၂၀၂၆ ကမ္ဘာ့ဖလား နိုင်ငံအသင်းတွေထဲက "ဝါ၊ သမ္ဘာနဲ့ လိဂ်ကစားသမားတွေ''

ပေါ်တူဂီ ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ခရစ်စ် ကော်လင်ဆန်
    • ရာထူးတာဝန်, BBC အားကစား၊ဒေတာသုံးသပ်သူ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

ကမ္ဘာ့ဖလားအသင်း ၄၈ သင်းစလုံးရဲ့အပြီးသတ်လူစာရင်း ထွက်ခဲ့ပြီးဖြစ်လို့ ဘီဘီစီက အဲဒီအသင်းတွေ ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။

နိုင်ငံအသင်းတွေမှာ ဘယ်ကလပ်တွေက ကစားသမားတွေ အများဆုံး ပါဝင်သလဲ။ အသင်းတစ်သင်းစီမှာ "ထိပ်တန်းလိဂ်တွေ" (top leagues) မှာ ကစားနေသူ ဘယ်လောက်ပါလာလဲ။ ဒါအပြင် ဒီကမ္ဘာ့ဖလားမှာ ကစားသမားတွေထဲ အသက်အကြီးဆုံးနဲ့ အငယ်ဆုံးကစားသမားတွေက ဘယ်သူတွေလဲဆိုတဲ့အချက်တွေကို နှိုင်းယှဉ်ကြည့်မှာဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်ခဲ့ပေမဲ့ နိုင်ငံအသင်းအဆင့်မှာတော့ သူတို့ရဲ့ကစားသမားတွေဟာ အများဆုံးရွေးချယ်ခံရတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူတို့ အသင်းကနေ နိုင်ငံအသင်း ၁၂ သင်းကို ကိုယ်စားပြုမယ့် စုစုပေါင်း ကစားသမား ၁၉ ယောက်ပါဝင်နေပြီး ဒါဟာ စံချိန်တင်အရေအတွက်တစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်နဲ့ စပိန်လိဂ်ချန်ပီယံအသင်းတွေက ကမ္ဘာ့ဖလားမှာ ကစားသမားအများ ဆုံးထောက်ပံ့ထားကြပြီး အာဆင်နယ်အသင်းဆိုရင် နိုင်ငံအသင်း ၁၀ သင်းအတွက် ကစားသမား ကစားသမား ၁၆ ယောက် အထိ ပါဝင်နေပါတယ်။

အခုတစ်ခေါက် ကမ္ဘာ့ဖလားမှာ အီတလီ စီးရီးအေ ချန်ပီယံအသင်း အင်တာမီလန်မှာကစားနေပြီး နိုင်ငံအသင်းမှာ ပါဝင်မယ့် ကစားသမား ၇ ဦးသာ ရှိပါတယ်။ အကြောင်းရင်းကတော့ အီတလီအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

၂၀၂၅-၂၆ ပရီးမီးယားလိဂ်မှာ ပါဝင်တဲ့ ကလပ် ၂၀ ကိုသာ ကြည့်မယ်ဆိုရင် အခုရာသီ ထိပ်ဆုံး ၃ သင်းကိုသာ ချန်လှပ်လိုက်တဲ့အခါ ကမ္ဘာ့ဖလား ကစားသမားအများဆုံး စေလွှတ်ထားတဲ့အသင်းမှာ ကွန်ဖရင့်စ်လိဂ်ချန်ပီယံ ခရစ္စတယ်ပဲလေ့စ်ဖြစ်ပြီး ကစားသမား ၁၂ ဦး ပါဝင်နေတယ်။

ရာသီအတွင်း လွှဲပြောင်းအငှားချထားတဲ့ ကစားသမားတွေပါ ထည့်တွက်မယ်ဆိုရင် ဆန်းဒါလန်းအသင်းဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ကိုယ်စားပြုသူအရေအတွက်အရ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ (၁၁ ယောက်စီ) နဲ့တန်းတူဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။

ဒါကတော့ သူတို့အသင်း မနှစ်က ပရီးမီးယားလိဂ်ကို တက်လာပြီးနောက် ကမ္ဘာ့တလွှားကစားသမားတွေကို ခေါ်ယူထားတဲ့ ကျယ်ပြန့်မှုကို ပြသနေပါတယ်။

