AI ရဲ့ '80s trend - ၁၉၈၀ ကာလဆီသို့ တမ်းချင်း

AI ရဲ့ '80s trend ထဲဝင် Join ကြတဲ့ မြန်မာအမျိုးသမီးတွေ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, AI ရဲ့ '80s trend ထဲဝင် Join ကြတဲ့ မြန်မာအမျိုးသမီးတွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ကိုယ့်ဖုန်းထဲက ဓာတ်ပုံတစ်ပုံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ရိုက်ထားသလို ပြန်မြင်ရမယ်ဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ။

ဆိုရှယ်မီဒီယာမှာ ခုတလော ရေပန်းစားလာတဲ့ AI '80s trend မှာ အခုခေတ်လူငယ်တွေက သူတို့ရဲ့ ဓာတ်ပုံတွေကို ၁၉၈၀ ပြည့်လွန်နှစ်တွေက ရိုက်ထားပုံတွေလို အေအိုင်ကိုသုံးလို့ ဖန်တီးပြီး တင်နေကြပါပြီ။

ဆံပင်ပွပွဖွဖွ၊ လှိုင်းကြီးကြီး၊ အရောင်မှိန်နေတဲ့ denim ဂျင်းဘောင်းဘီ၊ ခေတ်ဟောင်းအဝတ်အစားတွေနဲ့ ဖလင်သုံး analogue ကင်မရာနဲ့ ရိုက်ထားသလို မြင်ရတဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။

သူတို့ရဲ့ အဲဒီစိတ်ကူးကို AI prompt (အေအိုင်ကို ညွှန်ကြားစေခိုင်းချက်) တွေက အပြည့်အဝကူညီနေပါတယ်။

အရင်က ဓာတ်ပုံတစ်ပုံကို ခေတ်ဟောင်းပုံစံဖြစ်အောင် vintage filter တင်တာလောက်နဲ့ ပြီးနိုင်ပေမယ့် AI နဲ့ ဖန်တီးတဲ့ အခု trend ကတော့ အဲဒီထက်ပိုပါတယ်။

AI ကို အသုံးပြုပြီး ဆံပင်၊ အဝတ်အစား၊ လက်ဝတ်ရတနာ၊ နောက်ခံ၊ အလင်းရောင်နဲ့ ဓာတ်ပုံရိုက်ထားတဲ့ texture အထိ တစ်ခါတည်း ပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် လက်ရှိ ဓာတ်ပုံတစ်ပုံကို အရောင်မှိန်အောင်လုပ်ထားတဲ့ ဓာတ်ပုံတစ်ပုံထက်၊ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တကယ်ရိုက်ခဲ့နိုင်တဲ့ ဓာတ်ပုံတစ်ပုံနဲ့ ပိုတူအောင် ဖန်တီးလာကြတာပါ။

၁၉၈၀ ပြည့်လွန်နှစ်တွေဆီ ပြန်သွားကြည့်ခြင်း

ထင်ရှားကျော်ကြားတဲ့ အကယ်ဒမီရ မြန်မာမင်းသမီးတွေလည်း Trend ထဲပါဝင်နေကြ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ထင်ရှားကျော်ကြားတဲ့ အကယ်ဒမီရ မြန်မာမင်းသမီးတွေလည်း Trend ထဲပါဝင်နေကြ

အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ AI နဲ့ ဖန်တီးထားတဲ့ '80s ဓာတ်ပုံတွေက ပုံစံအမျိုးမျိုးရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တချို့က ၁၉၈၀ နဲ့ ၁၉၉၀ ဝန်းကျင်က ကမ္ဘာနဲ့ မြန်မာက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေရဲ့ အလှပုံတူတွေနဲ့ ဆင်တူပြီး တချို့ကတော့ စတူဒီယိုမှာ ကျကျနနရိုက်ထားတဲ့ ပုံတွေ၊ ဖလင်ကင်မရာနဲ့ ရိုက်ထားသလို grain ပါတဲ့ ရုပ်ရှင်ပုံရိပ်တွေ၊ ခေတ်ဟောင်းမဂ္ဂဇင်းမျက်နှာဖုံးတွေ ဒါမှမဟုတ် မိသားစုအယ်လ်ဘမ်ဟောင်းထဲက ဓာတ်ပုံတွေလို ဖြစ်နေပါတယ်။

