ယူကရိန်းပဋိပက္ခ 'ပြီးလုနီးပြီ'ဆိုတဲ့ ပူတင့်အပြောနဲ့ အင်အားလျှော့ချတဲ့ Victory Day စစ်ရေးပြပွဲ

ဗီဒီယို ပုံစာ, ဘီဘီစီ ရုရှား အယ်ဒီတာ စတိဗ် ရိုဆန်ဘာ့ ရှင်းပြတဲ့ ရင်ပြင်နီ စစ်ရေးပြပွဲ
    • ရေးသားသူ, ကလဲ ကီနန်
    • ရာထူးတာဝန်, ဘီဘီစီ သတင်း
  • ဖတ်ရန်အချိန်: မိနစ် ၅

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ရုရှားနဲ့ဖြစ်တဲ့ ယူကရိန်းနဲ့ပဋိပက္ခဟာ ပြီးလုနီးပြီလို့ သူ ထင်တဲ့အကြောင်း ပြောလာပါတယ်။​ ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်အောင်ပွဲကို အင်အားလျှော့ကျင်းပတဲ့ မော်စကိုမြို့က စစ်ရေးပြပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် အခုလိုပြောလိုက်တာဖြစ်ပါတယ်။​

''ဒါဟာ ပြီးလုပြီးတဲ့ကိစ္စရပ်လို့ ကျွန်တော်ထင်ပါတယ်'' လို့ သူက သူ့အပြောအရ ယူကရိန်းအပေါ် ပြုလုပ်တဲ့ ရုရှားရဲ့ ''အထူးစစ်ဆင်ရေး'' ကို ရည်ညွှန်းပြီး ပြောလိုက်တာဖြစ်ပါတယ်။​ ကိယက်ဗ်အစိုးရကို အနောက်ကမ္ဘာရဲ့ထောက်ပံ့မှုကိုလည်း သူက ရှုတ်ချပြောဆိုပါတယ်။​

မော်စကိုမြို့က ရင်ပြင်နီမှာ နှစ်စဥ် ကျင်းပနေတဲ့ အခုနှစ် စစ်ရေးပြပွဲမှာ ယူကရိန်းဘက်က ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နိုင်ခြေကို အာဏာပိုင်တွေက စိုးရိမ်တာကြောင့် တင့်ကားတွေ၊ ဒုံးကျည်တွေနဲ့ ပွဲထုတ်ပြသတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ကြားဝင်မှုကြောင့် နောက်ဆုံးမိနစ်မှ ကပ်ပြီး ပေါ်လာတဲ့ မော်စကိုနဲ့ ကိယက်ဗ်ကြားက အပစ်ရပ်မှုကြောင့်လည်း ဒီစစ်ရေးပြပွဲနဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရနိုင်တဲ့အန္တရာယ်လျော့ကျပြီး ပွဲပြီးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

မော်စကိုမြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ပူတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

Victory Day နေ့ မိန့်ခွန်းမှာ ယူကရိန်း - ရုရှားစစ်ပွဲနဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုအပြီး နာရီပိုင်းအကြာမှာပဲ ပူတင်ရဲ့အခုလိုမှတ်ချက်စကား ထွက်လာတာဖြစ်ပါတယ်။​

အဲဒီမိန့်ခွန်းမှာတုန်းကတော့ သူက ရုရှားဟာ စစ်ပွဲ တစ်ပွဲကို တိုက်နေတာဖြစ်ပြီး ယူကရိန်းဟာ နေတိုးအဖွဲ့ကြီးတစ်ခုလုံးက ထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးချနေတဲ့ ရန်လိုတဲ့တပ် တစ်တပ်ဖြစ်တယ်လို့ သူက သုံးနှုန်းပါတယ်။​

အဲဒီနောက် ယူကရိန်းကို အနောက်ကမ္ဘာက ကူညီနေတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးတဲ့အခါမှာတော့ ပူတင်က ''သူတို့(အနောက်)ဟာ အကူအညီ ကတိကဝတ်ပြုခဲ့ပြီး ဒီနေ့အထိ ဆက်ဖြစ်နေတဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့မှုကို မီးလောင်ရာလေပင့် လုပ်နေပါတယ်။ ဒီကိစ္စဟာ ပြီးလုနီးတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။​ ကိစ္စဆိုပေမဲ့ သိပ်ကို ပေါ့သေးသေးမဟုတ်တဲ့ ကိစ္စပါ''

