၂၀၂၄ ဖက်ရှင် - ဘယ်အရောင်တွေနဲ့ ဘယ်လိုဖက်ရှင်တွေ ခေတ်စားမလဲ

အလက်ဇန်းဒါး မက်ခ်ကွင်း Spring Summer 2024 ဖက်ရှင်ပြပွဲ လျှောက်လမ်းထက်မှာ မြင်တွေ့ရတဲ့ ဖက်ရှင်မော်ဒယ် နာအိုမီ ကမ်ဘဲလ်
ဓာတ်ပုံ ပုံစာ, အလက်ဇန်းဒါး မက်ခ်ကွင်း Spring Summer ၂၀၂၄ ဖက်ရှင်ပြပွဲ လျှောက်လမ်းထက်မှာ မြင်တွေ့ရတဲ့ ဖက်ရှင်မော်ဒယ် နာအိုမီ ကမ်ဘဲလ်
    • ရေးသားသူ, စတီဗင် မက်ခင်တော့ချ်
    • ရာထူးတာဝန်, ဖျော်ဖြေရေးဆိုင်ရာသတင်းထောက်
  • ရေးသားခဲ့သည်။

ဖက်ရှင် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံထဲက မော်ဒယ် တစ်ယောက်လို နွေဦးဖက်ရှင်ကို သူ့ထက်ငါ စွဲမက်ဖွယ်ကောင်းတဲ့ပုံစံထွက်ဖို့ ဝယ်ခြမ်း ဝတ်ဆင်ကြမှာ အသေအချာပါ။

ဒါကြောင့် အခုနှစ် ဖက်ရှင်ရေစီးကြောင်းမှာ ကြီးကြီးမားမားလွှမ်းမိုးစေပြီး ရေပန်းစားမယ့် ဝတ်စားဆင်ယင်ပုံဒီဇိုင်း ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘောလုံးအစက်အပျောက်လို အဆင်လေးတွေ

Composite image of models wearing designs by Saint Laurent, Balmain, Carolina Herrera and Undercover
ဓာတ်ပုံ ပုံစာ, ဘယ်မှညာ: Saint Laurent၊ Balmain၊ Carolina Herrera and Undercover က ထုတ်တဲ့ ဒီဇိုင်းတွေ

၂၀၂၃ ခုနှစ်အတွင်းမှာလုပ်တဲ့ ဖက်ရှင်ရှိုးပွဲတွေမှာ ဝတ်ကြတဲ့ ဘောလုံး အစက်အပျောက် ဒီဇိုင်းတွေကို ရေတွက်ကြည့်တဲ့အခါ အလုံးရေ စုစုပေါင်း ၁၂,၄၈၇,၃၉၆ စက်အထိ ရှိခဲ့ပါတယ်။ တနည်းအားဖြင့် ပြောရရင် ဖက်ရှင်လျှောက်လမ်းတွေဟာ ဒီ အစက်အပြောက်ဒီဇိုင်းတွေနဲ့ ပြည့်နေခဲ့တယ်လို့ပြောရမှာပါ။

အစက်အပြောက်ဒီဇိုင်းတွေက နွေရာသီမှာ လူကြိုက်ပိုများလေ့ရှိပြီး ဒီလိုဝိုင်းစက်စက် ဆေးသား ဒီဇိုင်းတွေဟာ အချိန်မရွေး ပုံစံမရွေးဝတ်ဆင်နိုင်တဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။ နောင်မှာလည်း ကိုယ်ဝတ်ချင်စိတ်ဖြစ်မယ့် ဒီဇိုင်းမျိုးဖြစ်ပါတယ်။

“အစက်အပြောက်လေးတွေက ကျက်သရေရှိပြီး တင့်တယ်တဲ့အသွင်အပြင်ကို ပေးနိုင်တယ်'' လို့ တယ်လီဂရပ်ဖ် သတင်းဌာနကလည်း ရေးပါတယ်။

