ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီ ၂၆ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- ကချင်မှာ လေပြင်းကြောင့်အပျက်အစီးရှိ၊ ပြင်ဦးလွင်မှာ လေဆင်နှာမောင်းတိုက်
ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်တွေမှာ ဧပြီ ၂၅ ရက်ညမှာ မိုးသက်လေပြင်းကျခဲ့တာကြောင့် နေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းက တဲတွေ ပျက်စီးခဲ့ပြီး ပြည်နယ်ရဲရုံးလည်း အပျက်အစီးရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧပြီ ၂၅ ရက် ည ၁၀ နာရီကစပြီး မိုးသက်လေပြင်းတွေကျတာကြောင့် နမ္မတီးမြို့ ဝါအောင်ရပ်ကွက်ထဲက စစ်ရှောင်စခန်း မှာ စစ်ရှောင်တဲတွေ ပျက်စီးခဲ့ပြီး မြို့ထဲက နေအိမ်တချို့ ထိခိုက်ပျက်စီးတယ်လို့ အခြေအနေသိရှိသူက ပြောပါတယ်။
စစ်ရှောင်စခန်းဟာ ဖားကန့်ကနေ တိမ်းရှောင်လာသူတွေနေ ယာယီခိုလှုံနေတဲ့စခန်းဖြစ်ပါတယ်။
"မိုးကာ ဝါးတဲတွေ အကုန်လန်ကုန်လို့ အိပ်ဖို့နေရာတောင် အခက်အခဲတွေ ဖြစ်နေတယ်"လို့ သူက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာလည်း လေပြင်းကြောင့် သစ်ပင်တွေလဲတာနဲ့ မြို့ဘောလုံးကွင်းထဲက အမိုးတွေနဲ့ ထိုင်ခုံတွေ လွင့်ထွက်ပြီး ပြည်နယ်ရဲရုံးဘက်ကို ကျခဲ့လို့ ရဲစခန်းထဲမှာ အပျက်အစီးရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
မိုးတိမ်တောင်တွေကြောင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ မွန်၊ ရှမ်းတွေမှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတွေ ရှိနိုင်တယ်လို့လည်း မိုးဇလက ဒီရက်ပိုင်းမှာ ဆက်တိုက်သတိပေးအပြီးမှာပဲ အခုလို မိုးသက်လေပြင်းအခြေအနေတွေ ဖြစ်ခဲ့တာပါ။
ဒါအပြင် မနေ့ ဧပြီလ ၂၅ ရက် နေ့လယ်ပိုင်းတုန်းကလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ခဲ့ပါတယ်။
ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-လားရှိုးလမ်းမကြီး၊ နမ်းလင်းခမ်ရွာနားမှာ ကောင်းကင်ပေါ်ကနေ ကြိုးတစ်ချောင်းလို ကျလာတဲ့ လေပွေဟာ အောက်ဘက်မှာကြီးသွားပြီး မြေပြင်တလျှောက် ဝေ့ဝဲတိုက်ခတ်နေတဲ့ လေဆင်နှာမောင်းကို ရုပ်သံတစ်ခုမှာမြင်တွေ့ရပါတယ်။
အဲဒီလေဆင်နှာမောင်းက ဘုန်းကြီးကျောင်းနား ရောက်လာတာကို မနက် ၁၁ နာရီ ၂၀ မိနစ်လောက်မှ သတိထားမိကြပြီး တစ်နာရီနီးပါး တိုက်ခတ်သွားပြီးနောက် ပြန်ပြေသွားတယ်လို့ ရုပ်သံမှတ်တမ်းဖိုင် တင်ခဲ့တဲ့ မဟာပုရိသကျောက်ဂူတောရရိပ်သာ ဆရာတော်က မိန့်ပါတယ်။
"အရင်နှစ်တွေရော ဒီနှစ်မှာပါ လေပွေလှိုင်းတွေ ဖြစ်ပြီး သဲတွေ ဖုန်တွေ ဝဲနေတာ မြင်ခဲ့ဖူးတာပဲ။ အခုလို လေဆင်နှာမောင်းကတော့ ပထမဆုံး မြင်တွေ့ဖူးတာပဲ"လို့ ဆရာတော်က မိန့်ပါတယ်။
ရိပ်သာတည်ရှိတဲ့နေရာက ကုန်းအမြင့်ပိုင်းဖြစ်တာကြောင့် ကောင်းကင်နဲ့မြေပြင်ကြား ဝေ့တိုက်နေတဲ့ လေဆင်နှာမောင်းကို သိသိသာသာ မြင်တွေ့ကြရတာပါ။
မိုးလေဝသ စောင့်ကြည့်လေလာသူ ဦးဝင်းနိုင်ကတော့ ရုပ်သံဖိုင်အရ ရုပ်သံမှတ်တမ်းမှာတွေ့ရတဲ့ လေပွေဟာ လေဆင်နှာမောင်းဖြစ်တယ်လို့ အတည်ပြုပြီး မုတ်သုံမဝင်ခင် နွေရာသီမှာ လေပွေအကြီးစားတွေ ဖြစ်တတ်ပေမဲ့ အခုလို လေဆင်နှာမောင်းဖြစ်စဥ်ဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်လို့ မှတ်ချက်ပေးပါတယ်။