ရုရှားတပ်ဖွဲ့တွေဟာ ခရိုင်းမီးယားနဲ့ ယူကရိန်းအရှေ့ပိုင်းက ဒေသတွေကို ၂၀၁၄ ခုနှစ်မှာ သိမ်းခဲ့ပါတယ်။​ အဲဒီနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို အင်အားအပြည့်နဲ့ ကျူးကျော်ခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထာ၀ရတည်မြဲမယ့် ငြိမ်းချမ်းရေး အပေးအယူ သဘောတူနိုင်ပြီဆိုမှ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးနဲ့ တွေ့မယ်လို့လည်း ပူတင်က ပြောပါတယ်။

''တတိယနိုင်ငံတစ်နိုင်ငံမှာ ဆုံတွေ့ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။​ ဒါပေမဲ့ ကာလရှည်ကြာသမိုင်းအမြင်အတွက် ထည့်တွက်ထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိရေး နောက်ဆုံးညှိနှိုင်းထားတာတွေ ရပြီဆိုမှ အဲဒီသဘောတူညီချက်မှာ လက်မှတ်ရေးထိုးဖို့၊ ပွဲတက်ဖို့ ဖြစ်နိုင်ပါမယ်။ ဒါပေမဲ့လည်း ဒါဟာ နောက်ဆုံးအဆင့်ဖြစ်နေရပါမယ်'' လို့ သူက ဆက်ပြောပါတယ်။​

ပူတင်က ဇလန်းစကီးဘက်ကလည်း အစည်းအဝေးတစ်ရပ်လုပ်ဖို့ အသင့်ရှိနေတယ်လို့ဆိုတာ သူ ကြားထားရတယ်လို့ ပြောပေမဲ့ ''ဒါမျိုးကြေညာချက်တွေကို ကျွန်တော်တို့ အခုမှကြားရတာမျိုး မဟုတ်ပါဘူး'' လို့ ဆိုပါတယ်။​

ပူတင်ကတော့ ဥရောပအတွက် လုံခြုံရေးသဘောတူညီချက်အသစ်ကို ညှိနှိုင်းဖို့ သူ့မှာ ဆန္ဒရှိပြီး အဲဒီအတွက် ကြားဝင်ညှိနှိုင်းပေးပေးမယ့်သူဟာ ဂျာမနီအဓိပတိ(ဝန်ကြီးချုပ်) ဟောင်း Gerhard Schröder ဖြစ်စေချင်ကြောင်းလည်း ပြောပါတယ်။​

Gerhard Schröder ဟာ ပူတင်ရဲ့ ကာလရှည် မိတ်ဆွေဖြစ်ပြီး ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီတွေအတွက် အလုပ်လုပ်တာကြောင့် အငြင်းပွားဖွယ်ရာ လူပုဂ္ဂိုလ်ဖြစ်နေပါတယ်။

အခုသီတင်းပတ်ကုန်ပိုင်းအတွင်း အမေရိကန်က ဦးဆောင်ခဲ့တဲ့အပစ်ရပ်သဘောတူညီချက်မှာ ကိယက်ဗ်နဲ့ မော်စကိုတို့ အကျဥ်းသား ၁,၀၀၀ စီ အပြန်အလှန်လဲလှယ်ရေးလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ပူတင်ကတော့ ဒီအကျဥ်းသားလဲလှယ်ရေးနဲ့ပတ်သက်ပြီး ရုရှားဟာ ယူကရိန်းဘက်က ပြောဆိုလာတဲ့အသံ မကြားရသေးဘူးလို့ စနေနေ့တုန်းက ပြောထားပါတယ်။​

ဒါပေမဲ့လည်း အခုနှစ် မော်စကိုက ရင်ပြင်နီချီတက်ပွဲမှာ ရုရှားနဲ့စစ်ရေးစွမ်းပကားကို နိုင်ငံတကာကို ပွဲထုတ်လေ့ရှိတဲ့ စစ်ဘက်သုံးပစ္စည်းတွေ မပြသသွားပါဘူး။​

နိုင်ငံတကာ သတင်းမီဒီယာတွေကို တက်ရောက်သတင်းယူခွင့် ကန့်သတ်ခဲ့တာကြောင့် ဒီနေ့ပွဲကို တက်ရောက်တဲ့သတင်းသမားလည်း နည်းခဲ့ပါတယ်။​

Victory Day ချီတက်ပွဲမှာ လမ်းမပေါ် တူရိယာတွေ တီးမှုတ်ပြီး အစုလိုက် အစုလိုက် လမ်းလျှောက်ချီတက်နေကြတဲ့ ရုရှားတပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, Victory Day ချီတက်ပွဲမှာ စုဝေးနေကြတဲ့ ရုရှားတပ်ဖွဲ့ဝင်များ

