လမ်း စျေး ဇာတ်စင် သဘင်သည် မနှင်းဆီ

ဓာတ်ပုံ ရင်းမြစ်, Ma Hninsi
သဘင်သည်ဘဝကို မြတ်နိုးတဲ့ လမ်း စျေး ဇာတ်စင် ကချေသည်
အသက် ၆၀ ကျော်ခါမှ Facebook ဆယ်လီဖြစ်လာတယ် ဆိုပြီး သူ့ကိုယ်သူ ကျေနပ်နေသူ တစ်ယောက်ကတော့ ရန်ကုန်မြို့က လူစည်ကားရာ နေရာတခု ဖြစ်တဲ့ ဗိုလ်တထောင် ဘုရားနားမှာ ညနေခင်းတိုင်း သွားအလုပ်လုပ်တဲ့ မနှင်းဆီ ဖြစ်ပါတယ်။
မိုဘိုင်းဖုန်း တစ်လုံး၊ မမ်မိုရီစတစ် တစ်ခုနဲ့ ဆောင်းဘောက်စ် တစ်ခု ရှိရင် မနှင်းဆီ အလုပ်လုပ်လို့ ရပါပြီ။
သူလုပ်တဲ့ အလုပ်က သာမာန် တခြားသူတွေ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ လူစည်တဲ့နေရာတွေကိုသွားပြီး သီချင်းတစ်ပုဒ်ကို ကျပ် တစ်ထောင်နဲ့ ပရိသတ်တွေကို ကပြတာ ဖြစ်ပါတယ်။
သူနေတဲ့ လှိုင်သာယာကနေ နေ့စဉ် နေ့လယ် ၂ နာရီလောက်ဆို မနှင်းဆီ အိမ်က ထွက်ပါပြီ။ လူအစည်ကားဆုံး အချိန် ညနေ ၆ နာရီခွဲ ၇ နာရီ က မနှင်းဆီအတွက် အရေးကြီးတဲ့ အလုပ်ချိန်ဖြစ်ပါတယ်။
လူစည်ကားတဲ့ တခြား စျေးတွေကိုလည်း မနှင်းဆီ လှည့်လည် သွားပြီး ကပြတတ်ပါတယ်။
ငယ်ငယ် ကတည်းက အက ဝါသနာပါတဲ့ မနှင်းဆီ ဟာ လူတွေကို ကပြ ဖျော်ဖြေတဲ့ အလုပ်ကို လုပ်နေရရင် ပျော်ရွှင် ကြည်နူးနေပြီး မမောနိုင် မပန်းနိုင် ကပြပါတော့တယ်။
အလုပ် ကောင်းတဲ့နေ့ဆို သီချင်း အပုဒ် ၂၀ လောက် ကပြရတယ်လို့ မနှင်းဆီက ပြောပါတယ်။ တစ်ပုဒ်ကို တစ်ထောင် ဆိုတော့ အပုဒ် ၂၀ ဆို ငွေ နှစ်သောင်း လက်ထဲ ကိုင်ထားနိုင်ပါပြီ။
အဲဒီလို များများ ကရတဲ့ နေ့ဆို မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူး ဆိုပြီး မနှင်းဆီ တစ်ယောက် ပျော်ရွှင်နေပါတယ်။
တချို့ရက်တွေက အလုပ်ကောင်းပေမဲ့ သိပ် အလုပ် မလုပ်ရတဲ့ အဆင်မပြေတဲ့ နေ့ရက်တွေလည်း မနှင်းဆီ ကြုံရတတ်ပါတယ်။
ကလေးဘဝက စတဲ့ သဘင်သည် မနှင်းဆီ

ဓာတ်ပုံ ရင်းမြစ်, Ma Hninsi Family
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငယ်ငယ်ကတည်းက သဘင် အလုပ်ကို လုပ်လာတာပါ ဆိုတဲ့ မနှင်းဆီက သူ ၁၀ နှစ် သမီး အရွယ်လောက် ကတည်းက လူရွှင်တော် စျေးသည်ကြီး ဆန်နီ၊ ဦးရာကျော်တို့နဲ့အတူ ဇာတ်တွေ လိုက်လံ ကပြခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မိုးဝင်း၊ နန်းဝင်း၊ ပန်တျာ တင်မိုးဝင်းတို့ ဇာတ်တွေမှာ တစ်နှစ် စာချုပ်တွေ ချုပ်ပြီး လိုက်ကဖူးတယ်လို့ပြောပါတယ်။