ဘရန့်ဖို့ဒ်၊ အဲဗာတန်နဲ့ လိဒ်စ်အသင်းတို့ရဲ့ကစားသမားအများစုကတော့ နောက်ရာသီအတွက် အနားယူပြီး ပြန်လည်အားဖြည့်နိုင်ကြမှာဖြစ်ပြီး အဲဒီအသင်းတွေက ကမ္ဘာ့ဖလားကို စုစုပေါင်း ကစားသမား ၄ ယောက်စီသာ စေလွှတ်ထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဥရောပ ထိပ်တန်းလိဂ် ၅ ခုဖြစ်တဲ့ ပြင်သစ် Ligue 1၊ အီတလီ Serie A၊ အင်္ဂလန် Premier League၊ စပိန် La Liga နဲ့ ဂျာမနီ Bundesliga တို့ကို ကမ္ဘာ့အကောင်းဆုံးလိဂ်တွေ အဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။

ကမ္ဘာ့ဖလားဝင် အသင်းတွေထဲမှာတော့ စပိန်အသင်းတစ်သင်းတည်းသာ အဲဒီထိပ်တန်းလိဂ် ၅ ခုထဲက ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှာ ဆော်ဒီကလပ် Al-Ahli မှာ ကစားနေတဲ့ အီဗန် တိုနီနဲ့ တူရကီကလပ် ဂါလာတာဆာရေးမှာ ကစားနေတဲ့ လီရွိုင်း ဆာနေတို့ကို ရွေးချယ်ထားပြီး ဂျာမနီအသင်းကလည်း ဆာနေကို ခေါ်ယူထားပါတယ်။

ပြင်သစ်အသင်းမှာတော့ ဆော်ဒီကလပ် Al-Hilal က သီယို ဟာနန်ဒက်ဇ်နဲ့ တူရကီကလပ် Fenerbahce မှာ ကစားနေတဲ့ အန်ဂိုလို ကန်တေးတို့ ပါဝင်နေပါတယ်။

ဥရောပအတွင်းမှာ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့ဟာ နိုင်ငံအရွယ်အစား မကြီးမားပေမဲ့ အဆင့်မြင့်လိဂ်တွေမှာ ကစားနေတဲ့ ကစားသမားအရေအတွက် များပြားနေဆဲ ဖြစ်ပါတယ်။

ဥရောပပြင်ပ နိုင်ငံတွေထဲမှာတော့ အာဂျင်တီးနားနဲ့ ဆီနီဂေါတို့က ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေတဲ့ ကစားသမား အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကမ္ဘာ့ဖလားပြိုင်မယ့် ကျူရာဆောင်း(Curacao)၊ အီရန်၊ အီရတ်နဲ့ ကာတာ အသင်းတွေမှာ ယခုရာသီအတွင်း ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ကစားခဲ့တဲ့ ကစားသမား တစ်ဦးတစ်ယောက်မျှ မပါဝင်ပါဘူး။

ဒါပေမဲ့ အီရတ်တိုက်စစ်မှူး အလီ ဂျာဆင်ဟာ အီတလီ Serie A ကလပ် Como အသင်းနဲ့ စာချုပ်ရှိနေသူဖြစ်ပြီး ယခုရာသီကိုတော့ ဆော်ဒီကလပ် Al-Najma မှာ အငှားသွားရောက် ကစားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့အုပ်စုအဆင့်ပြိုင်ဘက် ပနားမားအသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ သက်ကြီးကစားသမားအများဆုံးကို ထည့်ထားတဲ့အသင်းဖြစ်လာပါတယ်။ အီရန်နဲ့ ကိုလံဘီယာအသင်းတို့ကတော့ ပျမ်းမျှအသက် ၃၀ ကျော်ကစားသမားအများဆုံးဖြစ်နေပါတယ်။