နွေးထွေးတဲ့အလင်းရောင်၊ ပိုမိုတောက်ပတဲ့အရောင်တွေ၊ soft-focus ဓာတ်ပုံပုံစံနဲ့ အရောင်မှိန်မှိန် texture တွေကို အသုံးပြုပြီး ခေတ်ဟောင်းအရသာကို ဖန်တီးကြပါတယ်။

အမျိုးသမီးတွေအတွက်တော့ အရောင်အသွေးစုံတဲ့ ဝတ်စုံတွေ၊ ဆံပင်ကောက်ကောက် ဒါမှမဟုတ် ဖွဖွကြီးပုံစံတွေနဲ့ လက်ကောက်တို့ နားဆွဲတို့လို ထင်ရှားတဲ့ လက်ဝတ်ရတနာတွေ ပါဝင်လေ့ရှိပါတယ်။

အမျိုးသားပုံတွေမှာတော့ ခါးမြင့်ဘောင်းဘီ၊ ရှပ်အင်္ကျီပုံစံတွေနဲ့ သပ်သပ်ရပ်ရပ် ပုံသွင်းထားတဲ့ ဆံပင်၊ နှုတ်ခမ်းမွေးတွေကို ထည့်သွင်းဖန်တီးကြပါတယ်။

ဒါပေမဲ့ ဒီ trend ရဲ့ ဆွဲဆောင်မှုက အဝတ်အစားနဲ့ ဆံပင်ပုံစံပြောင်းတာတစ်ခုတည်း မဟုတ်ပါဘူး။

"ဒီဓာတ်ပုံကို လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုက ရိုက်ခဲ့မယ်ဆိုရင် ကိုယ်က ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ"ဆိုတဲ့ စိတ်ကူးကို မြင်သာအောင် ဖန်တီးကြည့်နိုင်တာက ဒီ trend ရဲ့ အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။

Prompt တစ်ခုကနေ ဓာတ်ပုံတစ်ပုံ

AI ရဲ့ 80s ကို စီးရီးဇာတ်လမ်းတွဲကြော်ငြာတွေမှာ ပြောင်းသုံးပြီး Trend ကိုအသုံးချကြ

ဓာတ်ပုံ ရင်းမြစ်, Maha/ Social Media

ဓာတ်ပုံ ပုံစာ, AI ရဲ့ 80s ကို စီးရီးဇာတ်လမ်းတွဲကြော်ငြာတွေမှာ ပြောင်းသုံးပြီး Trend ကိုအသုံးချကြ

ChatGPT လို AI tool တွေမှာ ဓာတ်ပုံတင်ပြီး ကိုယ်လိုချင်တဲ့ ပုံစံကို စာနဲ့ဖော်ပြပေးရုံနဲ့ ဒီလိုပုံတွေကို ဖန်တီးနိုင်ပါတယ်။

အသုံးပြုသူတွေက မျက်နှာကို မပြောင်းဖို့၊ အသက်အရွယ်နဲ့ အသားအရောင်ကို မူရင်းအတိုင်းထားဖို့ ပြောနိုင်သလို၊ အဲဒီခေတ်က အဝတ်အစား၊ ဆံပင်ပုံစံ၊ နေရာနဲ့ အလင်းရောင်ကိုလည်း ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။

ကိုယ်ကြိုက်တဲ့ ပုံစံတစ်ခုရလာပြီဆိုရင် နောက်ခံနေရာ ဒါမှမဟုတ် အဝတ်အစားတစ်ခုတည်းကို ပြောင်းခိုင်းပြီး ကျန်တဲ့အရာတွေကို မပြောင်းဖို့လည်း AI ကို အသေးစိတ်ပြောနိုင်ပါတယ်။

တချို့အသုံးပြုသူတွေက သူတို့သုံးထားတဲ့ prompt တွေကို Instagram Stories မှာ ပြန်မျှဝေပြီး Instagram ရဲ့ "Add Yours" sticker နဲ့ တွဲသုံးကြပါတယ်။

အဲဒီကနေ သူငယ်ချင်းတွေနဲ့ follower တွေကိုလည်း ကိုယ့်ရဲ့ ၁၉၈၀ ပြည့်လွန်နှစ်ပုံတူတွေ ဖန်တီးဖို့ ဖိတ်ခေါ်နိုင်တာကြောင့် trend က တစ်ယောက်ကနေ တစ်ယောက်ဆီ လျင်လျင်မြန်မြန်ပျံ့နှံ့လာပါတယ်။