အရင်ခေတ်က နေကျောက်ခဲ ဆိုတဲ့ ဇာတ်မှာ ပြဇာတ်မင်းသမီး ဖြစ်ခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်တင်တင်က သူ့ကို အကပညာ သင်ပေးခဲ့တာလို့ ဆိုပါတယ်။
မနှင်းဆီက အိမ်ထောင်ကျပြီးနောက် မန္တလေးဘက်မှာ သွားရောက်နေထိုင်ခဲ့ပြီး ဖြူးမင်းသားဇာတ်အဖွဲ့၊ မြို့တော်အင်အားသစ်၊ ပါပါလေး အငြိမ့်၊ မှုံရွှေရည် ဇာတ်အဖွဲ့ စတဲ့ အဖွဲ့တွေက ခေါ်ရင် လိုက်ပါသွားပြီး ကပြခဲ့တယ်လို့ ပြောပါတယ်။
သဘင်အလုပ်နဲ့ အက ဝါသနာပါတဲ့ မနှင်းဆီဟာ ငယ်ငယ်ကတည်းက နာမည်ကြီး မင်းသမီး ဖြစ်ချင်ခဲ့ပေမဲ့ သူဖြစ်ချင်သလို ဖြစ်မလာနိုင်ခဲ့ပါဘူး။
မန္တလေးမှာ နေထိုင်ပြီး အဆင်သင့်သလို ဇာတ်ပွဲတွေထဲမှာ လိုက်ပါ ကပြနေခဲ့တဲ့ မနှင်းဆီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်လောက်က မန္တလေးက ဇာတ်အဖွဲ့ တဖွဲ့နဲ့ ဇာတ်ကဖို့ သွားတဲ့ ခရီးစဉ် အတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ ဘက်မှာ ကားမှောက်ပြီး သူ့ခြေထောက်၊ ဒူးခေါင်းနဲ့ ခါးပေါ်ကို သေတ္တာကြီး ပြုတ်ကျခဲ့လို့ ဒဏ်ရာတွေရခဲ့ပါတယ်။
ထိုင်ထ ခုန်ပေါက်ပြီး ကလို့ မရတော့တဲ့အတွက် ဇာတ်ပွဲတွေမှာ လိုက်လံ ကပြတဲ့ အလုပ်ကို သူ့ အသက် ၂၅ နှစ် လောက်မှာ နားလိုက်ရပါတယ်။ အရွယ်ကောင်းချိန်မှာ ဇာတ်မင်းသမီး အလုပ်ကို မနှင်းဆီ စွန့်လွှတ်ခဲ့ရပါတယ်။
လမ်းမပေါ်က လူစည်ကားရာနေရာမှာ ဖျော်ဖြေသူ

ဓာတ်ပုံ ရင်းမြစ်, Ma Hninsi Family
အက ဝါသနာ ပါပြီး ခုန်ပေါက် ကနေရမှ သူ့ဘဝ ပျော်ရွှင် စိတ်ချမ်းသာတယ် ဆိုတဲ့ မနှင်းဆီက ဇာတ်ပွဲတွေမှာ လိုက်မကရတော့တဲ့အတွက် သူ လှည့်လည် သွားလာ နေထိုင်တဲ့ အရပ်ဒေသတွေက လူစည်ကားတဲ့နေရာတွေမှာ ကပြရင်း ဝမ်းစာ ရှာဖွေခဲ့ ပါတယ်။
“စင်ပေါ်ကနေ လူ ပရိသတ် အများကြီးကို ကပြရသေးတာ၊ အခုလို ဘာကြောင့် မကပြ ရဲရမလဲ၊ တချို့ အခြောက်တွေတောင် မိန်းမအဝတ်အစားတွေ ဝတ်ကပြီး ကကြသေးတယ်၊ ကိုယ်က မိန်းမသား ဆိုတော့ ကိုယ့်မှာရှိတဲ့ အဝတ် ကိုယ်ဝတ်ပြီး ကပြတာပဲ ဆိုပြီးတော့ ရင်ဆိုင် ကပြလိုက်တယ်” လို့ မနှင်းဆီက ပြောပါတယ်။
ဒီလို လမ်းပေါ်မှာ ဖျော်ဖြေ ကပြရင်း အသက်မွေးဝမ်းကျောင်း ပြုလာတာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီလို့ ဆိုပါတယ်။
