အီရန်စစ်ပွဲက ယူကရိန်းအတွက် ရုရှားနဲ့အပစ်ရပ်ဖို့ နီးစပ်သွားမှာလား

ဇလန်းစကီးနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ဓာတ်ပုံကို ပေါင်းစပ်ထားတဲ့ ဓာတ်ပုံ
အီရန်စစ်ပွဲကြောင့် အသာစီးရလာတဲ့ယူကရိန်း ရုရှားနဲ့အပစ်ရပ်ဖို့ နီးလာပြီလား
    • ရေးသားသူ, ကတ်ယာ အက်တလာ
    • ရာထူးတာဝန်, ဥရောပအယ်ဒီတာ
  • ဖတ်ရန်အချိန်: မိနစ် ၁၀

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး တစ်ယောက် မတ်လတုန်းက ဆော်ဒီအာရေးဗျနိုင်ငံမှာ ခရမ်းရောင်ကော်ဇောခင်းထက် ခပ်တည်တည်မျက်နှာထားနဲ့ လျှောက်လှမ်းတဲ့အခိုက်အတန့်ဟာ အမေရိကန်-အစ္စရေးနဲ့ အီရန် စစ်ပွဲကာလမှာ ထူးခြားတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့ခြေလှမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဆိုရှယ်မီဒီယာ X မှာရေးသားတဲ့ပို့စ်မှာတော့ ဇလန်းစကီးက သူ့ရဲ့ခရီးစဉ်ဟာ "အသက်ပေါင်းများစွာကို ကာကွယ်ရေး ခိုင်မာအောင်လုပ်ဖို့" ဖြစ်တယ်လို့ ရေးပါတယ်။

တစ်ဖက်မှာလည်း ယူကရိန်း-ရုရှား စစ်ပွဲရဲ့ဝန်ကို ပခုံးထမ်းထားရတဲ့ဇလန်းစကီးဟာ ဒီအခွင့် အရေးကို လက်လွတ်မခံခဲ့ပါဘူး။ ကိယက်ဗ်ရဲ့စစ်မြေပြင်မှာ တိုက်ရင်း တီထွင်ရင်း ရရှိလာတဲ့ဒရုန်းနည်းပညာကို စျေးကွက် ရအောင်နဲ့ နိုင်ငံတကာမှာ စံနှုန်းမီ အသုံးချနိုင်ကြောင်းပြသဖို့ ပင်လယ်ကွေ့ဒေသကို သွားခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အီရန်ရဲ့ဒရုန်းတိုက်ခိုက်မှုတွေခံခဲ့ရတဲ့ ဆော်ဒီ၊ ယူအေအီး၊ ကာတာနိုင်ငံတို့နဲ့ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။ စာချုပ်တွေအရ ယူကရိန်းရဲ့ဒရုန်းနည်းပညာတွေ၊ ကျွမ်းကျင်မှုတွေကို ဒီနိုင်ငံတွေနဲ့ မျှဝေပေးဖို့ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းအတွက် မဟာမိတ်ဆက်ဆံရေး ပိုပြီးခိုင်မာစေသလို စီးပွားရေးအရလည်း အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ နောက်ပြီး ချမ်းသာကြွယ်ဝတဲ့အမေရိကန်မဟာမိတ်နိုင်ငံတွေနဲ့ လည်း ကာကွယ်ရေးဆိုင်ရာသဘောတူညီမှုတွေ ရဖို့ ယူကရိန်းက မျှော်လင့်ပါတယ်။

"ပင်လယ်ကွေ့ဒေသနိုင်ငံတွေ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ ကူညီချင်တာပါ။ တခြားနိုင်ငံတွေနဲ့ လည်း ဒီလိုမိတ်ဖက်ဆက်ဆံရေးတွေ ဆက်ပြီးတည်ဆောက်သွားမယ်"လို့ ဇလန်စကီးက ပြောပါတယ်။

စွမ်းအင် ဖိအား

ကနဦးတုန်းက အီရန်ပဋိပက္ခဟာ ယူကရိန်းအတွက် ဆိုးကျိုးသက်ရောက်မယ်လို့ ရှုမြင်ခဲ့ကြပါတယ်။

အီရန်စစ်ပွဲကြောင့် မော်စကိုနဲ့ ကိယက်ဗ်အကြား ငြိမ်းချမ်းရရှိရေး ဒေါ်နယ်ထရမ့်ရဲ့အာရုံစိုက်မှုတွေ လျော့ကျသွားပြီး စစ်အသုံးစရိတ်ကြောင့် အိတ်ပါးလာနေတဲ့ ရုရှားကို အိတ်ဖောင်းအောင် ငွေတွေ စီး၀င်စေခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းစီးဆင်းလာတဲ့ အရှေ့အလယ်ပိုင်းက ရေနံတွေ ကမ္ဘာ့ဈေးကွက်ကို မရောက်နိုင်တော့တဲ့အချိန် ရုရှားက သူ့ရဲ့ရေနံတွေကို ဈေးတင်ပြီး နိုင်ငံအတော်တော်များများကို ရောင်းချနိုင်ခဲ့ပါတယ်။ ကမ္ဘာတဝန်း ရေနံဈေးကြီးမြင့်လာတဲ့အချိန် သမ္မတ ထရမ့်က အမေရိကန်ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ရုရှားရေနံတွေကို ပြန်လည်ဝယ်ယူခွင့်ပေးခဲ့ပါတယ်။