မြန်မာ 80s ဆိုရင်ရော

ဒီ trend က မြန်မာအသုံးပြုသူတွေကြားလည်း ရေပန်းစားနေပါပြီ။ ရုပ်ရှင်မင်းသား မင်းသမီး၊ ကျော်ကြားသူ၊ ဆိုရှယ်အင်ဖလူရန်ဆာတွေအပါအဝင် လူငယ်နဲ့ အမျိုးသမီးငယ်တွေကြားမှာပိုပြီး ရေပန်းစားပါတယ်။

တကယ်တမ်းက ၁၉၈၀ ပြည့်လွန်နှစ်တွေက ဓာတ်ပုံတွေဟာ အခုအချိန်မှာဆို မိသားစုအယ်လ်ဘမ်တွေ၊ အိမ်မှာ သိမ်းထားတဲ့ ဓာတ်ပုံဟောင်းတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ ရှားရှားပါးပါးပါပဲ။ ဒါက အဲဒီ ကာလကို ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးပြီး အခု သက်လတ် သက်ကြီးပိုင်းရောက်နေကြသူတွေပဲ ကြုံခဲ့ ရှိခဲ့ကြတဲ့ အတွေ့အကြုံပါ။

အခု AI trend ကတော့ ဒီနေ့ခေတ်လူငယ်တွေ အဲဒီခေတ်ကို ကိုယ်တိုင်ပြန်ရောက်သွားသလို ပုံဖော်ကြည့်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။

ဒီ trend ကြောင့်ပဲ ၁၉၈၀ -၉၀ ဝန်းကျင်က ဖက်ရှင်နဲ့ ဒီဇိုင်းတွေက ပြန်ပြီး အပ်ချုပ်ဆိုင်တွေနဲ့ ဆံပင်အလှပြင်ဆိုင်တွေမှာ တကျော့ပြန် ခေတ်စားလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

တကယ်တမ်းလည်း ကမ္ဘာမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေက ကမ္ဘာတစ်ဝန်းမှာလည်း ဂီတ၊ ရုပ်ရှင်နဲ့ ဖက်ရှင်တွေ အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့တဲ့ ကာလတစ်ခုပါ။

၁၉၈၁ ခုနှစ်မှာ MTV စပေါ်လာပြီး သီချင်းနားထောင်ရုံသာမက အဆိုတော်တွေရဲ့ ဝတ်စားဆင်ယင်ပုံ၊ ဆံပင်ပုံစံနဲ့ music video တွေပါ လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုအပေါ် ပါသြဇာလွှမ်းမိုးခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ "Billie Jean"၊ "Beat It"၊ "Thriller"၊ မက်ဒေါနားရဲ့ "Like a Virgin"၊ ပရင့်စ်ရဲ့ "Purple Rain"၊ ဝစ်နီဟူစတန်ရဲ့ သီချင်းတွေက အဲဒီခေတ်ရဲ့ လူကြိုက်များတဲ့ ဂီတပုံရိပ်တွေ ဖြစ်လာခဲ့ပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller ဗီဒီယိုကလည်း ဂီတဗီဒီယိုကို သီချင်းနားထောင်တာထက်ပိုတဲ့ ရုပ်မြင်ခံစား ယဉ်ကျေးမှုအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။