ပြင်ဦးလွင်မှာ ဖြစ်သွားတဲ့ လေဆင်နှာမောင်းကို လေ့လာသူမရှိတာကြောင့် ပြင်းအားဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ခန့်မှန်းဖို့ခက်တယ်လို့လည်း သူက ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်သွားတဲ့တလျှောက်မှာ နေအိမ်တွေမရှိဘဲ ကွင်းပြင်ပဲ ရှိနေတာကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိဘူးလို့ လူမှုကူညီရေးအဖွဲ့တချို့က ပြောပါတယ်။
နတ်မောက်မြို့အဝင်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အင်အားတိုးမြှင့်
မကွေးတိုင်း၊ နတ်မောက်-မြို့သစ်လမ်းပေါ်မှာရှိတဲ့ နတ်မောက်မြို့အဝင်က တောင်ဘက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဧပြီ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်အပြီးမှာ စစ်တပ်က အင်အားတိုးမြှင့်ထားတယ်လို့ ပူးပေါင်းအဖွဲ့မှာပါဝင်တဲ့ငါးပြေမ ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
တောင်ဘက် စစ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် နတ်မောက်မှာရှိတဲ့ အမှတ် ၂ ဆက်သွယ်ရေးတပ်နဲ့ ပင်မစစ်လက်နက်စက်ရုံက စစ်တပ်အင်အား ၂၀ ကျော် ရောက်လာပြီး လုံခြုံရေး တိုးလိုက်တာလို့ သူက ဆိုပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို ပူးပေါင်းအဖွဲ့တွေ မတိုက်ခိုက်ခင်က အင်အား ၉ ဦးသာရှိတယ်လို့လည်း သူက ပြောပါတယ်။
နတ်မောက်မြို့အဝင် တောင်ဘက်မှာရှိတဲ့ ဂိတ်စခန်းကို ဧပြီ ၂၄ ရက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပြီး စစ်တပ်က ၄ ဦး သေဆုံး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ဒီထိခိုက်သေဆုံးမှုအရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
နတ်မောက်မြို့အဝင်က နတ်မောက်-မြို့သစ်လမ်းပေါ်မှာ တောင်ဘက်ဂိတ်၊ နတ်မောက်မြို့ထဲက အောင်ဆန်းကျောင်း (အထက်တန်းကျောင်း) အနီးမှာ တစ် ဂိတ်၊ ရွာမွန်ကျေးရွာအုပ်စုနဲ့ နတ်မောက်မြို့ကို ဆက်သွယ်ထားတဲ့ မြို့အဝင်လမ်းပိုင်းနေရာမှာ တစ်ဂိတ်ရှိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
နတ်မောက်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစု အားကောင်းပြီး မြို့ပေါ်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
နတ်မောက်မြို့နယ်ထဲက ကုလားရှင်နဲ့ ပုလင်းကျေးရွာနားမှာ ပြီးခဲ့တဲ့ ဧပြီ ဒုတိယပတ်က စစ်ကြောင်းထိုးလာလို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးတာတွေ ရှိခဲ့တယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းနေရာတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေ တပ်စွဲထားတဲ့နေရာ ၃ ခုကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ ကြိမ်ကြဲ တိုက်ခိုက်ခဲ့တယ်လို့ အခြေအနေသိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲက လုံးခင်းရွာ ဆေးရုံဟောင်းနဲ့ ဂေါက်ကွင်းတကြောကို မနေ့ ဧပြီလ ၂၅ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။