သီအိုရီအရဆိုရင် ရုရှားက ပိုက်ဆံများများရလာရင် ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ကလည်း ပိုကြာလေ ပိုခက်လေဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့အချိန်ကစလို့ ကိယက်ဗ်ဟာ နိုင်ငံတကာမျှော်မှန်းချက်တွေနဲ့ လွဲချော်ခဲ့ပါတယ်။

အခုလည်း ထပ်ပြီး ကြိုးစားလာပြန်ပါတယ်။ အီရန်စစ်ပွဲကနေ ယူကရိန်းအတွက် အားသာမှု ရနိုင်စေဖို့ ကြိုးစားနေပါတယ်။ တချိန်ချိန်ဖြစ်လာနိုင်မယ့် ရုရှားနဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေ မတိုင်ခင် ယူကရိန်းဘက်က အခိုင်အမာအသာစီးရနေဖို့ ကြိုးစားနေတာပါ။

ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက မက်ကာဒေသ ဒုတိယအုပ်ချုပ်ရေးမှူး ဆာအု ဘင် မီရှဲ ဘင် အဒူအာဇစ် နဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်မှာတွေ့ဆုံမှု။ ဇလန်စကီးက အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပင်လယ်ကွေ့နိုင်ငံတွေကို ယူကရိန်းက သူ့ရဲ့မြေပြင်စစ်ဘက်ရေးရာကျွမ်းကျင်မှုတွေကို ချပြခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ ထရမ့်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ''ကောင်းမွန်တဲ့ စကားပြောဆိုမှု'' အပြီး ယူကရိန်းအတွက်လည်း အဖြေတစ်ခု ခပ်မြန်မြန်ထွက်လာဖို့ ယုံကြည်ကြောင်း ပြောထားပါတယ်။

"ကျွန်တော့်အထင် လူတချို့က ပူတင်ကို သဘောတူညီမှုလုပ်ဖို့ ခက်အောင် တမင်လုပ်နေတာ" လို့ ထရမ့်က ထပ်ပြောပါတယ်။

ထရမ့်က ပူတင်ကို အခုလိုအကောင်းဘက်ကနေ ချီးကျူးပြောဆိုတာက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တစ်ဖက်မှာတော့ သူက ယူကရိန်းသမ္မတကို အပစ်ရပ်ဖို့ လက်မှတ်မထိုးတာနဲ့ ပတ်သက်ပြီး တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ဝေဖန်လေ့ရှိပါတယ်။

ယူကရိန်းအတွက် ဖြေရှင်းချက်တစ်ခုဆိုတာ အခုထိတော့ ရုပ်လုံးမပေါ်လာသေးပါဘူး။

တချိန်တည်းမှာပဲ ဇလန်စကီးက ယူကရိန်း အားကောင်းလာရေး တတ်နိုင်သလောက် လုပ်ဆောင်နေပါတယ်။ အခွင့်အရေးကို အချိန်ကိုက် ဖမ်းယူနိုင်တာကလည်း သူ့ရဲ့ စွမ်းအားကြီးလက်နက်တစ်ခုလို့ ပြောနိုင်ပါတယ်။

သမ္မတ ဇလန်စကီးဟာ ဧပြီလမှာ ဆော်ဒီအာရေးဗျကို နောက်တစ်ကြိမ် ထပ်သွားခဲ့ပြီး အဲဒီအချိန်တုန်းက ဆော်ဒီဟာ ရုရှားက ယူကရိန်းကို တိုက်ခိုက်သလိုမျိုး အီရန်ရဲ့တာဝေးပစ် ဒုံးတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ကြုံနေရတယ်လို့ ဇလန်စကီးက ပြောပါတယ်။

မော်စကိုရဲ့အစွမ်းထက်တဲ့လက်နက်တွေထဲက တစ်ခုဟာ ဈေးသက်သာပြီး တာဝေးပြေးနိုင်တဲ့ အီရန် ဒီဇိုင်းထုတ်တဲ့ Shahed - 136 တိုက်ခိုက်ရေး ဒရုန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး အဆင့်မြှင့်တင်ထားတဲ့ The Geran ဆိုတဲ့ ဒရုန်းအမျိုးအစားတွေလည်း ပါဝင်ပါတယ်။

Shahed ဒရုန်းတစ်စင်းဟာ အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ကနေ ၁၃၀,၀၀၀ ကြားကုန်ကျပြီး ဇလန်းစကီးအပြောအရ ဒီဒရုန်းတွေဟာ ဒေါ်လာ ၁၀,၀၀၀ လောက်ပဲတန်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့တောင် တားဆီးနိုင်တယ်လို့ ဆိုပါတယ်။ ဒီဒရုန်းတွေဟာ ဒေါ်လာသန်းနဲ့ချီကုန်တဲ့ သာမန်လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်တွေထက်ကို အများကြီးစျေး သက်သာနေပါတယ်။

ဥရောပတိုက်က မြို့တွေမှာလည်း ရုရှားဒရုန်းတွေ တွေ့လာပြီးတဲ့နောက် စိုးရိမ်မှုတွေရှိလာပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း ဒါကို ဂရုတစိုက် စောင့်ကြည့်နေကြပါတယ်။