“ပေါ်လ်ကာဆိုတဲ့ အစက်အပြောက်ကလေးတွေက ပျော်ရွှင်ရတဲ့သဘော၊ ပေါ့ပေါ့ပါးပါးသဘောဆောင်ပြီး သူ့ရဲ့နာမည် ပေါ်လ်ကာ(Polka)ကိုယ်တိုင်က ပြင်သစ်စကား (Joie de vivre) ဆိုတဲ့ ရွှင်မြူးတက်ကြွပြီး ပျော်ရွှင်မှုအပြည့်နဲ့ဘဝကို ပြပါတယ်”

“အခုကာလမှာတော့ လူတွေက ကိုယ်ဝတ်မယ့် ပေါ်လ်ကာဒီဇိုင်းတွေကို ကိုယ်တိုင်ဖန်တီးနေကြပါပြီ။ ရဲရဲရင့်ရင့်ကိုပြတဲ့ အစက်အပြောက် ကြီးကြီးထင်ထင်တွေက တည်တည်ငြိမ်ငြိမ်ဖြစ်တယ်လို့ သရုပ်ပေါ်တယ်။ သူ့ပုံစံက လူတိုင်းဝတ်ဆင်လို့ရအောင် လုပ်ထားတာ။ ကျားမ မရွေး၊ လူတန်းစားမရွေး၊ အသက်အရွယ်မရွေးဘဲ လူတိုင်းဝတ်ဆင်လို့ရနိုင်တဲ့ ဒီဇိုင်းမို့ ကိုယ်လည်း အစက်အပြောက်လေးတွေထဲ လွှမ်းခြုံပါဝင်ဖို့ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်”

၂။ ချယ်ရီနီနီ

Burberry၊ Puppets and Puppets၊ Gucci နဲ့ Chanel တံဆိပ်တွေရဲ့ ဒီဇိုင်းတွေ ဝတ်ဆင်ထားတဲ့မော်ဒယ်တွေကို ပြသထားတဲ့ ဓာတ်ပုံ
ဓာတ်ပုံ ပုံစာ, ဝဲမှယာ: Burberry၊ Puppets and Puppets၊ Gucci နဲ့ Chanel တံဆိပ်တွေရဲ့ ဒီဇိုင်းတွေ

ချယ်ရီသီးစားရင် နောက်ဆုံးမှာ အစေ့ကို ပါးစပ်ကနေထုတ်ပြီး လွှင့်ပစ်ရတဲ့စိတ်ရှုပ်စရာ အခြေအနေဖြစ်ပေမဲ့ ချယ်ရီသီးဆိုတာနဲ့ လူတိုင်းက နှစ်သက်ကြပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်း ဖက်ရှင်ရာသီမှာတော့ ချယ်ရီတွေဟာ ထူးကဲ ဆန်းပြားပြီး ယုံကြည်မှုရှိတဲ့ သဘောဆောင်တဲ့အရောင်အဖြစ် ဖက်ရှင်လျှောက်လမ်းတွေထက်မှာရှိနေခဲ့ပါတယ်။

ဖက်ရှင်တိုက်အချို့ကတော့ ‌ဝတ်စုံတွေကို ချယ်ရီသီးအနီရောင်တွေနဲ့ပဲ ခေါင်းအစ ခြေအဆုံး ဒီဇိုင်းဖန်တီးကြပြီး တချို့ကတော့ အောက်ပိုင်းစကတ်မှာပဲဖြစ်ဖြစ်၊ အပေါ်ဝတ် ဂျာကင်မှာပဲဖြစ်ဖြစ်၊ တစ်ပိုင်းကိုပဲ ချယ်ရီအရောင်ရင့်လေးသုံးပြီး ကျန်တစ်ပိုင်းကိုတော့ တခြားအရောင်လေးတွေနဲ့ ပေါင်းစပ်ဖန်တီးခဲ့ကြတာ မြင်တွေ့ရပါတယ်။