ရင်ပြင်နီမှာပြုလုပ်တဲ့ Victory Day ချီတက်ပွဲတွေ အတော်များများကို ကျွန်တော် တက်ခဲ့ဖူးပါတယ်။​

ဒီနှစ်ကတော့ တမူထူးခြားပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင် သတင်းယူလို့ အဆင်ပြေမယ့်နေရာကိုရောက်ဖို့ St Basil's ဘုရားကျောင်းအနီးမှာ ရပ်ပေးလေ့ရှိတဲ့ မီဒီယာတွေရဲ့ဘတ်စ်ကားကနေ ရင်ပြင်တစ်ဖက်ခြမ်းဆီကို အပြေးအလွှားသွားရလေ့ရှိပါတယ်။​

ဒီနှစ်တော့ ပြေးစရာမလိုတော့ပါဘူး။ ပွဲမှာလည်း သတင်းထောက်ဆိုလို့ လက်ချိုးရေလို့ရတဲ့အခြေအနေပါ။ နိုင်ငံတကာသတင်းမီဒီယာအများစု သတင်းယူခွင့်မရကြပါဘူး။

ကျွန်တော် ရင်ပြင်နီကို ရောက်တာနဲ့ ရုရှားရုပ်သံဌာနက ကင်မရာမန်းတစ်ယောက်က ကျွန်တော့်ဆီလာပြီး ရိုက်ကူးရေးလုပ်ပါတော့တယ်။

"စတိဗ် ... နိုင်ငံခြားမီဒီယာတွေကို သတင်းရယူခွင့်ပြုတယ်ဆိုတာ ခင်ဗျားက သက်သေပဲ'' လို့ အဲဒီရုပ်သံသတင်းထောက်က ပြောပါတယ်။​

"မဟုတ်သေးဘူးလေ" လို့ ကျွန်တော် ပြန်ပြောပါတယ်။​ "တခြားသတင်းထောက်တွေကိုမှ မမြင်ရတာ"

အခုနှစ် ချီတက်ပွဲ ဘယ်လိုနေမလဲဆိုတာကို ကျွန်တော် သိချင်တာကြောင့် ပွဲတက် သတင်းယူနိုင်ခဲ့တာကတော့ ကျေနပ်စရာပါ။

သတင်းထောက်တွေနည်းသလို ပွဲကြည့်စဥ်မှာ ပွဲတက်တဲ့ဧည့်သည်လည်း နည်းပါတယ်။ ဒီပွဲတက်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေလည်း နည်းပါးခဲ့ပါတယ်။​

ဒါပေမဲ့ အခုနှစ်ပွဲဟာ အရင်နှစ်တွေကထက် ပိုပြီးကွဲပြားတယ်ဆိုတဲ့အချက်က ချီတက်ပွဲ လုပ်တဲ့အချိန်မှာ ပိုပြီးသိသာပါတယ်။​

တင့်ကားတွေ၊ ဒုံးပစ်လက်နက်တွေ၊ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေကို မပြသပါဘူး။ ပုံမှန်ဆိုရင် ဒါတွေက နိုင်ငံတကာကို ရုရှားရဲ့စစ်ရေးအင်အား ဘယ်လောက်ရှိလဲဆိုတာကို ပြသဖို့ ပွဲထုတ်ပြသလေ့ရှိတဲ့ စစ်လက်နက်ပစ္စည်းတွေဖြစ်ပါတယ်။​

ဒါဟာ ဘာကြောင့်လဲဆိုရင် ရင်ပြင်နီကို ယူကရိန်းဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခြေဆိုတဲ့ လုံခြုံရေးစိုးရိမ်ချက်ကြောင့်ဖြစ်ပါတယ်။

ရုရှားရဲ့အင်အားကို စနစ်တကျ ပြသတဲ့ ဒီလိုစစ်ရေးချီတက်ပွဲမျိုးကို သမ္မတ ပူတင်တစ်ယောက် အင်အားမလျှော့ချင်ပုံပေါ်ပေမဲ့ ယူကရိန်းဘက်က တိုက်ခိုက်လာနိုင်ခြေကို ချင့်တွက်ပြီး ပြုလုပ်လိုက်တယ်လို့ ယူဆရပါတယ်။