ပန်းရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးက ရုရှားရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုအပြီး အပျက်အစီးတွေကို ကြည့်ရှုနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုတွေ ဆက်ရှိနေချိန်မှာပဲ သမ္မတထရမ့်က ဒီနှစ်နိုင်ငံအပစ်ရပ်ရေးကို သူ့အနေနဲ့ ခပ်မြန်မြန်လုပ်ဆောင်နိုင်ကြောင်း ပြောထားပါတယ်

ယူကရိန်းက ဧပြီလထဲမှာပဲ အရေးပါတဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီမှု နှစ်ခုကို ဥရောပနိုင်ငံတွေနဲ့ရေးထိုးခဲ့ပါတယ်။ တစ်ခုက ဒေါ်လာ ၈ ဒသမ ၆ ဘီလျံတန် စာချုပ်ကို နော်ဝေနိုင်ငံနဲ့ ချုပ်ဆိုပါတယ်။ ဒါဟာ နော်ဝေက ယူကရိန်းကို ၂၀၃၀ ခုနှစ်အထိ ဒေါ်လာ ၂၈ ဘီလျံ ထောက်ပံ့သွားမယ့်အကူအညီရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဂျာမနီနဲ့ဖြစ်ပါတယ်။ ဂျာမနီဘက်က ယူကရိန်းကို ဒေါ်လာ ၄ ဒသမ ၇ ဘီလျံရှိတဲ့ဒရုန်းအမျိုးအစားအမျိုးမျိုး၊ တာဝေးပစ်မစ်ဆိုင်းဒုံးကျည်တွေ၊ ဆော့ဝဲနဲ့ ခေတ်မီ ကာကွယ်ရေးစနစ်တွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

ရုရှားကို ခုခံမှုအတွက် ပင်လယ်ကွေ့နိုင်ငံတွေဆီကနေ အကူအညီတွေရဖို့ မျှော်လင့်ကြောင်း ဇလန်းစကီးက ပြောပါတယ်။

အထူးသဖြင့် အခုလိုအချိန်အခါမှာ အမေရိကန်ကလည်း အရှေ့အလယ်ပိုင်းအတွက် အရင်းအမြစ်တွေ ထုတ်သုံးနေရတဲ့အချိန်ဖြစ်လို့ ယူကရိန်းကို ကူညီပေးမယ့်ဥရောပနိုင်ငံတွေကို စစ်ဘက်ရေးရာပစ္စည်းတွေ မရောင်းချနိုင်တော့ပါဘူး။

စစ်လက်နက်ပစ္စည်းပြောင်းရွှေ့မှုအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးတဲ့အခါ သမ္မတထရမ့်က "ဒါက ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်ပါ။ တစ်နေရာက ပစ္စည်းတွေ ထုတ်ပြီး နောက်တစ်နေရာမှာ သုံးလိုက်တာပါ"

"ကျွန်တော်တို့ပိုပြီး အားကောင်းလာစေမယ့်အခွင့်အလမ်းတွေကိုလည်း အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကနေ မျှော်လင့်တယ်" လို့ ဇလန်းစကီးက ပြင်သစ်သတင်းစာ Le Monde ကို ပြောပါတယ်။

"ကျွန်တော်တို့မှာ မရှိတဲ့ လေကြောင်းရန်ကာကွယ်ရေး မစ်ဆိုင်းဒုံးကျည်တွေ သူတို့မှာ ရှိတယ်။ ဒီအပေါ်မှာလည်း သူတို့နဲ့ သဘောတူညီမှု ရချင်ပါတယ်"

အဆောက်အဦတွေကို ပစ်မှတ်ထားမှု

အီရန်စစ်ပွဲကနေ ယူကရိန်းက သင်ခန်းစာတစ်ခု ရလိုက်ပါတယ်။ ဒါကတော့ တိုက်ပွဲအတွင်း ရန်သူရဲ့ ရေနံတင်ပို့မှု အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားမှုက ကြီးမားတဲ့ သက်ရောက်မှုရှိတယ်ဆိုတဲ့အချက်ပါ။

အခုတော့ ယူကရိန်းထုတ် တာဝေးပြေးဒရုန်းတွေရဲ့အဓိကပစ်မှတ်က ရုရှားရဲ့စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦတွေ ဖြစ်လာပါပြီ။

ဇလန်းစကီးရဲ့ပြောဆိုချက်အရ မကြာသေးခင်က ကမ္ဘာ့ရေနံဈေးတွေတက်လာပေမဲ့ ရုရှားက စွမ်းအင်ကဏ္ဍမှာ ဒေါ်လာဘီလျံနဲ့ချီ အရှုံးကိန်းဆိုက်နေတယ်လို့ ဆိုပါတယ်။

ရေနံစိမ်းဈေးတွေ တက်လာတာရယ်၊ အမေရိကန်က ရုရှားထွက် ရေနံတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမှုတွေကြောင့် အီရန်စစ်ပွဲတတိယအပတ်မှာ ရုရှားဝင်ငွေက ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလကာလထက် ဝင်ငွေ ၂ ဒသမ ၃ ဆကျော် တက်လာခဲ့တယ်လို့ ကိန်းဂဏန်း၊ အချက်အလက်တွေအရ သိရပါတယ်။