“ဖက်ရှင်လောကမှာ အနီရောင်လင်းလင်းကို ဖက်တွယ်မှုက ပြီးခဲ့တဲ့ ဖက်ရှင်ရာသီတွေမှာ မျက်နှာမလွှဲခဲ့ကြတဲ့အရောင်မျိုးပေါ့။ ကော်ဇောနီလျှောက်လမ်းတွေထက်၊ ဖက်ရှင်လျှောက်လမ်းတွေထက်မှာ မြင်တွေ့ခဲ့ရတာကိုး ” လို့ Vogue မဂ္ဂဇင်းက အဲလက်စ် ကယ်ဆယ်လာက ပြောပါတယ်။

“၂၀၂၄ ရဲ့ နွေဦးနဲ့ နွေရာသီအတွက် ဒီဇိုင်းစုစည်းချက်မှာဆိုရင် ဒီအရောင်ထဲကပဲ ပိုပြီးတောက်တဲ့၊ ထူတဲ့အရောင်မျိုးဘက်ကို သုံးလာတာ ပိုသတိထားမိတယ်'' လို့ သူက ပြောပါတယ်။

၃။ သတ္တုရောင်ပြောင်ပြောင် လက်လက်ဒီဇိုင်းတွေ

Composite image of models wearing designs by Alexander McQueen, Rabanne, Coperni, Tom Ford
ဓာတ်ပုံ ပုံစာ, ဝဲမှယာ: Alexander McQueen၊ Rabanne၊ Coperni နဲ့ Tom Ford တို့က ထုတ်တဲ့ဒီဇိုင်းများ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုပြောမယ့် ဖက်ရှင်ရေစီးကြောင်းအတွက် ဒီဇိုင်နာအများစုဟာ သူတို့ရဲ့အိမ် မီးဖိုဆောင် လက်ဆေးကန်အောက်က ပြောင်လက်လက် ရေဆင်းပိုက်တွေကို ကြည့်ပြီး စိတ်ကူးစိတ်သန်းရရာကနေ ဒီလိုတောက်ပြောင်တဲ့ ဝတ်စုံဒီဇိုင်းတွေကို ဖန်တီးဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူကြိုက်များရေပန်းအစားဆုံး Met Gala ပွဲတော်ရဲ့ အပြင်အဆင်တွေထဲက တစ်ခုက‌တော့ ၂၀၁၆ ခုနှစ်တုန်းက လူနဲ့စက်ရုပ်အသွင်အပြင် ပေါင်းစပ်ထားတဲ့ (Man vs. Machine)ဖြစ်ပြီး ထိပ်တန်း စာရင်းဝင် ဧည့်သည်တွေအတွက် ငွေရောင်တလက်လက်ဝတ်စုံတွေကို အနာဂတ်မျှော်အရောင်တွေနဲ့ စက်ရုပ်ဆန်ဆန်အဆင်တန်ဆာတွေနဲ့ ပုံစံယူ ဖန်တီးပြသသွားတာပဲဖြစ်ပါတယ်။

ဒီဖက်ရှင်ရေစီးကြောင်းဟာ ပဲရစ်ဖက်ရှင်သီတင်းပတ်မှာလည်း လွှမ်းမိုးမှုရှိခဲ့ပြီး ဖက်ရှင်ကုမ္ပဏီ Net-A-Porter ကဆိုရင် ''SS24 ဖက်ရှင်လျှောက်လမ်းတွေဟာ လက်လက် ရွှန်းစိုနေတဲ့သတ္တုရောင်တွေနဲ့ လွှမ်းနေခဲ့တယ်''

ငွေရောင်မဟုတ်ဘဲ ရွှေရောင်ကို‌ရွေးမယ်ဆိုရင်တော့ လွန်ကဲအောင်မဆင်ယင်မိဖို့ ဂရုစိုက်ဖို့ လိုပါတယ်။

