ခြေရှိပါသလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဦးဇုန်သုန်းမှုန် (BRI ဥက္ကဋ္ဌ) - ဒီမိုကရက်တွေ အပြတ်အသတ်နိုင်တော့ သူတို့ အရေးတကြီးထားပြီး ဖြေရှင်းမယ့် ပြဿနာတွေရှိတယ်။ အဲဒါတွေကို သူတို့ ပထမဆုံး ဖြေရှင်းဖို့ ကြိုးစားလိမ့်မယ်။ ပြင်ဆင်လိမ့်မယ် ထင်တယ်။ အဲဒါက အချက်က ၂ ခုရှိတယ်။ တစ်ခုက ပြည်တွင်းရေး မူ၀ါဒ၊ နောက်တစ်ခုက နိုင်ငံခြားရေး မူ၀ါဒ။ အဲဒါကိုပဲ သူတို့ အရေးတကြီး အရင်ဆုံးလုပ်မယ်လို့ ကျွန်တော် ထင်တယ်။

ပြည်တွင်းအရေးမှာက အခုက တော်တော်လေး အခက်ကြုံနေကြရပြီ။ မီးဖိုချောင်ကိစ္စပဲ။ စျေးသွားရင်လည်း အစားအသောက်က တော်တော်လေးစျေးကြီးတယ်။ ပြီးတော့ ဓာတ်ငွေ့ကလည်း အတော်လေး စျေးကြီးလာတယ်။ ဒါကြောင့်မို့ ဒီမိုကရက်တွေ ဦးစားပေးမှာ မီးဖိုချောင်ကိစ္စဖြစ်မယ်။

ပြီးတော့ နောက်တစ်ခုက နိုင်ငံခြားရေးမှာ သူတို့ ဘာလုပ်မလဲဆိုရင် အီရန်ပဋိပက္ခကို အမြန်ဆုံး ရပ်တန့်ဖို့ သူတို့ ဆောင်ရွက်လိမ့်မယ်။

ဒီမိုကရက်တွေ ၂၀၂၇ ခုနှစ်၊ ဇန်န၀ါရီလမှာ လွှတ်တော်တက်တဲ့အခါမှာ ပထမဆုံး လုပ်မှာက ဒီနှစ်ခုပါပဲ။ မီးဖိုချောင်ကိစ္စနဲ့ အီရန်ကိစ္စ။ တခြားကိစ္စတွေလည်း အများကြီး ရှိနေပါသေးတယ်။ ယူကရိန်း စစ်ပွဲကိစ္စလည်း ရှိတာပေါ့။ ဒီ မီးဖိုချောင်ကိစ္စကို သူတို့ အရင်ဖြေရှင်းပြီးမှပဲ တခြားကိစ္စတွေ ရှိလာမယ်လို့ ကျွန်တော်ထင်တယ်။

အမေရိကန်မှာ သမ္မတ၊ လွှတ်တော်နဲ့ တရားရေး အာဏာခွဲ၀ေမှုပြတဲ့သရုပ်ဖော်ပုံ

မြန်မာတွေ ခိုလှုံခွင့်ပေးထားတဲ့ TPS နဲ့ ပြည်၀င်ခွင့်ပိတ်ပင်မှု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တုန်းက ဝါရှင်တန်ဒီစီက Rayburn House ရုံးအဆောက်အအုံမှာပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ၅ ကြိမ်မြောက် ဟိုက်ဘရစ် ကွန်ဂရက်ရှင်း ရှင်းပြပွဲမှာမြင်တွေ့ရတဲ့ BRI ဥက္ကဋ္ဌ ဦးဇိုသုန်းမှုန် (၀ဲဘက်အစွန်ဆုံးအမျိုးသား)
ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တုန်းက ဝါရှင်တန်ဒီစီက Rayburn House ရုံးအဆောက်အအုံမှာပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ၅ ကြိမ်မြောက် ဟိုက်ဘရစ် ကွန်ဂရက်ရှင်း ရှင်းပြပွဲမှာမြင်တွေ့ရတဲ့ BRI ဥက္ကဋ္ဌ ဦးဇိုသုန်းမှုန် (၀ဲဘက်အစွန်ဆုံးအမျိုးသား)