စတုတ္ထအပတ်ထဲမှာတော့ ယူကရိန်းက ရုရှားရဲ့စွမ်းအင် ထုတ်လုပ်ရေးအဆောက်အဦတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ဝင်ငွေဟာ ဒေါ်လာ ၁ ဘီလျံအထိ လျော့ကျသွားပါတယ်။ တတိယအပတ်အတွင်း ဝင်ငွေထက် သုံးပုံ နှစ်ပုံလောက် လျော့ကျသွားခဲ့တာပါ။

ဗလာဒီမီယာ ပူတင် နဲ့ ဒေါ်နယ်ထရမ့်တို့ လက်တွဲနှုတ်ဆက်နေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, "ကျွန်တော့်အထင် လူတချို့က ပူတင်ကို သဘောတူညီမှုလုပ်ဖို့ ခက်အောင် တမင် လုပ်နေတာ" လို့ ထရမ့်က ပြောပါတယ်

အီရန်စစ်ပွဲကနေ ယူကရိန်းအမြတ်ထွက်ခဲ့တဲ့ နောက်တစ်ချက်ကတော့ ယူကရိန်းအတွက် ယူရို ဘီလျံ ၉၀ ချေးငွေကို ဥရောပသမဂ္ဂ(အီးယူ)က မီးစိမ်းပြခဲ့တာပါ။ လာမယ့်နှစ်အတွင်း စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူဖို့၊ ထုတ်လုပ်ဖို့ ဒီချေးငွေကို အရေးတကြီးလိုအပ်နေတယ်လို့ ယူကရိန်းက ပြောထားတာပါ။

ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင် ဟန်ဂေရီနိုင်ငံဟာ ရုရှားယိမ်းတဲ့ ဝန်ကြီးချုပ်ကြောင့် တစ်ချိန်က ဒီချေးငွေကို ကန့်ကွက်ထားလို့ ချေးငွေကိစ္စ ရှေ့မတိုးနိုင်ဖြစ်ခဲ့တာပါ။ အခုတော့ ဟန်ဂေရီမှာ မကြာသေးခင်တုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကြောင့် ရုရှားယိမ်းတာ နည်းတဲ့ခေါင်းဆောင်သစ် ပေါ်လာပါပြီ။ ဒီနောက်ဆက်တွဲအနေနဲ့ ဥရောပသမဂ္ဂက ယူကရိန်းကို ချေးငွေပေးတာလည်း အပြီးသတ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

နိုင်ငံ့အာဏာကို နှစ်ပေါင်းများစွာယူခဲ့သူ ဗစ်တာ အော်ဘန်ဟာ ဒေါ်နယ်ထရမ့်ကို အားကျသူဖြစ်ပြီး ထရမ့်နဲ့လည်း ရင်းနှီးပါတယ်။ ဒါပေမဲ့လည်း ဒါက ရွေးကောက်ပွဲမှာ အထောက်အကူမဖြစ်ခဲ့ပါဘူး။ မဲဆန္ဒရှင်တွေကတော့ အီရန်စစ်ပွဲကြောင့် ဆီဈေးတွေ တက်လာတာကို ဒေါသထွက်ကြတယ်လို့ပြောပါတယ်။ ဒါကပဲ နောက်ဆုံးမှာ ယူကရိန်းအတွက် အီးယူရဲ့ချေးငွေတွေ လမ်းကြောင်းပွင့်စေခဲ့တဲ့ အော်ဘန်ရဲ့ကျရှုံးခန်းဖြစ်လာတာပါ။

ဒီလိုခြေတစ်လှမ်းသာလာတာ၊ နောက်ပြီး ရုရှားဘက်က လစဉ် စုဆောင်းနေတယ်လို့ဆိုတဲ့ စစ်သား အယောက် ၃၀,၀၀၀ ကို ကျော်လွန်တဲ့ပမာဏအထိ လစဉ်လတိုင်း ချေမှုန်းထားနိုင်တယ်လို့ဆိုတဲ့ ယူကရိန်းအပြောတွေကြောင့် ဇလန်းစကီးအတွက် ဖိအားတွေ လျော့ကျစေခဲ့ပြီး ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသာစီးရရှိတဲ့အခြေနေပါ။

ယူကရိန်းဘက်က စစ်ကြီးမြန်မြန်ပြီးချင်နေတာကို မြင်ရတာက ကြာနေပါပြီ။ လူတွေဟာလည်း ပင်ပန်း ဆင်းရဲမှုတွေဖြစ်ကြရတာ နှစ်ချို့နေပါပြီ။ စစ်သားသစ် စုဆောင်းမှုတွေကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသလို ရှေ့တန်းရောက်နေသူတွေကလည်း အိမ်ပြန်ချင်နေကြပါပြီ။

လေးစားသမှု ကင်းမဲ့နေသလား

ရေရှည်အပစ်ရပ်မှု စတင်ဖို့ ရည်ရွယ်တဲ့ညှိနှိုင်းမှုတွေကရော၊ ခရစ်စမတ်မတိုင်ခင်ကာလတုန်းကတော့ ဒီလိုအသံတွေ ထရမ့်အစိုးရအဖွဲ့ဆီကနေ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ဖူးပါတယ်။