“ပြောင်လက်နေတဲ့ရွှေရောင်တောက်တောက် အပြင်အဆင်တွေက Gladiator လို့ခေါ်တဲ့ ရောမခေတ်တုန်းက လူလူချင်း (သို့မဟုတ်) တိရိစ္ဆာန်နဲ့သတ်ပုတ်ပြပြီး ဖျော်ဖြေရတဲ့သူရဲ့ အသွင်အပြင်နဲ့ တူသွားနိုင်တယ်”လို့ ဖက်ရှင်မီဒီယာ StyleCaster က ပြောပြပါတယ်။

“ရွေရောင်တောက်တောက်ကို အရောင်လေးဖျော့ချင်တယ်ဆိုရင်တော့ ဂျင်း ဒါမှမဟုတ် သားရေနဲ့ တွဲဖက်ပြီး ဖန်တီး ဝတ်ဆင်နိုင်ပါတယ်”

၄။ သိုးမွေးထည်ဒီဇိုင်းတွေ

Sacai၊ Loewe၊ Bottega Veneta နဲ့ Erdem ဖက်ရှင်တို့ရဲ့ ဒီဇိုင်းတွေဝတ်ဆင်ထားတဲ့ဖက်ရှင်မော်ဒယ်တွေ
ဓာတ်ပုံ ပုံစာ, ဝဲမှယာ: Sacai၊ Loewe၊ Bottega Veneta နဲ့ Erdem ဖက်ရှင်တို့ရဲ့ ဒီဇိုင်းတွေ

ဒီတစ်ခေါက်တော့ သိုးမွေးထည် ထူထူထဲထဲတွေဆီ သွားလိုက်ရအောင်။ ယူကေမှာဆိုရင် ရာသီဥတုက ဆိုးတတ်လို့ ချစ်စရာကောင်းတဲ့အပေါ်ထပ် အကျီလေးတွေနဲ့ ဆွယ်တာတွေက ဖက်ရှင်ဟာ ဘယ်တော့မှ ခေတ်နောက်ကျသွားစေမှာမဟုတ်ပါဘူး။

နာမည်ကျော်တွေရဲ့ ဖက်ရှင်နဲ့ခေတ်ရေစီးကြောင်းကို ဖော်ပြပြီး ဘယ်သူတွေ ဘာဝတ်ကြလဲလို့ နာမည်ရတဲ့ Who What Wear ဖက်ရှင်မီဒီယာရဲ့ အပြောအရဆိုရင် SS24 ဖက်ရှင်ဝတ်စုံ စုစည်းချက်ကို ကြည့်ရင် ''သိုးမွှေးထည်တွေဟာ တစ်နှစ်ပတ်လုံး ဝတ်နိုင်တဲ့အထည်ဖြစ်သလို ဝတ်တဲ့သူတိုင်းအတွက်လည်း တူညီတဲ့ ခန့်ညားထည်ဝါမှုကို ပေးစွမ်းနိုင်ပါတယ်''

''Erdem ရဲ့ အပေါ်ကနေထပ်ဝတ်ရတဲ့ သိုးမွေးအင်္ကျီတွေက မြင်ခဲ့ရတဲ့ အလှဆုံးဒီဇိုင်းအချို့ထဲက တစ်ခုပဲဖြစ်ပါတယ်'' လို့ Who Wat Wear က ပြောပါတယ်။

အခြားတစ်ဖက်မှာလည်း ''အပေါ်ထပ်ဝတ်တဲ့သိုးမွေးအင်္ကျီလေးတွေနဲ့ ဆွယ်တာသိုးမွေးထည်တွေက ဒီရာသီအတွက် ထူးခြားပြီးထင်ရှားတဲ့ အဝတ်အစားဒီဇိုင်းမျိုးဖြစ်တယ်'' လို့ W မဂ္ဂဇင်းက ပြောထားပါတယ်။

၅။ နှင်းပွင့်ချပ်ပုံ ပိတ်ဖောက်ဇာ ဒီဇိုင်း

Stella McCartney၊ Elie Saab၊ Valentino နဲ့ Zimmermann ဖက်ရှင်တံဆိပ်တွေက ထုတ်တဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်နေကြတဲ့ ဖက်ရှင်မော်ဒယ်တွေ
ဓာတ်ပုံ ပုံစာ, ဝဲမှယာ : Stella McCartney၊ Elie Saab၊ Valentino နဲ့ Zimmermann ဖက်ရှင်တံဆိပ်တွေက ထုတ်တဲ့ ဒီဇိုင်း