ဧပြီ ၂၂ ရက်လောက်ကစပြီး စစ်တပ် တပ်စွဲထားတဲ့ ဆေးရုံဟောင်းနဲ့ ဂေါက်ကွင်းတလျှောက်က နေရာတွေကို ထောက်လှမ်းပြီး ဧပြီ ၂၅ မှာ ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် ဆယ်ချီသေဆုံးတာကို ဒရုန်းကင်မရာမှတ်တမ်းတွေအရ သိရတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
နယ်မြေဆုံးရှုံးတာတွေကို ပြန်ရယူဖို့ စစ်တပ်အင်အားအပြင် ဝါရာဇွပ်အပါအဝင် ပြည်သူ့စစ်အင်အားတွေကိုပါ အသုံးပြုပြီး ဖားကန့်ကျောက်စိမ်းမြေတကြောကို စစ်တပ်က ဝင်ရောက်လာတာလို့လည်း သူက ပြောပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက လုံးခင်း၊ မှော်ဆီစာ၊ ယမ်းချက်၊ လယ်ပြင် စတဲ့ နေရာတွေမှာ အမှတ် ၃ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ တပ်မ ၃၃ စတဲ့ လက်အောက်ခံတပ်ရင်းတွေဆီက ထုတ်နုတ်အင်အားတွေနဲ့ ပြည်သူ့စစ်တွေက ပူးပေါင်းတပ်စွဲထားတာလို့ သိရပါတယ်။
ဖားကန့် ကျောက်စိမ်းမှော်ကို ကချင်လွတ်မြောက်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ်ကစပြီး ထိန်းချုပ်ထားသလို စစ်တပ်ဘက်ကလည်း ပြန်လည်ရယူဖို့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဖားကန့်မြို့ နမ့်မဖြစ်ကျေးရွာနားနဲ့ မလန်းကျေးရွာနားမှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်လို့ ဆယ်ချီသေဆုံးတာလည်း ဧပြီ ၁၉ ရက်မှာ ဖြစ်ခဲ့ပါတယ်။
စစ်ကြောင်းတွေ ဆက်တိုက်ဝင်လာတာကြောင့် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဖားကန့်- နန့်ယား- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီ ၂၂ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။
ဓနုဖြူဈေး မီးလောင်မှု မီးသတ်ကား ၁၄ စီးနဲ့ ငြှိမ်းသတ်ခဲ့ရ
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့က မြို့မဈေးမှာ ဒီနေ့ မနက်ပိုင်းမှာ မီးလောင်မှုကို ဆက်စပ်မြို့နယ်တွေက မီးသတ်ယာဉ် ၁၄ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မီးလောင်တဲ့နေရာကို ရောက်ခဲ့တဲ့မြို့ခံရဲ့ပြောပြချက်အရ ဟင်္သာတ၊ ဇလွန်၊ ပန်းတနော် စတဲ့မြို့နယ်တွေက မီးသတ်တပ်ဖွဲ့တွေနဲ့ မီးသတ်ကားတွေပါ ကူညီငြှိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ဒီနေ့ဟာ တနင်္ဂနွေနေ့ ဈေးပိတ်ရက်ဖြစ်တဲ့အတွက် လူသွားလူလာ မရှိလို့ မီးစလောင်တာကို သိတဲ့သူ မရှိတာကြောင့် မီးတောက်တွေ ထွက်လာမှပဲ စျေးမီးလောင်တဲ့အခြေအနေကို အများသိခဲ့ကြတာလို့လည်း သိရပါတယ်။
"ဝါယာရှော့ ဖြစ်တယ်ဆိုပြီး ယူဆထားတယ်လို့ ကနဦးသိထားရပါတယ်။ မနေ့က တနေကုန်ရော၊ တညလုံးရော မီးပြတ်ထားတာ၊ ဒီနေ့မနက် ၆ နာရီလောက်မှ မီးလာတယ်။ မီးလာပြီး မကြာဘူး မီးညွှန့်တွေ တက်လာတာ တွေ့ရတာပဲ။ တောင်ဘက်ကလည်း လေက ထပ်တိုက်တော့ မီးက ပိုဆိုးသွားတာ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုများတဲ့နေရာဟာ ဈေးရုံမကြီးဖြစ်ပြီး နှစ်သက်တမ်းကလည်း အနည်းဆုံး ၅၀ နီးပါး ရှိနေပြီလို့လည်း မြို့ခံက ပြောပါတယ်။
ဓနုဖြူစျေးမီးလောင်မှုမှာ ပန်းတန်းနဲ့ အထည်ရုံတန်းသာ ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ အခုမီးလောင်မှုမှာ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကို အာဏာပိုင်တွေက ထုတ်မပြောသေးပါဘူး။