ထရမ့်တစ်ယောက် ဒုတိယအကြိမ်သမ္မတ မဖြစ်လာခင်က ယူကရိန်းက အကြမ်းဖက်မှုတွေကို ၂၄ နာရီအတွင်း ရပ်တန့်ပြမယ်လို့ ကြုံးဝါးခဲ့ဖူးပါတယ်။ အခု သူ သမ္မတဖြစ်လာပြီဖြစ်ပေမဲ့ ကတိကို အကောင်အထည်မဖော်နိုင်သေးပါဘူး။

အဓိက သဲလွန်စကတော့ ထရမ့်ရဲ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကို နောက်ယောက် ခံကြည့်ရင် သိနိုင်ပါတယ်။ ထရမ့် သားမတ် ဂျာရတ် ကူရှ်နာနဲ့ အိမ်ခြံမြေလုပ်ငန်းရှင် စတိဗ် ဝစ်ကော့ဖ် တို့ ဖြစ်ပါတယ်။ သူတို့ရဲ့ကိယက်ဗ် ခရီးစဉ်တွေ မကြာခဏ ရပ်တန့်ခဲ့ဖူးပါတယ်။ အကြောင်းကတော့ အရှေ့အလယ်ပိုင်းအရေးကို ဦးစားပေးနေရလို့ဖြစ်ပါတယ်။

ဇလန်းစကီးကတော့ ဒီနှစ်ယောက်ရဲ့ပျက်ကွက်နေမှုက "မလေးစားရာရောက်တယ်" လို့ ရှုမြင်ပါတယ်။ အပေါ်ယံအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်ရှိနေပမဲ့ အီရန်စစ်ပွဲ ပြီးတဲ့အချိန်အထိ ဘာတိုးတက်မှုမှ မရှိလာမှာကိုလည်း ယူကရိန်းဘက်က စိုးရိမ်ပါတယ်။ ဘယ်တော့ ပြီးမလဲဆိုတာကလည်း ဘယ်သူမှ မသိနိုင်ပြန်ပါဘူး။

ထူးခြားတာက ကူရှ်နာနဲ့ ဝစ်ကော့ဗ် တို့နှစ်ဦးက ကိယက်ဗ်ကို တရားဝင်ခရီးစဉ်အဖြစ် ဘယ်တုန်းကမှ မရောက်ခဲ့တာပါ။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဦးတည်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်ရနေတဲ့အချိန် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ သူတို့နှစ်ဦး မော်စကိုကို ရောက်လာခဲ့ပါသေးတယ်။ ဇန်နဝါရီလထဲမှာလည်း နောက်တစ်ကြိမ် ထပ်ရောက်ခဲ့ပါတယ်။ ဝစ်ကော့ဗ်က မော်စကိုကို ပုဂ္ဂိုလ်ရေးခရီးစဉ်အဖြစ် ရှစ်ကြိမ်တိုင်တိုင် ရောက်ဖူးပါတယ်။ သူက ရုရှားမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ရုရှားသမ္မတ ပူတင်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။

ထရမ့်အစိုးရကတော့ ရုရှားဘက်ယိမ်းတဲ့ဘက်လိုက်မှုတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အမေရိကန်ဟာ ကမ္ဘာတဝန်းက ခြိမ်းခြောက်မှုတွေကို အစီရင်ခံတဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာ(NSS)ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်တဲ့ NSS အစီရင်ခံစာဟာ ယူကရိန်းနဲ့ တခြားအီးယူနိုင်ငံတွေ အတွက် ဖတ်ရတာ ကသိကအောက်ဖြစ်ကြတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ ရုရှားဟာ အမေရိကန်အတွက် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ် ခေါင်းစဉ်မတပ်ထားပါဘူး။ ဒါဟာ ဝါရှင်တန်ရဲ့ မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ရှုမြင်မှုနဲ့ ပြောင်းပြန်ဖြစ်နေတာပါ။

အမဲရောင်ဝတ်စုံ ဝတ်ထားတဲ့ ယူကရိန်း သမ္မတ ဇလန်စကီး ရဲ့ နဘေးမှာ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန် အယ် ဆာအု ထိုင်နေပါတယ်။ အပြာရောင်ကောဇောထက် သူတို့ နှစ်ဦးရဲ့ ဘေးမှာ နှစ်ဘက် အကြံပေးအဖွဲ့ဝင်တွေ ထိုင်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပင်လယ်ကွေ့ နိုင်ငံတွေမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ ဇလန်းစကီးအတွက် ဖိအားမများစေတော့ပါဘူး

NSS အစီရင်ခံစာမှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အရေးကြီးတယ်ဆိုတာတော့ ပြောထားပါတယ်။ ဒါပေမဲ့ ကိယက်ဗ်အတွက် ရေရှည်ငြိမ်းချမ်းရေးရရှိဖို့က ဦးစားပေးမဟုတ်ပါဘူး။

အဓိက ရည်ရွယ်ချက်က "မဟာဗျူဟာကျ တည်ငြိမ်မှု" နဲ့ ရုရှားနဲ့ ပူးပေါင်းပြီး အမေရိကန် ဦးစားကိစ္စရပ်တွေအတွက် အရင်းအမြစ်တွေရရှိရေးဖြစ်ပါတယ်။