ပုံမှာဖော်ပြထားတဲ့ လှပပြီး အနုစိတ်တဲ့ ဒီနှင်းပွင့်ချပ်ပုံ ဇာဒီဇိုင်းလေးတွေက ကျောင်းတုန်းက ကျွန်တော်တို့ စက္ကူကို ကတ်ကြေးနဲ့ ညှပ်၊ ပုံဖော်ပြီး ဆော့ခဲ့တဲ့ နှင်းပွင့်ချပ်လေးတွေထက်စာရင် ပိုပြီးဆန်းပြားရှုပ်ထွေးသလို ပိုလည်းခေတ်မီတယ်ဆိုတာကို ဝန်ခံရမှာပါ။

''ဒီဖက်ရာသီမှာ ဒီဇိုင်နာတွေရဲ့ အနုစိတ်လက်ရာတွေ့ရတယ်'' လို့ လက်လီဖက်ရှင်လောက သတင်းတွေကို ဖော်ပြနေတဲ့ Drapers က ပြောသလို ''ပြီးတော့ ပြင်သစ်ဖက်ရှင်ပြပွဲ လျှောက်လမ်းတွေဟာ SS24 ဖက်ရှင်ရာသီအတွက် အရွယ်အစားကြီးကြီး နှင်းပွင့်ချပ်ပုံ ပိတ်ဖောက်ဇာ အပွင့် ဒီဇိုင်းတွေနဲ့ တဖျပ်ဖျပ် လွန့်လူးနေခဲ့တယ်''

ဖက်ရှင် သီတင်းပတ်တွေအတွင်း ခင်းကျင်းပြသခဲ့တဲ့ ဝတ်စုံဒီဇိုင်းတော်တော်များများမှာ နှင်းပွင့်ချပ် ပုံဖော်ထားတာလေးတွေကို ဝတ်စုံရဲ့ အ‌ရှေ့ဘက်နဲ့ အလယ်တည့်တည့်နားလောက်မှာ ထည့်ထားတာ တွေ့ရပြီး တချို့ကတော့ အပြင်ဘက်ကနေ နှင်းပွင့်ဖတ်လေးတွေ တွဲလောင်းခိုနေသလိုမျိုး ပုံဖော် ဖန်တီးထားတာလည်းတွေ့ ရပါတယ်။

၆။ ဖဲပြား ဒီဇိုင်းတွေ

ဝဲမှယာ : Giambattista Valli၊ Kimhekim၊ Sixdo နဲ့ Aknvas က ထုတ်တဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်ထားတဲ့ ဖက်ရှင်မော်ဒယ်တွေ
ဓာတ်ပုံ ပုံစာ, ဝဲမှယာ : Giambattista Valli၊ Kimhekim၊ Sixdo နဲ့ Aknvas က ထုတ်တဲ့ ဒီဇိုင်းတွေ

အခုဒီဆောင်းပါးကိုဖတ်နေသူဟာ ဖွင့်ဖောက်ပြီးသားလက်ဆောင်ဘူးခွံပေါ်က လက်ဆောင်အလှဆင်စက္ကူချပ်တွေနဲ့ ပြည့်နေတဲ့အခန်းထဲမှာ ထိုင်နေတုန်းဆိုရင်တော့ အဲဒီလက်ဆောင်ဘူးတွေ အမှိုက်ပုံးထဲမထည့်ခင် ဘူးနဲ့အတူ စည်းနှောင်လာတဲ့ဖဲပြားနဲ့ ဖဲကြိုးလေးတွေကို ကောက်သိမ်းစေချင်ပါတယ်။