အရင်တုန်းကတော့ အခုလို သီချင်းတစ်ပုဒ်ကို တစ်ထောင် မဟုတ်သေးဘဲ တစ်ပုဒ်ကို ကျပ် ၃၀၀၊ နောက်ပိုင်းမှာ ကျပ် ၅၀၀ စသဖြင့် ရတယ်လို့ မနှင်းဆီရဲ့ သမီး တစ်ယောက်က ပြောပါတယ်။
ခေတ်ပေါ် သီချင်းတွေနဲ့ လူတွေ ပါးစပ်ဖျား ရေပန်းစားတဲ့ တေးသီချင်း အမျိုးမျိုးနဲ့ ကပြဖျော်ဖြေရာမှာ အကတွေလည်း မျိုးစုံ ကပြပါတယ်။ မြန်မာအက အိန္ဒိယ အက တွေလည်းကပြတယ်၊ အိန္ဒိယ အက ကရင် ပိုက်ဆံပိုရတယ်လို့ ဆိုပါတယ်။
အခု မနှင်းဆီက အသက်ကြီးလာလို့ သိပ်ပြီး သွက်သွက်လက်လက် ခုန်ပေါက် က ရင် မောလို့ မြန်မာ အက ကရတာပဲ ပိုအဆင်ပြေပါတယ်။
လက်ရှိ အချိန်မှာတော့ တစ်ခါတလေ ၁၃ နှစ် အရွယ် သမီးလေးနဲ့အတူ မနှင်းဆီ လိုက်လံ ဖျော်ဖြေ ကပြသလို တခါတလေ သူတစ်ယောက်တည်း စျေးတကာလှည့် ကပြ ဖျော်ဖြေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ma Hninsi
လှိုင်သာယာရောက်မှ သာယာတယ်
မနှင်းဆီတယောက် လှိုင်သာယာကို ရောက်တာ သိပ်တော့ မကြာသေးပါဘူး။ အလွန်ဆုံး လေးငါးနှစ်ပဲ ရှိပါသေးတယ်။
ဒီကို ပြောင်းမလာခင် ပဲခူးမြို့မှာ သူနေပါတယ်။ ပဲခူးမှာ ရေကြီးရေလျှံ ဖြစ်ပြီး ဒုက္ခရောက်ကြတော့ ဆက်နေလို့ မဖြစ်တော့ဘူး ဆိုပြီး မိသားစု ပြောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
ရေကြီးတဲ့အထဲ ပိုင်ဆိုင်သမျှလေးတွေ ဆုံးရှုံးခဲ့ရလို့ ဒုက္ခရောက်တယ်။ သန်းခေါင်စာရင်းတွေက အစ ရေမြုပ်တဲ့အထဲ ပါသွားတယ်လို့ မနှင်းဆီက ပြောပါတယ်။
အတန်းပညာ တစ်တန်း မှ မတတ်၊ စာကို စာလုံးပေါင်းပြီးမှ ဖတ်နိုင်တဲ့ မနှင်းဆီအဖို့ သူ့ဘဝရဲ့ အရေးကြီးတဲ့ ခုနှစ်၊ နေ့လရက်တွေကို တိတိကျကျ မမှတ်မိတော့ပါဘူး။
ဘဝဇာတ်ခုံပေါ်မှာ ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း သူ့အဖို့ အခု လှိုင်သာယာမှာ နေရတာ စိတ်ထဲ နေလို့ ထိုင်လို့ ကောင်းတယ်။ ဒီနေရာက သူ့အတွက် စိတ်ကြည်စရာ နေရာဖြစ်တယ်၊ လှိုင်သာယာရောက်မှ ဆယ်လီဖြစ်တော့ သူ့အတွက် သာယာတယ် လို့ မနှင်းဆီက ပြောပါတယ်။
သတင်းမီဒီယာ တခုက သူ့ကို ဗီဒီယိုလာရိုက်ပြီးနောက် လူသိများ လာပြီး အလုပ်အကိုင် ပိုအဆင်ပြေလာတယ်လို့ ဆိုပါတယ်။ ဒီလို အဆင်ပြေလာတယ် ဆိုပေမဲ့ ဆေးကုသဖို့နဲ့ နေရေး စားရေး အပါအဝင် အသုံးစရိတ်တွေ ကာမိအောင် လုံလောက်တဲ့ ငွေကြေးတော့ မရနိုင်ပါဘူး။
စားဝတ်နေရေး အခြေအနေ