ရုပ်ရှင်ဘက်မှာတော့ "E.T."၊ "Back to the Future"၊ "Top Gun"၊ "The Terminator" တို့လို ဇာတ်ကားတွေက ကမ္ဘာတစ်ဝန်း လူကြိုက်များခဲ့ပြီး တွမ်ခရုစ်၊ မိုက်ကယ်ဂျေဖောက်စ်၊ အာနိုးလ်ရှဝါဇန်နက်ဂါ၊ ဆီလ်ဗက်စတာ စတားလုန်း တို့လို မင်းသားတွေ၊ ဘရွတ်ခ်ရှီးလ်စ်၊ မော်လီရင်းဝေါလ်ဒ်၊ ဒဲမီမိုး တို့လို မင်းသမီးတွေကလည်း အဲဒီခေတ်ရဲ့ လူသိများတဲ့ မျက်နှာတွေ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ AI က ပြန်ဖန်တီးပေးနေတဲ့ "80s look" ဆိုတာဟာ ဓာတ်ပုံအရောင်နဲ့ grain ကို ဟောင်းအောင်လုပ်တာတင်မဟုတ်ဘဲ အဲဒီခေတ်ရဲ့ ဂီတ၊ ရုပ်ရှင်၊ ဖက်ရှင်နဲ့ လူငယ်ယဉ်ကျေးမှုတို့ ပေါင်းစပ်ထားတဲ့ ပုံရိပ်တစ်ခုကို ပြန်ပြောင်းကြည့်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေက ဖက်ရှင်နဲ့ ဒီဇိုင်းတွေကတော့ အခုချိန်ထိ အသက်ဝင်နေဆဲဖြစ်ပြီး Gen Z လူငယ်တွေကြားမှာလည်း လက်ခံနှစ်ခြိုက်နေကြပါတယ်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်က မခိုင်ဇင်ကတော့ AI နဲ့ ဖန်တီးထားတဲ့ ၁၉၈၀ ပြည့်လွန်နှစ်ပုံစံကို သဘောကျမိတာကြောင့် သူ့လက်ရှိ ဆံပင်ပုံစံကိုပါ ပြောင်းချင်လာတယ်လို့ ပြောပါတယ်။

"AI ကနေ ဓာတ်ပုံထွက်လာတော့ ကိုယ့်မျက်နှာလည်း အရမ်းမပြောင်းဘဲနဲ့ ၁၉၈၀ ကျော်က ဖက်ရှင်နဲ့ အရမ်းမိုက်နေတယ်လို့ ခံစားရတယ်။ အဲဒါကြောင့် ဆံပင်ကိုတောင် AI က ထွက်လာတဲ့ပုံထဲကလို လှိုင်းကြီးကြီးနဲ့ ဖွဖွကြီးလုပ်ချင်နေပြီ" လို့ ပြောပါတယ်။

ရန်ကုန်၊ စမ်းချောင်းမြို့နယ်က မနေခြည်ကတော့ ဒီ trend ရဲ့ ဆွဲဆောင်မှုက ကိုယ့်ကိုယ်ကိုယ် အရင်မျိုးဆက်တွေရဲ့ ပုံစံနဲ့ ပြန်မြင်ရတာလို့ ပြောပါတယ်။

"ကိုယ့်မိဘတွေ၊ အဘိုးအဘွားတွေ ငယ်ငယ်တုန်းက ပုံစံနဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်ရတာ တမျိုးပဲ။ သဘောကျတယ်။ လှလည်းလှတယ်လေ။"

မွန်းကျပ်စရာတွေနဲ့ မြန်မာ့ 80s တကယ့်အခြေအနေ

၁၉၈၈ ခုနှစ် လူထုအုံကြွမှုပုံရိပ်များ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၈ ခုနှစ် လူထုအုံကြွမှုပုံရိပ်များ

ဒီနေ့ လူမှုကွန်ရက်ပေါ်မှာ ပြန်မြင်နေရတဲ့ 80s ပုံစံတွေက ဖက်ရှင်၊ ဆံပင်နဲ့ analogue ဓာတ်ပုံ texture တွေကြောင့် လွမ်းစရာကောင်းတဲ့ အတိတ်တစ်ခုလို မြင်ရနိုင်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ၁၉၈၀ ပြည့်လွန်နှစ်လွန်ကာလတွေရဲ့ ပကတိအခြေအနေကတော့ အဲဒီထက်မွန်းကျပ်စရာတွေရှိခဲ့တာပါဆိုပြီးအဲဒီခေတ်ကာလကို ဖြတ်သန်းခဲ့သူတွေရဲ့ ဝေဖန်မှုတွေလည်းရှိလာပါတယ်။

အဲဒီကာလဟာ ဦးနေဝင်းဦးဆောင်တဲ့ "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်" အောက်မှာ နိုင်ငံရေးနဲ့ စီးပွားရေးကို နိုင်ငံတော်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ကာလ ဖြစ်ပါတယ်။