မီးလောင်ကျွမ်းမှုဟာ ဈေးရဲ့ ၃ ပုံ ၁ ပုံလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး မီးငြှိမ်းသတ်ပြီးနောက်မှာတော့ ဈေးကော်မတီဝင်တွေက ဆိုင်ခန်းပိုင်ရှင်တွေကို အစည်းအဝေးလုပ်ဖို့ ခေါ်ထားတယ်လို့လည်း သိရပါတယ်။
ဓနုဖြူဈေးဟာ ဓနုဖြူမြို့ပေါ်ရပ်ကွက် ၄၊ ၅၊ ၆၊ ၇ စတဲ့ ရပ်ကွက်တွေကြားမှာ ရှိပေမဲ့ မီးငြှိမ်းသတ်မှု တစ်နာရီကျော်အတွင်း မီးငြှိမ်းနိုင်ခဲ့လို့ မြို့ပေါ် ရပ်ကွက်တွေဘက်ဆီ မီးမကူးခဲ့ဘူးလို့လည်း သိရပါတယ်။
ဧပြီ ၁ ရက်ကနေ ၂၆ ရက် မနက်ပိုင်းအထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်းထဲမှာ မီးလောင်မှုပေါင်း အကြိမ်ရေ အနည်းဆုံး ၃၀ ရှိတာကို မီးသတ်ဦးစီးဌာန မှတ်တမ်းတွေ အရ သိရပါတယ်။
ဝေါလေဗျူဟာကုန်း မကျဖို့ စစ်တပ်က လေကြောင်းအားပြု အသုံးပြုနေ
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေထဲက ဝေါလေဗျူဟာကုန်း လက်မလွှတ်ရဖို့အတွက် စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် -KNLA စစ်ရေးအရင်းအမြစ် သုံးယောက်က ပြောပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေက တပ်မဟာ ၆ ထဲက နောက်ဆုံးစစ်တပ် လက်ကျန်စခန်းဖြစ်တဲ့ ဝေါလေဗျူဟာကုန်းကို ၂၀၂၆ ခုနှစ် မတ် ကတည်းက စတင်တိုက်ခိုက်နေတာဖြစ်ပြီး သင်္ကြန်ကာလမှာတောင် တိုက်ပွဲမရပ်ဘူးလို့လည်း နောက်ထပ် စစ်ရေးအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။
ဧပြီ ၂၅ ရက်မှာ စစ်တပ်က လေကြောင်းကနေ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ချထားပေးခဲ့ပေမဲ့ တော်လှန်ရေးအဖွဲ့တွေ ဝိုင်းပိတ်ထားတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။ မနေ့ကတိုက်ပွဲမှာ ဒဏ်ရာတွေရထားတဲ့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းမိထားတယ်လို့လည်း KNLA နဲ့ နီးစပ်တဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ကုန်းလမ်းကနေ စစ်ကူမလာနိုင်အောင် မြဝတီကနေ လာမယ့် စစ်ကူစစ်ကြောင်းကိုလည်း KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ရှိနေပါတယ်။
KNU အောက်က KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ဘက်က စစ်တပ်စခန်း ၅ ခုကို ဧပြီလ အတွင်းမှာ သိမ်းထားပါတယ်။
တပ်မဟာ ၆ အတွင်း စစ်တပ်ကင်းစင်တဲ့နယ်မြေဖြစ်ဖို့ ဝေါလေဗျူဟာကုန်းကို ရရှိဖို့ကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေသလို စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာတွေနဲ့ အပြင်းအထန် ကာကွယ်နေတာလို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်း လက်နက်ကြီး ကျည်ထိတာ၊ ဒရုန်းဗုံးကြဲတာတွေကြောင့် အရပ်သား သေဆုံးသူ ၁၂ ယောက်အထိ ရှိနေပြီလို့လည်း စစ်ရေးအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ဝေါလေဗျူဟာကုန်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်တချို့ ထိုင်းဘက်ကို ကျရောက်ပေါက်ကွဲတာတွေ ရှိတဲ့အတွက် ထိုင်းဘက်ကိုလည်း လုံခြုံရေး တိုးမြှင့်ထားပါတယ်။