ဘီဘီစီ - မြန်မာပြည်က စစ်အာဏာသိမ်းမှုကြောင့် သမ္မတ ဘိုင်ဒန် လက်ထက်တုန်းက အမေရိကန်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီခိုလှုံနေထိုင်ခွင့် (TPS) တွေကို သက်တမ်း မတိုးပေးတော့ဖို့ သမ္မတ ထရမ့်က သူတက်လာချိန်မှာ ဆုံးဖြတ်ခဲ့တယ်။ နောက်ပြီး မြန်မာနိုင်ငံသားတွေကိုလည်း ပြည်၀င်ခွင့်မပေးတော့တဲ့သမ္မတ အမိန့်လည်း ထုတ်လာတယ်။ ဒီမိုကရက်ပါတီ သမ္မတဘိုင်ဒန် လက်ထက်မှာ ပြုလုပ်ခဲ့တာတွေကို သမ္မတ ထရမ့်က ပြန်လည်ဆုံးဖြတ်ခဲ့တာတွေက အခု ဒီမိုကရက်တွေ လွှတ်တော်ထိန်းချုပ်ချိန်မှာ အပြောင်းအလဲ ရှိနေလာမှာလား။

ဦးဇုန်သုန်းမှုန် (BRI ဥက္ကဋ္ဌ) - လွှတ်တော်ကနေ အပြောင်းအလဲဖြစ်ဖို့ဆိုရင် သူတို့အနေနဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ လိုတယ်။ အခုက TPS နဲ့ပတ်သက်ပြီး ဥပဒေကြမ်းက ရှိပါတယ်။ ဒါပေမဲ့ ဒီဥပဒေ ကြမ်းတွေက ဒီနှစ်ကုန်ဆိုရင် ကုန်သွားပြီ။ ဒါကြောင့် လာမယ့် ဇန်န၀ါရီမှာ လွှတ်တော်အသစ် စတဲ့အခါ သူတို့ ဥပဒေကြမ်းကို ပြန်တင်ပြမယ်ဆိုရင် ကျွန်တော်တို့ ပိုပြီးတော့ ပြောနိုင်ပါလိမ့်မယ်။

အခုနက ကျွန်တော် ရှင်းပြခဲ့တဲ့အတိုင်းပဲ။ TPS တို့၊ ခရီးသွားလာခွင့်ပိတ်တဲ့ travel ban (ခရီးသွားလာခွင့်ပိတ်ပင်တာ)တို့ကို ပြင်ဖို့ဆိုရင် လမ်းကြောင်းတစ်ခုရှိတယ်။ တကယ်လို့များ လွှတ်တော်လမ်းကြောင်းကနေ ဥပဒေမူကြမ်းကို လာမယ့်နှစ်မှာ လွှတ်တော်မှာ ပြန်တင်ပြီးတော့ သမ္မတထရမ့်က လက်မှတ်ထိုးလိုက်တယ်ဆိုရင် ဥပဒေဖြစ်သွားပြီ။ အဲဒါကျတော့ သူက အကောင်အထည်ဖော်လို့ရတယ်။

ဆိုတော့ လမ်းကြောင်းကတော့ ရှိပါတယ်။ ဒါပေမဲ့ အစောပိုင်းက ကျွန်တော် ရှင်းပြခဲ့သလိုပါပဲ။ ဒီမိုကရက်က သူတို့ အပြတ်အသတ်နိုင်တော့ လုပ်တော့ လုပ်ချင်လိမ့်မယ်။ ဒါပေမဲ့ သူတို့ ဦးစားပေးမှာတော့ ပါမယ်လို့ ကျွန်တော် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် သူတို့မှာ တခြားဦးစားပေးလုပ်ရမယ့်ကိစ္စတွေက အများကြီးရှိနေတာကိုး။

သမ္မတ ထရမ့်ရဲ့ ၂၀၃၀ မြန်မာဗျူဟာ ဘာဆက်ဖြစ်နိုင်လဲ

အမေရိကန် အောက်လွှတ်တော်အမတ် ဂရက်ဂိုရီ မိစ်ခ်
ဓာတ်ပုံ ပုံစာ, အမေရိကန် အောက်လွှတ်တော်အမတ် ဂရက်ဂိုရီ မိစ်ခ်