၁၉၆၂ ကစပြီး နိုင်ငံပိုင်သိမ်းမှုတွေ တိုးလာခဲ့ပြီး အစိုးရက စီးပွားရေးကဏ္ဍကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီစနစ်ကြောင့် တရားဝင်စီးပွားရေးအပြင် မှောင်ခိုဈေးကွက်က ဝါးမြိုခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး သမိုင်းကြောင်းလေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်အစပိုင်းမှာ မြန်မာ့ရဲ့ စီးပွားရေးအခြေအနေ ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ နိုင်ငံခြားငွေကြေးနဲ့ ကြွေးမြီပြဿနာတွေ တိုးလာပြီး စီးပွားရေးတိုးတက်မှု နှေးကွေးလာခဲ့ပါတယ်။ အစိုးရက သွင်းကုန်ထိန်းချုပ်မှုတွေ တင်းကျပ်တာ၊ အစိုးရရင်းနှီးမြှုပ်နှံမှု လျှော့ချတာတွေ လုပ်ခဲ့ပေမဲ့ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးပြဿနာတွေက ဆက်ရှိနေခဲ့ပါတယ်။

အဲဒီခေတ်ရဲ့ ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုက ငွေစက္ကူဖျက်သိမ်းမှုတွေပါ။ ၁၉၈၅ နဲ့ ၁၉၈၇ ခုနှစ်တွေမှာ အချို့ငွေစက္ကူတွေကို ကြိုတင်သတိပေးချက်မရှိဘဲ ဖျက်သိမ်းခဲ့ပါတယ်။

ဒီလိုလုပ်ရပ်တွေက လူတွေရဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုကို ထိခိုက်စေပြီး ရွှေ၊ လက်ဝတ်ရတနာနဲ့ အိမ်ခြံမြေတွေဘက်ကို ငွေစုဆောင်းမှု ပြောင်းသွားစေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ AI က ပြန်ဖန်တီးပေးတဲ့ မြန်မာနောက်ခံနဲ့ အရောင်မှိန်မှိန် ဓာတ်ပုံဟောင်းတစ်ပုံရဲ့ နောက်ကွယ်မှာတော့ စီးပွားရေးအကျပ်အတည်းတွေ၊ ကုန်ပစ္စည်းရှားပါးမှုတွေနဲ့ တရားဝင်စီးပွားရေးအပြင် မှောင်ခိုဈေးကွက်အပေါ် မှီခိုရတဲ့ လူနေမှုဘဝတွေ ရှိခဲ့ပါတယ်။

အဲဒီအကျပ်အတည်းတွေက ၁၉၈၈ လူထုအုံကြွမှုအရေးတော်ပုံဆီကို တွန်းပို့ခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေကုန်ခါနီးမှာတော့ စီးပွားရေးအခက်အခဲတွေနဲ့ လူထုမကျေနပ်မှုတွေ ပိုပြီးပြင်းထန်လာခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေနဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုလှုပ်ရှားမှုအဖြစ် ကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒီနှစ် ဇူလိုင်မှာ ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ပြီး၊ သြဂုတ် ၈ ရက်မှာတော့ နိုင်ငံတစ်ဝန်း အထွေထွေဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကနေ စစ်အုပ်ချုပ်ရေးနဲ့ နိုင်ငံကို နောက်ထပ် နှစ် ၂၀ ကျော် ဆက်ပြီးအုပ်ချုပ်သွားခဲ့တာ ကြားမှာ ရွေးကောက်ပွဲနဲံ တက်လာတဲ့ အုပ်ချုပ်ရေးပုံစံရှိခဲ့ပေမဲ့ ၂၀၂၁ မှာ စစ်အာဏာသိမ်းတာကလည်း ၁၉၈၈ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလရဲ့ အဆက်တစ်ခုလို မြင်ရကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူတချို့က ရှုမြင်ပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း ၁၉၈၈ အရေးအခင်းကို "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်က လူထုမကျေနပ်မှုတွေရဲ့ ရလဒ်တစ်ခု" အဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

ဒီလိုနဲ့ AI trend က ပြန်ဖန်တီးပေးနေတဲ့ ၁၉၈၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းကာလတွေဟာ မြန်မာ့သမိုင်းကို ပြောင်းလဲသွားစေမယ့် အရေးကြီးတဲ့ အကူးအပြောင်းကာလတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

AI ကို "1980s" လို့ ပြောရုံနဲ့ မလုံလောက်

၁၉၈၀ မြန်မာနိုင်ငံနောက်ခံနဲ့ ပုံဖော်ကြတဲ့ 80s AI Trend

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ၁၉၈၀ မြန်မာနိုင်ငံနောက်ခံနဲ့ ပုံဖော်ကြတဲ့ 80s AI Trend

