စက်တင်ဘာ ၆ ရက်သတင်းများအနှစ်ချုပ် - နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းမှု တိုးဖို့ ဗီယက်နမ်နဲ့ နေပြည်တော် သဘောတူ

ဘယ်ဘက်မှာ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင် မတ်တပ်ရပ်ပြီး ညာဘက်မှာ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်မတ်တပ်ရပ်ကာ လက်ဆွဲနှုတ်ဆက်နေကြတဲ့မြင်ကွင်း။ အနောက်မှာ နှစ်နိုင်ငံအလံတွေကို လွှင့်ထူထားပြီးအခန်းကို ပန်းတွေနဲ့ အလှဆင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် (ညာ) နဲ့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင် (ဘယ်)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

နိုင်ငံရေးယုံကြည်မှုရှိဖို့အပါအဝင် လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေ ပူးပေါင်းလုပ်ကိုင်ဖို့အတွက် စစ်ရေးပူးတွဲလေ့ကျင့်ဖို့ပါ နေပြည်တော်နဲ့ သဘောတူခဲ့ကြောင်း ဗီယက်နမ်သတင်းတွေက ဖော်ပြပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နဲ့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်တို့ မနေ့တုန်းက ဟနွိုင်းမြို့က အစိုးရအဖွဲ့ရုံးမှာတွေ့ချိန် နှစ်ဖက်ပူးပေါင်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံရေးပူးပေါင်းမှုအဆင့်မြှင့်ဖို့ ပါတီ၊ အစိုးရ၊ လွှတ်တော်၊ သံတမန်အချင်းချင်း ထိတွေ့ဆက်ဆံမှုတွေဆောင်ရွက်မယ်လို့ နှစ်ဖက် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဗီယက်နမ်သတင်းတွေက ရေးသားကြပါတယ်။

အဲဒီကတဆင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးပူးပေါင်းမှုတွေ ဆက်လုပ်ဖို့ ရည်ရွယ်တာပါ။ စစ်ရေးအရလည်း မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လို နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းဖို့ ပူးပေါင်းမယ့်အပြင် စစ်တပ်က အရာထမ်းငယ်တွေကို အပြန်အလှန်သင်တန်းပေးမယ့်အစီအစဥ်တွေပါ ပါဝင်နေပါတယ်။

နေပြည်တော်ရဲ့ဒီနေ့ထုတ်သတင်းစာမှာတော့ ပူးပေါင်းမှုတွေအကြောင်း အသေးစိတ်ထုတ်မပြောထားပါဘူး။ ဒါဟာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်တာလို့ ဦးမင်းအောင်လှိုင်က ဗီယက်နမ်ဝန်ကြီးချုပ်နဲ့တွေ့ချိန်မှာပြောကြောင်းသာ ဖော်ပြထားပါတယ်။

ဗီယက်နမ်နဲ့ မြန်မာစစ်တပ်တို့ဟာ ၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်ဘက်ဆိုင်ရာစီးပွားရေးမှာ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ပြီးဖြစ်ပါတယ်။

ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တယ်လီကွန်းနဲ့ နည်းပညာလုပ်ငန်းစု Viettel Group နဲ့ စစ်တပ်ရဲ့ Mytel လုပ်ငန်းဟာ မိတ်ဖက်တွေဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိနေပါတယ်။

ဒီလို စီးပွားရေးပူးပေါင်းဆောင်ရွက်တာတွေဟာ ဦးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်တာ၀န်ယူခဲ့ချိန်ကတည်းက ဖြစ်ပြီး ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့ အခုဗီယက်နမ် ခရီးစဉ်မှာလည်း ဒီလုပ်ငန်းနှစ်ခု ပူးပေါင်းရေးဆက်တိုးလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။

ဗီယက်နမ်ဟာ အနောက်ရဲ့စီးပွားရေးပိတ်ဆို့ခံထားရတဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပို့လမ်းကြောင်းမှာ ဆက်နွှယ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ၀ေဖန်ထောက်ပြထားပါတယ်။

ဦးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ဗီယက်နမ်ကို ရောက်နေပြီး သမ္မတ ရာထူးယူပြီးနောက် အာဆီယံဒေသတွင်း သုံးနိုင်ငံမြောက်ခရီးစဥ်ဖြစ်ပါတယ်။ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကိုရောက်ရှိထားပြီး ကမ္ဘာဒီးယားကိုပါ သွားဖို့ရှိနေပါတယ်။