ဘီဘီစီ - အမေရိကန်သမ္မတ ထရမ့်ရဲ့မြန်မာအတွက် ၂၀၃၀ အထိ ဗျူဟာဆိုတာမျိုး ထွက်လာတာရှိပါတယ်။ ဗျူဟာက ၂၀၃၀ အထိ ရည်မှန်းထားတယ်။ သမ္မတ ထရမ့်ရဲ့ သမ္မတသက်တမ်းကလည်း ၂ နှစ်ပဲ ကျန်တော့တယ်။ ကျန်တဲ့ ၂ နှစ်မှာ ဒီမိုကရက်ကလည်း လွှတ်တော်ကို ထိန်းချုပ်ထားတယ်ဆိုတော့ မြန်မာ့အရေး ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

ဦးဇုန်သုန်းမှုန် (BRI ဥက္ကဋ္ဌ) - သတင်းတွေအရတော့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌက နယူးယောက်က ကွန်ဂရက် လွှတ်တော် အမတ် ဂရက်ဂိုရီ မိစ်ခ် ဖြစ်လာလိမ့်မယ်လို့ ပြောကြတယ်။

တကယ်လို့ သူသာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုရင် သူက Congressional Hearing of Burma (မြန်မာ့အရေး ကွန်ဂရက်လွှတ်တော် ကြားနာမှု) ကို လွှတ်တော်ကြားနာပွဲကို သူတို့လုပ်လိမ့်မယ်။

ဘာကြောင့်လဲဆိုရင် သူက Burma Act (အမေရိကန်ရဲ့နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ် ဥပဒေထဲ မြန်မာကိုကူညီပေးဖို့ ၂၀၂၂ ခုနှစ်မှာ အမေရိကန်လွှတ်တော်က အတည်ပြုတဲ့ဥပဒေ) ရဲ့ ချန်ပီယံလေ။ သူကပဲ စလာတာ။

Burma Act ကို ကောင်းကောင်းလေး သုံးသပ်မယ်ဆိုရင် ဒါ ဒီမိုကရေစီ အရေးပဲ။ အပြောင်းအလဲဖြစ်ဖို့။ ဒီမိုကရေစီအရေးလုပ်ဖို့ဆိုရင် ဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းတွေကို အထောက်အကူပေးဖို့။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာပြည်ရဲ့အကျိုးစီးပွားကို မစဉ်းစားဘဲနဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူ၀ါဒမှာ အမေရိကန်ရဲ့အကျိုးစီးပွား ရှုထောင့်ကနေ ကျွန်တော် ကြည့်ချင်တယ်။

လွှတ်တော်ကလည်း အဲဒါကိုပဲ ကြည့်ပါတယ်။ Foreign Policy (နိုင်ငံခြားရေးမူ၀ါဒ) ဆိုကတည်းက သူတို့နိုင်ငံရဲ့အကျိုးစီးပွားပေါ့။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံလေးရှိဖို့ဆိုတာက အမေရိကန် အမျိုးသားလုံခြုံရေးအရ နိုင်ငံခြားရေးမူ၀ါဒမှာ တကယ့်ကို အရေးကြီးတယ်။

ဒါကြောင့်မို့ အောက်လွှတ်တော်အမတ် မိစ်ခ်တို့ တွေးခေါ်ချက် စဉ်းစားချက်ကတော့ ဒီမိုကရေစီအရေးသာ ပထမပဲ။

ဒါကြောင့်မို့ အခုနက မေးတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် ကျွန်တော်လည်း အခုတလော ရွေးကောက်ပွဲတွေကိုပဲ အာရုံစိုက်နေတော့ ကောင်းကောင်းလေး မကြည့်ဖြစ်တာလေးရှိတယ်။

အဲဒါ (သမ္မတထရမ့်ရဲ့ ၂၀၃၀ အထိ မြန်မာ့ဗျူဟာ) ကို ကျွန်တော် နည်းနည်းကြည့်လိုက်တော့ ဒီမိုကရေစီဆိုတဲ့စကားလုံးကို ကျွန်တော် မတွေ့ရဘူး။ တခြား လူ့အခွင့်အရေးတို့၊ ပဋိပက္ခဖြေလျှော့ရေးတို့၊ ငြိမ်းချမ်းရေးဆွေးနွေးတာတို့ အဲဒီအပိုင်းတွေ ပြောထားတာ တော်တော်လေးကောင်းပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတဲ့စကားလုံးကို ကျွန်တော် မတွေ့မိဘူး။ ကျွန်တော် မှားတာလားတော့ မသိပါဘူး။