ဒါပေမဲ့ မြန်မာက ၁၉၈၀ ပြည့်လွန်နှစ်တွေကို တကယ်တမ်း ပုံဖော်ချင်ရင် AI ကို "1980s" လို့ ပြောရုံနဲ့ မလုံလောက်နိုင်ပါဘူး။

AI က 80s ဆိုတဲ့ အယူအဆကို အနောက်တိုင်းရဲ့ ဖက်ရှင်၊ ရုပ်ရှင်နဲ့ ယဉ်ကျေးမှုတွေမှာ တွေ့ရလေ့ရှိတဲ့ ပုံရိပ်တွေအပေါ် အခြေခံပြီး ဖန်တီးပါတယ်။

မြန်မာ 80s ဆိုရင်တော့ ထဘီနဲ့ အင်္ကျီပုံစံ၊ ဆံပင်၊ အိမ်တွင်းအပြင်အဆင်၊ ဆိုင်းဘုတ်၊ ကားနဲ့ ပရိဘောဂတွေကအစ အဲဒီခေတ်နဲ့ ကိုက်ညီဖို့ လိုပါတယ်။

ဒါကြောင့် သုံးစွဲသူအချင်းချင်းသတိပေးနေကြတာက AI ကို မူရင်းမျက်နှာပုံစံနဲ့ သဘာဝဆန်တဲ့ဓာတ်ပုံ အတိုင်းလုပ်ပေးစေချင်တဲ့ အချက်တွေကိုလည်း ပြောဖို့ပါ။

Trend ကို လိုက်ခံစားချင်ပေမဲ့ ဘယ်ကနေစရမလဲ မသိသေးသူတွေအတွက်လည်း AI prompt တွေကို မျှဝေနေကြပါတယ်။ Prompt တွေက ပုံဖော်လိုသူက ကိုယ်တကယ်ဝတ်ချင်တဲ့ အဝတ်အစားနဲ့ သွားချင်တဲ့နေရာတွေကို အဲဒီ prompt တွေထဲမှာ အစားထိုးထည့်ပြီး ဖန်တီးနိုင်တာကြောင့်ပါ။

ဒါကြောင့် prompt ထဲမှာ "Make me look like an ordinary Myanmar woman in Yangon in the 1980s" လိုမျိုး ကိုယ်လိုချင်တဲ့ နေရာနဲ့ လူနေမှုပုံစံကို တိတိကျကျ ဖော်ပြပြီး စမ်းသပ်ကြပါတယ်။

ဥပမာ - "ဒီဓာတ်ပုံထဲက လူရဲ့ မျက်နှာ၊ အသက်အရွယ်၊ အသားအရောင်နဲ့ မျက်နှာဖွဲ့စည်းပုံကို မပြောင်းပါနဲ့။ ၁၉၈၀ ပြည့်လွန်နှစ်တွေက ရန်ကုန်မြို့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံလို ပြန်ဖန်တီးပါ။ အဲဒီခေတ် မြန်မာအဝတ်အစား၊ ဆံပင်ပုံစံ၊ အိမ်အတွင်းအပြင်အဆင်နဲ့ analogue film camera texture ကို သဘာဝကျကျ အသုံးပြုပါ။ ခေတ်သစ်စမတ်ဖုန်း၊ ကားနဲ့ အခြားလက်ရှိခေတ်ပစ္စည်းတွေ မပါစေပါနဲ့"။

ဒီလို prompt ကို သေချာရေးပြီး အဝတ်အစား၊ နေရာနဲ့ ဆံပင်ပုံစံတွေကို ကိုယ်တိုင်ပြောင်းလဲဖန်တီးနိုင်ကြပါတယ်။

AI ပုံက တကယ့် 80s ဓာတ်ပုံတော့ မဟုတ်

ဒါပေမဲ့ AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံဟာ အဲဒီခေတ်က တကယ်ရိုက်ထားတဲ့ မှတ်တမ်းဓာတ်ပုံတစ်ပုံ မဟုတ်နိုင်တာသေချာပါတယ်။