ထရမ့်အစိုးရရဲ့ဒီလိုရှုမြင်မှုဟာ ကရင်မလင်က အကြိုက်တွေ့စေပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ ကတော့ NSS ထုတ်ဝေချိန်တုန်းက ဒါဟာ ရုရှားရဲ့မျှော်မှန်းချက်တွေနဲ့လည်း "လုံးဝကိုက်ညီ" နေတယ်လို့ ပြောခဲ့ဖူးပါတယ်။

သမ္မထရမ့်အစိုးရက ရုရှားကို ဖိအားနိုင်တဲ့စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ဖို့ ဒါမှမဟုတ် ဆက်ပြီးထိန်းသိမ်းဖို့ မလုပ်နိုင်ခဲ့ပါဘူး။ ဒီပိတ်ဆို့မှုတွေက ကရင်မလင်ဘက်က ကိယက်ဗ် ဒါမှမဟုတ် အီယူ မဟာမိတ်တွေကို မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေနဲ့ ဆွေးနွေးရေးစကားဝိုင်းပေါ် မရောက်လာနိုင်အောင် ဖိအားပေးနိုင်မှာပါ။

တဆက်တည်းမှာပဲ အမေရိကန်က ယူကရိန်းအတွက် စစ်ရေး၊ စီးပွားရေး အကူအညီတွေကလည်း လျော့နည်းလာပါတယ်။ ဒီနေရာမှာ အီးယူနိုင်ငံတွေက အမေရိကန်ဆီက စစ်ဘက်ရေးရာပစ္စည်းတွေကို ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ပေးနေပါတယ်။ အီရန်ပဋိပက္ခကလည်း ဖြစ်နေတော့ ရောင်းသူဘက်က သူတို့ပစ္စည်းတွေ ရောင်းဖို့ဆိုတာလည်း မသေချာတော့ပါဘူး။

ငြိမ်းချမ်းရေးအလားအလာ

ရုရှားကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆွဲဆောင်နိုင်သူဟာ မော်စကို ဖိအားပေးနိုင်တဲ့ အမေရိကန်ကသာ လုပ်ဆောင်နိုင်မယ်လို့ အများက ရှုမြင်ကြပါတယ်။

ပူတင်ကတော့ သူ့ဆန္ဒအလျောက် တိုက်ခိုက်မှုတွေကို အဆုံးမယ်လို့ ပြောလာမယ့် အရိပ်အယောင်လည်း မတွေ့ရပါဘူး။

လက်ရှိအခြေအနေကတော့ ဆန့်ကျင်ဘက်မှာ ရှိနေပါတယ်။ ကမ္ဘာက အီရန်စစ်ပွဲကို အာရုံစိုက်နေတဲ့အချိန် မော်စကိုက ယူကရိန်း အရပ်သားတွေ၊ အရပ်ဘက်အဆောက်အဦတွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ ပိုပြီး လုပ်လာခဲ့ပါတယ်။ ဒါဟာ စားပွဲဝိုင်းပေါ် မရောက်ခင် နောက်ဆုံးတိုက်ခိုက်မှုတွေလား ဒါမှမဟုတ် ဆက်ပြီးတိုက်ခိုက်သွားမယ်ဆိုတဲ့အခိုင်အမာ ရပ်တည်ချက်လားဆိုတဲ့အပေါ် မတူညီတဲ့အမြင်တွေ ရှိကြပါတယ်။

အီးယူရုံးစိုက်ရာ ဘရပ်ဆဲမြို့မှာတော့ ဒုတိယအချက်သာဖြစ်နိုင်တယ်လို့ ရှုမြင်နေကြပါတယ်။

ရုရှားရဲ့စီးပွားရေးဟာ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် အကျပ်ရိုက်နိုင်ပေမဲ့ လုံးဝပျက်စီးသွားတာမျိုးတော့ မဟုတ်ပါဘူး။ အခုဆိုရင် အခိုင်အမာ စစ်ခင်းဖို့ ခြေလှမ်းပြင်နေပါပြီ။ ရုရှားက ဒါကို နောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုဆို အီးယူနိုင်ငံတွေအနေနဲ့လည်း ယူကရိန်းမှာ ငြိမ်းချမ်းရေး ရရင်တောင် ရုရှားအနေနဲ့ တခြားအီးယူနိုင်ငံတွေမှာပါ မတည်မငြိမ်မှုတွေ ဖြစ်အောင် ကြိုးစားလာမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ နယ်သာလန်၊ ဂျာမနီနဲ့ နေတိုး ကိုယ်တိုင်ကလည်း ဒါဟာ ဖြစ်လာနိုင်ခြေရှိတယ်လို့ ပုံဖော်ထားပါတယ်။

နောက်တစ်ချက်ကတော့ ပူတင်ရဲ့သိက္ခာနဲ့ ရည်မှန်းချက်ပါ။ ယူကရိန်းမှာ ရှုံးနိမ့်သွားတယ်ဆိုတာကို သူကိုယ်တိုင် ဝန်ခံနိုင်မလားဆိုတာပါ။

"ရုရှားမှာ အကျိုးအကြောင်းသင့်လျော်ပြီး ချင့်ချိန်တဲ့အစိုးရရှိရင် ဒီစစ်ပွဲက အဆုံးသတ်သွားမှာပါ" လို့ လန်ဒန်စီးပွားရေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အထူးပြုတဲ့ သုတေသီ လုခ် ကူပါက ပြောပါတယ်။