ဘရာဇီးလ်အသင်းနည်းပြ Carlo Ancelotti ကတော့ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ အသက် ၃၄ နှစ်တန်းတွေဖြစ်တဲ့ ဒါနီလို၊ ကက်စမီရိုနဲ့ နေမာတို့လို အတွေ့အကြုံရင့် ကစားသမားတွေကို အားထားနေရပါတယ်။

တစ်ဖက်မှာလည်း စကော့တလန်အသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ခွင့် ရထားတာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းတွေထဲမှာ အသက်အရွယ်ရတဲ့ကစားသမားတွေပါနေပါတယ်။

စကော့တလန်အသင်းရဲ့လူစာရင်းမှာ အသက်အကြီးဆုံးကစားသမားက ဂိုးသမား ခရစ် ဂေါ်ဒန် ဖြစ်ပါတယ်။ သူဟာ လာမယ့်သီတင်းပတ်မှာ ပြိုင်ပွဲစတင်ချိန်မှာ အသက် ၄၃ နှစ်နဲ့ ၁၆၂ ရက် ရှိနေမှာဖြစ်ပြီး သူက အခုကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတွေထဲမှာ အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်လာမှာပါ။

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အသက် ၄၁ နှစ်အရွယ်မှာပဲ သူ့ရဲ့ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး အသက်အရွယ်ရဲ့ ကန့်သတ်ချက်တွေကို ဆန့်ကျင်ပြသနေဆဲ ဖြစ်ပါတယ်။

အသက် ၄၀ ကျော် ကွင်းကစားသမားတွေထဲမှာ ခရိုအေးရှားကွင်းလယ်လူ လူကာ မိုဒရစ်နဲ့ ဘော့စနီးယားတိုက်စစ်မှူး အက်ဒင် ဂျက်ကိုတို့လည်း ပါဝင်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ အိုင်ဗရီကို့စ်အသင်းက ပျမ်းမျှအသက်အရွယ် အငယ်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။

အထူးသဖြင့် အသက် ၁၉ နှစ်အရွယ် ယန် ဒီယိုမန်းဒေးနဲ့ အသက် ၂၀ အရွယ် ဘာဇူမာနာ ထူးရေး တို့လို အလားအလာကောင်းတဲ့ တိုက်စစ်ကစားသမားတွေကို ဥရောပထိပ်တန်းကလပ်အသင်းကြီးများက စောင့်ကြည့်နေကြပါတယ်။

အာဖရိကနိုင်ငံများဖလား(AFCON) ချန်ပီယံ မော်ရိုကိုအသင်းနဲ့ ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းတို့မှာလည်း ပျမ်းမျှအသက်အရွယ် နုပျိုတဲ့ လူစာရင်းတွေ ရှိနေပါတယ်။

စပိန်အသင်းအတွက်တော့ ဒါဟာ အံ့အားသင့်စရာ မဟုတ်ဘဲ အသက် ၁၈ နှစ်အရွယ် လာမင်း ယာမယ်နဲ့ အသက် ၁၉ နှစ်အရွယ် ပေါင် ကူဘာစီးတို့လို လူငယ်ကြယ်ပွင့်တွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။

မက္ကဆီကို ကွင်းလယ်ကစားသမား ဂီလ်ဘတ်တို မိုရာဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အသက်အငယ်ဆုံး ကစားသမား ဖြစ်လာမှာဖြစ်ပြီး ပြိုင်ပွဲစတင်ချိန်မှာ သူ့အသက်ဟာ ၁၇ နှစ်နဲ့ ၂၄၀ ရက်သာ ရှိဦးမှာပါ။ သူဟာ အောက်တိုဘာလမှသာ အသက် ၁၈ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

ချက်သမ္မတနိုင်ငံရဲ့အသက် ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမား ဟူဂို ဆိုချူရက်ခ်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နိုင်ငံအသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားရက်သတ္တပတ်ထဲမှာ အသက် ၁၈ နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ထိုးဖောက်အောင်မြင်မှုရရှိခဲ့တဲ့ ရာသီတစ်ခုကို ဖြတ်သန်းထားတဲ့ ဂျာမနီလူငယ်ကြယ်ပွင့် လင်နာ့တ် ကားလ်ဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်မယ့် ကစားသမားတစ်ဦးအဖြစ် စောင့်ကြည့်ခံနေရပါတယ်။