ဖက်ရှင်ပွဲတော်အမျိုးမျိုးမှာ ဖဲပြားအကြီးကြီးတွေနဲ့ဖန်တီးထားတဲ့ ဝတ်စုံ ဒီဇိုင်း စုစည်းမှုတွေကို ထိပ်တန်းဒီဇိုင်နာအများစုက ပြသခဲ့တာမို့လို့ အခုနှစ်မှာလည်း ဖဲပြားကို ဝတ်စုံအမျိုးမျိုးမှာ အလှဆင်ထားတာကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

''Sixdo နဲ့ Aknvas တို့လို ရှိုးပွဲတွေမှာတွေ့ရတဲ့ ဧရာမဖဲပြားကြီးပုံစံဒီဇိုင်းတွေက တစ်ဖက်ကကြည့်ရင်တော့ ဆန်းတဲ့ပုံပေါက်အောင် ဒါမှမဟုတ်လည်း ခပ်ရိုးရိုးတဲ့ပုံပေါက်အောက် ထည့်ထားတာ ဆိုတဲ့အမြင်ကို ဖြစ်စေတယ်'' လို့ အလှအပနဲ့ဖက်ရှင်ရေးရာ မဂ္ဂဇင်း Instyle ကရေးပါတယ်။

ဒါပေမယ့်လည်း ဖက်ရှင်တိုက်တွေအားလုံးကတော့ ဒီလိုကြီးမားပြီးပေါ်လွင်တဲ့ ဖဲပြားဒီဇိုင်းကိုပဲ ရွေးချယ်ဖန်တီးနေကြတာမဟုတ်ပါဘူး။ တချို့ဆိုရင် ဝတ်စုံနဲ့လိုက်အောင် ဝတ်ဆင်လို့ရတဲ့အဆင်တန်ဆာအနေနဲ့ပဲ လည်စည်းဖဲပြားနဲ့ ဖဲပြားသေးသေးတွေကို ဖန်တီးကြပါတယ်။

''လှပအိစက်ပြီး ဖဲပြားပါဝင်တဲ့အထည်လေးတွေက ဘယ်လိုပဲဝတ်ဝတ် နူးညံ့ပြီး ကဗျာဆန်တဲ့ အသွင်အပြင်ကို ဖန်တီးပေးပါတယ်။ ဖဲပြားလေးတွေက မတူညီတဲ့ ဒီဇိုင်းအမျိုးမျိုးအတွက်လည်း အနုစိတ်ပုံဖော်နိုင်တဲ့ အဖြည့်ခံ ပစ္စည်းလေးတွေအဖြစ်လည်း သတ်မှတ်လို့ရတယ်'' လို့ ဖက်ရှင်မဂ္ဂဇင်း နိုင်လွန်ကရေးပါတယ်။

၇။ ပေါ့ပါးလွတ်လပ်တဲ့ ပေါင်တိုဘောင်းဘီလေးတွေ

Net-A-Porter
ဓာတ်ပုံ ပုံစာ, ဝဲမှယာ : Chloe၊ Tom Ford၊ Versace နဲ့ Gucci ထုတ် ဒီဇိုင်းတွေနဲ့ မော်ဒယ်တွေ

''ပေါင်တံရှည်ရှည်တွေကို ပြသနေတယ်'' ဆိုတဲ့စကားစုပါ လူပြိန်းကြိုက်သတင်းခေါင်းစဥ်တွေကိုပဲ မြင်တွေ့ နေရတယ်ဆိုရင်တော့ အခုအပိုင်းမှာပြောမယ့် ဖက်ရှင်ရေစီးကြောင်းကို ကျော်သွားတာမျိုး တော့ဖြစ်နိုင်ပါတယ်။

လာမယ့် နွေရာသီမှာ အရောင်အသွေးမျိုးစုံ၊ စတိုင်လ်မျိုးစုံနဲ့ ပိတ်စမျိုးစုံနဲ့ချုပ်ထားတဲ့ လူကြိုက်များတဲ့ ဘောင်းဘီတိုဒီဇိုင်းလေးတွေလည်း တစ်ခေတ်ပြန်ထ လာနိုင်ဖွယ်ရှိပါတယ်။