"စီးပွားရေးက မတည်မငြိမ်မှုတွေ ဒါမှမဟုတ် အကျဘက်ကို ရောက်နေတာပါ။ အလုပ်လုပ်နိုင်တဲ့လူငယ်၊ လူရွယ်တွေကိုလည်း စစ်ပွဲထဲလွှတ်ပြီး သေခိုင်းနေတာ။ ပုဂ္ဂလိက စီးပွားရေးကလည်း စစ်ပွဲအတွက် အသုံးချမှုတွေကြောင့် ထိခိုက်မှုတွေ ရှိနေပါတယ်။ ဒီကနေ ရုရှားက ဘာရသွားလဲ။ ယူကရိန်းရဲ့ပိုင်နက် အနည်းငယ်ပဲ ရသွားတာ။ ပိတ်ဆို့မှုတွေဖြေလျော့ပေးလိုက်လို့ အပစ်ရပ်လိုက်ရင်လည်း အကျိုးရှိစေမှာတော့ အမှန်ပါပဲ။ ပူတင်ကတော့ ဒါမျိုးစဉ်းစာမှာ မဟုတ်ဘူး။ ဒါတွေက အာဏာကို လူတစ်ဦးတည်းက စုယူထားတဲ့အခြေအနေမှာ အဲဒီထိပ်ဆုံးလူရဲ့ဆုံးဖြတ်ချက်သာ မူတည်တယ်''

ယူကရိန်းဘက်က သံသယ

ကိယက်ဗ်ကတော့ အမေရိကန်ရဲ့ထိတွေ့ဆက်ဆံမှုတွေကို စောင့်ဆိုင်းနေတုန်းပါ။ အတွင်းစည်းထဲက ယူကရိန်းအရာရှိတွေကတော့ ထရမ့်ဦးဆောင်တဲ့အမေရိကန်ဟာ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မယုံကြည်ကြပါဘူး။ အပစ်ရပ်သဘောတူမှု ရရင်တောင် ရုရှားဘက်က နောက်တစ်ကြိမ် ထပ်ပြီး မကျူးကျော်ပါဘူးဆိုတဲ့ အာမခံချက်မျိုးရှိတဲ့ သဘောတူညီမှု ရနိုင်မယ်လို့လည်း မယုံကြည်ကြပါဘူး။

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာရဲ့အကြီးတန်းအကြံပေး မက် ကန်စီယမ် ကတော့ "ယူကရိန်းဘက်က ရုရှားနဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့ ယုံကြည်လက်ခံနိုင်လောက်တဲ့ လုံခြုံရေးအာမခံချက်တွေ ရဖို့ ခက်ခဲလိမ့်မယ်။ ဒါကို အမေရိကန်နဲ့ ဥရောပ နှစ်ဘက်စလုံးကလည်း သဘောတူကြမှဖြစ်မယ်" လို့ သူက ပြောပါတယ်။

ရုရှားကသာ ယူကရိန်းမှာ သူတို့အလုံးစုံ အနိုင်ရသွားရင် ဥရောပတိုက်တစ်ခုလုံး အန္တရာယ်ရှိလာနိုင်တယ်လို့ ပြောထားတဲ့ အီးယူခေါင်းဆောင်တွေအနေနဲ့လည်း "ကျဆုံးဖို့ အချိန်မရှိဘူး" လို့ Royal Services Institute က ဘဏ္ဍာရေးနဲ့ လုံခြုံရေးစင်တာရဲ့ဒါရိုက်တာ တွန် ကီတင်းက ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေဖြစ်နေပေမဲ့လည်း စိတ်မရှည်တတ်တဲ့ ထရမ့်က တီဟီရန်နဲ့ သဘောတူမှုရဖို့ ခက်ခဲနေရင် အီရန်အပေါ် သူ့ရဲ့အာရုံစိုက်မှုတွေက တခြားနေရာကို ချက်ချင်းပြောင်းသွားနိုင်တယ်လို့ ကီတင်းက ပြောပါတယ်။

ရုရှား-ယူကရိန်းဘက်ကို သူပြန်လှည့်လာနိုင်တယ်လို့ သူက ပြောပါတယ်။ ဒါ့ကြောင့် ဥရောပခေါင်းဆောင်တွေအနေနဲ့ အခုချိန်မှာ ဒီတိုင်းတွေ့ဆုံနေတာထက် ပိုပြီး တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချထားသင့်ပြီလို့ ကီတင်းက ပြောပါတယ်။

တစ်ဖက်မှာလည်း "ဘယ်လောက်ပဲကြာကြာ" ယူကရိန်းကို ကူညီပေးသွားမယ်လို့ ပြောထားတဲ့ ဥရောပနိုင်ငံတွေရဲ့ခေါင်းဆောင်တွေက ယူကရိန်းအတွက် ငြိမ်းချမ်းရေးရဖို့ တွန်းတွန်း၊ တိုက်တိုက် လုပ်ရမယ့်အစား စစ်ပွဲကိုပဲ စီမံခန့်ခွဲနေသလားဆိုပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။

အိမ်ဖြူတော်က စားပွဲဝိုင်းမှာ ဇလန်စကီးနဲ့ ထရမ့် တို့ရဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံနေကြတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