AI က ခေတ်တစ်ခုရဲ့ ပုံရိပ်ကို စိတ်ကူးနဲ့ ပြန်လည်ဖန်တီးပေးတာဖြစ်တဲ့အတွက် အဝတ်အစား၊ နောက်ခံပစ္စည်း ဒါမှမဟုတ် နေရာတွေမှာ ခေတ်နဲ့မကိုက်တဲ့ အရာတွေ ပါလာတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ဟာသအမြင်နဲ့ မျှဝေကြပါတယ်။

တချို့အသုံးပြုသူတွေကလည်း AI ဖန်တီးထားတဲ့ပုံဟာ ကိုယ့်မူရင်းမျက်နှာနဲ့ သိပ်မတူတော့တာ၊ လက်နဲ့ မျက်နှာအသေးစိတ်တွေမှာ အမှားတွေ ရှိတာကို သတိပြုမိကြပါတယ်။

ဒါကြောင့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ် မတင်ခင် မူရင်းဓာတ်ပုံနဲ့ ပြန်ယှဉ်ကြည့်ဖို့၊ အထူးသဖြင့် မျက်နှာ၊ လက်၊ နောက်ခံနဲ့ ခေတ်နဲ့ မကိုက်တဲ့ ပစ္စည်းတွေ ပါလာမလာ စစ်ဆေးဖို့လည်း တစ်ယောက်နဲ့ တစ်ယောက် သတိပေးရေးကြပါတယ်။

''ရန်ကုန်မြို့ ဆူးလေနောက်ခံနဲ့ မြန်မာဝတ်စုံလုပ်ခိုင်းတာ ပုဆိုးမှာ အိတ်ပါလာတယ်။ လက်ကလည်းအဲဒီအိတ်ကပ်ထဲ ထည့်ထားသေးတယ်၊ ရယ်တော့ရယ်ရတယ်'' လို့ အသက် ၂၂ နှစ်အရွယ် ကိုရဲဇာနည်ကပြောပါတယ်။

နိုင်ငံတကာက လူငယ်တွေရဲ့ ဖက်ရှင်မျိုးစုံနဲ့ 80s AI Trend

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာက လူငယ်တွေရဲ့ ဖက်ရှင်မျိုးစုံနဲ့ 80s AI Trend

ဓာတ်ပုံဟောင်းပုံစံနဲ့ အတိတ်ကို ပြန်ကြည့်ခြင်း

၁၉၈၀ ပြည့်လွန်နှစ်တွေဟာ ရဲရင့်တဲ့ ဖက်ရှင်၊ analogue film ဓာတ်ပုံ၊ တောက်ပတဲ့အရောင်တွေနဲ့ ဆံပင်ဖွဖွကြီးတွေကြောင့် ခေတ်ဟောင်းစတိုင်တွေထဲမှာ အလွယ်တကူ မှတ်မိနိုင်တဲ့ ကာလတစ်ခု ဖြစ်ပါတယ်။

အခု AI trend ကတော့ အဲဒီခေတ်ရဲ့ အရောင်နဲ့ texture ကို ပြန်တင်ပေးတာထက် ပိုပြီး အဲဒီခေတ်ထဲမှာ ကိုယ်တိုင်ရှိနေသလို စိတ်ကူးကြည့်နိုင်အောင် ဖန်တီးပေးပါတယ်။

တစ်ယောက်ဖန်တီးထားတဲ့ prompt ကို နောက်တစ်ယောက်က ယူပြီး ကိုယ့်ဓာတ်ပုံနဲ့ ပြန်စမ်းနိုင်တာကြောင့်လည်း ဒီ trend ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ဖို့ လွယ်ကူပါတယ်။

နောက်ဆုံးမှာတော့ AI ရဲ့ အတိတ်ကို ပြန်ဖန်တီးပေးနိုင်မှုက "အဲဒီခေတ်မှာ ကိုယ်သာရှိခဲ့ရင် ဘယ်လိုပုံစံဖြစ်မလဲ" ဆိုတဲ့ စိတ်ကူးကို မြင်သာလာစေပါတယ်။

အဲဒီအတွက် လူငယ်အများစုက မိသားစုအယ်လ်ဘမ်ဟောင်းကို ဖွင့်ကြည့်မနေကြတော့ဘဲ ကိုယ့်ဖုန်းထဲက ဓာတ်ပုံတစ်ပုံနဲ့ပဲ ၁၉၈၀ ပြည့်လွန်နှစ်တွေဆီ ခဏပြန်သွားကြည့်နေကြပါပြီ။