သမ္မတ ပူတင်ကတော့ အတိတ်မှာ အောင်နိုင်ခဲ့သလို ဆက်ပြီး အောင်နိုင်မယ်လို့ ရင်ပြင်နီက သူ့မိန့်ခွန်းမှာ ကြွေးကြော်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ပူတင်ကတော့ အတိတ်မှာ အောင်နိုင်ခဲ့သလို ဆက်ပြီး အောင်နိုင်မယ်လို့ ရင်ပြင်နီက သူ့မိန့်ခွန်းမှာ ကြွေးကြော်ပါတယ်

နောက်ဆုံးမှာတော့ စီတန်းလှည့်လှည်ပွဲဟာ ဘာဖြစ်ရပ်မှ ဘယ်လိုတိုက်ခိုက်မှုမျိုးမှ မထွက်ပေါ်ဘဲ အဆုံးသတ်ပါတယ်။ ဒေါ်နယ်ထရမ့် ကြားဝင်ခဲ့တဲ့ မော်စကိုနဲ့ ကိယက်ဗ်တို့ကြားက နောက်ဆုံးမိနစ် အပစ်ရပ်မှုဟာ ဒီအန္တရာယ်ကို လျှော့ချခဲ့တာဖြစ်ပါတယ်။​

သောကြာနေ့တုန်းကတော့ ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားကို စီတန်းလှည့်လည်ခွင့် ''ကျင်းပခွင့်ပြုတယ်''လို့ဆိုတဲ့ အမိန့်ဒီကရီ တစ်ရပ်ကို ထုတ်ပါတယ်။​

ဒါပေမဲ့ ယူကရိန်းဘက်က အခုလိုလုပ်ရပ်ကို မော်စကိုဘက်က မကြိုက်တဲ့ပုံပါ။

ကရင်မလင်နန်းတော် ပြောခွင့်ရသူကတော့ အောင်ပွဲစီတန်းလှည့်လည်မှုလုပ်ဖို့ ရုရှားအနေနဲ့ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်ယူစရာမလိုဘူးလို့ မှတ်ချက်ပေး တုံ့ပြန်ပါတယ်။​

ဒီတော့ အစောပိုင်းက ပြောခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေပြသမှုကရော။

ရင်ပြင်နီထက်မှာ ဒီလိုစစ်လက်နက်ပစ္စည်းတွေ ချပြသွားတာ မမြင်ရတာမျိုးဖြစ်ပေမဲ့ ရုပ်မြင်ဖန်သားထက်မှာတော့ အဲဒီလက်နက်တွေကို မြင်ခဲ့ရပါတယ်။​

ရင်ပြင်နီထက်မှာ ထောင်ထားတဲ့ ဖန်သားပင်ကြီးတွေမှာ ဒုံးပစ်လောင်ချာတွေ၊ တိုက်လေယာဥ်တွေ၊ တင့်ကားတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ တခြားလက်နက်တွေကို ပြသသွားပါတယ်။

ရင်ပြင်နီထက် လက်နက်ပစ္စည်းတွေ ထုတ်ပြလို့မရရင်တောင် ဗီဒီယိုကနေ ပြသင့်တာပြလိုက်တာလည်း မဆိုးလှဘူးလို့ ကရင်မလင်ဘက်က တွေးမြင်မိခဲ့တဲ့ပုံပါ။

''ကျွန်တော်တို့ဟာ အမြဲအောင်နိုင်ခဲ့သလို ဆက်ပြီးလည်း အောင်နိုင်ဦးမှာပါ'' လို့ သမ္မတ ပူတင်က သူ့မိန့်ခွန်းထဲ ကြွေးကြော်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့ ၈၁ နှစ်က အောင်ပွဲခံခဲ့ပါတယ်။ ရုရှားဟာ ၁၉၄၅ ခုနှစ်တုန်းက မဟာအောင်ပွဲကြီးလို့ခေါ်တဲ့ အောင်မြင်မှုကို တကယ်လည်း ဆင်နွှဲသင့်ပါတယ်။ ကျူးကျော်သူကို ပြန်တွန်းလှန်နိုင်ခဲ့တာလည်း မမှားပါဘူး။

အဲဒါကို ဒီနေ့ခေတ် ရင်ပြင်နီမှာ အောင်ပွဲခံနေတာဖြစ်ပါတယ်။​

ဒါပေမဲ့ ယူကရိန်းစစ်ပွဲကတော့ မတူကွဲပြားတဲ့စစ်ဖြစ်ပါတယ်။ ရုရှားဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်တုန်းက ယူကရိန်းကို ကျူးကျော်ခဲ့တာပါ။ ပြီးတော့ လက်ရှိအချိန်အထိ ရုရှားအတွက် အောင်နိုင်မယ့် အရိပ်အယောင် မမြင်တွေ့ရသေးပါဘူး။