မရေတွက်နိုင်တဲ့ မိန့်ခွန်းတွေ၊ ကိယက်ဗ် ခရီးစဉ်တွေ၊ ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ ငွေ အမြောက်အများ အသုံးချခဲ့ပေမဲ့ တကယ်တမ်းထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တဲ့ခါ "ဥရောပနိုင်ငံတွေက အမေရိကန်တွေကို စောင့်နေကြတယ်" လို့ ကီတင်းက ပြောပါတယ်။

"သူတို့ရဲ့လုပ်ပုံ၊ ကိုင်ပုံတွေက သိပ်ပြီး ရဲတင်းမှု မရှိဘူး။ အီးယူက ကုန်သွယ်ရေးအစုအဖွဲ့ ကြီးသာသာ ပဲရှိတယ်"

ဘရပ်ဆဲလ်က အခုဆိုရင် ရုရှားကို ၂၁ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ရှိနေပါတယ်။ အီးယူက ထိန်းသိမ်းထားတဲ့ ယူရို ၂၁၀ ဘီလျံတန်ဖိုးရှိတဲ့ ရုရှားဗဟိုဘဏ်ရဲ့ပိုင်ဆိုင်မှုတွေရော ဘာဆက်ဖြစ်နေလဲ။

ဒီပမာဏကို ယူကရိန်းကို ကူညီတဲ့နေရာမှာ သုံးဖို့ဆိုတာကလည်း ဥပဒေရေးရာနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်စဉ်းစားချက်တွေကြောင့် တွန့်ဆုတ်နေပါတယ်။ ဒါကြောင့် အီးယူက ယူရို ၉၀ ဘီလျံ ချေးငွေကို မိတ်ဆက်ခဲ့ပါတယ်။

ရုရှားကို ပိုပြီး ထိရောက်အောင် ဥရောပသမဂ္ဂအနေနဲ့ လုပ်ဆောင်နိုင်တာတွေရှိတယ်လို့ ကီတင်းက သုံးသပ်ပါတယ်။

"သူတို့ လုပ်ချင်စိတ်မရှိတာပါ။ ဒါမှမဟုတ် စစ်ပွဲအဆုံးသတ်ရေး အရှိန်တင်ဖို့ သဘောထား မတိုက်ဆိုင်ကြတာလည်း ဖြစ်နိုင်ပါတယ်။"

ဥရောပခေါင်းဆောင်တွေက ယူကရိန်းက ဒုက္ခတွေ ချုပ်ငြိမ်းပြီး နယ်စပ်မျဉ်းတစ်လျှောက် မျှတ ပြီး ရေရှည်ခံမယ့်ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုငြိမ်းချမ်းရေးရဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ရှေ့တန်းတင်လာရမှာလည်း ဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအမြန်ဖြစ်လာရေး စိတ်ဆန္ဒရှိတဲ့နိုင်ငံတွေကလည်း သိပ်များများစားစား မရှိလှပါဘူး။

ပြင်သစ်နဲ့ ယူကေတို့ ဦးဆောင်တဲ့ "ဆန္ဒတူညွန့်ပေါင်းအဖွဲ့" ကတော့ ယူကရိန်းမှာ စစ်ပွဲတွေ အဆုံးသတ်တဲ့အခါ "အာမခံပေးနိုင်မယ့်အင်အား" အနေနဲ့ ဆောင်ရွက်ဖို့လည်း ပြောထားပါတယ်။ ဘယ်နိုင်ငံတွေက ခြေချပြီး ဘယ်လောက်ကြာကြာ နေမလဲဆိုတာကလည်း မေးစရာဖြစ်ပါတယ်။ အထူးသဖြင့် ဝေဟင်ကနေ အမေရိကန်ရဲ့အကူအညီတွေမပါပဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ထရမ့်က ပူတင်နဲ့ ဇလန်းစကီးအကြားက အမုန်းတရားက "ရယ်စရာ" ကောင်းတယ်လို့ ပြောထားပါတယ်။ ဝါရှင်တန်ကတော့ ပင်လယ်ကွေ့ဒေသမှာ ယူကရိန်းရဲ့ဒရုန်းနည်းပညာရောင်းချမှုတွေကို လစ်လျူရှုထားပုံရပါတယ်။

ဇလန်းစကီးက ထရမ့်အစိုးရအဖွဲ့အကြောင်း လူအများရှေ့ ထုတ်မပြောသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနည်းဆုံးတော့ လူရှေ့ သူရှေ့မှာ ထုတ်မပြောခဲ့ပါဘူး။

ဒီလိုအသေးစိတ်အကြောင်းအရာတွေကြောင့် ယူကရိန်းခေါင်းဆောင်ကတော့ စိတ်ပူဟန်မပြပါဘူး။ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းတွေမှာ ယူကရိန်းသတင်းပါနေသရွေ့ ယူကရိန်းအရေးကို မမေ့ကြဘူးလို့ သူ မျှော်လင့်ပါတယ်။ ပြီးတော့ ဝါရှင်တန်ရဲ့အာရုံစိုက်မှုတွေဟာ တချိန်ချိန်မှာ သူ့ကမ္ဘာဘက် ပြန်လှည့်လာဦးမယ်လို့ သူမျှော်လင့်ထားပုံရပါတယ်။​

ထိပ်ပိုင်းဓာတ်ပုံ - AFP via Getty Images / Reuters