''ခြေထောက်လှဖို့ အားကစားရုံမှာလေ့ကျင့်ထားရတဲ့ရက်တွေရဲ့အကျိုးကို လက်တွေ့ခံစား အသုံးချရမယ့်အချိန် ရောက်လာပါပြီ'' လို့ Net-A-Porter က ပြောပါတယ်။

''ဘာကြောင့်လဲဆိုတော့ ၂၀၂၄ နွေကာလ ဖက်ရှင်မှာ အားကောင်းကောင်းနဲ့ဝတ်ဆင်ကြမယ့် ဖက်ရှင်ဟာ ဘောင်းဘီတိုလေးတွေ ဆိုတာကို မကြာသေးခင်တုန်းက ဖက်ရှင်လျှောက်လမ်းတွေကိုကြည့်ရင် သိနိုင်ပါတယ်''

၈။ အထည်ဟောင်းကနေ အထည်သစ်တစ်မျိုးဖန်တီးမှု၊ တပတ်နွမ်းထည်၊ ပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့အထည်တွေ

ဝဲမှယာ : Stella McCartney၊ Who Decides War၊ Eckhaus Latta နဲ့ Andersson Bell ထုတ် ဒီဇိုင်းတွေ ဝတ်ထားတဲ့မော်ဒယ်တွေ
ဓာတ်ပုံ ပုံစာ, ဝဲမှယာ : Stella McCartney၊ Who Decides War၊ Eckhaus Latta နဲ့ Andersson Bell ထုတ် ဒီဇိုင်းတွေ ဝတ်ထားတဲ့မော်ဒယ်တွေ

အခုနှစ်ရဲ့ ဖက်ရှင်ရေစီးကြောင်းမှာ အားလုံးလိုက်လျောညီထွေအောင် ဝတ်ဆင်လာကြမှာကတော့ အစိမ်းပါပဲ။ အစိမ်းဆိုလို့ အရောင်ကိုဆိုလိုတာတော့မဟုတ်ပါဘူး။ ‌

သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမြင့်တက်စေတဲ့ဖက်ရှင်နယ်ပယ်အကြောင်း ပြောကြ ဆိုကြတဲ့အခါ ရေရှည်တည်တံ့တဲ့ သဘာဝပတ်ဝန်းကျင်အရေးကို စိုးရိမ်မှုကိုလည်း တွဲမြင်ကြပါတယ်။ ဖက်ရှင်ကြိုက်သူအတော်များများဟာ စျေးပေါသက်သာတဲ့အထည်တွေကို ဝယ်၊ နှစ်ခါ သုံးခါပဲ ဝတ်ဆင်ပြီးတဲ့နောက်မှာ ပစ်ထုတ်လိုက်ကြတာပါပဲ။

မြန်မာပြည်မှာ ဘေထုပ်လို့ လူသိများပြီး ဒီနှစ်ပိုင်းတွေအတွင်း လူငယ်တွေကြား ဝင့်ဝင့်ကြွားကြွားဝတ်ဆင်လာကြတဲ့ တစ်ပတ်နွမ်းလို့‌ခေါ်တဲ့ ဝတ်ပြီးသား(pre-loved) အထည်လေးတွေကို အဝတ်အထည် အင်တာနက်စာမျက်နှာတွေမှာ ကဏ္ဍတစ်ခုထည့်ပြီး ရောင်းချလာကြပါတယ်။