လောလောဆယ် အိမ်မှာ သားအမိ နှစ်ယောက်သာ ရှိတဲ့အတွက် ဆန်ကို ပြည်ချင်နဲ့ဝယ်၊ အိမ်မှာ ထမင်းအိုး တစ်လုံး တည်ပြီး ဟင်းလျာကို ဆိုင်က ဝယ်စားကြတယ်လို့ မနှင်းဆီက ပြောပါတယ်။
ဟင်းဖိုးက တစ်နေ့ကို မနက်စာ ညစာ ကျပ် တစ်ထောင်ကနေ ၁၅၀၀ ကျပ် ကြား ကုန်ပါတယ်။ ကိုယ်တိုင် စျေးဝယ် ချက်ပြုတ်ရင် အလုပ်လည်းရှုပ်မယ် ပိုလည်း ကုန်ကျနိုင်တယ် ဆိုပြီး ဟင်းဝယ်စားကြတာပါ။
အိမ်က ငှားနေတာ ဖြစ်လို့ အိမ်ငှားခ တစ်လကို ၆ သောင်း၊ ရေဖိုး မီးဖို့နဲ့ ပေါင်းလိုက်ရင် တစ်လကို ၇ သောင်းလောက်ကုန်တယ် တခါတလေ အိမ်လခ ပေးဖို့ ငွေမရှိရင် တခြားသူ ဆီက ချေးငှားပေးရတယ်လို့ မနှင်းဆီက ပြောပါတယ်။
ဝင်ငွေနဲ့ ထွက်ငွေ မကာမိတော့လည်း ဖြစ်တဲ့နည်းနဲ့ ရုန်းကန်ဖြေရှင်းရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ma Hninsi
သဘင်သည်မလေးနှင်းဆီ
ဝါသနာပါတဲ့ အက ကို ပရိသတ်တွေရှေ့မှာ ကပြပြီး အသက်မွေးဝမ်းကျောင်း နေတဲ့ မနှင်းဆီက အဆင်မပြေမှုတွေကြားမှာ သူ့ကို အားပေးတဲ့ ပရိသတ်ရှိတယ် ဆိုရင်ကိုပဲ ကျေနပ်နေပါပြီ။
သူ့ပရိသတ်တွေက လိုင်းပေါ်မှာ တွေ့ဖူးတယ် ဆိုပြီး လာစကားပြော မိတ်ဆက် ဓာတ်ပုံရိုက်ကြတဲ့အချိန်ဟာ မနှင်းဆီ ကြည်နူးရဆုံးအချိန်တွေပါ။
လမ်းပေါ်က ပရိသတ်တွေက သူ့ကို ကပြစေချင်တဲ့ သီချင်းတွေ ပြောပြီး ကခိုင်းတဲ့အခါ အားအရဆုံးနဲ့ အနှစ်သက်ဆုံး သီချင်းက သဘင်သည်မလေး နှင်းဆီ ဆိုတဲ့ သီချင်းဖြစ်ပါတယ်။
တခြားသီချင်းတွေနဲ့ ကပြတဲ့အခါ ကိုယ်တိုင်လိုက်မဆိုပေမဲ့ ဒီသီချင်းနဲ့ ကပြရရင်တော့ ကိုယ်တိုင် စိတ်ပါလက်ပါ သီချင်းပါဆိုပြီး ကပြတယ်လို့ မနှင်းဆီက ပြောပါတယ်။
အခု လတ်တလော ခေတ်စားနေတဲ့ သီချင်းက “မမစား၊ မောင်လေးစား သီချင်းပဲ၊ ဘယ်စျေးသွားသွား ဒီသီချင်းပဲ တောင်းကြတယ်၊ အသက်ကြီးလာတော့ အဲဒီသီချင်းမျိုးဆို ကရတာ ခက်တယ်၊ ပင်ပန်းလို့ မကနိုင်တော့ဘူး” လို့ မနှင်းဆီက ပြောပါတယ်။
အခု အသက် ၆၀ ကျော်ပြီဖြစ်တဲ့ မနှင်းဆီ တစ်ယောက် သဘင်သည် အလုပ်၊ ကပြဖျော်ဖြေတဲ့ အလုပ်ကို ကလေးအရွယ် ကတည်းက လုပ်လာခဲ့တာ အခု ဆို ရာစုနှစ်ဝက် ကျော်ခဲ့ပါပြီ။ သူတတ်တဲ့ သဘင် အနု ပညာနဲ့ ဆက်လက်ပြီး ကပြ ဖျော်ဖြေဖို့ မနှင်းဆီ ဆုံးဖြတ်ထားပါတယ်။
အခု လက်ရှိ အချိန်က သူ အလုပ်လုပ်ရတာ ကျေနပ်ဂုဏ်ယူမိဆုံး အချိန်လို့လည်း မနှင်းဆီက ပြောပါတယ်။