တကယ်လို့များ (အဲဒီဗျူဟာမှာ) ဒီမိုကရေစီဆိုတဲ့စကားလုံး မတွေ့ဘူးဆိုရင် ဥက္ကဋ္ဌဖြစ်လာမယ့် မိစ်ခ်ကတော့ လွှတ်တော်ရဲ့ကြားနာပွဲကို ခေါ်မယ်။ ဘယ်သူ့ကို ခေါ်မှာလဲဆိုရင် နိုင်ငံခြားရေး၀န်ကြီးဌာန၀န်ကြီး ရူဘီယို၊ သူ မပါရင်တောင်မှ အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံရေး လက်ထောက်နိုင်ငံခြားရေး၀န်ကြီးကို သူတို့ ခေါ်လိမ့်မယ်။

အမေရိကန် လွှတ်တော်မှာ ကော်မတီ အသီးသီးရှိတယ်။ အနိုင်ရတဲ့ပါတီတွေက ကော်မတီတွေရဲ့ဥက္ကဋ္ဌ တာ၀န်ယူလိုက်တယ်။ အခု ဒီမိုကရက်တွေက အနိုင်ရတယ်။ ဆိုတော့ ကော်မတီ ဥက္ကဋ္ဌ တာ၀န်ယူလိုက်ကြအနေနဲ့ ဘာတွေဆွေးနွေးကြမလဲ၊ ဘာတွေ အရင်လုပ်မလဲ၊ ဘယ်တော့ လုပ်မလဲဆိုတာက ဥက္ကဋ္ဌရဲ့လုပ်ပိုင်ခွင့်မှာရှိတယ်။

ဒါကြောင့် ဥက္ကဋ္ဌ ဖြစ်လာမယ့် အောက်လွှတ်တော်အမတ် မိစ်ခ်ကနေ လွှတ်တော်ကြားနာပွဲတွေ ခေါ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီအခါမှပဲ အစောပိုင်းက မေးတဲ့ မြန်မာ့အရေးဗျူဟာ ကိစ္စ၊ ၂၀၃၀ အထိ ကိစ္စ၊ မြေရှားကိစ္စတို့၊ နောက်ပြီး ကုန်သွယ်ရေးတွေလည်း ပါတာတွေ့ရတယ်။

လွှတ်တော်မှာကတော့ မြန်မာ့အရေးနဲ့ပတ်သက်လာရင် ပါတီနှစ်ရပ်စလုံးက အတော်လေးကို ထောက်ပံ့တဲ့ Bipartisan Support ရှိတယ်။ ကျွန်တော့်အတွေ့အကြုံအရကတော့ အခုလိုမျိုး ကုန်သွယ်ရေးကိစ္စတို့ဘာတို့က အခုအချိန်က timing ပေါ့။ အချိန်ရော မှန်သလားပေါ့။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့လည်း လွှတ်တော်မှာ ဗမာပြည်အရေးနဲ့ပတ်သက်ပြီး congressional beifing ရှင်းပြချက်ကို ၈ ကြိမ်လောက်လုပ်ခဲ့ပြီးဖြစ်တော့ ရီပတ်ဘလီကန်ရော၊ ဒီမိုကရက်တစ်ကရော နှစ်ဖက်စလုံးက (နေပြည်တော်)ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဆိုပြီး သူတို့ ထုတ်ပြန်ချက်တောင် ထုတ်ထားတယ်။

ဒါကြောင့်မို့လို့ ဒီကိစ္စတွေကတော့ လွှတ်တော်အနေနဲ့ ဥပဒေပြုရေးကိစ္စတစ်ခုတင် မဟုတ်ဘဲနဲ့ Oversight (စောင့်ကြည့်ကြီးကြပ်)တာ၊ လုပ်ငန်းစစ်ဆေးဖို့ဆိုတာလည်း တာ၀န်ရှိတယ်။

ဒါကြောင့်မို့ မြန်မာ့အရေးလွှတ်တော်ကြားနာမှု ခေါ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီအခါမှပဲ ကျွန်တော်တို့ ပိုပြီးရှင်းရှင်းလင်းလင်းသိရလိမ့်မယ်။