ဒါပေမဲ့ ဒါဟာ ဖက်ရှင်နယ်ပယ်ကနေထွက်တဲ့ ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေတဲ့ ကာဗွန်ထုတ်လွှတ်မှု ဖြေရှင်းဖို့ လုပ်ဆောင်တဲ့ ခြေလှမ်းငယ်တစ်လှမ်းသာဖြစ်တာကြောင့် ဒီအရေး ပိုတိုးလုပ်ဖို့လိုသေးတယ်လို့ မှတ်ယူထားကြသူက အများကြီးရှိနေပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီဇိုင်နာတွေက ရေရှည်တည်တံ့တဲ့သဘာဝပတ်ဝန်းကျင်အတွက် ကိုက်ညီတဲ့ဖန်တီးမှုတွေကို လုပ်တာ၊ လုပ်နည်းကိုင်နည်းပြောင်းလဲတာ ဒါမှမဟုတ် သူတို့ ဒီဇိုင်းတွေထဲမှာ အသုံးပြုပြီးသားတစ်ပတ်နွမ်း ပစ္စည်းတွေကိုလည်း သူတို့ရဲ့ ဒီဇိုင်းထဲမှာထည့်သွင်းလာတာတွေအတွက်ကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုပြောကြရမှာပါ။

British Vogue အသားပေးဖော်ပြထားတဲ့ အဲဒီလိုနမူနာတွေထဲက တစ်ခုကိုပြပါဆိုရင် ပင်လယ်ရေမှော်လို့ခေါ်တဲ့ Kelp ကနေထုတ်လုပ်ထားတဲ့ Kelsun ချည်ဖြစ်ပါတယ်။ ဒီချည်ဟာ ကမ္ဘာကြီးပူနွေးစေတဲ့ကာဗွန်ထုတ်လွှတ်မှုကို သာမန်ချည်တွေထက် လျော့ကျစေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ဖက်ရှင်တံဆိပ် Eckhaus Latta ကတော့ ပိတ်စအဆင့်အထိ မသွားတော့ဘဲ ချည်ကြမ်းကနေ သရီးဒီ နည်းပညာနဲ့ယက်လုပ်ထားတဲ့ ဘောင်းဘီရှည်ဒီဇိုင်းကို ပြသခဲ့ပါတယ်။

ချည်ထည်အဆင့်အထိ မသွားတာကြောင့် ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေကိုလည်း မြန်မြန်ဆန်ဆန် လျော့ချနိုင်စေပါတယ်။

“စွန့်ပစ်ပစ္စည်းတွေနဲ့ ရောင်းမရလို့ပုံနေတဲ့အထည်တွေဟာ အထည်အသစ်တွေအဖြစ် ဒုတိယမြောက် ဘဝတစ်ခုကို ရသွားပါတယ်'' လို့ ဖက်ရှင်ယူနိုက်တက်က ရေးပါတယ်။

''ဖို့မြေအဖြစ် စွန့်ပစ်မှပဲရတော့မယ့် အဝတ်အထည်တွေကို အသုံးဝင်အောင် ပြန်လည်ဖန်တီးတာပေါ့။ တစ်ပတ်နွမ်းဘေထုပ်အထည်တွေက ဒုတိယပိုင်ဆိုင်ခွင့်ရသူတွေအတွက်တော့ အဝတ်အစားအသစ်ပါပဲ”လို့ Fashion United က ဆိုပါတယ်။

''အမှိုက်အနေနဲ့ပစ်ရတော့မယ်လို့ ရည်ရွယ်ထားတဲ့ပစ္စည်းတွေကို အပိုင်းပိုင်းတွဲဆက်၊ ပြန်ပြုပြင်ဖာထေးပြီး မဖုံးကွယ်ထားဘဲ တစ်လွှာချင်းစီအလိုက် ပျက်စီးနေတဲ့နေရာလေးတွေကို ပြုပြင်ထားတဲ့အတိုင်းလေး ဖန်တီးခဲ့တာဖြစ်ပါတယ်။''

အဝတ်အထည်ဝယ်ယူတဲ့သူတွေအားလုံးဟာ ကာဗွန်ရဲ့ ဆိုးကျိုးကို အသိ သတိရှိလာတာနဲ့အမျှ အခုနှစ်အတွင်း လူအများစုရွေးချယ်လာမယ့်အဝတ်အထည်တွေဟာ အဝတ်ဘီဒိုထဲက အဝတ်တွေပဲ ဖြစ်ဖို့ များပါတယ်။